ပြီးပြည့်စုံတဲ့ အလီဘိုင်
Vol. 115 Ch. 1717
နာရီဝက်အတွင်းမှာပဲ ငါးယောက်သား ကျန်းဟောင်၏ ရှန်ခဲ့ ကုမ္ပဏီ လီမီတက်သို့ ရောက်လာခဲ့ကြ၏။
ငါးယောက်လုံးက လူတစ်ယောက်ကို ဖမ်းဆီးရန် အတွက် အတူ စုဝေးနေကြခြင်း ဖြစ်ပြီး ကျန်းဟောင်မှာ အတော်အရေးပါသည့် ငါးကြီးကြီးတစ်ကောင်ဟု သတ်မှတ်၍ရသည်။
သူတို့ အဆောက်အဦးကို ရောက်တော့ လီရှန်းဟွေ့သည် စီးကရက် တစ်လိပ်အား မီးညှိ၍ အဆောက်အဦး ဝင်ပေါက်ဝအား ကြည့်လိုက်သည်။
“ လင်းရီ …ကူလေး … မင်းတို့ နှစ်ယောက် တက်သွားလိုက် … တခြားသူတွေကို အလန့်တကြား မဖြစ်စေနဲ့ … ရေးကြီးခွင်ကျယ် မလုပ်နဲ့ …”
“ ဟုတ်ကဲ့ …” နှစ်ယောက်သား သံပြိုင် ဖြေဆိုလိုက်ကြသည်။
မစ်ရှင်ကို လက်ခံပြီးသည့်နောက် နှစ်ယောက်မှာတံခါးဖွင့်၍ ကားထဲကနေ ထွက်လာခဲ့ကြသည်။ ထို့နောက် ဓာတ်လှေကားထဲဝင်၍ ၁၆ လွှာသို့ ဦးတည်လိုက်ကြ၏။
သူတို့ ဓာတ်လှေကားထဲက ထွက်သည်နှင့် မှန်တံခါး အကြီးကြီး နှစ်ချပ်က အမြင်ထဲ ဝင်ရောက်လာသည်။
တံခါးနောက်ရှိ နံရံတွင် ရှန်ခဲ့ လီမီတက်ဟု စာလုံး ရေးထိုးထားပြီး စားပွဲ ရှေ့ခြမ်းတွင် ဧည့်ကြို ဝန်ထမ်း အမျိုးသမီး တစ်ဦးလည်း ရှိသည်။
ဓာတ်လှေကား တံခါး ပွင့်လာသည်ကို မြင်သော်လည်း အမျိုးသမီးမှာ ထူးမခြားနားသည့် အမူအရာဖြင့်သာ တစ်ချက် လှမ်းကြည့်လိုက်ပြီး သူမ၏ ဖုန်းနှင့် ဆက်လက် ဆော့ကစားနေလိုက်၏။ သူမက ဒရာမာ ဇာတ်လမ်းတွဲ တစ်ပုဒ် ကြည့်နေသည့်ဟန်ပင်။
လင်းရီနှင့် ကူရိရန်တို့ နှစ်ယောက်လုံး တုံ့ဆိုင်းခြင်း မရှိ၊ တံခါးကို တွန်းဖွင့်လိုက်ကြ၏။
အမျိုးသမီး ဧည့်ကြိုဝန်ထမ်းမှာ သူမ၏ ဖုန်းကိုချ၍ လင်းရီတို့ နှစ်ယောက်အား မတ်တပ်ရပ်ပြီး ကြည့်လာသည်။
“ လူကြီးမင်းတို့ … ဘာများ ကူညီပေးရမလဲ …”
ကူရိရန် သူမ၏ အိုင်ဒီကို ပြလိုက်ပြီး “ ဘာသတင်းပို့တာမှ မလုပ်နဲ့ … ငါ မေးတာကိုပဲဖြေ …”
ရောက်လာသည့်လူက ရဲအရာရှိ တစ်ဦး ဖြစ်သည်ကို မြင်တော့ ဧည့်ကြို အမျိုးသမီးမှာ ကြက်သေသေသွားခဲ့ပြီး ခန္ဓာကိုယ်မှာလည်း မသိစိတ်အလျောက် တုန်ယင်သွားခဲ့၏။
“ ဘယ်သူ့ … ဘယ်သူ့ကို ရှာနေတာပါလဲရှင့် …”
“ ကျန်းဟောက် ဘယ်မှာလဲ ….”
“ ကျွန်မတို့ သူဌေး တမြန်နေ့ကပဲ ဟောက်ကျန်း ခရိုင်ကို သွားခဲ့တယ် … ကျိုးဟိုင်မှာ မရှိဘူး …”
“ တမြန်နေ့က ထွက်သွားတယ်…”
ဤသတင်းက သူတို့နှစ်ယောက်ကို လှုပ်နိုးလိုက်သည့် သယောင်ပင်။
အဘယ်ကြောင့်ဆိုသော် တူကျွမ့်သည် မနေ့က အသတ်ခံခဲ့ရခြင်း ဖြစ်ပြီး ယခု ကျန်းဟောင်သည် နှစ်ရက်ကြို၍ ဟောက်ကျန်း ခရိုင်သို့ ထွက်သွားခဲ့လေသည်။ ထိုသို့ဆိုလျှင် …. တူကျွမ့်အား မည်သူက သတ်သွားခဲ့သနည်း။
“ သူ ကျိုးဟိုင်က ထွက်သွားတယ်ဆိုတာ သေချာလား …”
ကူရိရန် အေးစက်စွာ မေးမြန်းလိုက်၏။
“ ငါတို့ကို လိမ်ရင် အကျိုးဆက်ကို သိတယ်မလား …”
အမျိုးသမီး ဧည့်ကြိုဝန်ထမ်းမှာ ကြက်သီးမွေးညှင်းထသည်အထိ ထိတ်လန့်သွားခဲ့၏။ “ ကျွန်မ … ကျွန်မ မလိမ်ပါဘူး … ဒါရိုက်တာကျန်းအတွက် လေယာဉ်လက်မှတ်ကို ကျွန်မကိုယ်တိုင်ပဲ ဖြတ်ပေးခဲ့တာပါ …”
“ ကောင်းပြီ… ဒီမှာပဲနေ … ငါ အထဲသွားပြီး တစ်ချက်ကြည့်ဦးမယ် … ဒါပေမယ့် စောနက အဖြစ်အပျက်ကို နင့်ဘက်က ကောလဟာလတွေ လျှောက်မဖြန့်ဘူးလို့ မျှော်လင့်တယ် … ငါ ပြောချင်တာကို သဘောပေါက်တယ်မလား …”
“ ဟုတ် … ဟုတ် .. နားလည်ပါတယ်ရှင့် …”
အမျိုးသမီး ဧည့်ကြိုဝန်ထမ်းအား ဖိန့်ပြီးနောက် နှစ်ယောက်သား ကုမ္ပဏီထဲသို့ လျှောက်လာခဲ့ကြသည်။
ရုံးခန်း ဧရိယာက မဆိုးလှချေ။ တစ်လွှာလုံး အပြည့် ရှိသည်။ သို့သော် ရှိနေသည့် လူတို့ကတော့ သိပ်မများလှချေ။ ပီပီပြင်ပြင် အလုပ်လုပ်နေသူ ဟူ၍လည်း မရှိဘဲ ဧည့်ကြိုဝန်ထမ်း အမျိုးသမီးကဲ့သို့ ဂိမ်းဆော့နေသူကဆော့ ၊ ဇာတ်ကား ကြည့်သူတို့က ကြည့်နှင့် လင်းရီပင် သူတို့အားကြည့်ပြီး မည်မျှ သက်တောင့်သက်သာ ဖြစ်နေသည်ကို ခံစားကြည့်နိုင်သည်။
ထို့နောက် နှစ်ယောက်သား ကျန်းဟောက်၏ ရုံးခန်းသို့ ဦးတည်လိုက်ကြ၏။
ရုံးခန်းက ၃၀ စတုရန်း မီတာခန့် နေရာယူထားပြီး အပြင်အဆင်တို့က ရိုးရှင်း သာမန်ဆန်သည်။ စားပွဲနှင့် ဗွီရိုထဲတွင်တော့ စာရွက်စာတမ်း ဖိုင်များနှင့် ပြည့်နှက်နေလျက် ရှိ၏။
မူမမှန်သည့် မည်သည့်အရာကိုမျှ သူတို့ မတွေ့မိကြချေ။
“ အခွံပဲ ရှိတဲ့ ကုမ္ပဏီနဲ့ တကယ်တူတယ်…” လင်းရီ ရေရွတ်လိုက်သည်။
“ ဒါပေမယ့် စောနက အမျိုးသမီးရဲ့ လေသံကို နားထောင်ကြည့်ရသလောက်ကတော့ ကျန်းဟောက်ထွက်သွားခဲ့တာက လိမ်ညာပြီး ပြောနေတာ မဟုတ်လောက်ဘူး …”
မှုခင်း ရဲအရာရှိ တစ်ယောက်အနေနှင့် သူမသည် မှုခင်း စိတ်ပညာကို လေ့ကျင့်သင်ကြားထားပြီး ဖြစ်၏။ ကူရိရန်၏ မျက်လုံးထဲတွင် ဧည့်ကြိုဝန်ထမ်း အမျိုးသမီး၏ တုံပြန်မှုက စစ်မှန်ပြီး လိမ်ညာပြောနေသူတစ်ယောက်နှင့် မတူချေ။
အကယ်၍ သူမက ရုပ်ရှင်ဇာတ်ကား ရိုက်ရလောက်သည်အထိ သရုပ်ဆောင် ကောင်းနေခဲ့လျှင်တော့ ကူရိရန်လည်း မပြောတတ်ပေ။ သို့သော် ထိုအရာကတော့ ဖြစ်နိုင်ချေ နည်းပါးလွန်းလှ၏။
လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ သူ့ကိုယ်သူတော့ ဒီမှာ အလီဘိုင်ကို ကောင်းကောင်း တည်ဆောက်ထားသားပဲ …”
“ ဒါပေမယ့် ပြဿနာက … သူသာ တကယ်ကြီး ရှိမနေဘူးဆိုရင် တူကျွမ့်ရဲ့ သေမှုသေခင်းကလည်း သူနဲ့ ဆက်စပ်နေတော့မှာ မဟုတ်ဘူး …” ကူရိရန် ပြောလိုက်၏။ “ ပြီးတော့ ငါတို့ အရင် စစ်ဆေးထားသလောက်ဆို လူသတ်သမားက လူငှားပြီး လုပ်တာလည်း မဖြစ်နိုင်ဘူး … သူက ဒီမှာ မရှိဘူးဆိုတော့ … ဒါဆို တူကျွမ့်ကို ဘယ်သူက သတ်သွားခဲ့တာ …”
“ ပြောဖို့ခက်တယ်… အရင်ပြန်သွားပြီး တခြားလူတွေကို ဒီအကြောင်း ပြောပြကြတာပေါ့ … အစ်ကိုလီ ဘယ်လိုမြင်လဲ အရင်ကြည့်ကြစို့ …”
“ အိုကေ …”
“ စကားမစပ် ငါတို့ ပြန်ရောက်တဲ့အခါကျရင် တစ်ယောက်ယောက်ကို ရှန်ခဲ့ရုံးက စောင့်ကြည့်ကင်မရာ အားလုံးကို ယူခဲ့ဖို့ ပြောလိုက်ဦး …”
“ အင်း … ငါ စီစဉ်လိုက်မယ်…”
ရိုးရိုးရှင်းရှင်း တိုင်ပင် ဆွေးနွေးပြီးနောက် နှစ်ယောက်သား အောက်ထပ်သို့ ပြန်ရောက်လာခဲ့ကြသည်။
“ ဘာလို့ နှစ်ယောက်တည်းလဲ … ကျန်းဟောက်ရော …” ကောင်းမင်ကျွင်း မေးမြန်းလိုက်၏။
ကူရိရန် ပခုံးတွန့်ပြလိုက်ပြီး “ သူကဖြင့် တမြန်နေ့ကတည်းကရင် ဟောက်ကျန်းကို ထွက်သွားခဲ့ပြီ…”
ထိုအကြောင်း သိလိုက်ရတော့ လီရှန်းဟွေ့နှင့် ကျန်နှစ်ယောက်မှာ အနည်းငယ် အံ့အားသင့်သွားခဲ့ကြလေသည်။
သူတို့ ခေါင်းထဲ ဝင်လာသည့် ပထမဆုံး အတွေးကတော့ … အကယ်၍ ကျန်းဟောက်သာ ဤနေရာ၌ မရှိနေဘူးဆိုပါက လူသတ်မှု ကျူးလွန်သည့်လူသည် ကျန်းဟောက် မဖြစ်နိုင်ပေ။
ဤသည်က ပြီးပြည့်စုံသည့် အလီဘိုင် ဖြစ်၏။
“ နောက်တောင် ကျတော့မယ် .. အခုချက်ချင်း ပြန်သွားဖို့ မလိုသေးဘူး … ကျန်းဟောက် ကိစ္စကိုတော့……. ငါ စုံစမ်းဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်မယ် … သူ ဘယ်ပဲ သွားသွား ငါတို့ ပြန်ခေါ်လာရမယ်…” လီရှန်းဟွေ့ ပြောလိုက်ပြီး “ မင်းတို့ကတော့ … ငါ အရင်ပေးထားတဲ့ တာဝန်တွေကို မမေ့နဲ့ … အမှုက ဒီအခြေအနေအထိ ရောက်လာနေပြီ တစ်ခုမှ မလွဲချော်နေစေနဲ့ …”
လူတိုင်း လေးနက်သည့် အမူအရာများဖြင့် ခေါင်းညိမ့်လိုက်ကြသည်။
သူ့တွင် ပြီးပြည့်စုံသည့် အလီဘိုင် တစ်ခု ရှိထားလျှင်ပင် သံသယ တရားခံ အမည်တပ်၍ ကျန်းဟောက်အား ဖမ်းဆီး မေးမြန်းရပေမည်။
“ အစ်ကိုလီ… ကျွန်မ ရှင်နဲ့ လိုက်ခဲ့မယ်… အဲ့မှာ လူနည်းနည်း ကျန်နေတုန်းပဲ … “ ကူရိရန် ပြောလိုက်၏။
“ ပြဿနာ မရှိဘူး … သူတို့က အဓိက သံသယ တရားခံတွေမှ မဟုတ်တာ … သူတို့ကို ပြန်ခိုင်းလိုက် … မနက်ဖြန် မနက်ကျမှ မေးဖို့ ပြန်ခေါ်လို့ရတယ် …”
“ ပြီးတာပဲလေ… ဒါဆို သွားပြီး တရေးတမော အိပ်လိုက်ဦးမယ်… ဒီရက်ပိုင်း တအား ပင်ပန်းတာပဲ …” ကူရိရန် အညောင်းဆန့်၍ ပြောလိုက်ပြီး သူမ၏ ခါးတစ်ဝက်အား လှစ်ဟာပြလိုက်သလို ဖြစ်သွားခဲ့လေသည်။
“ ကောင်းပြီ… လူခွဲကြစို့ …”
အလုပ်ကိစ္စပြီးတော့ လင်းရီလည်း ချောင်ရန် အုပ်စုသို့ ထွက်လာခဲ့လိုက်၏။ သို့သော် လမ်းတွင် လင်းရီသည် ချီရှန်းကျောက်ထံသို့ ဖုန်းဆက်၍ တစ်ဖက်ရှိ အခြေအနေအား မေးမြန်းကြည့်လိုက်သည်။
နောက်တစ်ပတ်တွင် ကျိုးဟိုင်မှ လွှတ်လိုက်သည့် ကာဂို သင်္ဘောမှာ ပနားမား ဆိပ်ကမ်းသို့ ကမ်းကပ်မည် ဖြစ်ပြီး ဤပရောဂျက်ကလည်း နောက်ဆုံး၌ ဆုံးခန်းတိုင်တော့ပေမည်။
ဤအကြောင်းတွေးမိတော့ လင်းရီ ကျိန်ဆဲချင်စိတ်ပင် ပေါက်သွားခဲ့သည်။
ဟိုသွားလိုက် ၊ ဒီလာလိုက်နဲ့ နှစ်ဝက်လောက်နီးပါး အချိန်ဖြုန်းလိုက်ရတယ် … တော်တော်ကို ဇယားရှုပ်တဲ့ကိစ္စ … နောင်ကျ သစ်ကုန်သွယ်မယ်ဆိုလို့ကတော့ ဝေးဝေးရှောင်ပဲ….
ကျီချင်းရန်ကို ကြိုလာခဲ့ပြီးနောက် နှစ်ယောက်သား အိမ် အတူပြန်လာခဲ့ကြသည်။ လင်းရီ ညစာ ချက်ပြုတ်နေစဉ် ကျီချင်းရန်က ကုမ္ပဏီတွင် မပြီးပြတ်သေးသည့် ကိစ္စများနှင့် အလုပ်များနေသည်။ လင်းရီ ချက်ပြုတ်ပြီးသည့်နောက် နှစ်ယောက်သား ညစာ အတူစားကြ၏။
နောက်တစ်နေ့ နံနက်ခင်းတွင်တော့ လင်းရီသည် ရဲစခန်းသို့ စောစီးစွာ ရောက်ရှိလာသည်။ အဘယ်ကြောင့်ဆိုသော် မနေ့က မေးမြန်းရန် လူတစ်ချို့ ကျန်နေသေးပြီး ယနေ့တွင် ဆက်ပြီး စစ်ဆေးမေးမြန်းရမည် ဖြစ်သောကြောင့်ပင်။
သူတို့နှစ်ယောက် စစ်ကြောရေး အခန်းထဲသို့ ဝင်တော့ ကုလားထိုင်တွင် ထိုင်နေသည့် လူမှာ လင်းရီ၏ အာရုံကို ဖမ်းစားသွားခဲ့လေသည်။
ထိုင်နေသူက အသက် သုံးဆယ် အစောပိုင်းမျှ ရှိမည့် သက်လတ်ပိုင်း အမျိုးသမီး တစ်ယောက် ဖြစ်၏။ ရိုးရှင်းသည့် ချီဖွန် သရီးကွာတား ဘလောက်အင်္ကျီကို ဝတ်ထားပြီး မိတ်ကပ်ပါးပါးနှင့် မျက်နှာမှာတော့ ချောင်ကျနေသည့်ပုံပေါ်သည်။
သို့ဖြစ်သည့်တိုင်အောင် သူမ၏ လှပသည့် သွင်ပန်းသဏ္ဌာန်မှာတော့ ကူရိရန်နှင့် ယှဉ်ပြိုင်နေနိုင်ဆဲ ဖြစ်၏။
“ သူက တော်တော်လှတယ်နော်…” လင်းရီ ပြုံးလိုက်သည်။
ကူရိရန် နှုတ်ခမ်းကိုက်မိသွားခဲ့ပြီး သကောင့်သားအား လေးစားသွားခဲ့ရသည်။
ဒီကောင်ကတော့ လူကို မြင်တာနဲ့ မျက်နှာ တန်းကြည့်တော့တာပဲ ….
“ သူ့နာမည်က ဝမ်ကျား … တူကျွမ့်ရဲ့ ဝမ်းကွဲ …”
“ ဝမ်းကွဲလား …”
“ တူကျွမ့်က ကျွန်မရဲ့ ဝမ်းကွဲပါ ….” ဝမ်ကျား စိတ်လှုပ်ရှားစွာဖြင့် ပြောလာခဲ့၏။
“ ရှင်တို့တွေ ကျွန်မ ဝမ်းကွဲကို သတ်သွားတဲ့လူကို ကျိန်းသေပေါက် တွေ့အောင် ရှာရမယ်နော်… ရှင်တို့ လုံးဝ လက်လွှတ်လိုက်လို့ မဖြစ်ဘူး …”
“ခင်များ အရင်ဆုံး စိတ်အေးအေးထား … ကျုပ်တို့ ဒီကိစ္စ စုံစမ်းနေတယ် … နစ်နာသူကို ကျုပ်တို့ ကျိန်းသေပေါက် တရားမျှတမှု တစ်ခု ပေးမှာပါ …” လင်းရီ ပြောလိုက်ပြီး “ ခင်များကိုယ်ခင်များ အရင်မိတ်ဆက်ပါဦး …”
“ အို .. အိုကေ … ကျွန်မ တက္ကသိုလ် ဘွဲ့ရပြီးကတည်းက ရန်ကျင်းမှာ နေနေတာ … ဒါပေမယ့် အလုပ်က သိပ်အဆင်မပြေဘူး .. ပြီးတော့ ရန်ကျင်းမှာ နေထိုင်စားရိတ်ကလည်း ကြီးတယ် … ကျွန်မ အဲ့မှာ ဘယ်လိုမှ မနေနိုင်တော့လို့ ဝမ်းကွဲက ကျွန်မကို ဒီမှာ အလုပ်ရှာပေးခဲ့တာ …”
“ ဘာအလုပ်လဲ … ကျုပ်တို့ကို အသေးစိတ် ပြောပြပေးနိုင်မလား ….” လင်းရီ ထပ်ပြီး မေးမြန်းလိုက်၏။
“ စုန့်တဲယွမ် ကုမ္ပဏီမှာ အရောင်းဝန်ထမ်း လုပ်တာပါ …”
“ ရန်ကျင်းမှာက ဘာအလုပ် လုပ်ခဲ့တာလဲ ….”
“ ကျွန်မတို့ အဲ့ဒီ အကြောင်း မပြောလို့ မရဘူးလား …”
“ ဘာဖုံးကွယ်ထားစရာ ရှိလို့ … ရေချိုးစင်တာမှာ လုပ်တာမို့လို့လား … အဲ့တာ ရှက်ဖို့ကောင်းတဲ့ အလုပ်မဟုတ်ပါဘူး …”
ကူရိရန် “ ….. “
“ မဟုတ် .. မဟုတ်ပါဘူး … ကျွန်မ အဲ့လို အောက်တန်းကျတဲ့ အလုပ်မျိုး မလုပ် . . . . . . . “
“ မင်း ရပ် ရပ် ရပ် …. ငါ ဒါတော့ မင်းနဲ့ ပြန်ငြင်းရလိမ့်မယ်… ရေချိုးစင်တာမှာ အလုပ်လုပ်တာက ဘယ်လိုဖြစ်ပြီး အောက်တန်းကျတဲ့ အလုပ်ဖြစ်သွားခဲ့တာလဲ ….”
ကူရိရန် “ ??? “
အဲ့တာက အဓိကလား …..