မင်း အတွင်းခံပါ ကျန်မှာ မဟုတ်ဘူး
Vol. 115 Ch. 1718
ဝမ်ကျား ကြက်သေသေသွားခဲ့၏။
သူမလည်း ကူရိရန်နည်းတူ တွေးမိနေသည်။
ဒါက အမှု စစ်တဲ့ ကိစ္စနဲ့ ဘာမှမဆိုင်ဘူးမလား …
“ အဟွတ် အဟွတ် …. “ ကူရိရန် ချောင်းဟန့် လိုက်ပြီး “ အရာရှိလင်း … နင် စကားလမ်းကြောင်းလွဲနေပြီ…”
“ အိုး … အဟမ်း …” လင်းရီ သူ၏ အမူအရာအား ပြန်တည်တံ့လိုက်ပြီး “ စောနက စကားကို ပြန်ဆက်ရအောင် … ခင်များ ရန်ကျင်းမှာ ဘာလုပ်ခဲ့တာ …”
“ ဖြတ်လျှောက် ….”
“ ဖြတ်လျှောက် … ဟုတ်လား …”
ဤသည်က လင်းရီနှင့် ကူရိရန်ကို အံ့အားသင့်သွားစေခဲ့သည်။
ဤသည်က သာမန် အလုပ်အကိုင် တစ်ခု မဟုတ်ချေ။ အနည်းဆုံးတော့ သူတို့ ရင်းနှီးသည့် လူများ အသိုင်းအဝိုင်းထဲ၌ ထိုသို့သော အလုပ်အကိုင် လုပ်သည့် ဟူ၍ မရှိပါချေ။ ထို့ကြောင့် အသစ်အဆန်းလို ဖြစ်နေခဲ့၏။
“ ကျွန်မက စာလေ့လာတာလည်း မတော်ဘူး .. ဒါကြောင့်မို့ သက်မွေးပညာ ကောလိပ်ကိုပဲ တက်လိုက်ရတယ် … ဘွဲ့ရပြီးတော့ ခေါ်တဲ့ အလုပ်ခွင်ကလည်း မရှိဘူး … ဒီလိုနဲ့ ဖြတ်လျှောက် ဖြစ်လာတာပဲ …”
“ မင်း သရုပ်ဆောင် နယ်ပယ်ကို မလေ့လာခဲ့ဘူး မဟုတ်လား …”
“ ဒီနေ့ခေတ် ဖျော်ဖြေရေး နယ်ပယ်မှာ သရုပ်ဆောင် အရည်အချင်းက အဲ့လောက်ထိ မဟုတ်တော့ဘူး … မျက်လုံးကြီးကြီးလေးရယ် … အရပ်ကောင်းကောင်းနဲ့ မိတ်ကပ်လေး နည်းနည်းလောက် ပြင်ပြီး visual ကောင်းအောင် လုပ်လိုက်ဖို့ပဲ လိုတယ် … ရုပ်ရည်က အဓိကပဲ .. ကျန်တာကိုက သူ့နည်းသူ့ဟန်နဲ့ ဖြည့်လို့ရတယ်…”
နှစ်ယောက်သား တိတ်ဆိတ်နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူမ ပြောသွားခဲ့သည်များက ယုတ္တိရှိနေသောကြောင့်ပင်။
လင်းရီ ဝမ်ကျားအား ခေတ္တမျှ ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်လိုက်၏။
အနူတောတွင်တော့ သူမ၏ ရုပ်ရည်က လူချောပင်။ သို့သော် ဖျော်ဖြေရေး နယ်ပယ်ထဲရှိ စံချိန်စံနှုန်းများဖြင့် တိုင်းတာမည်ဆိုပါက အနည်းငယ် လိုအပ်နေသေး၏။ ဒုတိယ ဇာတ်လိုက် အမျိုးသမီး သရုပ်ဆောင် နေရာက သူမအတွက် အာဏာကုန်ပင်။
မည်သို့ပင်ဆိုစေ သူမတွင် ကျီချင်းရန်နှင့် လျန်ရူရွှယ်ကဲ့သို့ ကောင်းကင်ကိုပင် ဖီဆန်နေသည့် ကိုယ်လုံးကိုယ်ပေါက်မျိုး ပိုင်ဆိုင်ထားခြင်း မရှိပေ။
“ ဖြတ်လျှောက်လုပ်တုန်းကရော ဝင်ငွေက ဘယ်လိုလဲ …”
ဝမ်ကျား ခေါင်းခါရမ်းလိုက်၏။ “ ကျွန်မ အရင်က နည်းနည်း ရိုးအခဲ့တယ် … ရိုက်ကွင်းကို ရောက်တော့ ကြည့်ကောင်းတဲ့ ကောင်မလေးတွေက အများကြီးပဲ … အဲ့နေရာမှာတင် ကျွန်မရဲ့ အားသာချက်က ချက်ချင်း ပျောက်သွားရော … ဒါကြောင့်မို့ တစ်နေ့ လုပ်အားခက သိပ်တော့ မရဘူး … ကံကောင်းတဲ့ နေ့ဆိုရင်တော့ တစ်နေ့ကို ယွမ် သုံးရာကနေ လေးရာလောက်အထိ ရတယ်… ကံဆိုးတဲ့အချိန် ဆိုရင်တော့ တစ်ပြားမှ မရဘူး … ဒီတော့ …. ပုံသေပြောလို့ မရဘူး …”
“ ဒါနဲ့ပဲ ရန်ကျင်းမှာ ရပ်တည်လို့ ဘယ်လိုမှ အဆင်မပြေတော့ ဝမ်းကွဲကနေတဆင့် ကျိုးဟိုင်ကို ရောက်လာတယ်ပေါ့ …” လင်းရီ မေးမြန်းလိုက်သည်။
“ အမှန်ပဲ … လစာက မမြင့်ဘူးဆိုရင်တောင် နေစား စရိတ် ငြိမ်းလေ … ကျွန်မအတွက် ကုန်ကျစရိတ်လည်း အများကြီး ကာမိတယ် … ရန်ကျင်းမှာ နေရတုန်းကထက် ပိုပြီး အဆင်ပြေတယ် …”
“ မင်း အရင်သုံးလမှာ တူကျွမ့်နဲ့ ဘယ်နှကြိမ်လောက် အဆက်အသွယ် လုပ်ဖြစ်ခဲ့လဲ …”
“ သိပ် မများပါဘူး … တစ်ခုခုဆို ကျွန်မတို့က ဝီချက်ကနေပဲ ပြောကြတာ … တစ်ခါတစ်လေဆိုရင်တော့ အပြင် အတူထွက်ပြီး မုန့်စားတယ် … ဈေးဝယ်ထွက်တယ် … တခြား အချိန်တွေဆို သိပ်ပြီး အဆက်အသွယ် မရှိကြဘူး ….”
နှစ်ယောက်မှာ စက္ကန့်အနည်းငယ်လောက် ကြာအောင် တိတ်ဆိတ်သွားခဲ့ရသည်။ ဝမ်ကျား၏ ထွက်ဆိုမှုတွင် မယ်မယ်ရရ မှတ်စရာဟူ၍ မည်သည့်အရာမျှ ပါဝင်မနေချေ။ သက်သေအထောက်အထား အဖြစ် အသုံးပြုနိုင်သည့် အရာဟူ၍ တစ်ခုတစ်လေမျှပင် ရှိမနေခဲ့ချေ။
“ ဒါဆိုရင် မင်းရဲ့ ဝမ်းကွဲနဲ့ စုန့်တဲယွမ်ရဲ့ ဆက်ဆံရေးကိုရော မင်း သိထားလား …”
“ နည်းနည်းတော့ သိထားတယ် …” ဝမ်ကျား ပြောလိုက်ပြီး “ သူ့ ဝင်ငွေက ကျွန်မလောက် မကောင်းဘူးဆိုပေမယ့် အမြဲတမ်း ဝတ်လိုက်ရင် အဝတ်အစား အကောင်းစားတွေချည်းပဲ … ဒါကြောင့်မို့ တခြား ငွေဝင်နေတဲ့ လမ်းကြောင်း တစ်ခုခုတော့ ရှိရမယ်လို့ တွေးမိတာ …”
“ ဒီတော့ … သူနဲ့ စုန့်တဲယွမ် ဖောက်ပြန်နေတဲ့ ကိစ္စ မင်းသိတယ်ပေါ့ …”
“ ကျွန်မ သိတယ် …”
“ ဘယ်လောက် အတိုင်းအတာအထိ သိထားလဲ …”
ဝမ်ကျား အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး “ ဒီတိုင်း အမျိုးသားနဲ့ အမျိုးသမီးကြား ကိစ္စပဲလေ… ဘယ်လောက် အတိုင်းအတာအထိဆိုတော့ ကျွန်မက ဘယ်လို ပြောရမှာ …”
“ မင်း မနေ့က ည ရှစ်နာရီနဲ့ ဆယ့်တစ်နာရီ ကြားထဲမှာ ဘာလုပ်နေလဲ …”
“ ကျွန်မ ရုံးမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အစည်းအဝေး လုပ်နေခဲ့တာ .. ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေက သက်သေခံပေးနိုင်တယ် …”
“ ဒီလောက် နောက်ကျနေပြီကို အစည်းအဝေး ထိုင်နေကြတုန်းပေါ့ …” လင်းရီသည် ဝမ်ကျားအား ကြည့်၍ ပြောလိုက်ပြီး “ ပြီးတော့ စုန့်တဲယွမ်လည်း သေနေပြီကို မင်းတို့က ဘာကိစ္စ အစည်းအဝေး ထိုင်နေကြသေးလဲ ….”
“ သူဌေးက မရှိတော့ဘူး … ဒါပေမယ့် သူဌေးရဲ့သားက ရှိနေသေးတုန်းပဲလေ… သူက ကုမ္ပဏီကို နောင်ကျ လက်လွှဲယူမှာ သေချာနေတဲ့ဟာကို ပြီးတော့ ကျွန်မတို့ အခု တလော ပရောဂျက် အကြီးစား တစ်ခုကို လုပ်နေတာ ကျရှုံးလို့ ဘယ်ဖြစ်မှာ … အဲ့တော့ .. ဒါပေါ့ .. အလုပ်ကြိုးစားရမှာပေါ့ …”
“ နောက်ပြီး အဲ့ဒီနေ့တုန်းက လူကြီးမင်းစုန့် ကျွန်မတို့ကို ခေါ်ပြီး ကုမ္ပဏီကို ပုံမှန်အတိုင်း ဆက်လည်ပတ်မယ်လို့တောင် ပြောသွားသေးတယ် … သူ ပြောတာ ရက်အနည်းငယ် နေရင် ရုံးပြန်လာမယ်တဲ့ … ဒါကြောင့်မို့ ကျွန်မတို့လည်း ရေသာ မခိုရဲကြဘူး …”
“ ကောင်းပြီလေ… ဒီနေ့တော့ ဒီလောက်ပဲ …”
“ အရာရှိကြီး … ရှင် လူသတ်သမားကို မြန်မြန်ရှာပေးပါနော်… ကျွန်မ အဒေါ်က ဆေးရုံတင်ထားရပြီ… တကယ်လို့ လူသတ်သမားကိုသာ ရှာမတွေ့ဘူးဆိုရင် သူတော့ အဆုံးသတ်ပြီပဲ …”
“ စိတ်ချလက်ချသာနေပါ .. ငါတို့လည်း အကောင်းဆုံး ကြိုးစားနေတယ်…”
သူမအား ဖျောင်းဖြနှစ်သိမ့်ပေးပြီးနောက် ကူရိရန်သည် ဝမ်ကျားအား အပြင်သို့ လိုက်ပို့လိုက်ကာ နောက်တစ်ယောက်ကို ခေါ်သွင်းလိုက်သည်။
နှစ်ဦးလုံးက ကောင်းမွန်သည့် အခြေအနေတွင် ရှိနေသဖြင့် စစ်ဆေးမေးမြန်းသည့် လုပ်ငန်းစဉ်က နေ့လည်ခင်း အချိန်ထိ ရောက်ရှိသွားခဲ့သည်။
“ မင်းတို့ တစ်ခုခု ရှာတွေ့ကြသေးလား ….”
လီရှန်းဟွေ့သည် စားနေရင်းဖြင့် မေးမြန်းလာခဲ့၏။
“ ဟင့်အင်း …” ကူရိရန် အားနည်းစွာ ပြန်ဖြေ၍ “ အကုန် အရေးမပါတာတွေ ချည်းပဲ …”
“ ကျန်းဟောက် ဘယ်မှာ ရှိလဲဆိုတာတော့ ငါတို့ သိထားပြီ … ဧည့်ကြိုမိန်းကလေး ပြောတာ မှန်တယ် … သူ တကယ်ကြီး ကျိုးဟိုင်က ထွက်သွားခဲ့တာ .. တူကျွမ့် မတော်တဆမှု ဖြစ်တဲ့ အချိန်တုန်းက ကျိုးဟိုင်မှာ ရှိမနေတာတော့ ငါတို့ သေချာတယ် …”
လီရှန်းဟွေ့ ပြောလိုက်ပြီး “ ဒါပေမယ့် ကျန်းဟောက်ကို ပြန်ခေါ်လာဖို့ စီစဉ်ထားတုန်းပဲ … မင်းတို့ထဲ ဘယ်သူ ဟောက်ကျန်းကို ခရီးထွက်ပြီး သူ့ကိုဖမ်းခေါ်လာဖို့ အချိန်ရှိလဲ …”
“ ရဲဘော်ငယ်လေး နှစ်ယောက် … ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို မင်းတို့ဆီ ပေးလိုက်မယ်နော…” ကျန်းဟွေ့ အပြုံးလေးဖြင့် ပြောလာခဲ့ပြီး “ ဒီရက်ပိုင်း ငါ့သမီးက အအေးမိပြီး ဖျားနေတာ ဆိုတော့ သူ့အနားမှာ ငါရှိနေမှ ဖြစ်မှာ … ဒါက မင်းတို့နှစ်ယောက်အတွက် ပြန်သင့်မြတ်ဖို့ အခွင့်ကောင်းပဲ …”
“ သူနဲ့ ဘာသင့်မြတ်စရာ အကြောင်းရှိလို့ .. ကျုပ် အမြင်ကို မစော်ကားစမ်းနဲ့ …” လင်းရီ ပြောလိုက်သည်။
“ နင်ပဲ နစ်နာသူကြီး လုပ်နေလိုက် …”
“ ပြဿနာက မင်းရဲ့ ဟာ့ဝဲရော ၊ ဆော့ဝဲရောက ငါ့သတ်မှတ်ချက်နဲ့ မှီဖို့လိုနေတာပဲ … မဟုတ်ရင် ငါမှားတယ်ဆိုတာ သက်သေပြလိုက် …”
“ ငါက စိတ်ကြီးတယ်ဆိုတာ ငါ့ကိုယ်ငါ ဝန်ခံတယ် … ဒါပေမယ့် ဘယ်လိုပဲပြောပြော ငါက ရုပ်ဆိုးတဲ့ထဲလည်း မပါဘူး … ပါလို့လား … ငါ့ဟာ့ဝဲကရော ဘယ်မှာ လိုနေလို့ …”
ကျန်းဟွေ့နှင့် ကောင်းမင်ကျွင်းတို့ ကူရိရန်အား တစ်ချက်ကြည့်ပြီး မရေမရာ ဖြစ်စွာ ပြောလိုက်သည်။
“ လင်းရီ ပြောတဲ့ ဟာ့ဝဲက မင်း ရုပ်ရည်ကို ပြောတယ်လို့ ငါတော့ မထင်ဘူးနော်…”
“ အစ်ကိုကောင်းပဲ ကျုပ်ကို နားလည်တယ်…”
ကူရိရန် “ …. “
“ တော်တော့ တော်တော့ .. မင်းတို့ ကူလေးကို လျှောက်စမနေကြနဲ့ … “ လီရှန်းဟွေ့ ပြောလိုက်ပြီး “ လင်းရီနဲ့ ကူလေး … မင်းတို့ နှစ်ယောက်ကို ငါ ညနေပိုင်း ခွင့်ပေးတယ် … အထုပ် အပိုးတွေ ပြင်ထားကြ .. မနက်ဖြန် ဟောက်ကျန်းကို သွားကြရမယ်…”
“ ဟုတ်ကဲ့ …”
ပစ္စည်းများအား သိမ်းဆည်းပြီးနောက် နှစ်ယောက်သား ရဲစခန်းထဲမှ ထွက်လာခဲ့ကြသည်။ သူတို့က တစ်စုံတစ်ယောက်အား ဖမ်းဆီးရန် ဆိုသော်လည်း လည်ပတ်ရန် အချိန်တစ်ချို့တော့ ကျိန်းသေပေါက် ရှိပါသည်။
သို့သော် သူတို့ အချိန်မည်မျှ ညှစ်ထုတ်နိုင်မလဲဆိုတာတော့ ၎င်းတို့၏ ကိုယ်ပိုင် အစွမ်းအစအပေါ် မူတည်နေပါသည်။
ထိုညတွင် လင်းရီသည် ကျီချင်းရန်အား သူ ရာဇဝတ်သား ဖမ်းဆီးရန်အတွက် ဟောက်ကျန်းသို့ ခရီးထွက်ရမည့် အကြောင်းအား ပြောပြလိုက်၏။
ကောင်မလေးမှာ ပျော်မြူးသွားခဲ့၏။
ရုပ်ရှင်ကားတွေထဲက လိုမျိုးပဲလား … အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းမှာပဲ …
“ နင် တစ်ပတ်အတွင်း ပြန်လာမှာလား … ငါကူပြီး အဝတ်တွေ ထည့်ပေးမယ်လေ…”
“ တစ်ပတ် မကြာပါဘူးကွာ … တစ်ရက် နှစ်ရက်လောက်ပါပဲ ….”
တစ်ဖက်သူက အန္တရာယ်များသည့် အကြမ်းဖက် ရာဇဝတ်ကောင်လည်း မဟုတ်သဖြင့် လင်းရီ၏ အမြင်တွင် ထိုသို့သော သူအား ဖမ်းဆီးရန်က အချိန်များစွာ သုံးရလိမ့်မည်လို့ မထင်ပါချေ။
ထို့ပြင် တစ်ဖက်သား၏ တည်နေရာကိုလည်း ၎င်းတို့ဘက်က သိရှိပြီးဖြစ်သဖြင့် ဖမ်းဆီးရန် ခက်ခဲလိမ့်မည် မဟုတ်ချေ။
“ လွယ်အိတ် တစ်လုံးစာလောက်ပဲ ထုပ်ပေးလိုက် … အဲ့လောက်ဆို ရပြီ…”
“ အွန်း အွန်း …”
နောက်တစ်နေ့ နံနက်ခင်းတွင် လင်းရီနှင့် ကူရိရန်တို့ နှစ်ဦး လေဆိပ်သို့ ရောက်ရှိလာသည်။
လင်းရီမှာ ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားသည့် ကူရိရန်၏ မိတ်ကပ်ကို အတော်လေး စိတ်ဝင်စားနေမ်သည်။
သူမက ချွေးစုပ်သည့် မီးခိုးရောင် အဖျော့ ဘောင်းဘီကို ဝတ်ဆင်ထားပြီး အနက်ရောင် စနိကာအား စီးနင်းထား၏။
အပေါ်ပိုင်းတွင်တော့ အဖြူရောင် ဘေ့စ်ဘော ရှပ်ကို ဝတ်ဆင်ထားကာ လျှာထုပ် ဦးထုပ်ဆောင်းထားပြီး နေကာ မျက်မှန် တစ်လက်လည်း တပ်ဆင်ထားခဲ့၏။
စတိုင်က အတော်လေးကို မိမိုက်နေပါသည်။
“ ငါတို့ ခရီးသွားမှာလည်း မဟုတ်တာကို ဘာလို့ ဒီလိုကြီး ဝတ်စားထားတာ …”
“ ငါ့ဘာငါ ဝတ်ချင်ဝတ်မှာပေါ့ … အဲ့တာ နင့်သောက်လုပ်လား …”
ကူရိရန် ခေါင်းမော့၍ ပြောလိုက်သည်။
“ မင်း လောင်းကစား သွားလုပ်မလို့တော့ မဟုတ်ဘူးမလား …”
“ ငါလုပ်ရင် နောက်တစ်နေ့ဆို အလုပ်ပြုတ်ပြီ…”
“ အမှန်ပဲ .. မင်းရဲ့ စကေးတွေနဲ့ လောင်းကစားသာလုပ်ရင် အလုပ်ဖြုတ်ခံလိုက်ရတာလောက် ရိုးရှင်းမှာ မဟုတ်ဘူး … နောက်ဆုံး အတွင်းခံတောင် ကပ်နိုင်မှာ မဟုတ်ဘူး …”