← Chapters

မင်း Tesla မောင်းဖူးလား

Vol. 115 Ch. 1719

မင်း Tesla မောင်းဖူးလား

Vol. 115 Ch. 1719

သူတို့နှစ်ယောက် ၁၀ နာရီတိတိတွင် လေယာဉ်စီးပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ ဟောက်ကျန်းသို့ ရောက်လာခဲ့ကြသည်။

ကမ္ဘာ့နာမည်ကြီး လောင်းကစား မြို့တော် တစ်ခု ဖြစ်သည်နှင့် အညီ လေယာဉ်ပေါ်မှ ဆင်းသည်နှင့် ဤနေရာတစ်ဝိုက်၏ ရူးသွပ်မှုနှင့် ပိုက်ဆံ၏ ရနံ့အား လင်းရီ ရှူရှိုက်မိလိုက်၏။ သူတို့ မိခင်မြေနှင့်တော့ အတော်လေး ကွဲပြားနေပါသည်။

လေယာဉ်ပေါ်က ဆင်းတော့ သူတို့ကို အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့က လာကြိုပေးသည်။ နှစ်ယောက်လုံးက ဟောက်ကျန်းရှိ ရဲဝန်ထမ်းများ ဖြစ်ကြ၏။

အမျိုးသား၏ နာမည်က ရှန်ကွမ်းရာ ဖြစ်ပြီး အမျိုးသမီး၏ နာမည်က ဟော်ဝမ်ချီပင်။ နှစ်ဦးလုံးက အတော်လေး ဖော်ရွေကြသည့် ရဲဝန်ထမ်းများပင်။

လင်းရီကို မြင်သည်တွင် ဟော်ဝမ်ချီသည် မနေနိုင်ဘဲ သုံးလေးကြိမ်ခန့် သေချာပြန်ကြည့်လိုက်မိ၏။ သူမ၏ နှလုံးသားလေးမှာ အငြိမ်မနေနိုင်ဘဲ တဒိတ်ဒိတ် ရင်ခုန်နေမိလေသည်။

“ လူကြီးမင်းတို့နှစ်ယောက် .. ဟောက်ကျန်းမှာ တစ်ခုခုလိုအပ်တယ်ဆိုရင် ကျုပ်တို့ကို အသိပေးပါ .. ကျုပ်တို့ဘက်က အကောင်းဆုံး ပူးပေါင်း‌ ဆောင်ရွက်ပေးသွားပါ့မယ်…”

ရှန်ကွမ်းရာမှ ယဉ်ကျေးစွာ ဆိုလိုက်၏။

“ ဒါဆိုရင်တော့ ကားတစ်စီးလောက် ဖန်တီးပေးဖို့ ဒုက္ခပေးရတော့မယ် … အဲ့ဒါတော့ အဆင်ပြေမယ်မလား …”

“ သေချာတာပေါ့ …” ရှန်ကွမ်းရာ ပြောလိုက်ပြီး “ ခေါင်းဆောင်က ကျုပ်တို့ကို ခင်များတို့နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးဖို့ အမိန့်ပေးပြီးသား … ကားအပြင် တခြား လိုအပ်တဲ့ အရာတွေလည်း တောင်းဆိုလို့ရတယ် .. ကျုပ်တို့ တတ်နိုင်တဲ့ အတိုင်းအတာအတွင်း ရှိသရွေ့ ကိစ္စမရှိဘူး …”

“ လောလောဆယ်တော့ တခြား ဘာမှ မလိုသေးဘူး .. အဲ့ဒီ ကားပဲ … ကျန်တာကိုတော့ အရင်ဆုံး စောင့်ကြည့်ကြတာပေါ့ …”

“ ဒါဆိုလည်း ကျုပ်တို့ရဲ့ အခုကားကို အဆင်ပြေသလို သုံးလိုက်လေ….”

“ ကောင်းတာပေါ့ …”

၎င်းနောက် လေးယောက်သား တိုရိုတာ ကိုရိုလာထဲသို့ ဝင်၍ ကျင်းချုံ ဟိုတယ်သို့ ရောက်ရှိလာခဲ့သည်။

ကျင်းချုံဟိုတယ် ၊ ထို စာတန်းကို မြင်တော့ လင်းရီ၏ စိတ်ထဲတွင် ပုံမှန်မဟုတ်သည့် ရင်းနှီးမှုကို ခံစားလိုက်ရ၏။

ကျင်းချုံ ဟိုတယ်၏ ဘေးတွင်တော့ ဟောက်ကျန်းတွင် နာမည်ကြီး လူသိများသည့် ကျင်းချုံ ကာစီနို ရှိလေသည်။

ဟောက်ကျန်းရှိ အကြီးဆုံး ကာစီနို ဖြစ်သည့်အလျောက် ကမ္ဘာတစ်လွှားရှိ ခရီးသွား ဧည့်သည်တို့အား ဤနေရာသို့ လာရောက်၍ စိတ်တိုင်းကျ သုံးဖြုန်းနိုင်ရန် အတွက် ဆွဲဆောင်နေသည်ဖြစ်ရာ ၎င်းအထဲသို့ စီးဆင်းနေသည့် ဝင်ငွေပမာဏက တစ်နေ့ တစ်နေ့ ၊ စိတ်ကူးယဉ်ကြည့်၍ မရလောက်အောင်ပင်။

ဤနေရာတွင် မရေမတွက်နိုင်သည့် လူတို့က ညတွင်းချင်း သူဌေး ဖြစ်လာကြသကဲ့သို့ တချို့ သူဌေးကြီးများကလည်း ညတွင်းချင်း ဆင်းရဲသွားတတ်ကြ၏။

လင်းရီ ယွမ် ၁၀,၀၀ ကြောင့်နှင့် ခေါင်မိုးပေါ်မှ ခုန်ချသွားခဲ့သည့် လူတစ်ယောက်အကြောင်းကို သတင်းတွင် တစ်ခါ ဖတ်ခဲ့ဖူးသည်။

တင်ပြထားသည်မှာတော့ ထိုလူက ကာစီနိုတွင် အတော်လေး ကံကောင်းခဲ့ပြီး ယွမ် နှစ်သိန်းကျော် အနိုင်ရလာခဲ့သည်။

သူ အနိုင်ရရှိထားသည့် ချစ်ပ်များအားလုံးကို လဲလှယ်ပြီးသည့်နောက် သူ သတိပြုမိလိုက်သည်က အနိုင်ရရှိထားသည့် ပိုက်ဆံမှာ စုစုပေါင်း ယွမ် နှစ်သိန်းခွဲအတိ ရှိနေသည်ကိုပင်။

သူ၏ အခြားသော ကုန်ကျစရိတ်များကို ကာမိရန်အတွက် ထိုအထဲမှ ယွမ် တစ်သောင်းကို အသုံးပြုရမည် ဖြစ်၏။

သို့သော် သူ့ဘက်က ဤအတိုင်းလေးပဲ ယွမ် နှစ်သိန်းခွဲ အတိ ထားချင်သည်။ ထို့ကြောင့် ယွမ် တစ်သောင်းဖိုး ချစ်ပ်များအား ပြန်လဲလှယ်၍ သူ၏ ကောင်းမွန်နေသည့် ကံတရားလေးဖြင့် နောက်ထပ် ယွမ် သောင်းဂဏန်း အနည်းငယ်ခန့် အနိုင်ရရှိလိမ့်ဦးမည်ဟု ယုံကြည်ကာ ထပ်မံ လောင်းကစား သွားလုပ်သည်။ ဤသို့ဖြင့် သူ့တွင် လေယာဉ်လက်မှတ်နှင့် စားသောက်စရိတ်အတွက် အပိုငွေ ထွက်လာမည်ဖြစ်ပြီး ယွမ်နှစ်သိန်းခွဲကို ထိစရာ လိုတော့မည် မဟုတ်ချေ။

သို့သော် အနှီ သေးငယ်သည့် ဆုံးဖြတ်ချက်လေးက သူ့အား ရုန်းလေ နစ်လေ ဖြစ်မည့် နွံအိုင်ထဲသို့ ပြုတ်ကျသွားစေခဲ့လိမ့်မည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။

နှစ်နာရီအချိန်အတွင်း သူ အနိုင်ရရှိထားသည့် ယွမ် နှစ်သိန်းခွဲကို ဆုံးရှုံးသွားရုံမျှမက ထပ်လောင်း ယွမ် လေးသိန်းပင် အကြွေးတင်သွားခဲ့သေးသည်။

၎င်းနောက် …. ခေါင်မိုးထပ်မှ ခုန်ချကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့၏။

“ ရဲဘော်လင်း … ရဲဘော်ကူ … ငါတို့ ဒီမှာပဲ စောင့်နေကြမှာလား …” ရှန်ကွမ်းရာ မေးလာခဲ့၏။

“ ကျုပ်တို့ တစ်ဖက်လူကို တပ်လှန့်သလို မဖြစ်သွားစေချင်ဘူး .. ဒါကြောင့်မို့ သိုသိုသိပ်သိပ်ပဲ နေကြမယ် …”

ကူရိရန်သည် သူမ ဘေးရှိ ဟိုတယ်အား တစ်ချက်ကြည့်လိုက်၏။

“ ကျွန်မတို့ ရထားတဲ့ သတင်းအချက်အလက် အတိုင်းဆိုရင် ကျန်းဟောက်က ဒီဟိုတယ်မှာ တည်းနေတယ်… သူ အပြင်ထွက်လာတာနဲ့ တစ်ခါတည်း အသင့်ဖမ်းလိုက်ရုံပဲ …”

“ အိုကေ …”

နှစ်ယောက်သား ဘာမျှ ထပ်မပြောတော့ပေ။ သူတို့၏ မစ်ရှင်က လင်းရီတို့ နှစ်ယောက်နှင့် ပူးပေါင်းဆောင်ရွက်ပေးရန်သာ ဖြစ်၏။ ထို့ကြောင့် ၎င်းတို့ ပြောလာသည့် အတိုင်းသာ သူတို့ လုပ်မည်။ အခြား အကြံဉာဏ်များ ပေးနေစရာ အကြောင်း မရှိချေ။

ကူရိရန်သည် ပြတင်းပေါက် အပြင်ဘက်သို့ တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့် မျက်ခြေမပြတ် စောင့်ကြည့်နေလျက် ရှိ၏။

လင်းရီကတော့ ပြတင်းပေါက်ဖွင့်ကာ လေညင်းခံရင်း ဂိမ်းထိုင်ဆော့နေသည်။ သူ့ပုံစံက ရာဇဝတ်သား ဖမ်းရန် ရောက်လာသည့်လူနှင့် လားလားမျှ အပ်စပ်မနေချေ။

ကူရိရန် တစ်ချက်သာ ကြည့်လိုက်ပြီး ဘာမျှ ပြောမနေတော့ချေ။ ထိုကောင့်၏ ယခုလို အပြုအမူမျိုးကို သူမ နေသားကျနေချေပြီ။

ထိုအခိုက်အတန့်တွင် အပြာရောင် Tesla ကားတစ်စင်းက လင်းရီတို့ ရှိသည့် နေရာသို့ ဖြည်းညင်းစွာ မောင်းနှင်လာခဲ့၏။ ကားပိုင်ရှင်မှ ပြတင်းပေါက်ဖွင့်ပြီး ခေါင်းပြူကာ

“ ရို ညီကို … မင်း Tesla မောင်းဖူးလား …”

“ ဟင် …”

လင်းရီ ကြက်သေသေသွားခဲ့၏။ ရန်ပင်း၏ အမှုကြောင့်မို့ သူ ယခု Tesla ကားအကြောင်း နည်းနည်းပါးပါးတော့ သိထားသည်။

ကားတန်ဖိုးက BMW နှင့် တန်းတူနီးပါးခန့် ရှိပြီး အကယ်၍ Tesla အား မောင်းနိုင်မည်ဆိုပါက လူတို့သည် ပိုင်ရှင်က လူချမ်းသာဟု အလိုအလျောက် တွေးထင်ကြမည် ဖြစ်၏။

“ အမ်ဟမ့် …”

လင်းရီ ခေါင်းရမ်းပြလိုက်၏။

လင်းရီ၏ တုံ့ပြန်မှုကို မြင်တော့ ကားပိုင်ရှင်မှာ နောက်ပြန်လှည့်မကြည့်ဘဲ ထွက်ခွာသွားခဲ့လေသည်။

လင်းရီ “ …… “

“ ဘာလားဟ ဒီကောင်က … Tesla မောင်းနိုင်တယ်ဆိုတော့ ငါ့ရဲ့ တိုရိုတာ အသေးလေးကို လာအထင်သေးပြနေတာလား ….”

“ ဒါက တိုက်ဆိုင်သွားရုံပဲ ရဲဘော်လင်း … နင် စိတ်တိုနေစရာ မလိုပါဘူး …” ဟော်ဝမ်ချီမှ ကိစ္စများအား အဆင်ချောစေရန် ကြိုးပမ်းလိုက်သည်။

“ စိတ်မဆိုးပါဘူး … ကျုပ်လည်း ဒီလိုမျိုး ကြွားရတာ ကြိုက်တဲ့ လူတွေအများကြီးနဲ့ ကြုံဖူးပါတယ် … နေသားကျနေပါပြီ…”

“ ဒါက ရှင့်အပေါ် မကောင်းတဲ့ အမြင်တွေ မရှိစေဖို့ မျှော်လင့်တာပဲ …”

“ ဘယ်နားကသာ … ဒါတွေက သပ်သပ်စီပဲလေ…”

ထိုအခိုက်အတန့်တွင် နောက်ထပ် Tesla ကားတစ်စင်း မောင်းနှင်လာခဲ့၏။ ကားက မရပ်ချေ။ ထိုအစား ဖြည်းညင်းစွာ ရွေ့လျား၍ မေးမြန်းလာခဲ့၏။

“ ဘရို … မင်း Tesla ကား မောင်းဖူးလား …”

“ မမောင်းဖူးဘူး …”

ထိုစကားကြားတော့ ကားပိုင်ရှင်မှာ ဘာမှ မပြောဘဲ ထွက်ခွာသွားခဲ့တော့၏။

“ သေစမ်း .. နှစ်ခါဆက်တိုက်ကြီးကတော့ ဒါနည်းနည်းလေး များသွားပြီ…”

ကူရိရန်ပင် မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။

Tesla မောင်းနိုင်တာနဲ့ပဲ ဒီလိုကြီး လုပ်ဖို့တော့ လိုလို့လား …

“ ငါသာ စောသိခဲ့ရင် အိမ်က စူပါကား တစ်စီးလောက် သယ်လာခဲ့ပါတယ်… Tesla လို ပေါ့တီးပေါ့ပျက် ဘရန်း အစုတ်က ဘယ်တုန်းက ကြွားလို့ကောင်းတဲ့ ပစ္စည်း ဖြစ်သွားခဲ့တာ …”

လင်းရီ ဒေါသတကြီး ဖြစ်နေစဉ်မှာပဲ ပန်းရောင် Tesla ကားတစ်စင်းမှာ အနားသို့ ချဉ်းကပ်လာပြန်သည်။

“ အချောလေး … နင် အရင်က Tesla ကားမောင်းဖူးလား …”

“ မင်းတို့ကောင်တွေ များသွားပြီ… ချီးပဲ .. အရင်က တစ်ခါမောင်းဖူးတယ် … အိုကေပြီလား … လစ်လိုက်တော့ ..” လင်းရီ စိတ်လက်မရှည်စွာ ကျိန်ဆဲလိုက်မိ၏။

ထင်မှတ်မထားစွာဖြင့် အမျိုးသမီးလေးမှာ စိတ်မဆိုးသွားခဲ့ချေ။ ထိုအစား စိတ်လှုပ်ရှားကြီးစွာဖြင့် လင်းရီအား မေးမြန်းလာခဲ့၏။

“ ကောင်းလိုက်တာ … မြန်မြန် ဘရိတ်က ဘယ်နားမှာလဲ ငါ့ကို ပြောပြဦး … ငါ ကားဘယ်လိုရပ်ရမလဲ မသိတော့လို့ … မြန်မြန် .. ငါကားကို မထိန်းနိုင်တော့ဘူး …”

လင်းရီ “ …. “

ကူရိရန် “ ….”

ဘန်း …

ထိုအခိုက်အတန့်တွင် သူတို့ ဆူညံသံ တစ်ခုအား ကြားလိုက်ရသည်။ သူတို့ လှမ်းကြည့်လိုက်တော့ ပထမ Tesla ကားမှာ ရှေ့ကကားနှင့် တိုက်မိသွားခဲ့ခြင်းပင်။

“ ဒီ ကားအစုတ်ကြီး ဝယ်တဲ့လူ ဘယ်သူမဆို ထိခိုက်နစ်နာကြမှာပဲ …”

စောဒက တက်ပြီးနောက် ကျန်သူများလည်း ကူကယ်ရာမဲ့နေကြလေသည်။ တခြားသူများ ဤဘရန်းကို ရှောင်နိုင်ကြပါစေဟုသာ စိတ်အတွင်း၌ ရေရွတ်မိလိုက်ကြ၏။

မည်သို့သော အရာများက နောက်ထပ် ဖြစ်လာဦးမလဲဆိုတာကို မည်သူကမျှ ကြိုပြီး မပြောနိုင်ကြချေ။

လေးယောက်သား တစ်နေ့လည်ခင်းလုံး ကားထဲတွင် ထိုင်နေခဲ့ကြ၏။ တစ်ခါတစ်ရံတွင်တော့ အပြင်သို့ထွက်၍ အညောင်းအညာဆန့်ပြီး ကားသို့ ပြန်လာကာ စောင့်ကြည့်သည့်အလုပ်အား ဆက်လက် လုပ်ဆောင်ကြသည်။

ဤသို့သော အလုပ်မျိုးက သူတို့အတွက် သာမန် ဖြစ်ရိုးဖြစ်စဉ် တစ်ခုလိုပါပင်။

ညနေခင်း ရှစ်နာရီဝန်းကျင်လောက်ရောက်တော့ ရှန်ကွမ်းရာနှင့် လင်းရီမှာ အစားအသောက်များ သွားဝယ်လာပြီး ကားထဲတွင် လေးယောက်သား အတူ ညစာစားကြ၏။

တစ်ချိန်တည်းတွင် ဟိုတယ်ထဲသို့ ဝင်ထွက်သွားလာနေကြသည့် လူဦးရေကလည်း တဖွဲဖွဲ တိုးပွားလို့လာလေသည်။ အကုန်လုံးက ကာစီနိုထဲသို့ အုပ်စုကိုယ်စီဖြင့် လျှောက်သွားကြပြီး မျက်နှာအမူအရာတို့ကလည်း ရွှင်ပြုံးလို့ နေခဲ့ကြ၏။

ဤလူအများစုက ဒေသ ယဉ်ကျေးမှုကို ခံစားနားလည်ချင်သည့် နိုင်ငံခြားသား ဧည့်သည်များပင်။

“ ပစ်မှတ် ထွက်လာပြီ…”

ကူရိရန် ရုတ်တရက် ပြောလိုက်၏။ သုံးယောက်လုံး သတိအနေအထား ဖြစ်သွားခဲ့ကြပြီး အပြင်သို့ လှမ်းကြည့်မိလိုက်ကြသည်။

“ ဘယ်မှာလဲ…”

“ သူ အခုလေးတင် ကားထဲက ထွက်ပြီး ကာစီနိုထဲ ဝင်သွားတာ ငါ မြင်လိုက်တယ် …”

ပြောရင်းဖြင့် ကူရိရန်သည် ကားတံခါးဖွင့်၍ ကားထဲမှ ထွက်ရန် ဟန်ပြင်လိုက်သည်။

လင်းရီလည်း အချိန်ဖြုန်းမနေချေ။ သူ လေးဖင့်နေ၍ မဖြစ်ချေ။ အကယ်၍ တစ်ဖက်သူသာ ထွက်ပြေးလွတ်မြောက်သွားမည်ဆိုပါက ကိုင်တွယ်ရ ခက်ခဲမှာ ဖြစ်၏။

လေးယောက်သား ကာစီနိုထဲသို့ ဝင်၍ ကျန်းဟောက်၏ ခြေရာအား လိုက်ရှာကြသည်။ သို့သော် ကာစီနိုထဲတွင် လူတို့က ပြည့်ကြပ်နေပြီး လူအုပ်ကြီးထဲမှ ကျန်းဟောက်ကို ရှာဖွေရသည်က ပင်လယ်ထဲ အပ်ပျောက် ရှာရသည်နှင့် ခြားလိမ့်မည် မဟုတ်ချေ။

“ အချိန် မဖြုန်းနဲ့ … လူခွဲရှာကြမယ်… ကိုယ့်ကိုယ်ကို မပေါ်အောင် ဂရုစိုက်ကြ ..” လင်းရီ အသံနိမ့်၍ ပြောလိုက်၏။

All Chapters