အထက်တန်းစား ဆန်သူတစ်ယောက်၏ အရှိန်အဝါ
Vol. 115 Ch. 1720
သုံးယောက်သား ခေါင်းညိမ့်၍ ကျန်းဟောက်အား ရှာဖွေရန်အလို့ငှာ ကာစီနိုထဲတွင် လူစုခွဲလိုက်ကြသည်။
ကာစီနိုက လင်းရီထင်ထားသည်ထက်ပင် ကြီးမားနေပြီး အတွင်းပိုင်း အပြင်အဆင်က အတော်လေး အဆင့်အတန်း လက်ဇရီ ဆန်လှသည်။
ထိုအရာများကိုတော့ လင်းရီ မျက်စိအရသာခံပြီး ကြည့်ရှုမနေချေ။ ဟိုဟိုဒီဒီလှည့်ပတ်နေရင်း ကျန်းဟောက်အား ရှာဖွေရန် ကြိုးစားနေလျက် ရှိ၏။
သို့သော် အချိန်အတော်ကြာသည်ထိအောင် ရှာဖွေပြီးသော်လည်း ကျန်းဟောက်၏ အရိပ်အယောင်ကိုပင် သူတို့ မြင်တွေ့ရခြင်း မရှိသေးချေ။ လင်းရီ မျက်မှောင်အနည်းငယ် ကြုတ်၍ ကိုယ့်ဘာကိုယ် ရေရွတ်လိုက်၏။
“ သူ သတိထားမိသွားလို့များလား ….”
အချိန်အတော်ကြာအောင် စဉ်းစားပြီးသည့်နောက် ထိုအရာက မဖြစ်နိုင်ဟု လင်းရီ ခံစားလိုက်ရ၏။
တစ်ဖက်သူ၏ နောက်ခံကလည်း ရှင်းလင်းပြီး ထိုသို့သော တန်ပြန် ထောက်လှမ်းနိုင်သည့် ပြင်းထန်းသည့် ဆဠမအာရုံ ရှိနေဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။ ထို့ပြင် သူတို့က သိုသိုသိပ်သိပ် လှုပ်ရှားနေတာဖြစ်ပြီး ရှာတွေ့သွားဖို့ဆိုသည်က လုံးဝ လုံးဝ မဖြစ်နိုင်ပေ။
နာရီဝက်မျှ ရှာဖွေကြည့်ပြီးသည့်နောက် လင်းရီနှင့် သူ့ လုပ်ဖော်ကိုင်ဖက် သုံးယောက်တို့မှာ လူပြန်စုလိုက်ကြသည်။ ၎င်းတို့၏ မျက်နှာ အမူအရာကို ကြည့်ခြင်းအားဖြင့် မည်သူကမျှ ကျန်းဟောက်ကို ရှာမတွေ့ခဲ့ကြောင်း သိသာနေသည်။
“ ကာစီနိုမှာ ဒုတိယ အလွှာ ရှိသေးတယ် .. သူ အဲ့နေရာကို သွားခဲ့တာများလား …” ရှန်ကွမ်းရာ သူ၏ အတွေးကို ထုတ်ဖော်လိုက်သည်။
“ ဒုတိယ အလွှာက ဘာလဲ .. ပိုပြီး အဆင့်မြင့်တဲ့ဥစ္စာလား ….” လင်းရီ မေးမြန်းလိုက်၏။
“ ဟုတ်တယ် …”
“ တကယ်လို့ တရားခံက ကြွယ်ဝတဲ့လူဆိုရင်တော့ ဒုတိယ အလွှာကို သွားဖို့ ရာခိုင်နှုန်း များတယ် …. ဘာလို့ဆို ပထမ အလွှာမှာ ရှိတဲ့လူ အများစုက နိုင်ငံခြားသားတွေချည်းပဲလေ… ဒီမှာက ကြေးနည်းနည်းနဲ့ ဆော့ကြတဲ့သူတွေပဲ များတယ်…”
ရှန်ကွမ်းရာ၏ စကားလုံးက သူတို့အား ပိုက်ဆံ အကြောင်း သတိပေးလိုက်သလို ဖြစ်သွားခဲ့သည်။
စုန့်တဲယွမ်၏ ပိုက်ဆံများအားလုံးက ကျန်းဟောက် လက်ထဲတွင် ရှိနေပြီး သူ၏ လက်ရှိ ကြွယ်ဝမှုဖြင့် ဒုတိယ အလွှာသို့ တက်ပြီး လောင်းကစား လုပ်သည်က သာမန်ပင်။
“ ခင်များတို့နှစ်ယောက် အောက်မှာ နေခဲ့ … ကျုပ်တို့ နှစ်ယောက် အပေါ်တက်ပြီး တစ်ချက် စစ်ဆေးကြည့်ဦးမယ်… အကြောင်းထူးရင် ဖုန်းထဲက ဆက်သွယ်ကြမယ်….” လင်းရီ ပြောလိုက်သည်။
“ အိုကေ ..”
တာဝန်ခွဲဝေပြီးသည့်နောက် လင်းရီနှင့် ကူရိရန်တို့ ကာစီနို၏ ဒုတိယအလွှာသို့ ရောက်ရှိလာခဲ့ကြသည်.
ကူရိရန်မှာ သတိထားသည့် မျက်နှာ အမူအရာဖြင့် တစ်စုံတစ်ရာ လွတ်သွားမည်ကို စိုးရိမ်နေသည့်ဟန်ပင်။
“ ဟေး … သဘာဝကျကျလေး နေစမ်း .. ခိုးကြောင်ခိုးဝှက် မျက်နှာထားကြီး လုပ်မနေနဲ့ …” လင်းရီ အသံတိုးတိုးဖြင့် သတိပေးလိုက်၏။
“ ငါ အဲ့လိုပုံ ပေါ်နေတာလား ….”
“ မင်းက ဘယ်လိုထင်နေလို့ …”
ကူရိရန် ပြန်ချေပခြင်း မရှိချေ။ သူမကိုယ်သူမ အနည်းငယ် စိတ်လှုပ်ရှားနေမှန်း သတိထားမိလေသည်။ ထို့ကြောင့် သူမ၏ ကိုယ်ဟန်ကို သေချာချိန်ညှိ၍ လင်းရီနှင့်အတူ ဒုတိယအလွှာသို့ ဆိုက်ရောက်လာခဲ့တော့သည်.
“ ဆာ နဲ့ မဒမ် … ရှင်တို့နှစ်ယောက်က ဒုတိယ အလွှာကို ဝင်ချင်လို့လား ….”
လမ်းတစ်ဝက်တွင် ချုံစန် ဝတ်စုံနှင့် အလှလေး တစ်ဦးမှ သူတို့နှစ်ယောက်အား အပြုံးလေးဖြင့် ဟန့်တားလာခဲ့၏။
လင်းရီ တည်ငြိမ်စွာ ခေါင်းညိမ့်လိုက်သည်။ ဤသို့သော အရာမျိုးက သူ့အတွက် ဘာမှဟုတ်မနေချေ။
“ ဟုတ်ကဲ့ … ကျွန်မတို့ ကာစီနိုရဲ့စည်းမျဉ်းတွေအရ ဒုတိယ အလွှာထဲ ဝင်ချင်ရင် လုံလောက်တဲ့ ငွေပမာဏ တစ်ခု ရှိကြောင်း သက်သေပြပေးရပါမယ်ရှင့် ….”
“ ငွေလုံလောက်ကြောင်း အတည်ပြုချက် ဟုတ်လား …”
ကူရိရန် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့တော့၏။ ကာစီနိုတွင် ယခုလို စည်းမျဉ်းများ ရှိနေလိမ့်မည်လို့ သူမ ထင်မှတ်မထားခဲ့ပါချေ။
“ ဘယ်… ဘယ်လောက်ရှိရမှာ ….”
“ တစ်သန်းကျော်ဆို အဆင်ပြေပါပြီရှင့် ….”
ကူရိရန် ခြေဖျား လက်ဖျားများ ချွေးပြန်သွားသည်အထိ ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့တော့၏။ သူမ၏ ကတ်ထဲ၌ ယွမ် နှစ်သောင်းသာလျှင် ရှိ၏။ လင်းရီပင် အလွန်ဆုံးရှိလှ တစ်သိန်းကျော်မည်လို့ မထင်ချေ။ သူတို့နှစ်ယောက်ပေါင်းပြီး မည်သည့်နေရာက အဆိုပါ ယွမ် တစ်သန်းကိုသွားရှာလာခဲ့ရမည်နည်း။
သူတို့ ဒီလိုနဲ့ပဲ ထုတ်ဖော်ခံလိုက်ရတော့မှာလား …
“ ဟင် … ဆိုတော့ တစ်သန်းတည်းပေါ့ … ငါ့ကို လန့်အောင် လာလုပ်နေတယ်…”
လင်းရီ သူ၏ ဘဏ်ကတ်ကို ကမ်းပေးလိုက်ရာ ချုံစန် အဝတ်အစားနှင့် အလှလေးကလည်း အပြုံးတစ်ပွင့်ဖြင့် လက်ခံလိုက်၏။
“ လျှို့ဝှက်နံပါတ်က သုညခြောက်လုံး .. ကိုယ့်ဘာကိုယ် စစ်ကြည့်လိုက် …”
“ ဟုတ်ကဲ့ … ခဏလေး စောင့်ပေးပါရှင့် ….”
ချုံစန်နှင့် အလှလေး၏ လက်ထဲတွင် POS စက်နှင့် သဏ္ဌာန်တူ စက်တစ်လုံး ရှိနေပြီး ထိုအထဲသို့ ဘဏ်ကတ်ကို အသာအယာ ဖြတ်လိုက်၏။
ပမာဏကို ပြလာသည့် အခါ၌ သူမ၏ မျက်ဝန်းတို့မှာ ပြူးကျယ်သွားခဲ့ပြီး အနည်းငယ်ပင် မူးနောက်နောက် ဖြစ်သွားခဲ့လေသည်။
ဒါ ….. ဒီပမာဏကြီးက ရူးလောက်စရာပဲ …
“ ငါ အခု အရည်အချင်း မီပြီလား …”
“ ဟုတ်ကဲ့ရှင့် ဟုတ်ကဲ့ …”
ချုံစန်နှင့် အလှလေး၏ အသံမှာ ပိုပြီး ချိုသာလာသယောင် ထင်ရ၏။ သူမ စကားပြောသည့် အခါ၌ ကိုယ်ကိုပင် အနည်းငယ် ကိုင်းညွှတ်လာစေသည်။ လင်းရီကို ကြည့်သည့် အကြည့်တို့ပင် ယခင်ကနှင့် မတူညီတော့ချေ။
“ လူကြီးမင်းရဲ့ ကတ်ပါ … တကယ်လို့ တစ်ခုခု လိုအပ်တယ်ဆိုရင် ကျွန်မကို အချိန်မရွေး လှမ်းခေါ်လို့ရပါတယ်….”
“ အိုကေ …. ဘိုင့် …”
“ ပျော်ရွှင်စရာ အချိန်လေးကို ပိုင်ဆိုင်ပါစေရှင့် ….”
ချုံစန်နှင့် အလှလေးမှာ လင်းရီတို့နှစ်ဦး ထွက်သွားပြီး ခဏကြာတော့မှ ကိုယ်ကို ပြန်မတ်လိုက်လေသည်။
“ နင့်ကတ်ထဲမှာ ယွမ်တစ်သန်း ရှိတယ်ပေါ့ …” ကူရိရန် မေးလာခဲ့၏။
“ ဟိုမိန်းမ နင့်ကို ပေးထားတာလား ….”
“ ဘယ်မိန်းမလဲ ….”
“ နင့်ကို ယွီဟန်မှာ ကားဝယ်ပေးတဲ့ မိန်းမလေ….”
“ အာ …… မင်းက သူ့ကို ပြောနေတာလား …” လင်းရီသည် ကူရိရန်အား ကြည့်၍ “ မဟုတ်သေးပါဘူး…. ငါ အခု ချမ်းသာနေတာ အဲ့ဒီ ချမ်းသာတဲ့ မိန်းမနဲ့ တွဲနေတာကြောင့်လို့ မင်း ထင်နေတာတော့ မဟုတ်ဘူးလား ….”
“ တခြား ဘာများဖြစ်နိုင်ဦးမှာမို့လို့ …” ကူရိရန် မျက်လုံးလှိမ့်လိုက်ပြီး “ နင် ဒီလောက် ချမ်းသာနေတယ်ဆိုလည်း ဘာလို့ ရဲဝန်ထမ်းလာလုပ်နေသေးလဲ …”
“ ငါက အတွေ့အကြုံရအောင် လာလုပ်နေတာရော မဖြစ်နိုင်ဘူးလား …”
“ သရဲပဲ ယုံလိမ့်မယ်…”
“ မင်းတို့လူတွေကလည်း အမြင်ကျဉ်းမြောင်းလိုက်ကြတာ … မင်းတို့တစ်ယောက်မှ ငါ့ကို နားမလည်ပါဘူး …”
“ ပေါက်တတ်ကရတွေ ပြောမနေနဲ့ … သူဌေးတစ်ယောက်က အေးအေးဆေးဆေး မနေဘဲ ဒီလို ဆိုးရွားတဲ့ အလုပ်မျိုး လာလုပ်နေမယ်ဆိုတာ ငါမယုံဘူး …”
“ မင်း စကား နားထောင်ကြည့်တာနဲ့တင် လူကောင်း မဟုတ်ဘူးဆိုတာ ငါ တပ်အပ်ပြောနိုင်တယ်… ဒါက လူတွေကို ဝန်ဆောင်ပေးမှုတာ … ကူညီပေးတာ … နိုင်ငံတော်ကို ပြန်ပြီး အကျိုးပြုနေတာ …”
“ သောက်ရေးမပါတာတွေ ပြောနေပြန်ပါပြီ…”
မကြာမီ နှစ်ယောက်သား ဒုတိယ အလွှာသို့ ရောက်ရှိလာလေသည်။ ဒုတိယ အလွှာက ပထမ အလွှာ၏ တစ်ဝက်မျှသာ ရှိသော်လည်း အပြင်အဆင်တို့ကတော့ ပထမ အလွှာထက်ကို အများအပြား ကြီးကျယ်ခမ်းနားနေပါသည်။ မည်သည့် ဆူညံသံတို့ကိုမျှလည်း ကြားနေရခြင်း မရှိချေ။
ထို့ပြင် ဤနေရာတွင် ရှိနေကြသည့် လူတိုင်းက ပထမ အလွှာရှိ လူတိုင်းထက် ပိုပြီး ဆန်းတင့်စွာ ဝတ်စားဆင်ယင်ထားကြ၏။ လောင်းကြေး တစ်ခါတင်လျှင် ယွမ် တစ်သိန်း၊ နှစ်သိန်းက အနှိမ့်ဆုံးဖြစ်ပြီး ပိုက်ဆံအများအပြား သုံးနိုင်ဖြုန်းနိုင်ကြသည့် လူများ ဖြစ်သည်မှာ သိသာလှသည်။ နှစ်ယောက် ဝင်သည်နှင့် ကျန်းဟောက်အား ချက်ချင်း လိုက်ရှာကြသည်။ ထိုအချိန်တွင်
ရုတ်ချည်းဆိုသလို ဝတ်စုံပြည့်နှင့် အမျိုးသား နှစ်ယောက်က လင်းရီတို့နှစ်ဦးရှေ့သို့ ရုတ်ချည်း ထွက်ပေါ်လာလေသည်။
ဝတ်စုံပြည့်နှင့် အမျိုးသားနှစ်ဦး၏ ထွက်ပေါ်လာမှုက လင်းရီနှင့် ကူရိရန်ကို တစ်စက္ကန့်မျှ ကြက်သေသေသွားစေခဲ့သည်။ ၎င်းတို့၏ အဝတ်အစားကို ကြည့်ပြီး အကဲဖြတ်ကြည့်မည်ဆိုပါက ကာစီနို ဝန်ထမ်းများ ဖြစ်မည့်ပုံပင်။ သို့သော် ယခုလို ရုတ်တရက်ကြီး ထွက်ပေါ်လာသည်ကတော့ မကောင်းသည့် ခံစားချက်များအား ရရှိနေစေတော့သည်။
“ ဘာ ကိစ္စလဲ …” လင်းရီ အသာအယာ မေးလိုက်သည်။
ယခုလို ကိစ္စများအား ကိုင်တွယ်ရာတွင် သူက ကူရိရန်ထက်ပိုပြီး အတွေ့အကြုံရှိသည်။
“ ဆာနဲ့ မဒမ် …. ခုလေးတင် ပထမအလွှာမှာကတည်းက မင်းတို့နှစ်ယောက်ရဲ့ အမူအရာတွေက ပုံမှန်မဟုတ်ဘူးဆိုတာ သတိထားမိလို့ ကာစီနိုက ဧည့်သည်တွေရဲ့ လုံခြုံရေးကို စိတ်ချရအောင် ခန္ဓာကိုယ်ကို ရှာဖွေ စစ်ဆေးချင်ပါတယ်….”
လင်းရီ သူတို့နှစ်ယောက်အား မျက်ခုံးပင့်ကြည့်လိုက်၏။
“ ငါတို့ ဒီထဲဝင်တုန်းက ငါတို့မှာ ပိုက်ဆံ အလုံအလောက် ရှိကြောင်း အတည်ပြုတာလည်း လုပ်ခဲ့ပြီးပြီ… အခု မင်းတို့ကပါ ထပ်ပြီး ငါတို့ ကိုယ်ကို ရှာဖွေချင်နေတယ်ပေါ့ ဟုတ်လား ….”
ထိုအခိုက်အတန့်တွင် လင်းရီသည် ရဲအရာရှိ တစ်ဦး မဟုတ်တော့ချေ။ သူက အထက်တန်းစား လူတစ်ယောက်၏ ဟန်ပန်ကို အသက်သွင်းထားပြီး လုံခြုံရေး နှစ်ယောက်အား အထင်တသေး စိုက်ကြည့်နေလျက် ရှိသည်။
သူ၏ သန်မာလှသည့် အရှိန်အဝါများအောက်တွင် လုံခြုံရေး အစောင့်နှစ်ဦး၏ မျက်လုံးများ ဂနာမငြိမ် ဖြစ်သွားခဲ့ကြပြီး သူနှင့် မျက်လုံးချင်း မဆိုင်ဝံ့ ဖြစ်နေကြလေသည်။
လုံခြုံရေး အစောင့်များသာလျှင် မဟုတ်ဘဲ ကူရိရန်သည်လည်း လင်းရီ၏ အရှိန်အဝါ မတူညီမှုကို သိသိသာသာ သတိထားမိလိုက်သည်။
ထိုအခိုက်အတန့်တွင် လင်းရီသည် ရဲအရာရှိ တစ်ဦး မဟုတ်တော့ပဲ ဒိတ်ဒိတ်ကျဲ လုပ်ငန်းရှင်ကြီး တစ်ယောက်နှင့် ပိုတူနေသည်။
ထိုသို့သော စိတ်နေစရိုက်က သရုပ်ဆောင်နေသည်ပုံလည်း မပေါ်ချေ။ ယခု သူမ ခံစားမိနေသည်က လင်းရီသည် တစ်ချိန်လုံး ယခုလို လူစားမျိုး ဖြစ်ခဲ့သည့်နှယ်ပင်။
သူမ အထင်ကြီးမိသွားခဲ့၏။ အနည်းဆုံးတော့ သူမတွင် ထိုသို့ ချောချောမွေ့မွေ့ သရုပ်ဆောင်နိုင်သည့် အရည်အချင်းက ပါမလာချေ။
“ တောင်းပန်ပါတယ်.. ကျုပ်တို့ကလည်း တာဝန်အရမို့ပါ … ပြီးတော့ လူကြီးမင်းတို့နှစ်ယောက်က ပူးပေါင်းပေးမယ်လို့လည်း မျှော်လင့်ပါတယ်… “
“ မင်းတို့က ရှာချင်တယ်ဆိုလည်း ရတယ် … ဒါပေမယ့် မင်းတို့ထက် ရာထူးမြင့်တဲ့ကောင် ခေါ်လာခဲ့ … မင်းတို့ နိမ့်ကျတဲ့ အဆင့်အတန်းနဲ့ ငါ့ကို လာမဆွဲချနဲ့ ….”
ကူရိရန်မှာ အလွန်အမင်း စိုးထိတ်နေလျက် ရှိသည်။ သူမနှင့် လင်းရီ၏ ကိုယ်ပေါ်တွင် သေနတ်များ ဆောင်ထားကြ၏။ အကယ်၍ ဤလူများကသာ ရှာတွေ့သွားခဲ့မည်ဆိုပါက ကျိန်းသေပေါက် ထုတ်ဖော်ခံလိုက်ရပေမည်။
သို့သော် အကယ်၍ သူတို့ ငြင်းဆန်လိုက်မည်ဆိုလျှင်လည်း အချင်းများရမည် ဖြစ်၏။
ဘေးကြပ်နံကြပ် ဖြစ်နေစဉ် သူမတို့ ဤသို့သော အခြေအနေမှ လွတ်မြောက်နိုင်ခြင်း ရှိမရှိက လင်းရီအပေါ်တွင် လုံးလုံးလျားလျား မူတည်နေတော့သည်။
“ စိတ်မရှိပါနဲ့ ဆာ … ဒါပေမယ့် ဒါက ကျုပ်တို့ရဲ့ အလုပ်ပါ … ပြီးတော့ ကျုပ်တို့ဘက်က သံသယရှိရင် ကျိန်းသေပေါက် စုံစမ်း စစ်ဆေးရပါမယ်….”
လင်းရီ အပြုံးလေးဖြင့် ပခုံးတွန့်ပြလိုက်ပြီး ၎င်းတို့နှစ်ယောက်အား ကျီစယ်သည့် သဘောဖြင့် ကြည့်လိုက်၏။
“ မင်းတို့ ငါ့ကိုယ်ပေါ်မှာ ဘာမှ ရှာမတွေ့ခဲ့ဘူးဆိုရင်တော့ …. မင်းတို့ အကျိုးဆက်ကို သိတယ်မလား … မင်းတို့ အပြစ်မပြုနိုင်တဲ့ လူတစ်ယောက်ကို ဒီလို စွပ်စွဲတာက ဉာဏ်ကောင်းတဲ့ လုပ်ရပ်တော့ မဟုတ်ဘူးနော်…”