← Chapters

အမှုတွင် တိုးတက်မှု အသစ်

Vol. 115 Ch. 1722

အမှုတွင် တိုးတက်မှု အသစ်

Vol. 115 Ch. 1722

“ ငါ မလုပ်ခဲ့ဘူး … ပြီးတော့ … ငါ့ကုမ္ပဏီက ဒီတိုင်း အခွံပဲ ရှိတဲ့ ကုမ္ပဏီပါလို့ လာမပြောနဲ့ … မင်းမှာ ပြောပိုင်ခွင့် မရှိဘူး …” ကျန်းဟောက် ငြင်းဆိုလိုက်သည်။

“ မင်း ငြင်းနေလို့လည်း အပိုပဲ … ကုန်သွယ်မှု စုံစမ်း စစ်ဆေးရေး ဌာနက ငါ့ လုပ်ဖော်ကိုင်ဖက်တွေ မင်းရဲ့ ကုမ္ပဏီကို စုံစမ်းပြီးသွားပြီ … ဒါက မင်း ငြင်းပယ်နိုင်တဲ့ အရာ မဟုတ်ဘူး ….”

ဤစကားကို ကြားတော့ ကျန်းဟောက် ချက်ချင်းလက်ငင်း တည်ငြိမ်သွားခဲ့သည်။ အကယ်၍ အာဏာပိုင်များက သူ့ကုမ္ပဏီ အကြောင်း စုံစမ်းချင်သည်ဆိုပါက မိနစ်ပိုင်း အတွင်း စုံစမ်း၍ရကြောင်းကို သူ နားလည်နေသောကြောင့်ပင်။

သူ့ဘက်က ရှင်းပြလည်း အသုံးမဝင်ပေ။

“ ငါ့ ကုမ္ပဏီက အတိတ်မှာတုန်းက စွမ်းဆောင်နိုင်ခဲ့တာတွေ သိပ်မရှိခဲ့တာကို ဝန်ခံတယ် … ဒါပေမယ့် အခုရော အဲ့လိုပဲလို့ မဆိုလိုဘူး .... ငါ တကယ်ကြီး စုန့်တဲယွမ်နဲ့ လက်တွဲပြီး အလုပ်လုပ်ချင်တာ … ဒါပေမယ့် ဒီလိုကိစ္စမျိုးက သူ့ဆီမှာ ဖြစ်သွားမယ်လို့ ဘယ်သူကရော ထင်ထားမှာ ….”

“ သူ့ဆီမှာ ဒီလိုကိစ္စတွေ ဖြစ်သွားတာကို မင်းက မသိဘူးပေါ့ ဟုတ်လား …”

“ မင်းတို့ကောင်တွေ ဘာပြောချင်နေတာ … ငါ့ကို လူသတ် တရားခံပါဆိုပြီး သံသယ ရှိနေကြတာလား ဟုတ်လား ….”

ကျန်းဟောက်၏ သွင်ပြင်မှာ စွပ်စွဲခံလိုက်ရသည့်အတွက်ကြောင့် ရှူးရှူးရှားရှား ဖြစ်သွားခဲ့ပြီး “ သူ ပြဿနာ တက်တုန်းက ငါ့ကုမ္ပဏီမှာ ကိုယ့်ဘာကိုယ် အလုပ်လုပ်နေတာပဲ ရှိတယ် … အဲ့တာကို ဘယ်လို လူသွားသတ်ရမှာ… မင်းတို့ကောင်တွေ အသိတရားလေး ဘာလေး မရှိကြဘူးလားကွ ….”

“ ဒါပေမယ့် ငါသိချင်မိသား … မင်းမှာ ဘာဖုံးကွယ်နေစရာမှ မရှိဘူးဆိုရင် ငါတို့လူတွေကို မြင်တာနဲ့ ဘာလို့ ချက်ချင်း ထွက်ပြေးခဲ့လဲ ….”

ဤခေါင်းစဉ်ကို ဆက်ပြောလို့ အဆင်မပြေတော့မှန်း လီရှန်းဟွေ့ သိသည်။

လက်ရှိတွင် သူတို့လက်ထဲ၌ သက်သေ အချက်အလက်တို့က များများစားစား မရှိထားသဖြင့် ကျန်းဟောက်အား ဘာမှ လုပ်မရသေးချေ။ ထို့ကြောင့် ခေါင်းစဉ် အကြောင်းအရာအား ပြောင်းလဲလိုက်၏။

ကျန်းဟောက်၏ အမူအရာမှာ အလွန်အမင်း ချဲ့ကားသွားခဲ့ပြီး မသိပါက ရုပ်ရှင်ထဲက ဗီလိန် ဇာတ်ဝင်ခန်းကို ရိုက်ကူးနေသည်ဟုတောင် အမှတ်မှားသွားနိုင်သည်။ သူ၏ ထေ့ပြုံးထဲတွင် ကျီစယ်လိုစိတ် တစ်စွန်းတစ်စ ပါဝင်နေပြီး ကြောက်ရွံ့မှုဟူ၍ တွေ့ကို မတွေ့ရချေ။

“ ငါ အစောက ပြောခဲ့ပြီမလား … ငါ့ အကြွေးရှင်တွေ အမှတ်နဲ့ ထွက်ပြေးခဲ့တာပါလို့ ….”

“ ဒါဆို အခု ငါမေးမယ်… မင်း တူကျွမ့်လို့ ခေါ်တဲ့ အမျိုးသမီးကို သိလား ….”

“ တူကျွမ့် ….”

ကျန်းဟောက် ရေရွတ်လိုက်ပြီး “ ငါ အရင်က စုန့်တဲယွမ်နဲ့ တစ်ခါ ထမင်းအတူ စားဖူးတယ် … သူ့ အပျော်မယား နာမည်က တူကျွမ့်လို့ ထင်တာပဲ … အဲ့ဒါကလွဲပြီး ကျန်တာ ဘာမှ မသိဘူး …”

လီရှန်းဟွေ့သည် လက်ထဲတွင် မီးခြစ်အား ဆော့ကစားရင်း ကျန်းဟောက်အား မည်းမှောင်နေသည့် အမူအရာဖြင့် တည့်တည့် စိုက်ကြည့်လိုက်၏။

“ မင်း မလိုအပ်တဲ့ ရုန်းကန်မှုတွေ မလုပ်ရင် ကောင်းမယ် … အတုဆိုတာ ဘယ်တော့မှ အစစ်ဖြစ်မလာနိုင်ဘူး … ခုချိန် ဘာမှ မသိသလို ဟန်ဆောင်နေတာက မင်းကို ကယ်တင်နိုင်မယ် ထင်မနေနဲ့ ….”

“ မင်းတို့တွေ ငါ့ကို ဖမ်းလာပြီး ဘာတွေ လာမေးနေမှန်းကို ငါ တကယ်ကြီး နားမလည်တာ … ငါက တရားဥပဒေကို လိုက်နာတဲ့ စီးပွားရေး သမား … ဘာကိစ္စ စုန့်တဲယွမ်ကို သတ်တဲ့ အမှုမှာ လာပြီး စွပ်စွဲနေရတာ ….”

“ မင်း စုန့်တဲယွမ်ကို သတ်လား မသတ်ဘူးလား ငါတို့ကိုယ်တိုင် စုံစမ်း ဖော်ထုတ်မယ် … ဒါပေမယ့် အဲ့ဒီအချိန်အတောအတွင်းတော့ မင်းက ငါတို့ရဲ့ စောင့်ကြည့်မှုအောက်မှာပဲ နေရမယ် … မင်းကိုယ်မင်း ဆင်ဆင်ခြင်ခြင် နေမယ်လို့ မျှော်လင့်တယ် …..”

“ တရားဥပဒေက ငါ့ သန့်ရှင်းတဲ့ နာမည်ကို သက်သေပြပေးနိုင်မယ်ဆိုတာ ယုံတယ်…”

“ ငါတို့ တွေ့ကြမှာပါ ….”

လီရှန်းဟွေ့ အခြား ဘာမှ ပြောမနေတော့ချေ။ သူ၏ လူများအား ဦးဆောင်၍ စစ်ကြောရေး အခန်းထဲမှ ထွက်လာခဲ့ပြီး ရုံးခန်းသို့ ပြန်ရောက်လာသည်။ ထို့နောက် စိတ်တိုတိုနှင့် ဆေးလိပ် မီးညှိကာ စတင်ရှိုက်တော့၏။

“ လက်ရှိ ကျွန်မတို့မှာ ရှိထားတဲ့ သက်သေ အချက်အလက်တွေနဲ့ သူက စုန့်တဲယွမ်နဲ့ တူကျွမ့်ကို သတ်တဲ့ တရားခံပါဆိုပြီး သက်သေပြဖို့ မလုံလောက်ဘူး …” ကူရိရန် ပြောလိုက်သည်။ “ ကျွန်မ ကင်မရာတွေကို စစ်ဆေးကြည့်ပြီးပြီ … စုန့်တဲယွမ် ကမ်းပါးကနေ ပြုတ်ကျတုန်းက ကျန်းဟောက်က သူ့ရုံးခန်းထဲမှာ အလုပ်လုပ်နေတာ … သူတို့နှစ်ယောက်ကြား နောက်ဆုံး ဖုန်းခေါ်ဖြစ်ခဲ့တာလည်း စုန့်တဲယွမ် မသေခင် လွန်ခဲ့တဲ့ ငါးနာရီလောက်တုန်းက … သူ့ဘက်က စုန့်တဲယွမ်ကို ကမ်းပါးကနေ ပြုတ်ကျအောင် တမင် လှုံ့ဆော်ခဲ့တာလို့ ပြောရင် နည်းနည်းတော့ များသွားပြီ ….”

“ အဲ့လောက်တင် မဟုတ်သေးဘူး …” ကျန်းဟွေ့လည်း စီးကရက် တစ်လိပ်အား မီးညှိ၍ ထိုင်ခုံတွင် ထိုင်ကာ ဆေးလိပ်သောက်လိုက်သည်။

“ ငါ သူ့ရဲ့ ခရီးသွားမှတ်တမ်းကို စစ်ဆေးကြည့်လိုက်တာ အရင်သုံးလထဲမှာ ရန်ကျင်းကို တစ်ခါပဲ ထွက်တဲ့ ခရီးသွား မှတ်တမ်းပဲ ရှိတယ် … စုန့်တဲယွမ်ရဲ့ ခရီးသွားမှတ်တမ်းနဲ့လည်း တူမနေဘူး …. ကျန်းဟောက်ကို စွပ်စွဲဖို့ဆို လုံလောက်တဲ့ သက်သေတွေ မရှိဘူး …”

ရုံးခန်းတစ်ခုလုံး တိတ်ဆိတ်နေခဲ့၏။ မည်သူကမျှ စကားမပြောကြချေ။

ကျန်းဟောက်တွင် လူသတ်ရန် လုံလောက်သည့် အကြောင်းပြချက်၊ ရည်ရွယ်ချက်တို့ ရှိနေသည်။ သို့သော် သူ့အား လက်ညိုးညွှန်နိုင်သည့် ခိုင်လုံသည့် သက်သေ အထောက်အထားမှာ မိမိတို့ လက်ထဲတွင် ရှိမနေခဲ့ချေ။

“ ကျုပ်တို့ မှားယွင်းတဲ့ ဦးတည်ရာဘက်နောက် လိုက်မိနေတာများလား … ကျန်းဟောက်မှာ သတ်ဖို့ လုံလောက်တဲ့ ရည်ရွယ်ချက်တွေ ရှိတယ်ဆိုပေမယ့် သတ်တဲ့လူက သူ မဟုတ်တာလည်း ဖြစ်နိုင်နေတာပဲလေ…”

“ တစ်ခုခုတော့ မှားနေပြီ….”

လင်းရီ ရုတ်တရက် ထပြောလိုက်ရာ ရုံးခန်းထဲရှိ လူတိုင်း သူ့အား အာရုံစိုက်လာခဲ့၏။

“ စုန့်တဲယွမ် သေပြီးတာ လေးရက်ကြာပြီ… ကျန်းဟောက် ထွက်ဆိုတဲ့အတိုင်းဆို ဖြစ်တဲ့နေ့ ငါးနာရီလောက်မှာ စုန့်တဲယွမ် သေပြီဆိုတဲ့ သတင်းရတယ်လို့ ပြောတယ်နော်… ကြားထဲမှာ ဆယ်နာရီလောက် အဆက်အသွယ်ပြတ်နေတာကြီးက နည်းနည်းတော့ မူမမှန်ဘူး …”

လူတိုင်း မျက်မှောင်ကြုတ်မိသွားခဲ့ကြသည်။ လီရှန်းဟွေ့ မေးမြန်းလိုက်၏။

“ ငါတို့ ဒါကို သက်သေအဖြစ် သုံးလို့ရမှာလား …”

“ မရဘူး … ဒါပေမယ့် တော်တော်လေးတော့ သံသယဝင်ဖို့ ကောင်းတယ် …” လင်းရီ ပြောလိုက်ပြီး “ နှစ်ယောက်က စီးပွားရေး ပါတနာတွေ ဖြစ်နေပြီးမှ ဒီလောက် အချိန်အကြာကြီး အဆက်အသွယ် ပြတ်နေတာကတော့ နည်းနည်းလေး မူမမှန်နေဘူး …”

စီးပွားရေး လောကတွင် ကျင်လည်တာ ကြာပြီဖြစ်သည့် လင်းရီသည် နှစ်ဖက်ကြား ပူးပေါင်းဆောင်ရွက်မှုဟူသည့် သဘောတရားကို ကောင်းစွာ နားလည်သူ ဖြစ်၏။

“ စီးပွားရေး ပါတနာတွေအနေနဲ့ …. အထူးသဖြင့် ဒီလို ဂဏန်းကြီးတဲ့ ရင်းနှီးမြုပ်နှံမှုတွေမှာဆိုရင် သူတို့ကြား ဆက်သွယ်မှုက မကြာ မကြာ ရှိနေသင့်တာ …” လင်းရီ ပြောလိုက်ပြီး “ သူတို့ ဖုန်းပြောထားတဲ့ မှတ်တမ်းတွေကိုပဲ ကြည့်လိုက် .. နေ့တိုင်း တစ်နာရီ တစ်ခါလောက် နီးပါးလောက်ကို စကားပြောဖြစ်တယ် … စုန့်တဲယွမ် သေတဲ့ နေ့ကျမှ ထူးထူးခြားခြား ဆယ်နာရီလောက် အဆက်အသွယ် ပြတ်နေတယ်ဆိုတော့ …. ဒါက တူးဆွကြည့်လို့ ထိုက်တန့်မယ့် တော်တော်လေး သံသယ ဖြစ်ဖို့ကောင်းတဲ့ အချက်ပဲ ….”

လင်းရီ၏ စကားကိုကြားတော့ ကူရိရန်၏ မျက်ဝန်းတို့မှာ တစ်ခုခုကို တွေးတောမိသည့်နှယ် အရောင်လက်လာသည်။

“ မဟုတ်သေးတာ နောက်တစ်ခုရှိသေးတယ် … စုန့်တဲယွမ်ရဲ့ ဖုန်းထဲမှာ ကျန်းဟောက်နဲ့ ဆက်သွယ်စကားပြောထားတဲ့ မှတ်တမ်းတွေ ရှိမနေဘူး … စီးပွားရေး ပါတနာ တစ်ယောက်အနေနဲ့ ဘာမှတ်တမ်းမှ မရှိဘူးဆိုတာ ပုံမှန်တော့ မဟုတ်ဘူး ….”

“ သူ့မှာ ဝီချက် history တွေ ဖျက်ပစ်တတ်တဲ့ အကျင့်ရှိနေတာရော မဖြစ်နိုင်ဘူးလား …” ကျန်းဟွေ့ မေးမြန်းလာခဲ့၏။ “ ငါ့မိန်းမဆို နေ့တိုင်းနေ့ ဖျက်ပစ်နေတာပဲ … ဘာ စကားပြောမှတ်တမ်းမှလည်း မချန်ထားတတ်ဘူး … ပြီးတော့ သူ့ ဝီချက် မိုးမန့်တွေဆို သုံးရက်နေတာနဲ့ ပျောက်ပြီ … သူ့ကိုယ်သူ တအား ဆန်းကြယ်အောင် နေတာ …”

“ မဟုတ်ဘူး ….” ကူရိရန် ပြောလိုက်ပြီး “ သူ့ဝီချက်မိုးမန့်တွေ အကုန် Public လုပ်ထားတာ … ပြီးတော့ သူ့ဖုန်းကို ကျွန်မ စစ်ခဲ့ဖူးတယ်… အဟောင်းဆုံးဆို အရင် သုံးနှစ်က စကားပြောမှတ်တမ်းတွေတောင် ရှိသေးတယ် … ဒါပေမယ့် သူနဲ့ ကျန်းဟောက်ရဲ့ စကားဝိုင်းကိုတော့ မမြင်မိဘူး … သူတို့ ရည်ရွယ်ချက်ရှိရှိ ဖျက်ထားပစ်ဖို့ များတယ် …”

ကူရိရန်၏ ထင်ကြေးက အခြားသူတို့အတွက် ပိုပြီး ကျိုးကြောင်း ဆီလျော်သည်။

လင်းရီ သူ၏ ကိုယ်ဟန်အား ပြောင်းလိုက်ပြီး

“ အိုကေ … ဒီအမှုကို ပြန်ပြီး ကြည့်ကြမယ် …”

“ စုန့်တဲယွမ် သေပြီးတော့ ငါတို့တွေ သူ့ဖုန်းကို သိမ်းလိုက်ကြတယ် … တကယ်လို့ တစ်စုံတစ်ယောက်က သူ့ စကားပြောမှတ်တမ်းတွေ ဖျက်လိုက်တယ်ဆိုရင် ဖြစ်နိုင်ချေက တစ်ခုတည်း ရှိတယ် .. အဲ့တာ သူ ကမ်းပါးပေါ်က မပြုတ်ကျခင် တစ်စုံတစ်ယောက်က သူ့ စကားပြောမှတ်တမ်းတွေကို ဖျက်ပစ်လိုက်တာပဲ ….”

“ အဲ့ဒီနေ့မှာပဲ တူကျွမ့်က သူ့ အလုပ်ခွင်မှာသူ အလုပ်လုပ်နေတယ် …. စုန့်တဲယွမ်နဲ့ ဆက်သွယ်ဖြစ်တာကလည်း အဲ့ဒီ မိနစ် လေးဆယ် ဗွီဒီယိုကော တစ်ခုတည်းရယ် …”

“ အဲ့ဒီအချိန်တုန်းက စုန့်တဲယွမ်လည်း ကျန်းဟော်က လူလိမ်ဆိုတာ သတိထားမိလောက်ပြီးပြီ … သူတို့ရဲ့ ဆက်ဆံရေးက ပြီးနေပြီဆိုတော့ တကယ်လို့ တူကျွမ့်ကသာ စကားပြောမှတ်တမ်းတွေကို ဖျက်ဖို့ ဗွီဒီယိုထဲ တောင်းဆိုလာရင် ပထမလူက သဘောတူမယ်လို့ ငါတော့ မယုံဘူး … ဒီ ကိစ္စမှာ တခြားတစ်ယောက်လည်း ပါဝင်ပတ်သက်နေရမယ် …”

“ တစ်နည်းပြောရရင် လူသတ်သမားမှာ ကြံရာပါ တစ်ယောက် ရှိတယ် … ပြီးတော့ အဲ့ဒီ ကြံရာပါက တူကျွမ့်တော့ မဖြစ်နိုင်ဘူး … လူသတ်သမားကို ကူညီပြီး စုန့်တဲယွမ်ကို ကမ်းပါးကနေ ပြုတ်ကျအောင် လုပ်တဲ့သူပဲ ဖြစ်ရမယ် …”

ရုတ်တရက်ဆိုသလို စုန့်တဲယွမ် သေသွားရခြင်း အကြောင်းတရား၏ ရှင်းပြချက်ကို ရှာတွေ့သွားခဲ့ပြီ ဖြစ်ကြောင်း လူတိုင်း ရုတ်ချည်း သတိပြုမိသွားခဲ့ကြ၏။

“ ဒါပေမယ့် တူကျွမ့် သေသွားတာကိုကျ မင်း ဘယ်လို ရှင်းမလဲ … ကျန်းဟောက်မှာက ပြီးပြည့်စုံတဲ့ အလီဘိုင် ရှိထားတယ် … ဒါကိုရော တခြား ကြံရာပါ တစ်ယောက်ကပဲ လုပ်သွားတာလား ဟုတ်လား …” ကောင်းမင်ကျွင်း ပြောလိုက်၏။ “ အဲ့လိုသာဆိုရင် ဒီ ကြံရာပါက သာမန်လူတော့ မဖြစ်နိုင်ဘူး ….”

“ တူကျွမ့်ရဲ့ သေမှုသေခင်းမှာ တခြား အချက်တွေလည်း ပါနေတယ် … ဒါပေမယ့် စုန့်တဲယွမ် သေဆုံးရတဲ့ အကြောင်းတရားမှာတော့ တော်တော်လေး ကိုက်ညီနေတယ် …” လင်းရီပြောလိုက်ပြီး “ ငါတို့သာ အဲ့ဒီ ကြံရာပါကို‌ တွေ့အောင် ရှာနိုင်ရင် တူကျွမ့်ရဲ့ အမှုကို အလွယ်လေး ပိတ်နိုင်မယ်လို့ ယုံကြည်တယ် …”

“ ဒါပေမယ့် ပြဿနာက အဲ့မှာပဲလေ…” ကူရိရန် ပြောလိုက်ပြီး “ နောက်ကွယ်က ကြံရာပါက ဘာသဲလွန်စမှလည်း မချန်ထားခဲ့ဘူး …. ငါတို့ လက်ရှိတွေ့ထားတဲ့ အချက်အလက်တွေနဲ့သာဆို သူ့ကို ခြေရာခံဖို့က မဖြစ်နိုင်သလောက်ပဲ …”

All Chapters