ယုတ္တိကျကျ အကြောင်းပြချက်ပေးခြင်း
Vol. 115 Ch. 1723
“ ဒါပေမယ့် ဒါကိုကပဲ ငါတို့ကို သတင်းအချက်အလက် ပေးပြီးသား ဖြစ်နေပြီပဲလေ…” လင်းရီ ပြောလိုက်ပြီး “ အရင်ဆုံး ဒီကြံရာပါက စုန့်တဲယွမ်နဲ့ ကျန်းဟောက် နှစ်ယောက်လုံးကို သိတယ် …”
“ နောက်တစ်ချက်က တူကျွမ့် သေသွားတဲ့အချိန် ကျန်းဟောက်က တခြားနေရာမှာ .. အဲ့လိုဆို အခန်းပိတ် လူသတ်မှုကို ကြံရာပါက ကျူးလွန်ခဲ့တာပဲ ဖြစ်ရမယ် …”
“ နောက် တတိယ တစ်ချက် … ငါတို့ တူကျွမ့်ရဲ့ အိမ်ကို စစ်ဆေးပြီးပြီ … အတင်းအကြပ် ချိုးဖောက်ဝင်ခံထားရတဲ့ အရိပ်အယောင်လည်း မတွေ့ရဘူး … ဆိုလိုတာ ကြံရာပါက သော့ရှိတဲ့ အတွင်းလူဆိုတာပဲ …”
ပြောပြီးနောက် လင်းရီ၏ အကြည့်တို့က လေးယောက်လုံးပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် ဖြတ်သန်းသွားခဲ့ပြီး ဆက်ပြောသည်။
“ အဲ့ဒီ လူသတ်သမားက တူကျွမ့်နဲ့ အတော်လေး ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကို ရှိထားရမယ်…”
လေးယောက်လုံး အတွေးနက်သွားခဲ့ကြသည်။ မကြာမီ လီရှန်းဟွေ့ ၊ ကျန်းဟွေ့နှင့် ကောင်းမင်ကျွင်းတို့ အားလုံး ကူရိရန်အား ကြည့်လိုက်ကြ၏။
အဘယ်ကြောင့်ဆိုသော် တူကျွမ့်နှင့် ရင်းနှီးသည့်လူများအား သူမနှင့် လင်းရီတို့က ခေါ်ဆောင်လာပြီး မေးမြန်း စစ်ဆေးထားခဲ့သောကြောင့် ဖြစ်လေသည်။ ထို့ကြောင့် ဤကိစ္စအား သူတို့နှစ်ယောက်က အခြားသူများထက် ပိုသိနေနိုင်သည်။
ကူရိရန်လည်း သူမ၏ ဦးနှောက်အား အပြင်းအထန် အလုပ်လုပ် ခိုင်းနေလျက် ရှိ၏။ ထို့နောက် နားလည်သွားခဲ့ပြီး လင်းရီအား လှမ်းကြည့်လိုက်သည်။
“ တူကျွမ့်ရဲ့ ဝမ်းကွဲ … ဝမ်ကျား ….”
“ အမှန်ပဲ …” လင်းရီ ပြောလိုက်ပြီး “ နှစ်ယောက်က ပတ်သက်မှုကောင်းတွေ ရှိတယ် … မဟုတ်ရင် တူကျွမ့်က သူ့အတွက် ကျိုးဟိုင်မှာ အလုပ်ကောင်းတစ်ခု စီစဉ်ပေးမှာ မဟုတ်ဘူး … တူကျွမ့်ရဲ့ အိမ်သော့ ရှိထားနိုင်တဲ့လူကလည်း သူပဲ ဖြစ်ဖို့များတယ်…”
“ ပြီးတော့ မင်းတို့အားလုံးလည်း သူ့ရုပ်ရည်ကို မြင်တဲ့အတိုင်းပဲ … စုန့်တဲယွမ်ရဲ့ တဏှာကြီးတဲ့ စရိုက်နဲ့ဆိုရင် ဒီလောက်ကောင်းတဲ့ သားကောင်ကို ချမ်းသာပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး … ဒါကြောင့်မို့ သူကတောင် စုန့်တဲယွမ်နဲ့ ပိုပြီး နီးကပ်နေဦးမယ်…”
“ အဲ့တာက မဟုတ်သေးဘူးနော်…” ကူရိရန် ပြောလိုက်ပြီး “ စုန့်တဲယွမ်က တူကျွမ့်နဲ့ အဲ့လို ဆက်ဆံရေးတွေ ရှိနေပြီးသားကို ဘာလို့ ဝမ်ကျားကို သွားရှာနေမှာလဲ …”
ရုံးခန်းထဲရှိ အမျိုးသား လေးယောက်လုံး ကူရိရန်အား အထူးအဆန်း ကြည့်လိုက်ကြသည်။ ၎င်းတို့၏ အကြည့်က သူမအား အမှန်ပင် မသက်မသာ ဖြစ်စေသည်။
“ ဘာလို့ ကျွန်မကို အဲ့လို လာကြည့်နေတာလဲ .. ကျွန်မ ပြောတာ မှားလို့လား ….”
“ မင်း ‘ ညီအစ်မ နှစ်ယောက် ‘ တွဲလုံး ဆိုတဲ့ စကားလုံးကို မသိဘူးလား … “ လင်းရီ ပြောလိုက်ပြီး “ မသိဘူးဆို ပိုင်တုမှာ ရိုက်ရှာလိုက် ….”
“ အာ ……”
ကူရိရန် တဒင်္ဂမျှ ကြက်သေသေသွားခဲ့သည်။ စစချင်းတုန်းက သူမ နားမလည်ခဲ့သေးချေ။ သို့သော် လင်းရီ ပြောပြီးသည့်နောက် သူမ ချက်ချင်း နားလည်သွားခဲ့၏။
မသိစိတ်အလျောက် ကူရိရန်သည် လီရှန်းဟွေ့နှင့် ကျန်နှစ်ယောက်အား ကြည့်လိုက်မိပြီး “ ရှင်တို့လည်း အဲ့ဒီ စကားလုံးကို သိနေကြတာတော့ မဟုတ်ဘူးမလား …”
မိမိတို့၏ ရှက်ကိုးရှက်ကန်း ဖြစ်မှုအား ဖုံးကွယ်ရန် အလို့ငှာ သုံးယောက်လုံးမှ အကြည့်လွှဲသွားခဲ့ကြ၏။
“ ကျွန်မ သူတို့နှစ်ယောက်ကိုတော့ မပြောလိုဘူး … ဒါပေမယ့် အစ်ကိုလီ … ရှင်ကရော ဘယ်လိုလုပ်ပြီး ဒါတွေ သိနေတာ …”
“ ဟေ့ ဟေ့ ဟေ့ … ပြည်သူ့ ဝန်ထမ်း တစ်ယောက်အနေနဲ့ မင်း ကိုယ်ပြောတဲ့ စကားအပေါ် အပြည့်အဝ တာဝန်ယူသင့်တယ် … ‘ သူတို့နှစ်ယောက်ကိုတော့ မပြောလိုဘူး ‘ဆိုတာက ဘာသဘောလဲ …” ကောင်းမင်ကျွင်း ပြောလိုက်ပြီး “ မင်း အစ်ကိုလီက ဘယ်လောက်ပဲ လူကြီးလူကောင်း ဆန်တယ်ပြောပြော သူလည်း ယောက်ျားတစ်ယောက်ပဲလေ…”
“ ကောင်းပြီ… မင်းတို့ကောင်တွေ တခြား ခေါင်းစဉ် ရောက်ကုန်ပြီ… စောနက စကားဝိုင်းကို ပြန်သွားကြစို့ …” လီရှန်းဟွေ့သည် လင်းရီအား ကြည့်၍ ပြောလိုက်သည်။
“ ကျုပ်တို့ နှစ်ယောက် ဝမ်ကျားကို စစ်ဆေးမေးမြန်းတုန်းက အဲ့ဒီအချိန်တုန်းက သူ တော်တော်လေး အရေးပါတဲ့ ထွက်ဆိုချက်တွေ ပေးခဲ့တယ် … ဒါပေမယ့် သူရော ၊ ကျုပ်တို့ရော ဘယ်သူကမှ သတိမထားခဲ့ကြလို့သာ …..” လင်းရီ ပြောလိုက်ပြီး “ သူပြောခဲ့တာ သူ ရန်ကျင်းမှာ ဘယ်လိုမှ ရှင်သန် ရပ်တည်လို့ အဆင်မပြေတော့လို့ တူကျွမ့်ရဲ့ အကူအညီကနေတဆင့် ကျိုးဟိုင်ကို ပြောင်းလာတယ် … ဒါပေမယ့် ကျိုးဟိုင်ရဲ့ ကုန်ကျစရိတ်ကလည်း ရန်ကျင်းနဲ့ ဘယ်လောက်မှ မခြားပဲလေ .. ဟုတ်တယ်ဟုတ် … ဒါပေမယ့် သူ့ အဝတ်အစား မိတ်ကပ်တွေ ကြည့်ရတာ ဈေးပေါတဲ့ပုံလည်း မပေါ်ဘူး … ဘရန်းဒတ်တွေချည်း မဟုတ်ပေမယ့်ပေါ့ … သာမန် လုပ်ခလစာနဲ့ ဝယ်ဝတ်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး … ဒီမှာ ညွှန်ပြနေတာ သူ့ပိုက်ဆံတွေက ကျန်းဟောက်နဲ့ စုန့်တဲယွမ်ဆီကနေ လာနေတယ် ဆိုတာပဲ …”
“ ဒီအကြောင်းပေါ် မူတည်ပြီး သူ့ပိုက်ဆံတွေ ဘယ်ကပဲ လာလာ … ဆက်ပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ထိုက်တန်တယ် …”
“ ဒါပေမယ့် ငါတို့တွေ စစ်ဆေးနေတဲ့ အချိန်တုန်းက သူ့ ပုံစံက တော်တော်လေး တည်ငြိမ်နေတယ် မဟုတ်လား … မဟုတ်တာ တစ်ခုခု လုပ်ထားတဲ့လူဆိုရင် အဲ့လိုမျိုး တည်ငြိမ်နေနိုင်ပါ့မလား ….” ကူရိရန် ပြောလိုက်၏။
“ သူက ဖြတ်လျှောက် လုပ်ခဲ့ဖူးတယ်လေ… သာမန်လူတွေထက်တော့ ကျိန်းသေပေါက် သရုပ်ဆောင် ကောင်းမှာပေါ့ …” လင်းရီပြောလိုက်ပြီး “ ငါတို့ နှစ်ယောက်ကကျတော့ … အဲ့ဒီတုန်းက သူ့ကို သာမန်လူလိုပဲ သဘောထားပြီး ဒီတိုင်းပဲ မေးခဲ့တာ အသေးစိတ်ကို လျစ်လျူရှုမိသွားခဲ့တယ် … အဲ့ဒါက အဓိက ပြဿနာပဲ …”
လင်းရီ သူ၏ ကိုယ်ဟန်ကို ပြောင်းပြီး ဆက်ပြော၏။
“ ကျုပ်အထင် လာမယ့် စုံစမ်းစစ်ဆေးမှုတွေမှာ ဝမ်ကျား ၊ ကျန်းဟောက်နဲ့ စုန့်တဲယွမ်တို့ကြားက ရင်းနှီးပတ်သက်မှုတွေကို စစ်ဆေးသင့်တယ်လို့ ထင်တယ်…”
“ နောက်ပြီး သူနေတဲ့ နေရာတစ်ဝိုက်ကို လူလွှတ်ပြီး တူကျွမ့်သေသွားခဲ့တဲ့ နေ့က ဝမ်ကျား အိမ်မှာ ရှိနေခဲ့လားဆိုတာ စစ်ဆေးခိုင်းလိုက်လို့ ရတယ် … ဒါမှမဟုတ် အလျင်စလို ဖြစ်နေပြီး ထူးထူးဆန်းဆန်းတွေ ပြုမူနေခဲ့လားပေါ့ ….”
“ နောက်ဆုံးအချက် … ဝမ်ကျားရဲ့ လက်ဗွေရာက ဂက်စ်ပိုက်နဲ့ တံခါး လက်ကိုင်ဘုပေါ်မှာ ကျန်နေခဲ့ဖို့ ရာခိုင်နှုန်းများတယ်… “
လီရှန်းဟွေ့ ခေါင်းညိမ့်လိုက်သည်။ “ ငါလည်း ဒီအကြောင်းတွေ စဉ်းစားမိပါတယ် … ဒါပေမယ့် ဝမ်ကျားမှာ တူကျွမ့် သေသွားခဲ့တဲ့ အချိန်တုန်းက အလီဘိုင် တစ်ခု ရှိနေတယ် .. အဲ့လိုလုပ်တဲ့လူက သူတော့ မဖြစ်နိုင်ဘူး …”
“ ဒါကြောင့်မို့ ကျုပ် ရဲရဲကြီး ထပ်ပြောလိုက်မယ် …” လင်းရီ ခေတ္တ တွေးတောလိုက်ပြီး “ ဒီမှာ တခြား ကြံရာပါတွေ ထပ်ရှိနေရဦးမယ်…”
“ ဒါကြီးက အဓိပ္ပာယ်တော့ မရှိတော့ဘူး …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ဒီလို အမှုတစ်ခုမှာ ကြံရာပါတွေ တအားများနေရင် ကိုယ့်ကိုယ်ကို ဖော်ထုတ်ခံရနိုင်ချေက တအားများတယ်… လူသတ်သမား ပြသထားတဲ့ လူသတ်နည်းလမ်းတွေနဲ့ဆို ဒီလိုအမှားအယွင်းမျိုး မရှိနိုင်ဘူး ….”
“ ဒါပေမယ့် ဒီရဲ့ ကြံရာပါက လူသတ်သမားကို လူမသိသူမသိ အကြံအစည် ပြီးမြောက်အောင် ကူညီခဲ့တဲ့လူလည်း ဖြစ်နိုင်တာပဲလေ…”
“ မင်း ဘာကို ပြောချင်နေတာ …”
“ လာခဲ့ … ကျုပ် အကုန်လုံးကို လက်တွေ့ပြပေးမယ် …”
လင်းရီ အံဆွဲထဲမှာ တိပ် တစ်ခွေထုတ်၍ ကူရိရန်အား ပြောလိုက်သည်။
“ မင်း အင်္ကျီလက် ပင့်လိုက် …”
“ နင် ဘာလုပ်မလို့လဲ …”
ကူရိရန် သင်္ကာမကင်း ဖြစ်စွာ မေးမြန်းလိုက်ပြီး သူမ၏ မျက်လုံးတို့က သတိအပြည့်နှင့်ပင်။
“ မပူနဲ့ … မင်း ငါ့ရှေ့မှာ ကိုယ်တုံးလုံး ဖြစ်နေရင်တောင် မကောင်းတဲ့ အတွေးတွေ ဝင်မိမှာ မဟုတ်ဘူး … ငါ ပြောတဲ့ အတိုင်းသာ လုပ်စမ်းပါ …”
ကူရိရန် မျက်လုံးလှိမ့်လိုက်ပြီး သူမ၏ အင်္ကျီလက်အား လိပ်တင်လိုက်၏။
လင်းရီသည် တိပ်အကြည်ကို ကူရိရန်၏ လက်မောင်းတွင် ကပ်၍ ကျန် အစွန်း တစ်ဖက်ကို ပြတင်းပေါက် လက်ကိုင်နှင့် ချည်ထားလိုက်ပြီး ဖြည်းဖြည်းခြင်း တွန်းဖွင့်လိုက်၏။
တိပ်က အဆွဲခံလိုက်ရသည့်အတွက် ကူရိရန်၏ လက်မောင်းကလည်း အပေါ်သို့ မြှောက်တက်လာသည်။
“ ငါ သိသွားပြီ…. “
“ နင် ဆိုလိုချင်တာ လူသတ်သမာက ငါးမျှားကြိုးကို နေရာတစ်ခုမှာ ချည်ထားပြီး ဆွဲ ပြတင်းပေါက်ကို သုံးပြီးမှ ဂက်စ်ပိုက်က တိပ်ကို ခွာလိုက်တယ် ဟုတ်တယ်မလား …”
“ အင်း …” လင်းရီ ပြောလိုက်သည်။
“ ငါ ဖြစ်နိုင်ချေတွေ အများကြီး စဉ်းစားခဲ့ဖူးတယ်… အရင်ဆုံး တတိယ ကြံရာပါ တစ်ယောက်က ငါးမျှားကြိုးကို မသိမသာ ထိန်းချုပ်နေတာမျိုးပေါ့ …”
“ နောက်တစ်ချက်က သူတို့တွေ ဒရုန်း ဒါမှမဟုတ် တခြား စက်ကိရိယာတွေကနေတဆင့် ထိန်းချုပ်သွားတာ …”
“ ဒါကြောင့်မို့ ကျုပ်တို့ရဲ့ နောက်ထပ်ခြေလှမ်းက တူကျွမ့်ရဲ့ ရပ်ကွက်ကို တင်းတင်းကြပ်ကြပ် စစ်ဆေးဖို့ပဲ … ကျုပ်တော့ ကျုပ်တို့ လိုနေတဲ့ သဲလွန်စတွေကို ရှာတွေ့နိုင်မယ်လို့ ထင်တယ် ….”
“ ဟူး …”
လူတိုင်း စိတ်သက်သာရစွာ သက်ပြင်းချလိုက်ကြသည။ လီရှန်းဟွေ့မှ “ ငါတော့ လင်းရီ ပြောတာ အဓိပ္ပာယ် ရှိတယ်လို့ ထင်တယ် … မင်းတို့မှာရော ဘယ်လို သံသယတွေ ရှိကြသေးလဲ …”
“ မရှိဘူး …”
“ ဒါဆိုလည်း ဒီအတိုင်းပဲ လိုက်ပြီး သဲလွန်စ ရှာကြတာပေါ့ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ရှောင်ကျန်း ၊ ရှောင်ကောင်း … မင်းတို့နှစ်ယောက်က စစ်ဆေးဖို့ကို တာဝန်ယူ .. လင်းရီနဲ့ ကူလေးက ကျန်းဟောက်နဲ့ ဝမ်ကျားကို စစ်ဆေးမေးမြန်းဖို့ တာဝန်ယူ …”
“ ပြဿနာ မရှိဘူး …”
ပြောရင်းဖြင့် လင်းရီသည် ကူရိရန်ဘေးသို့ သွားကာ တိပ်အား ခွာပေးဖို့ ဟန်ပြင်သည်။
ဤသည်ကို မြင်တော့ ကူရိရန် သူ့အား လုပ်ခွင့် ပြုထားပေးလိုက်၏။
လင်းရီက လေးလေးနက်နက် ရှိသည့် အချိန်၌ အတော်လေး ကြည့်လို့ ကောင်းသည်ဟု သူမ ထင်သည်။ သူက ပုံမှန် အချိန်များ၌ အနည်းငယ် ပေါ့တီးပေါ့ပြက် နိုင်သော်လည်း အလုပ်အပေါ်တွင်တော့ ပြောစရာမရှိပေ။
အနည်းဆုံးတော့ သူက တော်တော်လေး တွေးပေးတတ်သူ ဖြစ်၏။
ဗြိ …..
ကူရိရန် အာရုံမထားမိသည့် အချိန်မှာပဲ လင်းရီ သူမလက်မောင်းပေါ်ရှိ တိပ်အား ဆွဲခွာလိုက်၏။