အမြင်မကျယ်တဲ့လူလို့ ထင်နေလား …
Vol. 115 Ch. 1724
“ သပ ….”
ကူရိရန် ကိုယ့်ကိုယ် မထိန်းချုပ်လိုက်နိုင်ပဲ နာကျင်မှုကြောင့် ကျိန်ဆဲလိုက်မိ၏။
“ နာလို့လား …” လင်းရီ အံ့အားသင့်စွာ မေးလိုက်မိသည်။
“ နင် ခံကြည့်ပါလား …”
“ ပြောကြတာ ကိုယ်အမွှေးရှိတဲ့ မိန်ကလေးတွေက တိပ်ခွာရင် နာတတ်ကြတယ်တဲ့ … ဆောတီး ဆောတီး … မင်းမှာ ကိုယ်အမွှေး ရှိလိမ့်မယ် မထင်လို့ …”
“ ငါ့မှာ ဘာလို့ ကိုယ်အမွှေးရှိရမှာ … တစ်စက်လေးမှတောင် နာမနေဘူး …”
ကူရိရန် အံတင်းတင်းကြိတ်ပြီး ပြောလိုက်လေသည်။
“ မနာဘူးဆို ပြီးရော … ကိုယ်အမွှေး မရှိတာလည်း ကောင်းတယ်… အဲ့တော့ မနာတော့ဘူးပေါ့ …”
သုံးယောက်လုံး မရယ်မောဘဲ မနေနိုင်ကြတော့ချေ။ နှစ်ယောက်ကြားရှိ ရန်ငြိုးရန်စက အချိန်တစ်ခုအတွင်း ဖြေရှင်း၍ရမည်လို့ သူတို့ မထင်ပေ။
“ ကျန်းဟောက်နဲ့ ဝမ်ကျားကိုတော့ ရက်နည်းနည်းလောက် လွှတ်ထားပေးရင် ပိုကောင်းမယ်လို့ ထင်တယ်… စိတ်ကို နည်းနည်းလောက် ကစားပေးပြီး ငါတို့တွေ သဲလွန်စတွေကို စုံစမ်းပြီးမှ ချဉ်းကပ်တာက ကောင်းလိမ့်မယ်…” ကျန်းဟွေ့ ပြောလိုက်၏။
“ ဒါပေမယ့် မင်းတို့အားလုံး မြန်မြန် လုပ်ဖို့ လိုမယ် .. ဘာတစ်ခုမှ မလွတ်သွားစေနဲ့ …”
“ နားလည်ပါပြီ…”
နောက်ဆက်တွဲ အစီအစဉ်များအား ချမှတ်ပြီးသည့်နောက် လီရှန်းဟွေ့သည် သူ၏ နာရီအား ကြည့်လိုက်ရာ မနက် ၂ နာရီ ရှိနေပြီဖြစ်ကြောင်း သတိထားမိလိုက်၏။ ပင်ပန်းနွမ်းနယ်မှုက သူ့ တစ်ကိုယ်လုံးသို့ ပျံ့နှံ့လာပြီး သမ်းဝေမိလိုက်သည်။
“ ဒီနေ့တော့ ဒီလောက်ပဲ … ငါတို့ မနက်ဖြန်မှ ဆက်ကြတာပေါ့ …”
လူတိုင်းလည်း ပင်ပန်းနေပြီ ဖြစ်ရာ ဘာမျှ ဆက်မပြောကြတော့ချေ။
ကျန်းဟွေ့နှင့် ကောင်းမင်ကျွင်းတို့မှာ ရဲစခန်းရှိ အိပ်ခန်းထဲသို့ သွားခဲ့ကြပြီး လီရှန်းဟွေ့နှင့် ကူရိရန်တို့ကတော့ ကိုယ့်အိမ်ကိုယ် ပြန်လိုက်ကြ၏။
သို့သော် လင်းရီကတော့ ကျိုကျုံးဗီလာသို့ မပြန်ပေ။ ထိုအစား ဟွာချင်းရေကန်သို့ သွား၍ အနှိပ်ခံရင်း သက်တောင့်သက်သာ အိပ်စက်လိုက်၏။ နောက် တစ်နေ့ နံနက် ဆယ်နာရီ ထိုးသည့်အခါမှသာ ပြန်နိုးလာခဲ့သည်။
သူ ရဲစခန်းကို ပြန်ရောက်လာသည့် အချိန်၌ မည်သူမျှ ရှိမနေကြသည်ကို သတိထားမိလိုက်၏။ အကုန်လုံးက ဘာတွေ လုပ်နေကြလဲ ဆိုတာကို သူလည်း မသိပေ။
ဖုန်းတစ်ချက် ခေါ်ဆိုကြည့်ပြီးနောက် လီရှန်းဟွေ့နှင့် ကူရိရန်တို့ နှစ်ယောက်လုံးက ကူညီရန် ထွက်သွားခဲ့ကြသည်ကို သိရှိလိုက်ရသည်။
စစချင်းတုန်းက လင်းရီ ကိုယ်တိုင်ကိုယ်ကျသွား၍ ကြည့်ရှုချင်နေသော်လည်း ထိုနေရာ၌ လေးယောက်လုံး ရှိနေသည်ဖြစ်ရာ နောက်ထပ် အပိုလက်တစ်စုံ လိုအပ်မည်လို့ သူ မထင်ချေ။ ထို့ကြောင့် မသွားရန် ဆုံးဖြတ်လိုက်ပြီး ရုံးခန်းထဲတွင် အနည်းငယ် ရေသာခိုရင်းဖြင့် အမှု၏ သဲလွန်စများအား စုစည်းနေလိုက်၏။ သံသယများစွာ ရှိနေသေးသော်လည်း ကျန်းဟွေ့နှင့် ကောင်းမင်ကျွင်းတို့မှ သဲလွန်စ တစ်ချို့ ရှာဖွေနိုင်သည်နှင့် ပြဿနာ တော်တော်များများကို အလွယ်လေး ဖြေရှင်းလိုက်နိုင်သည်။
မွန်းလွဲ တစ်နာရီ ၊ နေ့လည်စာ စားပြီးသည့်နောက် ကျန်းဖန့်သည် လင်းရီ၏ ရုံးခန်းထဲသို့ ရောက်ချလာခဲ့၏။
“ လင်းကော … တစ်ခုခုတော့ ဖြစ်ပြီ…”
“ ဘာဖြစ်တာလဲ ….”
“ Tesla ရဲ့ အာရှပစိဖိတ် မားကတ်တင်း ဒါရိုက်တာက ငါ့ဆီ ဖုန်းဆက်ပြီး မင်းနဲ့ တွေ့ချင်တယ် ပြောနေလို့ …”
“ ငါနဲ့ တွေ့ချင်တယ် …..”
ကျန်းဖန့် ခေါင်းညိမ့်လိုက်ပြီး “ ငါ့အထင် ရှေ့ရက်တုန်းက အမှုကြောင့်နဲ့ တူတယ်… ရန်ပင်းနာမည်နဲ့ ကားပိုင်ရှင်က Tesla ကို တရားစွဲခဲ့တယ်လေ… အဲ့ကိစ္စ သူတို့ ဖြေရှင်းချင်လို့ နေမှာပေါ့ …”
“ အဲ့တာဆိုလည်း ရန်ပင်းကို သွားရှာလေ… ငါ့လာရှာပြီး ငါနဲ့ ဘာဆိုင်လို့တုန်းဟ ….”
“ ဒါပေမယ့် မင်းနဲ့ အဲ့ဒီမိန်းမရဲ့ ဆက်ဆံရေးက တော်တော်လေး ဒွိဟ ဖြစ်စရာဆိုတော့ ခြေရာခံလိုက်ရင် အကုန်လုံးက မင်းဆီပဲ ရောက်လာတော့တာလေ…”
“ ငိုးမ ဒွိဟ ဖြစ်စရာဆိုတာက ဘာစကားတုန်း .. ငါတို့ချင်း မိတ်ဆွေတွေပါလို့တောင် သတ်မှတ်လို့ မရတာကို ….”
“ လင်းကော … မင်းရူးချင်ယောင် ဆောင်မနေစမ်းပါနဲ့ … ဟိုက မင်းကို စိတ်ဝင်စားနေတယ်ဆိုတာ ငါတောင် ရိပ်မိတယ်…” ကျန်းဖန့် ယုတ်မာချင်နေသည့် အပြုံးဖြင့် ပြောလာခဲ့ပြီး “ ငါတော့ မင်းတို့နှစ်ယောက်ကြားမှာ တစ်ခုခု ဖြစ်ထားတဲ့ အနံ့တွေ ရနေတယ်နော်….”
“ ငါ့မှာ ကောင်မလေး ရှိတယ် .. ဟုတ်ပြီလား …”
“ မရီးရဲ့ ရုပ်ရည်က မေးခွန်းထုတ်စရာ မရှိပါဘူး … ဒါပေမယ့် ယောက်ျား တစ်ယောက်အနေနဲ့ … ငါလည်း အဲ့လိုကိစ္စမျိုးတွေ နားလည်ပါတယ် … မင်း အများကြီး ရှင်းပြနေစရာ မလိုဘူး … သူ့ဘာသူ ဘယ်လောက်ပဲလှလှ ငြီးငွေ့လာတဲ့ တစ်နေ့ဆိုတာ ရှိလာမှာပဲ မဟုတ်လား …”
“ ဒါပေမယ့် မင်းမှာ မရီးတစ်ယောက်တည်း ရှိတယ်လို့ ဘယ်သူက ပြောတုန်း ….”
“ ချီးတဲ့မှ … မဖြစ်နိုင်တာ …” ကျန်းဖန့် ရှော့ခ်ရသွားခဲ့ပြီး “ မင်းက ငါတို့ထက် လယ်ဗယ် တစ်ဆင့်လောက်ပဲ မြင့်တယ် ထင်ထားခဲ့တာ လက်စသတ်တော့ စထရာတိုစပီးယား အလွှာထိ ရောက်နေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ …”
လင်းရီ နှုတ်ခမ်းကိုက်မိလိုက်သည်။ သကောင့်သားအား မရီး လေးယောက် ရှိနေပါသည်ဟု ပြောပြလိုက်မည်ဆိုပါက ထိုကောင် မည်သို့ ခံစားသွားရမလဲဆိုတာကို သူတော်တော် သိချင်မိသွားခဲ့သည်။
“ ကောင်းပြီ … ခုနက စကားကို ပြန်သွားရအောင် …” လင်းရီ စကားလမ်းကြောင်း ပြန်တည့်မတ်၍ “ ငါ့ကို Tesla အကြောင်း ပြောပြ … သူတို့ ဘာပြောလာလဲ ….”
“ သူ ငါ့ဆီ ဖုန်းဆက်ပြီး မင်းနဲ့ Ritz-carlton ဟိုတယ်မှာ နေ့လည် နှစ်နာရီ တွေ့ချင်တယ် ပြောတယ်….”
“ အိုး …. စံနှုန်းက တော်တော်မြင့်တာပဲ … Ritz-carlton ဟိုတယ် ဆိုပါလား … “ လင်းရီ မေးစေ့အား ပွတ်သပ်လိုက်ပြီး “ အမျိုးသမီးလား ….”
“ အမျိုးသား ….”
“ အဲ့တာဆို လခွမ်းမို့ သွားရမှာလား …” လင်းရီ ပြောလိုက်ပြီး “ ငါ ထင်တာ သူတို့တွေ ငါ့ကို ပန်းရောင် ဗုံးလေးတွေ လာကျဲပေးတယ် မှတ်တာ….”
“ လင်းကော .. မင်း အခုက နောက်နေရမယ့် အချိန် မဟုတ်ဘူးနော်… ငါတို့က အခု ယူနီဖောင်းနဲ့လူတွေ… ငါတို့ စကားပြောရင် ကြည့်ကြပ်ပြီး ပြောရတယ်….” ကျန်းဖန့် ပြောလိုက်သည်။ “ ပြီးတော့ ဒီလို အမှုဆောင် ရာထူးမျိုး ယူနိုင်တဲ့ လူတွေကလည်း ပုံမှန်ဆို လေးဆယ်ကျော်တွေချည်းပဲ … သိပ်မကောင်းပါဘူးကွာ ….”
လင်းရီ ကျန်းဖန့်အား တအံ့တအား ကြည့်ရှုလိုက်သည်။
“ မင်း ဒါတွေ သိနေတယ်… မင်း ကိုယ်တိုင် ကိုယ်ကျ အတွေ့အကြုံ ရှိဖူးလို့တော့ မဟုတ်ဘူးမလား …”
“ ချီးပဲ … မင်း လူကို အဲ့လို လာမလှောင်စမ်းနဲ့ ….”
လင်းရီ တဟားဟား ရယ်မောလိုက်သည်။ “ သူတို့ကို ပြောလိုက် … ညနေကျ ငါလာခဲ့မယ်လို့ ….”
“ ငါတို့ အဖော်လိုက်ခဲ့ပေးရဦးမလား …”
“ ထွေထူး မဟုတ်တဲ့ဟာ ငါ့ဘာငါပဲ သွားလိုက်မယ်….”
“ ကောင်းပြီလေ… ဒါဆို ငါ သူတို့ကို အကြောင်းပြန်လိုက်ဦးမယ်…”
လင်းရီ နာရီအား တစ်ချက်ငုံ့ကြည့်လိုက်၏။ အချိန်ကျတော့မည် ဖြစ်သဖြင့် သူ့ကိုယ်သူ သွားပြင်ဆင်ရပေမည်။
လင်းရီ သွားတွေ့ဖို့ သဘောတူလိုက်သည်က သူ့လူများဘက်မှ ကာကွယ်ပေးချင်သောကြောင့်ပင်။
ဤကိစ္စက သူနှင့် မည်သည့် သက်ဆိုင်ခြင်းတို့မျှ မရှိသော်လည်း ဟွာရှသို့လာပြီး ဖျင်ခေါင်းကျယ်နေသည့် ထိုသို့သော ကုမ္ပဏီမျိုးအား သူ သဘောမခွေ့လှပေ။
ငါတို့လူတွေရဲ့ ပိုက်ဆံကို ယူပြီး ငါတို့လူတွေရဲ့ အသက်ကိုကျ လက်လွတ်စပယ် သဘောထားနေတယ် ဟုတ်လား …
ဒီလို ကုမ္ပဏီမျိုးက ရှိကို ရှိမနေသင့်တာ ….
ပြင်ဆင်ပြီးသည့်နောက် လင်းရီ ကားမောင်း၍ Ritz-carlton ဟိုတယ်သို့ မောင်းထွက်လာခဲ့သည်။
သူ အထဲသို့ ဝင်သည်နှင့် ယူနီဖောင်းဝတ် အမျိုးသမီး တစ်ဦး၏ ဟန့်တားခြင်းကို ခံလိုက်ရ၏။
“ တစ်စိတ်လောက်ပါရှင့် … ရှင်က လူကြီးမင်း လင်းရီလား မသိဘူး ….”
“ ငါပဲ … “ လင်းရီ အမျိုးသမီးအား တစ်ချက်ကြည့်လိုက်ပြီး “ မင်းက Tesla ကလား …”
“ ကျွန်မက ဒါရိုက်တာကျောက်ရဲ့ အတွင်းရေးမှူးပါ … ကျွန်မတို့က ရှင် ရောက်လာမှာကို စောင့်နေတာပါ …”
“ သွားစို့ …”
အလုပ်သဘောအရ ဆိုသော်လည်း အတွင်းရေးမှူးမှာ မနေနိုင်စွာဖြင့် လင်းရီအား သုံးလေးကြိမ်ခန့် သေချာ ပြန်ကြည့်မိ၏။ ဤအမျိုးသားက တော်တော် ချောပါသည်။
မကြာမီ လင်းရီသည် တတိယ အလွှာရှိ သီးသန့်ခန်းထဲသို့ ရောက်ရှိလာခဲ့သည်။
သီးသန့်ခန်းက အတော်လေး ကြီးမား၏။ စတုရန်း မီတာ ၅၀ခန့်မျှ ကျယ်ဝန်းပြီး စားကောင်းသောက်ဖွယ် ဟင်းလျာတို့ဖြင့် ပြည့်နှက်နေသည့် စားပွဲဝိုင်းကြီး တစ်လုံးကလည်း အလယ်တစ်နေရာတွင် ရှိနေသည်။
အရသာ မည်သို့ ရှိမည်မှန်း မသိရသေးသော်လည်း တစ်ဖက်သူတွင် ကတ်တွေကတော့ လုံလုံလောက်လောက် ရှိထားပြီး ဖြစ်သည်။
ထမင်းစား စားပွဲ၏ အတွင်းအနည်းငယ် ကျသည့် တစ်နေရာတွင် အသက် လေးဆယ်အရွယ် သက်လတ်ပိုင်း အမျိုးသား တစ်ဦး ထိုင်နေသည်။ သူက အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ပြုံးပြနေသည့် မျက်နှာက အတော်လေး ခင်ဖို့ကောင်း၏။
ထိုလူက Tesla ၏ မားကတ်တင်း ဒါရိုက်တာဖြစ်မည်ကို လင်းရီ ချက်ချင်း သိလိုက်သည်။
ထို့ပြင် သူ့ အနားပတ်ဝန်းကျင်၌ ကြည့်ကောင်းသည့် အမျိုးသမီး လေးယောက်ကလေး ထိုင်နေလျက် ရှိ၏။ အားလုံးက နှစ်လိုဖွယ်ကောင်းသည့် မိန်းကလေးများပင်။
ထိုသည်ကို မြင်တော့ လင်းရီနှုတ်ခမ်း ကိုက်မိလိုက်၏။
ငါ့ကို ထောင်ချောက်ဆင်ချင်နေတာလား …
“ လူကြီးမင်းလင်း … မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ … ငါ မင်းကို စောင့်နေတာ ကြာပြီ….”
သက်လတ်ပိုင်း အမျိုးသားသည် သူ၏ ထိုင်ခုံမှ မတ်တပ်ရပ်၍ စိတ်အားထက်သန်စွာဖြင့် လက်အား ဆန့်ထုတ်လာခဲ့၏။
“ ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ .. ငါ့နာမည်က ကျောက်ဖုန်းဟွာ … အာရှဒေသရဲ့ Tesla မားကတ်တင်း ဒါရိုက်တာပေါ့ … ဂလိုဘယ် မားကတ်ကင်းဌာနရဲ့ လက်ထောက် ဒါရိုက်တာဆိုလည်း ဟုတ်တယ်…”
“ လူကြီးမင်းလင်း …. “
ကျောက်ဖုန်းဟွာ စကားပြောပြီးနောက် သူ့ဘေးနား ထိုင်နေသည့် မိန်းကလေးများမှ သာယာနာပျော်ဖွယ် အသံလေးများဖြင့် လင်းရီအား နှုတ်ဆက်လာသည်။
လင်းရီ ခေါင်းညိမ့်ပြလိုက်သည်။ “ ဒီလူတွေ ထွက်သွားခိုင်းလိုက် … ကျုပ်တို့ချင်း စကားပြောလို့ရတယ် … ဒါတွေ မလိုဘူး …”
ကျောက်ဖုန်းဟွာ အံ့အားသင့်သွားခဲ့သည်။ လင်းရီ၏ ယခု လုပ်ရပ်က သူ ထင်မှတ်ထားသည်ထက် ကျော်လွန်နေသည်။ ၎င်းတို့အား မမြင်ချင်ယောင်ဆောင်၍ လျစ်လျူရှုထားခြင်းနှင့် ပေါ်တင် မောင်းထုတ်လိုက်ခြင်းက မတူညီသည့် သဘောတရား နှစ်ခုပင်။
“ လူကြီးမင်းလင်း … ကျေးဇူးပြုပြီး မင်း အထင်မလွဲပါနဲ့ … ငါ သူတို့ကို ခေါ်ထားတယ်ဆိုတာ တခြား အကြောင်း ပြချက်နဲ့ မဟုတ်ပါဘူး … အရက်ငှဲ့ပေးခိုင်းဖို့လောက်ပါပဲ … ကျေးဇူးပြုပြီး အတွေးမလွန်ပါနဲ့ ….”
ကျောက်ဖုန်းဟွာသည် ကိုင်တွယ်၍ မလွယ်ကူလောက်မည့် လင်းရီကို သတိထားမိပြီး သူ့ကိုယ်သူပင် မသိလိုက်သည့် ရိုသေသမှု အသုံးအနှုန်းများကို စီတန်း၍ သုံးခဲ့မိသွားသည်။
“ ဒီလို ကိုယ်လုံးကိုယ်ပေါက် ရုပ်ရည်မျိုးတွေနဲ့ … ခင်များက သူတို့ကို ကျုပ်နဲ့ ထမင်းစားခိုင်းပြီး အတူသောက်ဖို့သပ်သပ်ပဲဆိုတော့ … ကျုပ်ကို ရေတွင်းထဲက ဖားလို့ ထင်နေတာလား ….”