နောက်ဆုံး စစ်ဆေးမေးမြန်းခြင်း
Vol. 115 Ch. 1721
လင်းရီဘက်က မည်သည့် လှုပ်ရှားမှုကိုမျှ မပြုရသေးသော်လည်း သူ၏ ပင်ကိုယ်တည်ရှိမှုကိုကဖြင့် ဆူနာမီလှိုင်းကဲ့သို့ ပြင်းထန်ပြီး ကျားရိုင်းတစ်ကောင်ကဲ့သို့ ခက်ထန် ကြမ်းကြုတ်နေသည်။ ယင်းက လုံခြုံရေး ဝန်ထမ်းနှစ်ဦးကို နှလုံးခုန်မြန်ဆန်သွားစေခဲ့ပြီး သူတို့၏ နေမြဲ ကိုယ်ဟန် အပေါ်၌ပင် အနည်းငယ် သက်ရောက်မှုတို့ ရှိသွားခဲ့၏။
“ တောင်းပန်ပါတယ် … ဒါ ကျုပ်တို့ အလုပ်မို့ပါ … ကျုပ်တို့ စစ်ဆေးရပါမယ်…” တစ်ယောက်က ပြောလိုက်ပြီး “ ဒါပေမယ့် စိတ်ချပါ … လူကြီးမင်းတို့ရဲ့ အထောက်အထားကြောင့်မို့ ကျုပ်တို့ တခြားနေရာမှာ လုပ်လို့ ရပါတယ် .. ပြီးတော့ ကျုပ်တို့ဘက်က ဒီ အမျိုးသမီးရဲ့ မသင့်လျော်တဲ့ အစိတ်အပိုင်းတွေကို မထိဘူးဆိုတာ အာမခံနိုင်ပါတယ် … ဒီတိုင်း သာမန် စစ်ဆေးမှုလေး တစ်ခုပါပဲ …”
“ ကောင်းပြီလေ .. သွားကြတာပေါ့ …”
လင်းရီ ဆက်ပြီး ဖိအားမပေးဖို့ ဆုံးဖြတ်လိုက်သည်။ အကယ်၍ ဆက်ပြီး တင်းခံနေမှသာ ပိုပြီး သံသယ ဖြစ်ဖို့ ကောင်းသွားနိုင်သည်။
“ ဆာ နဲ့ မဒမ် … ကျေးဇူးပြုပြီး ဒီဘက်ကြွပေးပါ …”
လုံခြုံရေး ဝန်ထမ်း တစ်ဦးမှ ဦးဆောင်၍ လင်းရီနှင့် ကူရိရန်တို့ နှစ်ယောက်အား အခန်းတစ်ခန်းထဲသို့ ဦးဆောင်ခေါ်သွားသည်။
အတွင်းတွင် စားပွဲနှစ်လုံးနှင့် အဝတ်ဗွီရို တစ်လုံးရှိနေသည်။ ဂျူတီကျသည့် လူများ နားနေသည့် အခန်း ဖြစ်ပုံရ၏။
“ ဆာနဲ့ မဒမ် … ကျေးဇူးပြုပြီး လက်မောင်း မြှောက်ပေးပါ …”
ကူရိရန် အထွေထူး ဘာမျှ မပြောချေ။ သူမ လင်းရီကို တစ်ချက်ကြည့်လိုက်တော့ ထိုကောင်က လက်မောင်းကို မြှောက်လိုက်၏။ ထို့ကြောင့် သူမလည်း လင်းရီနည်းတူ လက်မောင်းမြှောက်ပေးလိုက်သည်။
လုံခြုံရေး အစောင့်နှစ်ဦးမှာ တာဝန်ကျေပွန်စွာဖြင့် သူတို့နှစ်ယောက်အား စတင်ရှာဖွေသည်။ သို့သော် သူတို့ ပြောထားခဲ့သည့်အတိုင် သူတို့တွေ ကူရိရန်၏ မသင့်လျော်သည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများကိုတော့ ထိတွေ့ခြင်း မရှိကြချေ။
ထိုအခိုက်အတန့်တွင် လုံခြုံရေး ဝန်ထမ်း တစ်ဦးမှ လင်းရီ၏ နောက်ကျောကို ထိလိုက်သောအခါ သူ၏ အမူအရာမှာ တမျိုးတမည် ဖြစ်သွားခဲ့ပြီး လင်းရီအား မေးမြန်းလာခဲ့၏။
“ ဆာ … ကျုပ် မေးပါရစေ … ဒါက ဘာများလဲ …”
“ ထုတ်ပြီး ကိုယ်တိုင် ကြည့်ပေါ့ …”
လုံခြုံရေး ဝန်ထမ်းလည်း တုံ့ဆိုင်းနေခြင်း မရှိပါဘဲ လင်းရီ၏ ပုံမှန် အသုံးပြုနေကြ စကေဘာနှင့် ဓားမြောင်ကို ထုတ်လိုက်၏။
“ ကျုပ် လူကြီးမင်းကို သံသယရှိ . . . . . .”
ဘန်း …..
“ ချီးကို သံသယရှိနေလိုက် …. “
လင်းရီ၏ လက်က လုံခြုံရေး အမျိုးသား၏ လည်ပင်းသို့ ခုတ်ချလိုက်ပြီး မြေပြင်သို့ ချက်ချင်း သတိလစ်သွားစေလိုက်သည်။
ကျန်တစ်ယောက် သတိဝင်ပြီး တုံ့ပြန်မည် လုပ်သည့် အချိန်၌ လင်းရီဘက်က လက်ဦးမှု ရယူပြီး ဖြစ်နေလေသည်။
တစ်စက္ကန့်အတွင်းမှာပဲ နှစ်ဦးလုံး ကြမ်းပြင်သို့ သတိလစ် မေ့မြောသွားခဲ့တော့၏။
“ အဆင်ပြေပါ့မလား …” ကူရိရန် မျက်မှောင်ကြုတ်မိသွားခဲ့သည်။
“ ငါ ကျန်တာတော့ မပြောရဲဘူး .. ဒါပေမယ့် အနည်းဆုံးတော့ သူတို့ နောက် နှစ်နာရီလောက်အထိ သတိလည်လာသေးဦးမှာ မဟုတ်ဘူး … လာ … ဒီနှစ်ယောက်ကို ဗီရိုထဲ ထည့်ထားကြစို့ … ပြီးရင် ကျန်းဟောက်ကို သွားရှာကြမယ် … မြန်မြန်လေး …”
“ အိုကေ …”
နှစ်ယောက်သား တက်ညီလက်ညီဖြင့် လုံခြုံရေး ဝန်ထမ်း နှစ်ဦးကို ဗီရိုထဲ သော့ပိတ်ကာ အခန်းပြင်သို့ ဘာမျှ ဖြစ်မထားသည့် အမူအရာဖြင့် ပွင့်ပွင့်လင်းလင်း ထွက်လာခဲ့ကြ၏။
ကာစီနိုအတွင်းသို့ ဝင်ရောက်ရင်း ကူရိရန်၏ အကြည့်တို့က အသားဖြူဖြူနှင့် အမျိုးသားတစ်ယောက်အပေါ်သို့ ကျရောက်သွားခဲ့သည်။
သူက ပါးစပ်တွင် စီဂါ တစ်လိပ်ကို ခဲထားပြီး ကာစီနို စားပွဲပေါ်ရှိ ချစ်ပ်များအား ကစားရင်းဖြင့် တဟားဟား ရယ်မောနေသည်။
တစ်ချိန်တည်းတွင် လင်းရီလည်း ထိုလူအား သတိထားမိသွားခဲ့၏။ ထိုလူကတော့ သူတို့ ရှာဖွေနေသည့် ကျန်းဟောက်ပင်။
“ အောက်ထပ်မှာ ရှာလို့ မတွေ့တာ မဆန်းတော့ပါဘူး … ဒီလူက ဒီလာပြီး ပျော်ပါးနေတာကိုး ….” ကူရိရန် ရေရွတ်လိုက်၏။
“ သွားစို့ … စမယ်…”
ရန်သူအား တပ်လှန့်လိုက်သလို ဖြစ်မသွားစေရေးအတွက် နှစ်ယောက်သား ကြီးကြီးမားမား လှုပ်ရှားမှုတို့ မပြုကြချေ။ ထိုအစား ဘာမျှ မဖြစ်သကဲ့သို့ ဟန်ဆောင်ရင်း ကျန်းဟောက်အနားသို့ ဘာသိဘာသာ ချဉ်းကပ်လာခဲ့ကြသည်။
လင်းရီသည် ကျန်းဟောက်၏ ပခုံးကို နောက်မှနေ၍ ပုတ်လိုက်၏။ တစ်ဖက်သူမှာ နောက်သို့လှည့်ကြည့်လာပြီး သူ၏ အမူအရာမှာလည်း ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ ချက်ချင်းဆိုသလို သူ၏ ချစ်ပ်များအား အောက်သို့ ချလိုက်ရင်း အသံနိမ့်ပြီး မေးမြန်းလိုက်၏။
“ မင်း ဘယ်သူလဲ …”
“ ငါ ဘယ်သူလဲ အရေးမကြီးဘူး … ခုချက်ချင်း လိုက်ခဲ့ .. မကစားနဲ့တော့ …”
“ ဘာမို့လို့ မင်း ပြောတာ နားထောင်ရမှာ …” ကျန်းဟောက် မောက်မာတင်စီးစွာ ပြောလိုက်ပြီး “ ထွက်သွားစမ်း … ငါ ကစားနေတာကို လာမနှောင့်ယှက်နဲ့ …”
“ တို့စ်လုပ်ပေးနေတာကို ငြင်းတော့ လူကို အတင်းအကြပ် သောက်ရအောင် လုပ်စေချင်နေတာလား ဟမ် ….”
“ ကောင်းပြီ ကောင်းပြီ … မကစားတော့ဘူး … တစ်နေရာရှာပြီး စကား ပြောကြတာပေါ့ .. ဒီအဖေရဲ့ ကောင်းနေတဲ့ ကံလေးတွေကို လာနှောင့်ယှက်ဝံ့နေတယ်ဆိုတော့ မင်းကို ဘယ်လိုကိုင်တွယ်မလဲ စောင့်ကြည့်နေလိုက် …”
ကျန်းဟောက် သူ၏ ချစ်ပ်များအား စုစည်းလိုက်ပြီး ဒေါသထွက်နေသည့် အမူအရာဖြင့် ထရပ်လိုက်၏။ ၎င်း၏ ပုံစံမှာ လင်းရီနှင့် တစ်ယောက်ချင်း ထိုးသတ်ချင်နေသကဲ့သို့ ထင်ရ။
သူတို့ ပထမထပ်ကို ရောက်တော့ ကျန်းဟောက်မှာ ရုတ်ချည်းဆိုသလို သူနှင့်အတူ ပါလာသည့် ချစ်ပ်များအား လေထဲသို့ မြှောက်ကျဲလိုက်လေသည်။
ချစ်ပ်များစွာမှာ မိုးရွာသွန်းသကဲ့သို့ ပြုတ်ကျလာပြီး ပထမ အလွှာရှိ လောင်းကစားသမားများက ထိုအချင်းအရာကို မြင်တော့ ချက်ချင်း ဆိုသလို မျက်စိ အရောင်များ ဝင်းလက်လာကာ လေထဲမှ ပြုတ်ကျလာသည့် ချစ်ပ်ပြားများအား ဝိုင်းလုကြတော့၏။
လူရှုပ်နေသည့် အချိန်မှာပဲ ကျန်းဟောက်သည် တံခါးဝသို့ ထွက်ပြေးသွားခဲ့လေသည်။ သူ၏ ပုံစံမှာ အနောက်မှ ကျားလိုက်နေ၍ အသက်လု ပြေးနေရသကဲ့သို့ပင်။
“ အဲ့မှာ ရပ်စမ်း …”
လင်းရီ ၊ ကူရိရန်၊ ရှန်ကွမ်းရာနှင့် ဟော်ဝမ်ချီတို့ တစ်ချိန်တည်းနီးပါး အော်ဟစ်လိုက်ကြ၏။
“ ကယ်ကြပါ … ဒီမှာ လူလိုက်သတ်နေပါတယ် … ကယ်ကြပါ …..”
ကျန်းဟောက် ပြေးရင်းဖြင့် အော်ဟစ်သွားခဲ့၏။ ထို့နောက် လုံခြုံရေး အစောင့်နှစ်ယောက်ကို သူ့အနားသို့ ဆွဲကာ ရူးသွပ်နေသည့် အမူအရာဖြင့် “ သူတို့ကို တားစမ်း …”
ရုတ်ချည်း ဖြစ်ပေါ်လာသည့် အခြေအနေတွင် လုံခြုံရေး ဝန်ထမ်း နှစ်ဦးမှာ ကျန်းဟောက်အား ဒိုင်းသဖွယ် မဆိုင်းမတွ ကာကွယ်ပေးလိုက်သည်။
“ သွားသေလိုက် …”
လင်းရီ စကားများ ဖြုန်းတီးမနေတော့ဘဲ သူတို့ထဲက တစ်ယောက်ကို ခြေထောက်ဖြင့် လွင့်ထွက်သွားအောင် ကန်ကျောက်လိုက်သည်။ ထို့နောက် ကျန်းဟောက်အနောက်သို့ ဆက်ပြီး ပြေးလိုက်လေသည်။
လင်းရီ ပြေးထွက်သွားသည်နှင့် ချက်ချင်း ကူရိရန်သည် သူမ၏ အိုင်ဒီကတ်အား ထုတ်၍ ကျန်သည့် လုံခြုံရေး ဝန်ထမ်းများအား ဟန့်တားလိုက်သည်။
“ အကုန်ဘေးဖယ် … လမ်းလာမပိတ်နဲ့ …”
တံခါး အပြင်ဘက်တွင်တော့ လင်းရီသည် ကျန်းဟောက်အား သဲကြီးမဲကြီး စိုက်ကြည့်နေလျက် ရှိသည်။
သူ၏ လက်ရှိ D အဆင့် ခွန်အား၊ သာမန်လူတို့ထက် ကျော်လွန်နေသည့် ကိုယ်ကာယဖြင့် ဆိုပါက ကျန်းဟောက်အား ဖမ်းဆီးဖို့ ဆိုသည်မှာ ငှက်ပျောသီး အခွံနွှာ စားရသည်ထက်ပင် လွယ်ကူနေသည်။
ဝှစ် ….
သူ ကျန်းဟောက်ကို ဖမ်းမိတော့မည့် အချိန်တွင်ပဲ လင်းရီသည် လေထဲသို့ ခုန်တက်၍ ကျန်းဟောက်အား ဆောင့်ကန်လိုက်သည်။
တစ်ဖက်သူမှာ ဟန်ချက်ပျက်သွားခဲ့ပြီး မြေပြင်သို့ လဲကျသွားခဲ့ကာ လင်းရီ၏ ထိန်းချုပ်မှုအောက်သို့ ချက်ချင်း ကျရောက်သွားခဲ့တော့သည်။
“ မင်းကို မလှုပ်နဲ့ ပြောခဲ့ပြီးသား…. ဘာလို့ ထွက်ပြေးတာ ….”
“ မင်းတို့က ဘာတွေလဲ … လူကို အကြောင်းမရှိ ဘာလို့ လာဖမ်းနေတာ …”
“ ငါတို့ ဘယ်သူလဲ မသိဘူးဆို ဘာလို့ ထွက်ပြေးနေလဲ .. မင်းကိုယ်မင်း ဖော်ထုတ်နေတာပဲ မဟုတ်ဘူးလား ….”
ထိုအခိုက်အတန့်တွင်တော့ လင်းရီသည် သူ၏ အထောက်အထားအား ဆက်လက် ဖုံးကွယ်နေခြင်း မရှိတော့ဘဲ ရဲအိုင်ဒီကို ပြလိုက်သည်။
“ ငါ့မှာ ရန်သူတွေက အများကြီးလေ … ငါ ထင်တာ အကြွေးလာတောင်းတဲ့လူတွေ ထင်တာပေါ့ …”
“ ငါ အခု ဘာမှမကြားချင်ဘူး … ကျိုးဟိုင် ရောက်တဲ့အချိန်မှ ကောင်းကောင်းဆက်ပြောကြတာပေါ့ …”
ကျန်းဟောက် ဘာမှ ထပ်မပြောတော့ချေ။ ယခု အခြေအနေတွင် သူ ဘာပြောလို့လည်း အသုံးဝင်မှာ မဟုတ်ချေ။
မကြာမီ ကူရိရန်နှင့် အခြားသူများ ရောက်ချလာခဲ့ပြီး ကျန်းဟောက်အား လက်ထိပ်ခတ်လိုက်ကြ၏။ သူတို့၏ ဖမ်းဆီးမှုမှာ တရားဝင် ပြီးဆုံးသွားခဲ့ချေပြီ။
သူတို့ မထွက်ခွာခင် လင်းရီမှ ရှန်ကွမ်းရာနှင့် ဟော်ဝမ်ချီတို့ နှစ်ယောက်ကို ကျေးဇူးတင် စကား ဆိုလိုက်၏။
၎င်းတို့က များများ စားစား မကူညီခဲ့ကြသော်လည်း တစ်မျိုးတစ်ဖုံ အကူအညီ ဖြစ်ခဲ့ကြဆဲပင်။ ထို့ကြောင့် ၎င်းတို့အား ကျေးဇူးတင်ရပေမည်။
သာယာနာပျော်ဖွယ် စကားတစ်ချို့ကို အချင်းချင်း ဖလှယ်ကြပြီးနောက် နှစ်ယောက်သား ကျန်းဟောက်ကို လေယာဉ်သို့ ခေါ်ဆောင်ကာ ကျိုးဟိုင်သို့ ပြန်လာခဲ့ကြ၏။
နှစ်နာရီကြာသော် …
သူတို့ ကျိုးဟိုင် ပြန်ရောက်သည့် အချိန်၌ ညသန်းခေါင် ကျော်နေပြီး ဖြစ်၏။
သို့သော် လီရှန်းဟွေ့၊ ကျန်းဟွေ့နှင့် ကောင်းမင်ကျွင်းတို့မှာ စခန်းကနေ ယခုထိ အိမ်မပြန်ကြသေးချေ။ သူတို့အားလုံးက လင်းရီတို့သုံးယောက် ပြန်အလာကို စောင့်ဆိုင်းနေကြခြင်းပင်။
စစ်ကြောရေး အခန်းထဲတွင်တော့ ကျန်းဟောက်သည် ခြေထိပ်၊ လက်ထိပ် အခတ်ခံလျက် အနေအထားဖြင့် ရှိပြီး လင်းရီ၏ ပိတ်ကန်ခြင်းကို ခံထားရ၍လည်း သူ၏ ပုံစံမှာ အနည်းငယ် ရုပ်ပျက် ဆင်းပျက် နိုင်နေသည်။
“ မင်း ခေါင်း မော့ထားစမ်း …” လီရှန်းဟွေ့မှ အာဏာသံပါသည့် လေသံဖြင့် အော်ဟစ်လိုက်၏။
“ ငါ့ကို ဘာလို့ ဖမ်းတာလဲ … ဟောက်ကျန်းမှာ လောင်းကစား လုပ်တာက တရားမဝင်လို့လား ဟုတ်လား …” ကျန်းဟောက် ချိနဲ့စွာ ပြောလာခဲ့သည်။
“ တရားမဝင်တာ မဟုတ်ဘူး.. ဒါပေမယ့် စုန့်တဲယွမ်က သေပြီ… သူ့ရဲ့ စီးပွားရေး ပါတနာ တစ်ယောက်အနေနဲ့ မင်း ဘာ ပြောချင်လဲ …”
“ သူသေသွားပြီလား … ငါလည်း သတင်းကြားမိတယ်…” ကျန်းဟောက် ပြောလိုက်ပြီ “ ဘာများ ပြောရဦးမှာ … စိတ်မကောင်းပါဘူးပဲပေါ့ …”
“ ဟက်ဟက် ….”
လီရှန်းဟွေ့ နှာမှုတ်လိုက်ပြီး “ ငါတော့ မင်း ဒီကိစ္စကို သူများတွေထက် ပိုသိနေမယ်လို့ ထင်တယ် …”
“ မင်း ဘာတွေ လာပြောနေတာ .. ငါတို့က ဒီတိုင်း စီးပွားရေး ပါတနာ ဆက်ဆံရေး သပ်သပ်ပဲ .. ငါက ဘာတွေ ထပ်သိရဦးမှာ … သူသေတာ ရှင်တာ ငါနဲ့ ဘာမှ မဆိုင်ဘူး …”
“ ဘာလို့ဆို မင်းမှာ တခြား ရည်ရွယ်ချက်တွေ ရှိနေလို့လေ…..”
လီရှန်းဟွေ့ သူ့လက်ထဲရှိ စာရွက်အား ဝှေ့ရမ်းပြလိုက်ပြီ “ မင်းရဲ့ ရှန်ခဲ့ ကုမ္ပဏီက ဒီတိုင်း အခွံသပ်သပ် ရှိတဲ့ ကုမ္ပဏီတစ်ခုပဲ … မင်း စုန့်တဲယွမ်ရဲ့ ပိုက်ဆံတွေကို သန်း ရာနဲ့ချီ လိမ်ခဲ့တယ် .. သူ သိသွားတော့ မင်း မရှင်းပြနိုင်ဘူး … ဒါကြောင့်မို့ သတ်ပစ်လိုက်တယ် … ဟုတ်တယ်မလား …”