အခန်း (၃၃၁)
Vol. 23 Ch. 331
ဓားချီအလင်းတန်းက ပြီးဆုံးမသွားသေးပဲ ဆက်လက်တိုး၀င်သွားရာ ပွဲကြည့်ရန် ရောက်လာသူတိုင်း အံ့ဩတုန်လှုပ်သွားကြ၏။
ထို ဓားစွမ်းအားက
မည်မျှပြင်းထန်သနည်း…?
သို့သော် မကြာမီ အဖြေကိုသိလိုက်ကြရသည်။
တောက်ပလင်းလက်နေသည့် ဓားအလင်းက တိုက်ပွဲနေရာတစ်ခုလုံးအား လွှမ်းမိုး ချုပ်ကိုင်သွား၏။
တစ်ခဏအကြာတွင် ၀မ်ချောင်းရှောင်နှင့် လူသစ်ပါရမီရှင်တစ်ဦး ရှုံးနိမ့်သွားခဲ့သည်။ ထို့နောက် ယခင် ရှုံးနိမ့်ခဲ့သူများရှိရာဘက်သို့ လွင့်စင်သွား၏။
နှစ်ယောက်လုံး၏ မှော်ရတနာ ချပ်ကာများ ကွဲအက်ပျက်စီးနေပြီး မျက်နှာထက်၌ မယုံကြည်နိုင်မှုများ ပြည့်နှက်နေကာ နှလုံးသားထဲ၌ သွေးများယိုစီးကျနေခဲ့သည်။
သူတို့ ဒဏ်ရာပြင်းထန်စွာ မရရန်အတွက် တန်ဖိုးကြီးကြီးမားမား ပေးဆပ်ခဲ့ရ၏။
သို့သော် ရွှမ်ယီဘက်တွင်မူ…
ဓားတစ်ချက်တည်းသာ အသုံးပြုခဲ့ခြင်းဖြစ်သည်။
သို့သော် သူတို့ပေးဆပ်မှုများက အလဟသမဖြစ်ခဲ့ချေ။
ဓားချီက ယခင်ထက် အားလျော့သွားခဲ့သည်။
ဓားချီအလင်းတန်း၏ တောက်ပမှုများလျော့ကျသွားခဲ့ပြီး အရှိန်အဟုန်လည်း အလွန်အမင်းကျဆင်းသွားကာ အချိန်မရွေးပျောက်ကွယ်သွားတော့မည့်ဟန် ဖြစ်နေ၏။
မတိုက်ခိုက်ရသေးသည့် ဂျီချူ နှင့် ရီယုတို့ ထိုဓားချီအလင်းတန်းအား ထိတ်လန့်ရှက်ရွံ့နေသော မျက်၀န်းများဖြင့် ကြည့်လိုက်ကြသည်။
သူတို့က ရွှမ်ယီနှင့် မျက်နှာချင်းဆိုင်ပင် မတိုက်ခိုက်ရသေးချေ။ သို့သော် ထိုဓားချက်တစ်ချက်တည်းက သူတို့အကြားမှ ကွာဟချက်ကိုဖော်ပြနေသည်။
ပိုင်ရှင်၏ မျက်နှာကိုပင် မမြင်ရသေးသည့် ဓားချက်တစ်ချက်က သူတို့ (၈)ယောက်လုံးအား ပူးပေါင်းတိုက်ခိုက်ရစေရန် ဖိအားပေးနိုင်ခဲ့သည်။
၎င်းက အကြီးအကျယ် အရှက်ကွဲခြင်းပင်။
ရှက်စရာအကောင်းဆုံးကိစ္စက ထိုဓားချီက ယခုအချိန်ထိ အပြီးတိုင်ပျက်စီးသွားခြင်းမရှိသေးချေ။
“ ပျက်စီးလိုက်စမ်း….”
ရီယုက မာန်သွင်းလိုက်ပြီး သူ့၏ မှော်ရတနာအား ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ရေခဲနှင့် တူညီသော အပြာရောင် စိတ်ဝိညာဉ်စွမ်းအားများက သူ့ကိုယ်ပေါ်၌ ချပ်ကာတစ်ခုပမာ ဖုံးအုပ်သွား၏။
သူက စစ်နတ်ဘုရားတစ်ဦးအလား တုန်လှုပ်ခြင်း ကင်းမဲ့စွာရပ်နေလေသည်။
ထို့နောက် ဓားချီအလင်း လာရာသို့ တိုက်ရိုက်တိုက်ခိုက်လိုက်၏။
ဂျီချူကမူ စကားတစ်ခွန်းမှ မပြောခဲ့ချေ။
သို့သော် သူ့မျက်၀န်းများထဲ၌ ဒေါသမီးတောက်များ တဟုန်းဟုန်း တောက်လောင်နေခဲ့သည်။
သူက အလွန်မာနကြီးသူဖြစ်ကာ မိမိကိုယ်ကိုယ် ဤကမ္ဘာကြီးထဲ၌ ထိပ်ဆုံးတန်း ပါရမီရှင်တစ်ဦးအဖြစ် မှတ်ယူထားသူဖြစ်၏။
သို့သော် ရွှမ်ယီထံမှ ဓားချက်…!
သူ့မာနကို အကြိမ်ကြိမ်အခါခါ နင်းချေသွားခဲ့သည်။
“ သွေးနဂါးလည်ဆွဲ….”
ဂျီချူက လေးကြိုးအား ဆွဲလိုက်သည်။ သူ့ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်အပေါက်ပေါင်း(၈၀၀၀)မှ ပင်လယ်ကြီးအလား ပြင်းထန်ကျယ်ပြန့်သည့် သွေးနီရောင်စွမ်းအားများထွက်ပေါ်လာပြီး အလင်းတန်းကြီးတစ်ခုအဖြစ် ပေါင်းစပ်သွား၏။
အလွန်ပြင်းထန်သော တိုက်ခိုက်မှုကြီးတစ်ခု ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။
၀ရော…
ကောင်းကင်နှင့် မြေပြင်အကြား တိမ်မည်းများ ထွက်ပေါ်လာပြီး မိုးကြိုးများ စုစည်းလာခဲ့သည်။
ထို့နောက် ထိုမိုးကြိုးတိမ်တိုက်များအကြားမှ သွေးနီရောင်နဂါးကြီးတစ်ကောင် ထွက်ပေါ်လာပြီး ဓားချီအလင်းအား လက်သည်းများဖြင့် လှမ်းကုပ်လိုက်၏။
“ ဒါက… အင်ပါယာအဆင့် သိုင်းပညာပဲ… အင်ပါယာ အလယ်အလတ်အဆင့်ထက်တော့ မနိမ့်လောက်ဘူး….”
အောက်မှ တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်၏။
သို့သော် အနီးပတ်၀န်းကျင်မှ လူများက ဖြစ်ခဲ့သောအရာများကြောင့် ထုံကျဉ်နေကြချေပြီ။
ရွှမ်ယီ၏ ဓားချက်ရှေ့၌ မည်သည့်အရာမှ အရေးမပါတော့ပေ။
သို့သော် တချို့လူများက တစ်စုံတစ်ခုအား တွေးတောနေကြ၏။
ရွှမ်ယီ၏ တိုက်ခိုက်မှုက အဆင့်မြင့် ဝှက်ဖဲတစ်ခုဖြစ်နိုင်သည်။
စိတ်ဝိညာဉ်စွမ်းအင်များအား အလွန်အကျွံ အသုံးပြုကာ ထုတ်ဖော်ထားခြင်းကြောင့် ဤသို့သော် စွမ်းအားမျိုး ထုတ်ဖော်နိုင်ခြင်းဖြစ်ရမည်။
အကယ်၍ ရီယုနှင့် ဂျီချူတို့သာ ထိုဓားချက်အား တားဆီးပြီး ဖျက်ဆီးနိုင်ခဲ့လျှင်….
သူတို့က ရွှမ်ယီရှိရာသို့ သွားရောက် တိုက်ခိုက်နိုင်မည်ဖြစ်သည်။
ရလဒ်ဘယ်လို ဖြစ်လာမည်ကို မည်သူမှ မခန့်မှန်းတတ်ကြတော့ချေ။
ဘန်း….
ရီယု၏ တိုက်ခိုက်မှုနှင့် ဂျီချူ၏ သွေးနဂါးတို့က ဓားချီအလင်းနှင့် ဆုံတွေ့သွားသည်။
ဓားအလင်းက တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။
နောက်ဆုံးတွင် သွေးနဂါးပျောက်ကွယ်သွားခဲ့ပြီး ရီယု၏ မှော်ရတနာလည်း ကြေမွသွား၏။
ရီယု၏ စိတ်ဝိညာဉ်စွမ်းအားများအားလုံး ကုန်ဆုံးသွားခဲ့သည်။
သို့သော် မျက်၀န်းထဲ၌ လက်မခံလိုမှုနှင့် ဒေါသများ ပြည့်နှက်နေ၏။
အဘယ်ကြောင့်ဆိုသော် သူ၏ မှော်ရတနာက ပျက်စီးသွားသောကြောင့်ပင်။
သူ့တွင် စိတ်ဝိညာဉ်စွမ်းအင် လက်ကျန်သာရှိသေးပါက ဤအခွင့်အရေးအား အသုံးချကာ ရွှမ်ယီအား သွားသတ်မိပေလိမ့်မည်။
ယခုအချိန်တွင် ထိုမျှ စွမ်းအားပြင်းထန်သော ဓားချက်အား အသုံးပြုခဲ့သည့် ရွှမ်ယီက သူတို့ထက် အခြေအနေဆိုးနေရန် သေချာသည်။
ဒဏ်ရာလည်း ရသွားပြီး တိုက်ခိုက်နိုင်စွမ်းမရှိတော့သည်မှာ စိတ်မကောင်းစရာပင်။
ထိုဓားချက်အား ဖျက်ဆီးနိုင်ရန် သူတို့အနေဖြင့် တန်ဖိုးကြီးမားစွာ ပေးဆပ်ခဲ့ကြရသည်။
(၇)ယောက်ဆက်တိုက် ရှုံးနိမ့်သွားခဲ့၏။
အတိအကျပြောရလျှင် ဂျီချူလည်း ရှုံးနိမ့်ခဲ့သည်။
သို့သော် သူက ကျန်လူများကဲ့သို့ တိုက်ရိုက်ရင်ဆိုင်ခဲ့သည်မဟုတ်ရာ ဒဏ်ရာရသွားခြင်းတော့မရှိချေ။ စိတ်ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားခြင်းသာဖြစ်၏။
ဂျီချူက ခါးထက်မှ သိုလှောင်အိတ်အား လက်ဖြင့် ပုတ်လိုက်လျှင် ငွေရောင်ဆေးလုံးတစ်လုံး ထွက်ပေါ်လာပြီး ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
တစ်ခဏကြာလျှင် ဂျီချူ၏ စိတ်ဝိညာဉ်စွမ်းအားများ ပြန်လည်ပြည့်ဖြိုးလာပြီး အထွတ်အထိပ်သို့တိုင်အောင် ရောက်သွားခဲ့သည်။
“ အဆင့်(၆) ရှန်ယွမ်ဆေးလုံး…”
တစ်စုံတစ်ယောက်က ထိုဆေးလုံးအား မှတ်မိသွားပြီး အံ့အားသင့်စွာ ထအော်လိုက်၏။
မျှော်လင့်ထားသည့်အတိုင်း ထို ဂျီချူက တစ်ခုခုတော့ တစ်ခုခုပင်။ ရှန်ယွမ်ဆေးလုံးဆိုသည်မှာ ကောင်းကင်ဘုရင်များအတွင်ပင် ရှားပါးသော ဆေးတစ်လုံးဖြစ်၏။
၎င်းက ကုန်ဆုံးသွားသော စိတ်ဝိညာဉ်စွမ်းအင်များအား ခဏလေးအတွင်း အထွတ်အထိပ်သို့ ပြန်လည်ဖြည့်ဆည်းပေးနိုင်စွမ်းရှိသည်။
“ ဟားဟားဟား… ရွှမ်ယီ မင်းနဲ့ ငါ့ကြားက တိုက်ပွဲက မပြီးသေးဘူးကွ …”
ဂျီချူ ကြိမ်းဝါးလိုက်၏။
ထိုးနောက် ဓားချီထွက်ပေါ်လာရာ နေရာသို့ ပြေးထွက်သွားလေသည်။
ရွှမ်ယီ၏ လက်ရှိအခြေအနေကိုလည်း မမြင်တွေ့ရသေးသည်ဖြစ်ရာ အရှုံးကို လက်မခံလိုသေးချေ။
ပွဲကြည့်ရန် လာရောက်သော ပရိတ်သတ်များ ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ဗဟိုသူတော်စင် အကယ်ဒမီမှကျောင်းသားများ စိတ်ပူသွားကြ၏။
အစောပိုင်းက တစ်ယောက်ပြောခဲ့တဲ့အတိုင်း ရွှမ်ယီ စိတ်ဝိညာဉ်စွမ်းအားများကို အလွန်အကျွံသုံးစွဲခဲ့လျှင် မည်သို့ဖြစ်မည်နည်း။
သို့သော် ရုတ်ရုတ်သဲသဲဖြစ်နေသော လူတိုင်း မှင်သက်သွားကြ၏။
ယခင် ဓားချီအလင်းတန်း ထွက်ပေါ်လာရာနေရာမှ နောက်ထပ်ဓားတစ်ချက် ထွက်ပေါ်လာသောကြောင့်ပင်။
၎င်း၏ အရှိန်အဟုန်အရ ယခင်ဓားချက်ထက် ပိုပြင်းထန်ကြောင်း သိနိုင်သည်။
ထိုဓားချီအလင်းတန်းက လေထုအားထိုးခွင်းကာ ဂျီချူထံသို့ ချက်ချင်းရောက်ရှိသွား၏။
လူတိုင်း စကားတစ်ခွန်းမှ မဆိုကြချေ။
ကောင်းကင်ထက်သို့သာ စိုက်ကြည့်နေကြသည်။
အနက်ရောင် အစက်ကလေး လွင့်စင်ကာ ကောင်းကင်ထက်မှ ပြုတ်ကျသွားသည်ကို တွေ့လိုက်ရ၏။
အားလုံး တိတ်ဆိတ်နေကြပြီး အချိန်အတန်အသင့်ကြာသွာပြီးမှ ဗဟိုသူတော်စင် အကယ်ဒမီမှ ကျောင်းသားတစ်ယောက်က
“ ဆရာရွှမ်ရဲ့ ပထမဓားချက်မှာ စွမ်းအားကုန် အသုံးမပြုထားဘူးပဲ…”