အခန်း (၃၃၃)
Vol. 23 Ch. 333
လူသားဘုရင်အဆင့်မှ ကောင်းကင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန် အပ်စိုက်မှတ်တစ်ခုချင်းစီအတွင်းမှ စိတ်ဝိညာဉ်စွမ်းအားများကို စုစည်းကာ စိတ်ဝိညာဉ်ဒြပ်စင်များ တည်ဆောက်ရန်လိုအပ်သည်။
သို့သော် ကျင့်စဉ်နှင့် ကျင့်ကြံမှုနှုန်း ပိုအားကောင်းလေ အပ်စိုက်မှတ်များပိုဖွင့်နိုင်လေဖြစ်ပြီး စိတ်ဝိညာဉ်ဒြပ်စင်တစ်ခု တည်ဆောက်ရန် ပိုကြာလေဖြစ်သည်။
ယေဘုယျအားဖြင့်ပြောရမည်ဆိုလျှင် စိတ်ဝိညာဉ်ဒြပ်စင်တစ်ခုတည်ဆောက်ရန် လူသားဘုရင်တစ်ယောက် ဖွင့်ထားသည့် အပ်စိုက်မှတ် ပမာဏ၏ (၃)ပုံ (၁)ပုံအတွင်းမှ စွမ်းအားများ စုစည်းရန်လိုအပ်သည်။
အပ်စိုက်မှတ် (၁၀၀၀၀)ရှိပါက စိတ်ဝိညာဉ်ဒြပ်စင်တစ်ခု တည်ဆောက်ရန် (၃၀၀၀)အတွင်းမှ စွမ်းအားများ စုစည်းရမည်ဟု ဆိုလိုခြင်းပင်။
ကျင်းယွဲ့လေ့ကျင့်ထားသည့် ကောင်းကင်မီးတောက်ဆုဒြာ(ကျမ်း ၊ ကျင့်စဉ် ) က အင်ပါယာအဆင့်ကျင့်စဉ်တစ်ခုဖြစ်ပြီး အပ်စိုက်မှတ်ပေါင်း (၁၉၀၀၀) ပါ၀င်သည်။ ထိုကဲ့သို့ ကျင့်စဉ်မျိုးက အလွန်ရှားပါးသည်ဖြစ်ပြီး နန်ကျိုးမှ အကောင်းတကာ့အကောင်းဆုံးများထဲ ပါ၀င်၏။
ကျောင်းချီ၏ ကျင့်စဉ်က ပို၍ အဆင့်မြင့်ပြီး အပ်စိုက်မှတ်ပေါင်း (၂၄၀၀၀)ပါ၀င်သည်။
သူတို့ နှစ်ယောက်လုံး စိတ်ဝိညာဉ်ဒြပ်စင်အား တည်ဆောက်ရာတွင် အပ်စိုက်မှတ် (၁၀၀၀၀)၀န်းကျင်အတွင်းမှ စိတ်ဝိညာဉ်စွမ်းအားများကို စုစည်းအသုံးပြုရန် လိုအပ်၏။
ထိုအချိန်အတွင် သုံးစွဲရမည့် အရင်းအမြစ်များအား ဘေးဖယ်ထားလျှင်တောင် တစ်ခုတည်ဆောက်ရန် လိုအပ်သည့် အချိန်က အလွန်ကြာမြင့်လှသည်။
ထို့ကြောင့် ကျောင်းချီ အသက်(၁၀၀)မပြည့်သေးမီ ဘုရင်အဆင့်ရောက်သွားခြင်းကို ကောင်းကင်ဘုရင်အများအပြား ထိတ်လန့် အံ့ဩသွားခဲ့ရခြင်းပင်။
ထို လုပ်ငန်းစဉ်က အလွန်ပြင်းထန်ကာ ကြာမြင့်လွန်းလှသည်။ ကျင့်ကြံသော ကျင့်စဉ်နှင့် ပါရမီ ပိုကောင်းလေ အပ်စိုက်မှတ်များ ပိုဖွင့်နိုင်လေဖြစ်ပြီး စိတ်ဝိညာဉ်ဒြပ်စင်တည်ဆောက်ရမည့်အချိန်ကြာလေဖြစ်သည်။
လူသားဘုရင်အဆင့်၌ နှစ်ပေါင်းထောင်နှင့် ချီကြာမြင့်သွားသူများ ၊ ကောင်းကင်ဘုရင်အဆင့်သို့ မကျော်ဖြတ်နိုင်သူများ ဒုနဲ့ဒေးပင်။
ရွှမ်ယီ ကျင့်ကြံထားသည့် ဟွမ်ဂျီဆုဒြာ( ကျင့်စဉ်) က သူ့ခန္ဓာထဲ၌ အပ်စိုက်မှတ်ပေါင်း (၄၈၀၀၀) ဖွင့်လှစ်ပေးခဲ့သည်။ ထို့ကြောင့် စိတ်ဝိညာဉ်ဒြပ်စင် တစ်ခုတည်ဆောက်ရန် အပ်စိုက်မှတ် (၁၆၀၀၀)အတွင်းမှ စွမ်းအားများကို စုစည်းအသုံးပြုရမည်ဖြစ်၏။
အခြေခံကျကျပြောရမည်ဆိုလျှင် သူ့အနေဖြင့် ကောင်းကင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန် အနည်းဆုံး စိတိဝိညာဉ်ဒြပ်စင်(၉)ခု တည်ဆောက်ရန် လိုအပ်သည်။
ကျောင်းချီပင် (၁၇)ခု တည်ဆောက်ကာ ဖြတ်ကျော်ခဲ့၏။ သူက ထိုထက် ပိုများမည်မှာ အသေအချာပင်။
၎င်းက အချိန်နှင့် စွမ်းအား အလွန်ပေးဆပ်ရသည့်တိုင် အချည်းအနှီးတော့မဟုတ်ပေ။
အပ်စိုက်မှတ် (၂၀၀၀၀)နီးပါးဖြင့် တည်ဆောက်ထားသည့် စိတ်ဝိညာဉ်ဒြပ်စင်အတွင်း စွမ်းအားများက ပင်လယ်ကြီးတစ်ခုအလား ကျယ်ပြောနေပေလိမ့်မည်။
အဆင့်တက်ပြီးသည်နှင့် အဆင့်တူ၌ ပြိုင်ဘက်ကင်းလျှင်ကင်း ဒါမှမဟုတ် အဆင့်ကျော် တိုက်ခိုက်နိုင်ရန်ပင် ဖြစ်နိုင်၏။
သို့သော် ရွှမ်ယီက လူသားဘုရင်အဆင့်၌ အချိန်ကြာမြင့်စွာ သောင်တင်မနေလိုပေ။
ရွှမ်ယီ ငြိမ်ကျသွားသည်ကိုမြင်လိုက်လျှင် ကျင်းယွဲ့က မခိုးမခန့်ပြုံးလိုက်ပြီး
“ ကြည့်ရတာ ငါထင်သလိုဖြစ်နေတယ်နေမယ်… ကိုင်း.. မင်း ခန္ဓာကိုယ်ထဲမှ အပ်စိုက်မှတ် ဘယ်လောက်ရှိလဲ မှန်းကြည့်ရအောင်….”
“ (၂)သောင်းလား…”
ရွှမ်ယီထံမှ အဖြေကို မစောင့်ပဲ ကျင်းယွဲ့က ဆက်ပြောလိုက်၏။
“ မဟုတ်သေးဘူး… မင်းက ကျောင်းချီထက်တောင် အစွမ်းထက်တယ်ဆိုတော့… မင်းကျင့်စဉ်က ကျောင်းချီရဲ့ နတ်ဘုရားသိုဝှက်ခြင်းဆုဒြာထက် ပိုမြင့်မှာ သေချာတယ်…”
ရွှမ်ယီ၏ မျက်နှာအား အကဲခတ်လိုက်ပြီးနောက် ကျင်းယွဲ့က ဆက်လက်ပြီး
“ (၂၇၀၀၀)ကွာ…”
ရွှမ်ယီ ခေါင်းမညိတ်သေးလျှင်
“ (၂၈၀၀၀)…”
“ ( ၂၉၀၀၀)….”
ကျင်းယွဲ့မျက်နှာပျက်လာချေပြီ။ အပ်စိုက်မှတ်များ ဖွင့်ရတာ မလွယ်ကူမှန်း သူသိထား၏။ စိတ်ပိုင်းဆိုင်ရာကို ကြိုတင်ပြင်ဆင်ထားသော်လည်း အကန့်အသတ် ရောက်နေပြီဖြစ်သည်။
“ (၃၀၀၀၀)… မဟုတ်သေးဘူးလား…”
နောက်ဆုံးတွင် တစ်ခုခုမှားနေပြီဖြစ်ကြောင်း ရိပ်မိသွားပြီး ရွှမ်ယီအား သမိုင်းမတင်မီခေတ်မှ သားရဲတစ်ကောင်အား ကြည့်သကဲ့သို့ ကြည့်လိုက်ပြီး
“ မသိတော့ဘူးကွာ… မင်းပြော… ဘယ်လောက်လဲ…”
မျက်လုံးမှိတ်ထားသော ရွှမ်ယီ၏ မျက်လုံးထောင့်စွန်းလေးများ အနည်းကယ် လှုပ်ခတ်သွားပြီး
“ (၄၈၀၀၀)…”
ဝုန်း…
ကျင်းယွဲ့ ထိုင်ခုံထက်မှ နောက်လန်ကျသွား၏။
“ဟားဟားဟား….”
ရွှမ်ယီ၏ ခြံ၀င်းထဲမှ ရူးသွပ်သွားသော ရယ်သံများ ထွက်ပေါ်လာရာ အပြင်မှ ဖြတ်သွားသော ကျောင်းသားများပင် လန့်ပြီး ထခုန်မိလိုက်ကြသည်။
ထို့နောက် အနီရောင်ချပ်၀တ်ဖြင့်ကျင့်ယွဲ့ ပြေးထွက်လာပြီး ပျံသန်းထွက်ခွာသွားသည်ကို တွေ့လိုက်ရ၏။
ကြည့်ရသည်မှာ နှင်ထုတ်ခံလိုက်ရသည့်အလားပင်။
ကျင်းယွဲ့အား နှင်လွှတ်လိုက်ပြီဖြစ်သော်လည်း ရွှမ်ယီစိတ်မအေးသေးချေ။ သူ့တွင် အဓိက ဖြေရှင်းရမည့် ပြသနာရှိနေသေး၏။
ထိုကိစ္စနှင့်ပတ်သက်ပြီး ကူကယ်ရာမဲ့သလို ခံစားနေရသည်။
အကယ်ဒမီ အနီးတွင် သူ မရောက်ဖူးသေးသည့် လျှို့ဝှက်နယ်မြေရှိသေးသောကြောင့် တာ့ကျင်းတောင်တန်းနားသို့ သွားခဲ့၏။
ထိုနေရာတွင် အချိန်စီးဆင်းမှုက ပြင်ပကမ္ဘာနှင့် ကွာခြားသည်။
လျှို့ဝှက်နယ်မြေအတွင်း အချိန်(၃)ရက်က ပြင်ပကမ္ဘာမှ တစ်ရက်နှင့်ညီမျှ၏။
သို့သော် ကံမကောင်းစွာနှင့် ၎င်းက ရွှမ်ယီအပေါ် အလုပ်မဖြစ်ခဲ့ချေ။ လူသားဘုရင်အောက်အဆင့်များအတွက်သာ အကျိုးသက်ရောက်မှုရှိဟန်တူသည်။
“ အဲ့လိုတော့ မဟုတ်ဘူး… မင်းက သာမန်ထက်ထူးခြားပြီး အရမ်းသန်မာနေတာကြောင့်ဖြစ်မယ်…”
ရွှမ်ယီစကားကို နားထောင်ပြီးနောက် ဌာနမှူးကပြောလိုက်၏။
ထိုလျှို့ဝှက်နယ်မြေအား သူလည်းကြားဖူးသည်။
၎င်းက အမှန်တကယ်လည်း ထိုသို့အကျိုးသက်ရောက်မှုများရှိ၏။
ကောင်းကင်ဘုရင်အောက်အဆင့်များအတွက် သာမန်ထက် (၃)ဆပိုလေ့ကျင့်နိုင်သော အခွင့်အရေးဖြစ်သည်။
သို့သော် ၎င်းက ရွှမ်ယီအပေါ်အလုပ်မဖြစ်ခဲ့ချေ။
ဌာနမှူး ဘာပြောရမှန်းမသိဖြစ်သွားတော့၏။
“ တခြားနည်းလမ်းတွေ မရှိတော့ဘူးလား…”
ရွှမ်ယီက မျက်ခုံးအား ဖိနှိပ်ရင်း တိုးညှင်းစွာပြောလိုက်၏။
ယခုအချိန်တွင် စနစ်၏ အဓိကာတာ၀န်ကိုလည်း ပြီးမြောက်အောင် မဆောင်ရွက်နိုင်သေးသည့်အပြင် အရံတာ၀န်လည်းတစ်ခုမှမရှိချေ။ သာမန်အတိုင်းကျင့်ကြံပါက အချိန်များစွာပေးရတော့မည်ဖြစ်သဖြင့် အလွန်ကူကယ်ရာမဲ့သလိုခံစားနေရ၏။
ဌာနမှူး အဝေးသို့ငေးကာ မုတ်ဆိတ်အားပွတ်ရင်းစဉ်းစားလိုက်၏။ တခဏကြာပြီးနောက် မျက်၀န်းများ အရောက်လက်သွားခဲ့သည်။
“ နေဦး… လျှို့ဝှက်နယ်မြေတစ်ခု ငါမှတ်မိပြီ….”
ထို့နောက်သူက ထိုလျှို့ဝှက်နယ်မြေအကြောင်း ရွှမ်ယီအား ဖြည်းညှင်းစွာ ရှင်းပြလိုက်၏။
နန်ကျိုးစတင်ဖြစ်တည်လာချိန်ကတည်းက မရေမတွက်နိုင်သည့် လျှို့ဝှက်နယ်မြေများလည်း တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့အနက် တစ်ချို့မှာ အလွန်အန္တရာယ်များလွန်းသောကြောင့် တားမြစ်နယ်မြေများအဖြစ် သတ်မှတ်ခံထားရ၏။
ယခု သူပြောမည့်လျှို့ဝှက်နယ်မြေအမည်က အန္တရာယ်အရှိဆုံး တားမြစ်နယ်မြေဖြစ်ပြီး ရှေးဟောင်းစစ်မြေပြင်ဟု အမည်တွင်ကာ ရှေးပဝေဏသီခေတ်မှ အနှိုင်းမဲ့ဆရာသခင်တစ်ဦး ချန်ထားခဲ့သည်ဟု ပြောကြပြီး ကျင့်ကြံသူများအတွက် အလွန်ဆွဲဆောင်နိုင်စွမ်းရှိသည်။
ရှေးဟောင်းစစ်မြေပြင်က အန္တရာယ်များလွန်းလှပြီး ဒဏ္ဍာရီများအရ ၎င်းအတွင်း၌ တခြားသော တိုက်ကြီးများနှင့် ချိတ်ဆက်ထားသည့် လေဟာနယ်တံခါးများရှိပြီး အဆုံးမဲ့ အမွေအနှစ်များလည်းရှိသည်ဟုဆိုကြသည်။
၎င်းက နန်ကျိုး၌ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာ အကြာကပဲ တည်ရှိခဲ့ခြင်းဖြစ်ပြီး အင်ပါယာအဆင့်ကျင့်ကြံသူများ အပါအ၀င် မရေမတွက်နိုင်သော ကျင့်ကြံသူများ ၀င်ရောက်ခဲ့ကြ၏။
ပိုအရေးကြီးသောအရာက ၎င်းအတွင်း အချိန်စီးဆင်းမှုက ပြင်ပကမ္ဘာနှင့် အလွန်ကွာခြားပေသည်။ ပြင်ပကမ္ဘာမှ အချိန်(၁)ရက်က အတွင်း၌ (၁၀)ရက်နှင့် ညီမျှ၏။
လူသားဘုရင်များသာမက ကောင်းကင်ဘုရင်များလည်း အမြဲတမ်း၀င်ရောက်ခဲ့ကြသည်။
ဌာနမှူးစကားများထဲမှ တစ်စုံတစ်ခုအား ရိပ်မိလိုက်ပြီး ရွှမ်ယီက မျက်ခုံးပင့်ကာ
“ ဒါနဲ့.. သက်တမ်းကုန်ဆုံးကာနီးတဲ့ ကျင့်ကြံသူတိုင်း အဲ့ကိုဘာလို့သွားကြတာလဲ…?”
ဌာနမှူး မျက်နှာနီရဲသွားပြီး ချောင်းဟန့်လိုက်ကာ
“ အဲ့ဒီ ရှေးဟောင်းစစ်မြေပြင်နဲ့ ပတ်သက်တဲ့ အရာအားလုံးနီးပါးက ကောလဟာလတွေချည်းပါပဲ… မှန်လား မှားလားဆိုဝာာ ဘယ်သူမှမသိဘူး….”
ရွှမ်ယီ “.......”