အခန်း (၃၃၅)
Vol. 23 Ch. 335
“ ဒါက ပုရွတ်ဆိတ်လေး တစ်ကောင်သာသာပါပဲ… စကားထဲတောင် ထည့်ပြောဖို့မထိုက်တန်ဘူး…”
ထိုအထဲမှတစ်ယောက်က မောက်မာစွာပြောလိုက်၏။
“ ငါတို့လမ်းကို လာပိတ်ရင် ရှင်းပစ်လိုက်…”
နောက်ဆုံးဆင်းလာသူက တိုးညှင်းစွာပြောလိုက်သည်။
သူ့လေသံက အလွန်အေးစက်နေပြီး ကျန်သူများအား သတိပေးရန် မမေ့ခဲ့ချေ။
“ ဆရာပြောလိုက်တာကိုမမေ့နဲ့… လုံး၀ သတင်းပေါက်ကြားသွားလို့မရဘူး….”
စကားမဆုံးခင် အစိမ်းရောင်၀တ်စုံနှင့်လူက လက်ဝှေ့ယမ်းလိုက်၏။ စိတ်ဝိညာဉ်စွမ်းအင်များ မြင့်တက်လာပြီး စိမ်းပြာရောင်နဂါးကြီးတစ်ကောင်အဖြစ်ပြောင်းလဲကာ ရွှမ်ယီထံ ၀င်ရောက်သွားလေသည်။
ရွှမ်ယီ မျက်ခုံးပင့်ကာ ခပ်ဟဟရယ်မောလိုက်မိသည်။
သူက တိုက်ခိုက်ရန် စိတ်မ၀င်စားသောကြောင့် အထောက်အထားများအားလုံး ဖုံးကွယ်ကာ လာရောက်ခဲ့သည့်တိုင် ပြသနာက အိမ်တံခါးလာခေါက်နေချေပြီ။
ရွှပ်…
ရွှမ်ယီ ဓားဆွဲထုတ်လိုက်သည်။ ဆုလာဘ်အဖြစ်ရရှိထားသော ဖန်ဂျီဓားတော့မဟုတ်ပေ။ ၎င်းအား အသုံးပြုလိုက်ပါက သိုသိုသိပ်သိပ်နေမည့် သူ့အစီအစဉ်များ ပျက်စီးသွားပေလိမ့်မည်။
ယခုအသုံးပြုလိုက်သည့်ဓားက အဆင့်(၅)ပင်မဟုတ်ချေ။ ယခင်တုန်းက အသုံးပြုခဲ့သော အဆင့်(၄) ဓားဖြစ်၏။
ကောင်းကင်ထက်မှ အစိတ်ရောင်၀တ်လူ၏ မျက်နှာတွင် အထင်သေးဟန်များ ပိုမိုတိုးပွားလာခဲ့သည်။
သို့သော် ရွှမ်ယီက ဓားအား အသာအယာဝှေ့ယမ်းလိုက်ရုံနှင့် နဂါးကြီးပျောက်ကွယ်သွားသည်ကို မြင်လိုက်ရလျှင် အပြုံးများ ချက်ချင်းအေးခဲသွားတော့၏။
သူတိုက်ခိုက်လိုက်သည့် နဂါးကြီးက ပျက်စီးသွားကာ စိတ်ဝိညာဉ်စွမ်းအားများအဖြစ်ပြောင်းလဲပြီး ကောင်းကင်နှင့်မြေပြင်သို့ ပြန်ရောက်သွားချေပြီ။
“ ဘယ်လို ဖြစ်နိုင်မှာလဲ…”
အစိမ်း၀တ်လူ၏ မျက်နှာမှုန်မှိုင်းသွားပြီး ထပ်မံတိုက်ခိုက်လိုက်၏။
ထိုတိုက်ခိုက်မှုက ပင်လယ်ကြီးကိုပင် နှစ်ခြမ်းခွဲနိုင်စွမ်းရှိသော်လည်း သူ့ရှေ့မှ လူငယ် ဓားဝှေ့ယမ်းလိုက်သည်နှင့် ပျောက်ကွယ်သွားခဲ့ရသည်။
“ ကြည့်ရတာ မင်းမှာ နည်းလမ်းတစ်ချို့ရှိတယ်နဲ့တူတယ်...ရှေးဟောင်းစစ်မြေပြင်ကို လာရဲတာ မထူးဆန်းတော့ဘူး…”
ထို အစိမ်း၀တ်လူက အံကြိတ်ပြီး ငွေရောင်ပြသာဒ်တစ်ခုအား ထုတ်ယူလိုက်ပြီး စွမ်းအားကုန်ထည့်သွင်းလိုက်လျှင် ဘန်းကနဲမည်သံနှင့်အတူ ပေထောင်နှင့်ချီမြင့်မားသော အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
အလင်းတန်းများပေါင်းစပ်သွားပြီး ငွေရောင်ဓားသွားများ အသွင်ပြောင်းလဲသွား၏။ တစ်ခုချင်းစီတိုင်းက သာမန် မူလဘုရင်အဆင့်များအား သတ်ဖြတ်ရန်လုံလောက်သည်။
“ ရှေ့ဆက်သွားဖို့ မစဉ်းစားနဲ့… သွားတာနဲ့သေရမယ်…”
ရွှမ်ယီ မျက်မှောင်ကြုတ်သွား၏။ ထိုလူစုနှင့် အချိန်ဖြုန်းမနေချင်တော့သောကြောင့် ဓားတစ်ချက် ဝှေ့ယမ်းလိုက်လျှင် ဓားချီက နဂါးကြီးတစ်ကောင်အလား ကောင်းကင်ထက်သို့ ပြေးတက်သွားလေသည်။
“ မဟုတ်ဘူး… ချောင်ယွမ် နောက်ဆုတ်….”
ကျန်သုံးယောက်လုံး မျက်နှာများ ဖြူလျော်သွားပြီး လှေပေါ်မှ ပထမဆုံးဆင်းလာသူက လှမ်းအော်လိုက်၏။
သို့သော် အစိမ်း၀တ်လူအနေဖြင့် ရွှမ်ယီ၏ ဓားချက်အား ရှောင်နိုင်စွမ်းမရှိချေ။
ရွှမ်ယီက ခွန်အား အနည်းငယ်သာအသုံးပြုခဲ့သော်လည်း မူလဘုရင်အဆင့်မှ ကျင့်ကြံသူများ ခုခံနိုင်သောအရာမဟုတ်ပေ။
အုန်းကနဲအသံနှင့်အတူ ကောင်းကင်ထက်မှ လွင့်စင်သွား၏။
ချောင်ယွမ် အခြေအနေက သိပ်မကောင်းလှပေ။ အသက်ကယ်မှော်ရတနာအား အသုံးပြုခဲ့သည့်တိုင် မြေပေါ်သို့ ဇောက်ထိုးပြုတ်ကျသွားပြီး သွေးတစ်လုပ်အန်ကာ မေ့လဲသွားခဲ့သည်။
“ ကောင်လေး… မင်းမှာ အစွမ်းထက်တဲ့ မှော်လက်နက်တစ်ခုရှိတာနဲ့ လုပ်ချင်တိုင်းလုပ်လို့ရပြီထင်နေလား….”
ပထမဆုံးဆင်းလာသာ ရွှေချပ်ကာ၀တ် အမျိုးသားက ဒေါသတကြီးအော်ဟစ်လိုက်သော်လည်း သူ့မျက်နှာထက်တွင် မူလကဲ့သို့မောက်မာမှုများ မရှိဘဲ ထိန်လန့်မှုများအစားထိုး၀င်ရောက်နေခဲ့သည်။
ချောင်ယွမ်အား ထိုလူငယ်က လက်ထဲရှိ အစွမ်းထက် မှော်ရတနာအားအသုံးပြုကာ အနိုင်ယူခဲ့သည်ဟု ထင်မှတ်နေခဲ့၏။ ၎င်းက အဆင့်(၄) ဓားတစ်ချောင်းပုံစံသာဖြစ်နေသော်လည်း ဖုံးကွယ်ထားခြင်းသာဖြစ်ရမည်။
“ ငါ စိတ်ပြောင်းသွားပြီ… အစကတော့ ဒီတိုင်းကျော်သွားမလို့ပဲ… အခုတော့မဟုတ်တော့ဘူး…”
“ ပြော.. မင်းတို့ ဘယ်လိုလျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားတာလဲ… ပြောရင် အသက်ချမ်းသာပေးမယ်…”
ရွှမ်ယီ ခေါင်းမော့ကြည့်လိုက်၏။
သူက မြေပြင်ပေါ်တွင်ရှိနေခဲ့ပြီး လေထဲမှ လူများအားကြည့်လိုက်သည့်တိုင် ထိုလူများစိတ်ထဲတွင် ကမ္ဘာကြီး၏ အထွတ်အထိပ်မှ ငုံ့ကြည့်ခြင်းခံရသကဲ့သို့ ခံစားလိုက်ကြရသည်။
ဒေါသများ ထွက်လာခဲ့ကြ၏။
“ သူဓားရှည်က ထူးဆန်းတယ်… ငါတို့ အတူတိုက်ကြစို့…”
“ သူ့ကိုသတ်ပြီးရင် အဲ့ဓားရှည် ငါတို့ဟာဖြစ်လာလိမ့်မယ်…”
အဖြူ၀တ်အမျိုးသမီးကပြောလိုက်သည်။
သူမက အလွန်လှပသူဖြစ်သော်လည်း နှုတ်ဖျားမှ ထွက်လာသော စကားများက အလွန်ရက်စက်နေခဲ့သည်။
ရွှပ်…
စကားဆုံးသည်နှင့် ရွှမ်ယီ၏ ဓားချက်က သူမထံ၀င်ရောက်လာပြီး (၃)ယောက်လုံးကို ထိတ်လန့်သွားစေခဲ့သည်။
ကျန်နှစ်ယောက်က အမျိုးသမီးအနားသို့ ကပ်သွားလိုက်လျှင် အေးစက်သွားသလို ခံစားလိုက်ရပြီး ဆန့်တန်းလိုက်သော လက်များက သွေးများကိုသာ ကိုင်မိလိုက်ကြ၏။
အဖြူ၀တ်အမျိုးသမီးက သွေးမှုန်များအဖြစ် ပြောင်းလဲသွားချေပြီ။
“ မင်း… မင်း ယွဲ့ဟွာ နတ်သမီးကို သတ်ရဲတယ်… ယွဲ့ဟွာဇောင် လိုက်သတ်မှာ မကြောက်ဘူးလား…”
တစ်ယောက်က ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။ ထိုအမျိုးသမီး၏ ကျင့်ကြံမှုက မူလဘုရင်နှောင်းပိုင်းအဆင့်တွင်ဖြစ်ပြီး သူတို့အဖွဲ့ထဲ၌ အမြင့်ဆုံးဖြစ်သည်။
သူမက ပါရမီရှင်တစ်ဦးဖြစ်ပြီး အလွန်တောက်ပသော အနာဂါတ်ရှိမည်ဟု ထင်ကြေးပေးခံထားရသော်လည်း ယခုတွင် အသတ်ခံလိုက်ရချေပြီ။
“ ယွဲ့ဟွာဇောင် ဟုတ်လား… အဲ့တာ ဘယ်နေရာက ဂိုဏ်းလေးလဲ… ငါ တစ်ခါမှ မကြားဖူးဘူး…”
ရွှမ်ယီ၏ အမူအရာက သာမန်အတိုင်းသာဖြစ်ပြီး ကောင်းကင်ထက်မှ နှစ်ယောက်အား ဓားရည်ရွယ်ချက်စွမ်းအားဖြင့် ထိန်းချုပ်ထားလိုက်သည်။
“ အပိုစကားတွေ လျှောက်ပြောမနေနဲ့… ငါမေးတာကိုသာဖြေ…”
ရွှေရောင်ချပ်ကာ၀တ်အမျိုးသားက ခေါင်းမော့ပြီး ကျယ်လောင်စွာရယ်မောလိုက်သည်။
သူက တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း ရွှမ်ယီ၏ ဓားက သွေးမှုန်များအဖြစ် ပြောင်းလဲပေးလိုက်ချေပြီ။
ကျန်ရှိခဲ့သော တစ်ယောက်က အလွန်ကြောက်လန့်သွားပြီး သူသိသမျှအားလုံးပြောပြလိုက်၏။
မကြာသေးမီအချိန်တုန်းက ရှေးဟောင်းစစ်မြေပြင်၌ ကိစ္စတစ်ခုဖြစ်သွားခဲ့ပြီး အနီးပတ်၀န်းကျင်အား အုတ်အော်သောင်းတင်းဖြစ်သွားစေခဲ့သည်။
ရှေးဟောင်းစစ်မြေပြင်အတွင်းမှ လူတစ်ယောက် ပြန်ထွက်လာခဲ့သည်။
သို့သော် တိကျသော သက်သေတော့မရှိပေ။
ထိုသတင်းထွက်ပေါ်လာပြီးနောက် ဖရိုဖရဲဒေသတစ်ခုလုံး ထိတ်လန့်သွားခဲ့၏။
စုံစမ်းစစ်ဆေးရန် လူများစွာစေလွှတ်ခဲ့သော်လည်း မည်သူမှ အထဲသို့မ၀င်ရဲခဲ့ကြချေ။
သို့သော် သိပ်မကြာမီ နောက်ထပ်သတင်းတစ်ခု ထွက်ပေါ်လာ၏။
ပြင်ပဒေသမှ သက်တမ်းကုန်ဆုံးကာနီး ယုရှောင်ယွမ်ဆိုသူက သက်တမ်းကုန်ဆုံးကာနီး ကျင့်ကြံသူတစ်ယောက်နှင့် လောင်းကြေးထပ်ပြီး အခွင့်အလမ်းများရှာဖွေရန် ရှေးဟောင်းစစ်မြေပြင်သို့ ၀င်ရောက်ခဲ့သည်။
သို့သော် စိတ်မကောင်းစရာက ရှေးဟောင်းစစ်မြေပြင်၌ မည်သည့်အခွင့်အလမ်းမှ မတွေ့ခဲ့ရချေ။ အမြတ်အနေဖြင့် ဘေးကင်းစွာ ပြန်လည်ထွက်ခွာလာနိုင်ခဲ့ခြင်းသာရှိ၏။
ထိုသတင်းက ရှေးဟောင်းစစ်မြေပြင် အနီးမှ အဓိကဂိုဏ်းကြီးများထံသို့ ရောက်ရှိသွားပြီး ကောင်းကင်ဘုရင်များကိုပင် ထိတ်လန့်သွားစေခဲ့သည်။
ကောင်းကင်ဘုရင်များ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့ကြပြီး ယုရှောင်ယွမ်အား ရှာဖွေကာ အသေးစိတ်မေးမြန်းခဲ့ကြ၏။
နောက်ဆုံးတွင် ရှေးဟောင်းစစ်မြေပြင်မှ တားမြစ်ချက်များ ပျက်ပြယ်သွားပြီဟူသော သတင်းကို အတည်ပြုနိုင်ခဲ့သည်။
သို့သော် ထိုသတင်းအားပေးခဲ့သော ယုရှောင်ယွမ်ဆိုသူက ရုတ်တရက်ပျောက်ကွယ်သွားခဲ့၏။
ကောလဟာလများအရ ထိုလူက သက်တမ်းကုန်ဆုံးသွားပြီး ဖရိုဖရဲဒေသ၏ တစ်နေရာ၌ သာမန်အတိုင်း သေဆုံးသွားပြီဟု ဆိုကြသည်။
သတင်းရခဲ့သူများက ထိုသတင်းအား ပျံ့မသွားအောင် ပိတ်ဆို့ထားခဲ့ကြ၏။
ရှေးဟောင်းစစ်မြေပြင်ကြီးက မိုင်းပေါင်း(၁၀၀၀၀)ကျော် ကျယ်ပြန့်ပြီး အနီးပတ်၀န်းကျင်၌ ဖရိုဖရဲဖြစ်နေသော နယ်မြေများစွာရှိသည်။
ထိုနေရာများ၌ တည်ထောင်ထားသည့် ကောင်းကင်ဘုရင်အဆင့် အင်အားစုများရှိပေသည်။
ထိုအင်အားစုများမှ ကောင်းကင်ဘုရင်များကိုယ်တိုင် သတင်းအား အတင်းအကြပ် ပိတ်ဆို့ခဲ့ကြ၏။
လက်ရှိအချိန်တွင် သူတို့က အနီးဆုံးနေရာ၌ ရှိကြသဖြင့် ထိုအခွင့်အရေးကို အသုံးချကာ အကျိုးအမြတ်များ ရသလောက် ယူလိုကြသည်။
ဤသို့ဖြင့် သူတို့ဂိုဏ်းများမှ အမွေဆက်ခံသူများနှင့် ပါရမီရှင်များအား အခွင့်အလမ်းများရစေရန် ထိုနေရာသို့ စေလွှတ်ခဲ့ကြ၏။
စကားဆုံးသည်နှင့် ရွှမ်ယီက လျှို့ဝှက်ပညာရပ်တစ်ခုအား အသုံးပြုကာ ထိုလူ၏ စိတ်ဝိညာဉ်အား ဆွဲထုတ်ပြီး သူနှင့်ပတ်သက်သော မှတ်ညာဏ်များအား ဖျက်ဆီးပစ်လိုက်သည်။
ပြီးနောက် မေ့မျောသွားသော ထိုလူအား အောက်ချထားလိုက်ပြီး ရှေးဟောင်းစစ်မြေပြင်ရှိရာသို့ တောက်ပသော မျက်၀န်းများဖြင့် လှမ်းကြည့်လိုက်၏။