အခန်း (၃၃၇)
Vol. 23 Ch. 337
“ (၁၇)ခု…”
ရွှမ်ယီ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
ထို့နောက် နတ်အသိဖြင့် သိုလှောင်အိတ်အတွင်း စစ်ဆေးကြည့်လိုက်သည်။
လမ်းတစ်လျှောက် မြင်သမျှ ထူးဆန်းသော နတ်ဆိုးသားရဲများအား သတ်ဖြတ်ခဲ့ပြီး နိယာမ ချပ်ပြား (၃၉၂)ခု စုဆောင်းရရှိခဲ့သည်။
သူ့ရိတ်သိမ်းမှုက တော်တော်လေး လုံလောက်နေပြီဖြစ်၏။
ဖန်ဂျီဓားဖြင့် မြေပြင်အား ခုတ်ချလိုက်ကာ တွင်းနက်ကြီးတစ်ခုဖြစ်သွားစေခဲ့သည်။
၎င်းက သူ့အတွက် ယာယီ ကျင့်ကြံခြင်းနေရာဖြစ်၏။
သူ့ခန့်မှန်းမှုများအရဆိုလျှင် ရှေ့ဆက်သွားပါက ကောင်းကင်ဘုရင်အဆင့် နတ်ဆိုးသားရဲများနှင့် တွေ့ရမည်မှာ မလွဲဧကန်ပင်။
ထို့ကြောင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ထားမှဖြစ်မည်။
ရွှမ်ယီ မြေအောက်လှိုဏ်ဂူအတွင်း တင်ပလင်ခွေထိုင်လိုက်ပြီး ဥပဒေသချပ်ပြားလေးများအား ထုတ်ယူလိုက်သည်။ မှောင်မဲ နေသော လှိုဏ်ဂူက အနီရောင်လင်းတန်းများကြောင့် လင်းရှင်းသွား၏။
“ လာစမ်း…”
ရွှမ်ယီ အသက်ပြင်းပြင်းရှုလိုက်ကာ ဥပဒေသစွမ်းအားများအား ခန္ဓာကိုယ်အတွင်း စုပ်ယူလိုက်ပြီး ပင်းယုထံမှ ရရှိထားသော အင်ပါယာအဆင့်ကျင့်စဉ်၏ စွမ်းအင်စီးကြောင်းများအတိုင်း လှည့်ပတ်လိုက်သည်။
ဥပဒေသ ချပ်ပြားလေးများ အကူအညီဖြင့် အပ်စိုက်မှတ်များအတွင်း စိတ်ဝိညာဉ်စွမ်းအင်များ တရိပ်ရိပ် တိုးပွားလာခဲ့သည်။
တစ်ခု.. နှစ်ခု.. သုံးခု……ဆယ်ခု………
ဥပဒေသ ချပ်ပြား (၃၆)ခု ကုန်ဆုံးသွားပြီးနောက် အပ်စိုက်မှတ် (၁၆၀၀၀)အတွင်း စွမ်းအားများ ပြည့်သွားခဲ့သည်။
“ ပျော်၀င်..ပေါင်းစပ်လိုက်စမ်း…”
ရွှမ်ယီ အသံတိုးတိုးဖြင့် ဟစ်ကြွေးလိုက်၏။
ထို့နောက် အပ်စိုက်မှတ်များအတွင်းမှ စိတ်ဝိညာဉ်စွမ်းအင်များ ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီး ငွေရောင်ဘောလုံးလေးတစ်ခုအဖြစ် ပေါင်းစည်းသွားခဲ့သည်။
၎င်းက ခန္ဓာကိုယ်အတွင်းမှ အပ်စိုက်မှတ် (၄၈၀၀၀)သို့ လှည့်လည်သွားလာလိုက်ပြီးနောက် ကွဲတော့မည့်အလား အက်ကြောင်းများဖြစ်ပေါ်လာ၏။
ထို့နောက် ရွှမ်ယီ ဘာမှမလုပ်ရသေးမီ ခန္ဓာကိုယ်က အလိုလိုတုံ့ပြန်ပြီး ဥပဒေသ ချပ်ပြားလေးများအား စုပ်ယူလိုက်လေသည်။ ပြီးလျှင် ငွေရောင်အလုံးလေးထက်မှ အက်ကြောင်းများအား အပ်ချည်ကြိုးများကဲ့သို့ တင်းတင်းကြပ်ကြပ်စည်းနှောင်လိုက်၏။
“ ဖြစ်တည်လိုက်စမ်း…”
ရွှမ်ယီ နောက်တစ်ကြိမ်ကြိုးစားလိုက်၏။ လက်ရှိအချိန်က အရေးကြီးအခိုက်အတန့်သို့ ရောက်နေပြီး အနည်းငယ်မှ သတိမလွတ်ဝံ့ချေ။
ငွေရောင်အလင်းလုံး အဖြစ်ဖွဲ့စည်းခြင်းက လုပ်ငန်းစဉ်၏ ပထမအဆင့်သာဖြစ်သေး၏။ ၎င်းအား ဥပဒေသစွမ်းအားများ သွန်းလောင်းပြီး ဖိနှိပ်ကာ စိတ်ဝိညာဉ်ဒြပ်စင်အဖြစ် ပြောင်းလဲရမည်။
ဘုန်း…
နောက်ထပ် ဥပဒေသ ချပ်ပြား(၉)ခုအား တစ်ပြိုင်တည်း စုပ်ယူလိုက်သည်။
၎င်းက မီးတောက်များအဖြစ်ပြောင်းလဲသွားပြီး စိတ်ဝိညာဉ်ဒြပ်စင်အတွင်း နစ်မြုပ်ပေါင်းစပ်သွား၏။
တစ်ခဏအတွင်း ရွှမ်ယီ မီးပြင်းဖိုတစ်ခုအပေါ် တင်ခံထားရသည့်အလား ခံစားလိုက်ရပြီး အပ်စိုက်မှတ်များမှ ဖြစ်ပေါ်လာသည့် အလွန်ပူလောင်သော ဝေဒနာကြောင့် ကျယ်လောင်စွာ အော်ဟစ်လုမတတ်ပင်ဖြစ်သွားခဲ့၏။
စိတ်ဝိညာဉ်ဒြပ်စင်များအား တည်ဆောက်ခြင်းမှာ ရှေးယခင်ကျင့်ကြံသူများ စတင်ဖော်ဆောင်ခဲ့သော ကောင်းကင်အားဆန့်ကျင်သည့်လုပ်ရပ်ဖြစ်သဖြင့် အံကြိတ်ကာတောင့်ခံလိုက်သည်။
ထို စိတ်ဝိညာဉ်ဒြပ်စင်တစ်ခုချင်းဆီက ကမ္ဘာငယ်တစ်ခု ကြယ်တစ်ခုနှင့်တူညီလှပြီး အပ်စိုက်မှတ်များအတွင်းမှ စိတ်ဝိညာဉ်စွမ်းအားများနှင့် ဥပဒေသစွမ်းအားများအား အသုံးပြုကာ ၎င်းအားအဆက်မပြတ် ပံ့ပိုးပြီး တည်ဆောက်ရခြင်းဖြစ်သည်။
ကောင်းကင်ဘုရင်အဆင့်သို့မရောက်လျှင် သက်တမ်းက နှစ် (၁၀၀၀) ဝန်းကျင်သာရှိပြီး ကောင်းကင်ဘုရင်အဆင့်သို့ရောက်သွားပါက နှစ်ထောင်နှင့်ချီ နေထိုင်နိုင်စွမ်းရှိသည်။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုရင်တစ်ယောက်၏ ခန္ဓာကိုယ်အား စိတ်ဝိညာဉ်ဒြပ်စင်များက အဆက်မပြတ် စွမ်းအားပေးကာ ထောက်ပံ့ပြီး အာဟာရပေးနေသောကြောင့်ဖြစ်သည်။
“ ဖြစ်တည်လိုက်စမ်း…”
ရွှမ်ယီ မြေအောက်ထဲ၌ အလွန်အာရုံစိုက်ကာ လေ့ကျင့်နေခိုက်
ဤမတိုင်မီ သူက ထူးဆန်းသောသားရဲများစွာအား သတ်ဖြတ်ခဲ့သည်ဖြစ်ရာ ထိုဖြစ်စဉ်မှ ဖြစ်ပေါ်လာသည့် လှုပ်ရှားမှုက ကျင့်ကြံသူတစ်ချို့၏ အာရုံကို ဆွဲဆောင်မိလိုက်သည်။
“ အနောက်မြောက်ဘက်မှာ ပြင်းထန်တဲ့ စိတ်ဝိညာဉ်စွမ်းအား လှိုင်းလုံးတွေရှိနေတယ်…”
ငွေရောင်ဝတ်စုံအား ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က တောက်ပသည့်မျက်ဝန်းများဖြင့် ရေရွတ်လိုက်သည်။
သူ့ နောက်ကျောဘက်တွင် တစ်ဒါဇင်ကျော်သော ပုံစံတူဝတ်စုံများဝတ်ဆင်ထားသူများ လေးစားစွာ ရပ်နေကြသည်။
၎င်းတို့က ဖရိုဖရဲဒေသ ရှေးဟောင်းစစ်မြေပြင်အနီးရှိ အဓိကဂိုဏ်းကြီး (၁၀) ခုထဲမှ လေနတ်ဘုရားဂိုဏ်း(ဖန်လဲ့ဂိုဏ်း)မှ ဖြစ်ကြသည်။
လက်ရှိအချိန်တွင် ၎င်းတို့၏တာဝန်က ရှေးဟောင်းစစ်မြေပြင်သို့ လာရောက်ကြသည့် ပြင်ပဒေသများမှ ကျင့်ကြံသူများနှင့် ကျန်ဂိုဏ်းများမှ လူများအား တွေ့သည်နှင့် သတ်ဖြတ်ရန်ဖြစ်သည်။
ရှေးဟောင်းစစ်မြေပြင်အနီးတွင် အဓိကဂိုဏ်းကြီး (၁၀) ခုရှိပြီး ၎င်းတို့အားလုံး ကောင်းကင်ဘုရင်အဆင့် အင်အားစုများဖြစ်ကြသည်။
သူတို့က ရှေးဟောင်းစစ်မြေပြင်မှ သတင်းအား ပိတ်ဆို့ရန် ပူးပေါင်းကြိုးစားခဲ့ကြသော်လည်း ယုရှောင်ယွမ်က ပြင်ပဒေသမှ သူ၏ဂိုဏ်းထံသို့ သတင်းအချက်အလက်များ ပေးပို့ခဲ့ပြီးဖြစ်ရာ လုံခြုံမှုမရှိပေ။
ထို့အပြင် ဖရိုဖရဲဒေသမှ တစ်ချို့ဉာဏ်ကောင်းသူများက သတင်းအချက်အလက်များရရှိခဲ့ပြီး အခွင့်အလမ်းများအားဆုပ်ကိုင်နိုင်ရန်အတွက် ဤနေရာသို့ ရောက်လာနေကြသည်။
ထို့ကြောင့် ရှေးဟောင်းစစ်မြေပြင်အနီးမှ ပူးပေါင်းထားသည့် ရှေးဟောင်းဂိုဏ်းကြီး (၁၀) ခုက ၎င်းတို့၏ တပည့်များအား ခွဲခြမ်းစိတ်ဖြာပြီး ရှေးဟောင်းစစ်မြေပြင်၌ အစောင့်တာဝန်ပေးအပ်ထားခဲ့သည်။
သူတို့ ဂိုဏ်း (၁၀) ခုမှမဟုတ်သော ကျင့်ကြံသူတစ်ယောက် ရောက်လာသည်နှင့် မတော်တဆဖြစ်မည့်ကိစ္စများမှကာကွယ်ရန် ချက်ချင်းသတ်ဖြတ်ပစ်ရမည်ဖြစ်သည်။
“ ဒီအရှိန်အဝါက တော်တော်လေးကြီးတယ်… ကြည့်ရတာ ပြင်ပဒေသကကျင့်ကြံသူတစ်ယောက်ပဲဖြစ်ရမယ်… သွား.. မြင့်မြတ်သားတော်ဆီကို သတင်းပို့ချေ… ပြီးတော့ ငါတို့ကို ကူညီဖို့တောင်းဆိုလိုက်… ကျန်တဲ့လူတွေ ငါ့နောက်လိုက်ခဲ့ကြ… “
ခေါင်းဆောင်ဖြစ်သူ လူငယ်က တောက်ပသောမျက်ဝန်းမျက်ဝန်းများဖြင့် ပြောလိုက်သည်။
သူတို့၏ တာဝန်က ရှေးဟောင်းစစ်မြေပြင်သို့ ထိုးဖောက်ဝင်ရောက်လာသည့် ပြင်ပကျင့်ကြံသူများအား သတ်ဖြတ်ရန်ဖြစ်ပြီး ၎င်းတို့အား သတ်ဖြတ်ပြီးပါက ထိုပစ္စည်းများက သူတို့အပိုင်ဖြစ်သည်။
ယခုကဲ့သို့ ရှေးဟောင်းစစ်မြေပြင်အလယ်သို့ တိုင်အောင် ရောက်လာသည့် ကျင့်ကြံသူများထံတွင် နည်းလမ်းကောင်းများရှိတတ်ပြီး ဤနေရာသို့ ရောက်နေပုံထောက်လျှင် ထူးဆန်းသောသားရဲ အများအပြားကိုလည်း သတ်ဖြတ်ခဲ့ပေလိမ့်မည်။ ၎င်းတို့ထံတွင် စုဆောင်းထားသော ဥပဒေသချပ်ပြား အများအပြား ရှိနိုင်၏။
ထိုဥပဒေသချပ်ပြားများက အလွန်အဖိုးတန်သည်ဖြစ်ရာ ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူများကိုပင် ဆွဲဆောင်နိုင်စွမ်းရှိသည်။
လက်ရှိသူတို့အဆင့်ဖြင့် ၎င်းအားထိရောက်စွာ အသုံးပြုနိုင်စွမ်းမရှိသော်လည်း သူတို့ဆရာများထံသို့ ပြန်ပေးကာ အဖိုးတန်သော ရတနာများဖြင့် လဲလှယ်နိုင်သည်။
ထိုငွေရောင်ဝတ်စုံအား ဝတ်ဆင်ထားသော ခေါင်းဆောင်လူငယ်က သူ၏နောက်လိုက်များနှင့် ဤ (၁၀) ရက်ကျော်အတွင်း ရှေးဟောင်းစစ်မြေပြင်၌ လှည့်ပတ်သွားလာကာ အကျိုးအမြတ်များစွာ ရရှိခဲ့သည်။
မနေ့ကမှ ၎င်းတို့အား ဆရာဖြစ်သူထံတွင် ရတနာတစ်ခုနှင့်လဲလှယ်ခဲ့ပြီး ယုံကြည်မှုများမြင့်တက်နေခဲ့သည်။
ထို့ကြောင့် ယခုတွေ့ရှိသော သားကောင်အား လက်လွှတ်မခံနိုင်ပေ။
“ ငါ့နောက်လိုက်ခဲ့ကြ…”