← Chapters

အခန်း (၃၃၈)

Vol. 23 Ch. 338

အခန်း (၃၃၈)

Vol. 23 Ch. 338

ငွေရောင်ဝတ်စုံဖြင့် ခေါင်းဆောင်လူငယ်က အော်ဟစ်အမိန့်ပေးလိုက်ပြီး သူ၏ဆရာ ပေးအပ်ထားသော လမ်းပြမြေပုံအား ထုတ်ယူအသုံးပြုလိုက်သည်။

ထိုမြေပုံက ဂိုဏ်းကြီး (၁၀) ဂိုဏ်းမှ ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူများက သူတို့တပည့်များအတွက် အန္တာရယ်ကင်းမည့် လမ်းကြောင်းများရှာဖွေကာ ရေးဆွဲပေးထားခြင်းဖြစ်သည်။

တစ်ခဏအတွင်း သူတို့က ပြင်းထန်သော အရှိန်အဝါအတက်အကျများ ထွက်ပေါ်နေသည့် တောအုပ်သို့ရောက်လာခဲ့ကြသည်။

ဤတောအုပ်က တစ်ခြား‌နေရာများနှင့် အနည်းငယ် ကွဲပြားနေဟန်ရသည်။

သို့သော် တစ်ခဏအကြာတွင် မြေအောက်မှ အလွန်ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာပြီး ပတ်ဝန်းကျင်အား ငလျင်တစ်ခုအလား လှုပ်ခတ်သွားစေခဲ့သည်။

“ ဒီအရှိန်အဝါ…”

ငွေရောင်ဝတ်စုံဖြင့် ခေါင်းဆောင်လူငယ် မျက်နှာပျက်သွားပြီး ချက်ချင်းနောက်သို့ ပြန်ဆုတ်လိုက်သည်။

သူ၏နောက်လိုက်များလည်း ချက်ချင်းနောက်ပြန်ဆုတ်လိုက်ကြ၏။

ထို့နောက် မြေပြင်က ဝုန်းခနဲ ကွဲထွက်သွားပြီး ကြီးမားသော ချိုင့်ဝှမ်းတစ်ခုဖြစ်သွားကာ ၎င်းအတွင်းမှ စိမ်းပြာရောင် အလင်းများဖြာထွက်နေသည့် ပုံရိပ်တစ်ခု လေပေါ်သို့ မြောက်တက်လာပြီး မြေပေါ်သို့ ပြန်ဆင်းလိုက်သည်ကို တွေ့လိုက်ရသည်။

ထိုပုံရိပ်၏နောက်ကျောဘက်တွင် ကြယ်ကြီးနှစ်ပွင့်က စိတ်ဝိညာဉ်စွမ်းအားများ တဟုန်းဟုန်းတောက်လောင်နေကာ ကြောက်မက်ဖွယ်အရှိန်အဝါများဖြာထွက်လျက် လေထဲ၌ ပျံဝဲနေသည်။

ထိုလူငယ်က အစိမ်းရောင်ဝတ်ရုံအား ဝတ်ဆင်ထားပြီး ညာဖက်လက်၌ ဓါးတစ်ချောင်းအား ကိုင်ဆွဲထားကာ မျက်ဝန်းများက ကြယ်များအလား တောက်ပနေပေသည်။

သူ၏ ပုံပန်းသွင်ပြင်က သာမန်နှင့်ထူးမခြားနားစွာ ရိုးရိုးရှင်းရှင်းဖြစ်သော်လည်း လူတိုင်းအား နက်ရှိုင်းသော ခံစားချက်တစ်ခုပေးစွမ်းနေသည်။

ထိုလူက သဘာဝအတိုင်း ရွှမ်ယီ ဖြစ်ပေသည်။

ဥပဒေသချပ်ပြား (၃၉၂) ပြားကို သူ သန့်စင်ခဲ့ပြီး ရလဒ်က စိတ်ကျေနပ်စရာ အတိပင်ဖြစ်၏။

ပုံမှန်ကျင့်ကြံသူများ အနေဖြင့် ဆယ်စုနှစ်တစ်ခုဝန်းကျင်လောက် ကြိုးစားမှရရှိမည့် ရလဒ်ဖြစ်သော စိတ်ဝိညာဉ်ဒြပ်စင်နှစ်ခုအား နေ့ဝက်အတွင်း တည်ဆောက်နိုင်ခဲ့သည်။

ဤသို့ဖြင့် ကောင်းကင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ရန် သိပ်မလိုတော့ချေ။

“ ရှေးဟောင်းစစ်မြေပြင်ကို ဝင်ခွင့်ပိတ်ထားတယ်… ဂိုဏ်းကြီး (၁၀) ခုကလွဲပြီး တစ်ခြားဘယ်သူမှ ဝင်လို့မရဘူး… မလိုက်နာရင် အသတ်ခံရမယ်… “

ရွှမ်ယီ၏ နောက်ကျောဘက်မှ တောက်ပနေသော စိတ်ဝိညာဉ်ဒြပ်စင်ကြယ် (၂) လုံးအား ရှင်းလင်းစွာ မြင်နေခဲ့ရပြီး ငွေရောင်ခေါင်းဆောင်၏ မျက်နှာအမူအယာ အမျိုးမျိုး ပြောင်းလဲသွားသော်လည်း နောက်ဆုံးတွင် အေးဆေးသော အမူအယာဖြင့် အော်ပြောလိုက်သည်။

ရွှမ်ယီ ၎င်းတို့အား အနည်းငယ်မျက်မှောက်ကြုတ်ပြီး ကြည့်လိုက်သည်။ အစပိုင်းတွင် ၎င်းတို့က သူသတ်ခဲ့သော လူများနှင့် ဂိုဏ်းတစ်ခုတည်းမှဟု ထင်ခဲ့သည်။

ယခုတွင် သူတို့သတ်မှတ်ထားသော စည်းကမ်းချက်များကို ကြားလိုက်ပြီး ထို ဂိုဏ်းကြီး (၁၀) ခုနှင့် ပတ်သက်ရန် စိတ်မဝင်စားတော့ချေ။

ရွှမ်ယီက သူတို့အား လျစ်လျူရှုချင်ခဲ့သော်လည်း ငွေရောင်ဝတ်စုံနှင့် ကျင့်ကြံသူများက ရွှမ်ယီအား ထိုသို့လုပ်ရန် အခွင့်အရေးမပေးခဲ့ချေ။

သူတို့က ရွှမ်ယီ၏ ကျင့်ကြံမှုအား မြင်ခဲ့ကြပြီးဖြစ်သော်လည်း ကျူးကျော်ဝင်ရောက်လာသူက အစွမ်းထက်လေ ၎င်းတို့ပိုင်ဆိုင်ထားသော အရင်းအမြစ်များက ပိုများလေဖြစ်သောကြောင့် ပို၍ပင် လောဘတက်သွားခဲ့ကြ၏။

“ ညီအကိုတို့… အစီအရင်ပုံစံဖော်လိုက်တော့… ဒီလူကို သတ်ပြီး ပစ္စည်းတွေယူကြရအောင်…”

ခေါင်းဆောင်ဖြစ်သူက အော်လိုက်ပြီး သူ့လက်ထဲသို့ အလံတစ်ချောင်းနှင့်တူညီသော မှော်ရတနာတစ်ခုရောက်ရှိလာခဲ့သည်။ ထို့နောက် ၎င်းမှနေပြီး အလင်းတန်း (၁၃) ခုထွက်ပေါ်လာခဲ့သည်။

သူ့နောက်ဘက်တွင်ရှိသော ကျင့်ကြံသူ (၁၃) ယောက်ကလည်း တစ်ပြိုင်တည်းတုံ့ပြန်လိုက်ကြပြီး ၎င်းတို့ စိတ်ဝိညာဉ်များက ထိုထွက်ပေါ်လာသော အလင်းတန်းများနှင့် တစ်သားတည်းဖြစ်သွား၏။

ရုတ်တရက် ထိုကျင့်ကြံသူ (၁၃) ယောက်၏ အလယ်တွင် ကြောက်မက်ဖွယ်အရှိန်အဝါများဖြင့် ငွေရောင် ရေနဂါးကြီးတစ်ကောင် ဖြစ်ပေါ်လာသည်။ ၎င်းက ပေရာနှင့်ချီ ရှည်လျားပြီး ရွှမ်ယီအား ကြောက်မက်ဖွယ်မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။

ခေါင်းဆောင်လူငယ်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ဤ အလံက ဂိုဏ်းမှပေးအပ်ထားသော မှော်လက်နက်တစ်ခုဖြစ်သည်။ ၎င်းအား အသုံးပြုကာ လူ (၁၃) ယောက်တို့ထံမှ စွမ်းအားများကို စုစည်းအသုံးပြုနိုင်သည်။

လက်ရှိဆင့်ခေါ်ထားသော ငွေရောင်‌ရေနဂါးအား ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူများကသာ သတ်ပစ်နိုင်စွမ်းရှိ၏။

သို့သော် သူက ချက်ချင်းတိုက်ခိုက်ရန် အမိန့်မပေးခဲ့ချေ။ ရွှမ်ယီ၏ စွမ်းအားက အလွန်မှင်သက်စရာ ကောင်းလွန်းသောကြောင့် သူ့စိတ်ထဲတွင် ရဲတင်းသော အကြံတစ်ခု ပေါ်လာခဲ့သည်။

“ မင်းမသေချင်ရင် ငါ့ဆီမှာ အညံ့ခံလိုက်… မင်းရရှိထားတဲ့ နတ်ဘုရားအရင်းအမြစ်အားလုံး ငါ့ကိုပေးပြီးတော့ သနွေပြောင်း နတ်ဆိုးသားရဲတွေကို အမဲလိုက်ပေး… အနှစ် (၁၀၀၀)… အနှစ် (၁၀၀၀) ပဲ… အဲ့တာပြီးရင် မင်းကို လွတ်လပ်ခွင့်ပြန်ပေးမယ်…”

ဟမ်…

ရွှမ်ယီ အနည်းငယ်အံ့ဩသွား၏။

ထိုငွေရောင်ဝတ်စုံနှင့်လူငယ်၏ စကားက ဒေါသထွက်စရာ မကောင်းသည့်အပြင် အနည်းငယ် ရယ်စရာပင်ကောင်းနေခဲ့သည်။

“ စီနီယာအကိုရဲ့ အကြံကအရမ်းကောင်းတယ်… ဒီလူကိုသာ ကျွန်ခံခိုင်းပြီး အမဲလိုက်ခိုင်းလို့ရှိရင် ကျွန်တော်တို့ ဥပဒေသချပ်ပြားတွေ စုဆောင်းတဲ့ အရှိန်အဟုန်က အများကြီး တိုးလာမှာ အသေအချာပဲ… အဲ့ဒီအခါကျရင် ဆရာဆီကနေပြီး နောက်ထပ်ရတနာတွေ လဲလှယ်နိုင်လိမ့်မယ်…”

နောက်လိုက် (၁၃) ယောက်ထဲမှ တစ်ယောက်က ဝင်ရောက်ထောက်ခံကာ ပြောလိုက်ခြင်းဖြစ်၏။

သူ့စိတ်ထဲတွင် ရွှမ်ယီ ကြောက်နေပြီဟု ထင်နေခဲ့သည်။

ရွှမ်ယီက အနည်းငယ်မျက်ခုံးပင့်လိုက်ပြီး

“ ငါ့ကို ကျွန်ခံခိုင်းနေတာလား… မင်းက ထိုက်တန်လို့လား…”

“ သေမင်းကို မတွေ့မချင်း ကြောက်ရကောင်းမှန်း မသိသေးဘူးပဲ…”

ငွေရောင်ဝတ်စုံဖြင့် ခေါင်းဆောင်လူငယ်က လှောင်ပြောင်စကားဆိုလိုက်ပြီး လက်တွင်းမှ စိတ်ဝိညာဉ်ဒြပ်စင်တစ်ခုအား ငွေရောင်ရေနဂါးထံသို့ ပစ်ထည့်လိုက်သည်။

“ ဂရား…”

ငွေရောင်၀တ် ခေါင်းဆောင် လူငယ်၏ ထိန်းချုပ်မှုအောက်တွင် ငွေရောင် ရေနဂါးကြီးက ဟိန်းဟောက်ပြီး ရွှမ်ယီထံသို့ ပြေး၀င်သွားလေသည်။

“ မိုက်မဲတယ်…”

ရွှမ်ယီက ဟိန်းဟောက်နေသော ရေနဂါးကြီးအား မျက်လုံးမှေးကာကြည့်လိုက်သည်။

သူက ကောင်းကင်ဘုရင်အဆင့်နားသို့ ချဉ်းကပ်စပြုနေပြီဖြစ်ပြီး အစွမ်းထက် အင်ပါယာအဆင့် ကျင့်စဉ်အား လေ့ကျင့်ထားသည်ဖြစ်ရာ ခန္ဓာကိုယ်ကလည်း အလွန်သန်မာပြီး မည်မျှ သန်မာကြောင်းမိမိကိုယ်ကိုယ်ပင် မခန့်မှန်းတတ်ပေ။

သေချာသည်က သာမန်အစောပိုင်းကောင်းကင်ဘုရင်ထက်တော့ သန်မာ၏။

ထို့ကြောင့် ရေနဂါးကြီး၏ တိုက်ခိုက်မှုအား လျစ်လျူရှုပြီး လက်သီးဖြင့် လှမ်းထိုးလိုက်သည်။

အုန်း…

ထိုလက်သီးချက်က ငွေရောင် ရေနဂါးကြီးအား ပြင်းပြင်းထန်ထန် ကွဲအက်သွားစေခဲ့သည်။

ဝေါ့…

တန်ပြန်သက်ရောက်မှုကြောင့် ဖွဲ့စည်းမှု အစီအရင်အတွင်းမှ (၁၃)ယောက်လုံး သွေးအန်လိုက်ရ၏။

အစီအရင်အလံကလည်း အရင်းမှစပြီး အက်ကြောင်းများပေါ်လာကာ တစ်စစီကွဲအက်သွားခဲ့သည်။

ထို့နောက် မီးခိုးများအဖြစ် ပြောင်းလဲ ပျောက်ကွယ်သွားတော့၏။

အားလုံးထဲတွင် အစီအရင်အား အဓိက ကြိုးကိုင်ထိန်းချုပ်ထားပြီး ခေါင်းဆောင်လူငယ်က အခြေအနေအဆိုးဆုံးပင်။

တန်ပြန်သက်ရောက်မှုကြောင့် အစီအရင်အလံပျက်စီးသွားရာ သူ့စိတ်ဝိညာဉ်ကလည်း တစ်စစီကွဲထွက်မတတ် နာကျင်သွား၏။

ထိုမျှမက သူတို့၏ သေခြင်း ရှင်ခြင်းတိုက်ပွဲများတွင် အကူအညီပေးခဲ့သော အစီအရင်အလံက ပျက်စီးသွားချေပြီ။

နှလုံးသားအတွင်း သွေးများ ယိုစီးကျနေပြီဖြစ်၏။

ရှပ်..ရှပ်…

ရွှမ်ယီက ထိုလူအုပ်ရှေ့သို့ တစ်လှမ်းခြင်းလျှောက်သွားလိုက်ပြီး မြေပြင်ထက်၌ လဲကျနေသည့် ခေါင်းဆောင်လူငယ်အား ကောက်မလိုက်သည်။

ထို့နောက် ထူးမခြားနားသော လေသံဖြင့်

“ ကိုင်း…အခု ငါမေးတာကို မင်းဖြေရမယ့် အချိန်ရောက်ပြီ….”

All Chapters