အခန်း (၃၄၂)
Vol. 23 Ch. 342
ပတ်၀န်းကျင် တစ်ခုလုံး တုန်ခါသွားကာ ရှေးဟောင်း ဖရိုဖရဲဂိုဏ်းမှ တစ်ဖွဲ့တစ်ခုလုံး ပရမ်းပတာဖြစ်သွား၏။
နတ်အလင်းတန်းက မြင်ရသူတိုင်းကို ထိတ်လန့်သွားစေပြီး ရှေးဟောင်း ဖရိုဖရဲဂိုဏ်းမှလူများ နောက်သို့ မိုင်ပေါင်းများစွာတိုင်အောင် ဆုတ်ခွာလိုက်ကြသည်။ ၎င်းက ကျန်ဂိုဏ်းကြီးများကိုလည်း ဆွဲဆောင်မိသွား၏။
“ အဲ့တာ လေနတ်ဘုရားဂိုဏ်းက မဟာအကြီးအကဲ ကောင်းကင်ဘုရင် ယုလီပဲ…”
“ အဲ့တာက ရှေးဟောင်း လန်ဂိုဏ်း သခင်လည်း ရောက်လာပြီ… အဲ့မှာ ဘာတွေဖြစ်နေတာလဲ…”
တပ်ဖွဲ့အနောက်ပိုင်းတွင်ရှိနေသူများက စူးစမ်းလိုသော မျက်၀န်းများဖြင့် အရှေ့သို့ လှမ်းကြည့်နေကြ၏။
လျှောက်လမ်းရှေ့သို့ ကောင်းကင်ဘုရင်များရောက်လာခဲ့ပြီး ၎င်းတို့ထဲမှ တချို့၏ စွမ်းအားများက အလွန်ပြင်းထန်လှသည်။
ရွှမ်ယီ၏ မျက်၀န်းများထဲ၌ အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ ရှေးဟောင်းစစ်မြေပြင် အနီးမှ ဂိုဏ်းကြီး(၁၀)ဂိုဏ်းက ထိုမျှ အင်အားတောင့်တင်းမည်ဟု ထင်မှတ်မထားခဲ့ချေ။
အရှုပ်အထွေး လှုပ်ခတ်မှုများကြောင့် ကောင်းကင်ဘုရင်အဆင့် (၁၂)ယောက်နှင့် ဒါဇင်နှင့်ချီသော ထိပ်တန်းကျင့်ကြံသူများ ရောက်လာခဲ့ကြ၏။
လျှောက်လမ်းအတွင်းမှ ထွက်ပေါ်လာခဲ့သည့် နတ်အလင်းတန်းက ပျောက်ကွယ်သွားပြီး မျက်နှာကျက်မှ ကျလာသော ကျောက်တုံးလေးက အသက်ကင်းမဲ့သွားဟန်ဖြင့် သဲများ ဖုန်များကြား ရောနှောသွားခဲ့သည်။
ကောင်းကင်ဘုရင်များ ချက်ချင်းရောက်လာခဲ့ကြသော်လည်း ၎င်းတို့အားလုံး နံရံပေါ် ရေးထွင်းထားသည့် လျှို့ဝှက်ဆန်းကျယ်သော အစီအရင်များကိုသာ အာရုံစိုက်နေကြပြီး ထိုကျောက်တုံးလေးအား မည်သူမှ သတိမပြုမိကြချေ။
ရွှမ်ယီက ၎င်း၏ တည်နေရာအား လျှို့ဝှက်မှတ်သားထားလိုက်သည်။ ထိုစဉ် ရောက်လာသော ကောင်းကင်ဘုရင်များ လျှောက်လမ်းအား စစ်ဆေးကြည့်ရှုနေရင်း တစ်စုံတစ်ခုအား တွေ့သွားကြ၏။
“ ဒါက မြေအောက်နန်းတော်မှာ နေသွားတဲ့ အဓိပဓိ ဆရာသခင်တစ်ဦး ချန်ထားခဲ့တဲ့ အကာအကွယ် အစီအရင်တစ်ခုပဲ… အထဲမှာရှိတဲ့အရာတွေကို ကာကွယ်ထားခဲ့တာ ဖြစ်မယ်…”
အစီအရင်များနှင့် ပတ်သက်ပြီး ကျွမ်းကျင်သော ကောင်းကင်ဘုရင်တစ်ဦးက မှတ်ချက်ပေးလိုက်သည်။
သူက မိနစ်(၃၀)ကျော်ကြာ လေ့လာကြည့်ရှုခဲ့ပြီး နောက်သို့ ပြန်လျှောက်လာခဲ့၏။ စိတ်ကျေနပ်မှု အပြည့်အ၀ မရသေးသည့်တိုင် တော်တော်လေး အကျိုးများခဲ့သည်။
ကျန်ကောင်းကင်ဘုရင်များကမူ မျက်နှာ ပျက်နေကြချေပြီ။ ယခု တွေ့ရသော အစီအရင်က ပြည့်စုံနေဆဲဖြစ်ပြီး ယခင်တွေ့ခဲ့ရသည့် ပျက်စီးနေသော အစီအရင်များနှင့် မတူချေ။ အနည်းငယ် ပျက်စီးနေလျှင် ၎င်းအား ဖျက်ဆီးရန် ဖြစ်နိုင်သေး၏။ ယခုတွင် ဖြစ်နိုင်ချေ မရှိတော့ပေ။
“ အင်ပါယာအဆင့် တစ်ယောက် ဖိတ်ခေါ်ကြမလား….”
ကောင်းကင်ဘုရင်တစ်ယောက်က ပြောလိုက်၏။ လူတိုင်း ထိုလူ ပြောချင်သော အဓိပ္ပါယ်ကို နားလည်ကြပေသည်။
ဤ အစီအရင်က အလွန်အားကောင်းသော်ငြား အချိန်၏ တိုက်စားမှုအောက်တွင် မူလတုန်းကလောက် အစွမ်းထက်တော့မည်မဟုတ်ရာ အင်ပါယာအဆင့်တစ်ယောက်ဆိုပါက ဖျက်ဆီးနိုင်ပေလိမ့်မည်။
သို့သော် အင်ပါယာအဆင့်တစ်ယောက် ဖိတ်ခေါ်လိုက်ပါက မြေအောက်နန်းတော်မှ အကျိုးအမြတ်များအား သူတို့ ရနိုင်တော့မည်မထင်ပေ။ ၎င်းက မောင်ပိုင်စီးသွားပေလိမ့်မည်။
“ ကျုပ်တို့မှာ တခြားရွေးချယ်စရာ ရှိသေးလား…”
ကောင်းကင်ဘုရင် (၁၂)ယောက်လုံး တိတ်ဆိတ်သွားကြ၏။
လက်ရှိအခြေအနေကြောင့် သူတို့အားလုံး အလွန် ဘေးကျပ်နံကျပ်ဖြစ်နေကြသည်။
သို့သော် သူတို့ နောက်ကျောဘက်မှ ညင်သာသော စကားသံတစ်ခု ထွက်ပေါ်လာ၏။
ဖြူဖွေးသော ဆံပင် ၊ ရှည်လျားသော မုတ်ဆိတ်များနှင့် လူအိုကြီးတစ်ယောက် လူအုပ်ကြားထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
“ ငါ့မှာ အဲ့ဒီအစီအရင်ကို ချိုးဖျက်နိုင်တဲ့ မှော်ရတနာတစ်ခုရှိတယ်… အဲ့ပေမယ့် အဲ့တာက စွမ်းအားအများအပြား ကုန်စေလိမ့်မယ်… ဒီတော့ အတားအဆီးကို ချိုးဖျက်ပြီးတဲ့အခါကျရင် အထဲမှာ ဘာပဲရှိရှိ ငါရဲ့ လေဟာနယ် ပိတ်ဆို့ခြင်းဂိုဏ်းကို (၂၀)ရာခိုင်နှုန်းပေးရမယ်….”
ရွှမ်ယီ၏ မျက်၀န်းများ မှေးကျဉ်းသွားလေသည်။ ထို ဆံဖြူအဘိုးကြီးထံမှ အန္တရာယ်ဟူသော ခံစားချက်တစ်ခု ရလိုက်သောကြောင့်ဖြစ်၏။
သူက ကောင်းကင်ဘုရင်တစ်၀က်အဆင့်သို့ ရောက်နေပြီဖြစ်ပြီး အလယ်အလတ်ကောင်းကင်ဘုရင် တစ်ယောက်ကိုပင် တိုက်ခိုက်နိုင်စွမ်းရှိသည်။
သို့သော် ထိုအဘိုးအိုထံမှ ပြင်းထန်သော ခြိမ်းခြောက်မှုအား ခံစားနေမိ၏။
ပင်းယုနှင့် ထံမှ ရရှိသော ခံစားချက်နှင့် တူညီသည့် ခံစားချက်မျိုးလည်း ပေးစွမ်းနေသည်။
ထိုအဘိုးအိုက အထွတ်အထိပ် ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး အင်ပါယာအဆင့် တံခါး၀သို့ ရောက်နေသူဖြစ်ရမည်။
ရှေးဦးစွာ ရောက်နေသည့် ကောင်းကင်ဘုရင် (၁၂)ယောက်တို့က ရွှမ်ယီထက် ထိုအဘိုးအိုအကြောင်း ပိုသိထားကြသည်။
၎င်းက အနှစ်(၁)သိန်းကြာ ရှင်သန်နေထိုင်ခဲ့သော သက်ရှိရုပ်ကြွင်းတစ်ဦးဖြစ်ပြီး လေဟာနယ် ပိတ်ဆို့ခြင်းဂိုဏ်း၏ အခြေခံအုတ်မြသ်လည်းဖြစ်သည်။
ဘုရင်အဆင့်သို့ရောက်လျှင် သက်တမ်းက နှစ်(၁)ထောင်အထက် ဖြစ်သွားမည်ဖြစ်ပြီး ကောင်းကင်ဘုရင်အဆင့်သို့ရောက်လျှင် နှစ်ပေါင်း(၁)သောင်း အထက်ဖြစ်သွားပေလိမ့်မည်။
သို့သော် ကောင်းကင်ဘုရင်များအတွက် ယေဘုယျ သက်တမ်းက နှစ်(၂)သောင်း ၊ (၃)သောင်းသာဖြစ်ပြီး နှစ်(၅)သောင်းအထိ နေနိုင်သူပင် အလွန်ရှားပါး၏။
သို့သော် ထိုသက်ရှိရုပ်ကြွင်းဟု ဆိုနိုင်သော အဘိုးအိုက အင်ပါယာအဆင့်သို့ မရောက်သေးသော်လည်း နှစ်ပေါင်း(၁)သိန်းထိ ရှင်သန်နေထိုင်ခဲ့သည်။
ကောင်းကင်ဘုရင်အဆင့်၌ ၎င်းအား အနိုင်ယူနိုင်သူ သိပ်မရှိပေ။
ကောင်းကင်ဘုရင်များအကြား၌ အလွန်ကျော်ကြားသူ တစ်ဦးဖြစ်၏။
ကျန်ဂိုဏ်းများမှ ကောင်းကင်ဘုရင်များ တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် အံကြိတ်ကာ ခေါင်းညိတ်လိုက်ပြီး
“ ကောင်းပါပြီ… စီနီယာ ပြောသလိုလုပ်ကြတာပေါ့… ကျုပ်တို့အနေနဲ့ ကန့်ကွက်စရာမရှိပါဘူး…”
လေဟာနယ် ပိတ်ဆို့ခြင်း ဂိုဏ်းမှ အဘိုးအိုက ပြုံးလိုက်သော်လည်း မျက်၀န်းများကမူ အေးစက်နေခဲ့၏။
သူ့တွင် သက်တမ်းသိပ်မကျန်တော့သောကြောင့် ဤမျှ စိတ်ရှည်လက်ရှည်ဖြင့် ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက ၎င်းတို့အားလုံးကို သတ်လိုက်ပြီး ဖြစ်ချေရော့မည်။ လျှို့ဝှက်ချက်အား မျှဝေသည်ထက် တစ်ယောက်တည်း သိမ်းပိုက်သည်က ပိုကောင်းသည် မဟုတ်ပေလော။
ထိုအဘိုးအို၏ အကြည့်များက လူအုပ်ဘက်သို့ ကျရောက်သွား၏။ သူဝေ့ကြည့်လိုက်စဉ် ရွှမ်ယီ အပေါ်၌ ခေတ္တမျှ ရပ်တန့်သွားခဲ့သေးသည်။ သို့သော် သတိတော့ မထားမိခဲ့ချေ။
ထို့နောက် ကောင်းကင်ဘုရင်များထံ၌ အကြိမ် များစွာ ရပ်တန့်သွားခဲ့သည်။
ထို့အခါ ကောင်းကင်ဘုရင်များ၏ နှလုံးသားများ တင်းကြပ်သွားခဲ့ပြီး မိမိတို့ ခေါင်းဆောင်များထံသို့ သတင်းပို့နိုင်သည့် ပစ္စည်းများအား တင်းကြပ်စွာ ကိုင်ထားမိလိုက်ကြ၏။
သူတို့ အလွန်အမင်း သတိထားနေခဲ့ကြသည်။
သို့သော် ဆံဖြူအဘိုးအိုက ကြည့်ရုံသာကြည့်ပြီး ဘာမှမလုပ်ခဲ့ချေ။
ထို့နောက် သူ၏ လက်အား ဝှေ့ယမ်းလိုက်လျှင် အင်္ကျီလက်အိုးအတွင်းမှ အပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
၎င်းက ရိုးရှင်းသော ကြေးဝါ မှန်တစ်ချပ်ဖြစ်သော်လည်း ၎င်းအပေါ်၌ ရေးထွင်းထားသည့် ရှေးဟောင်း ရုန်းများက လျှောက်လမ်းအတွင်းရှိ အစီအရင်များအောက် မကျပေ။
“ လေဟာနယ်ရောင်ပြန်ကြေးမုံ…”
ကောင်းကင်ဘုရင်များအားလုံး ထိတ်လန့်သွားပြီး ထိုအရာအား မက်မောစွာ ငေးကြည့်မိလိုက်ကြ၏။ ရွှမ်ယီပင် တော်တော်လေး အံ့အားသင့်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ၎င်းက ပြီးပြည့်စုံသည့် တာအိုလက်နက်တစ်ခုဖြစ်ပြီး ကောင်းကင်ဘုရင်တစ်ယောက်က ၎င်းအား အပြည့်အ၀အသက်သွင်းနိုင်စွမ်းမရှိသည့်တိုင် အဆင့်တူတွင် ပြိုင်ဘက်ကင်းသည်ဟု ဆိုနိုင်၏။
သို့သော် ရွှမ်ယီအနေဖြင့် အနည်းငယ်မျှ ကြောက်လန့်သလို မခံစားမိပေ။ အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် (၃)ကြိမ်တိတိအသုံးပြုနိုင်သည့် ဧရာမဝှက်ဖဲကြီးတစ်ချပ် ရှိနေသောကြောင့်ပင်။
ဆံဖြူအဘိုးအိုက ပတ်၀န်းကျင်မှ တပ်မက်သည့် အကြည့်များကို လျစ်လျူရှုလိုက်ပြီး လေဟာနယ်ပိတ်ဆို့ခြင်းဂိုဏ်းမှ လျှို့ဝှက်နည်းလမ်းအားအသုံးပြုကာ ကြေးဝါမှန်အတွင်းသို့ စိတ်ဝိညာဉ်စွမ်းအားများ ထည့်သွင်းလိုက်သည်။
ထို့နောက် ကြေးဝါမှန်၏ မျက်နှာပြင်က တောက်ပလင်းထိန်လာခဲ့ပြီး ဆန်းကြယ်သော စွမ်းအားများထွက်ပေါ်လာကာ အကာအကွယ်အစီအရင်အား တိုက်ရိုက်ချိုးဖျက်လိုက်၏။
အစောပိုင်းတွင် ကောင်းကင်ဘုရင်(၁၂)ယောက်အား အလွန်ခေါင်းကိုက်နေစေခဲ့သည့် အစီအရင်က နေရောင်နှင့် ထိတွေ့သော ဆီးနှင်းအလား ပျောက်ကွယ်သွားပြီး နောက်ကွယ်မှ အရာများ ထွက်ပေါ်လာလေသည်။
ရွှစ်….