အခန်း (၃၄၃)
Vol. 23 Ch. 343
ကောင်းကင်ဘုရင်များက ရှေ့ဆုံးမှ ၀င်သွားကြပြီး ကျန်သူများလည်း လျှောက်လမ်းအတိုင်း အော်ဟစ်ကာ ပြေးလိုက်သွားကြ၏။
ရွှမ်ယီလည်း လူအုပ်အကြား ရောနှောပြီး လိုက်ပါလာခဲ့သည်။ သူက အစောပိုင်းတွင် နတ်အလင်းထွက်ပေါ်လာသည့် ကျောက်တုံးလေးအား ရှာဖွေရန်သာ အာရုံစိုက်ထား၏။
အစီအရင်ပျက်စီးသွားပြီးဖြစ်သော်လည်း ဤနေရာတွင် ဆန်းကျယ်သည့် ဖိနှိပ်မှုများ ရှိနေဆဲပင်။
နတ်အသိလည်း အလွန်ဖိနှိပ်ခံနေရပြီး မျက်စိဖြင့်သာ ရှာဖွေနိုင်သည်။
အခက်အခဲများစွာဖြင့် ကြိုးစားရှာဖွေခဲ့ပြီး နောက်ဆုံးတွင် ကျောက်တုံးလေးအား ရှာတွေ့သွား၏။
ထို့အချိန်တွင် လျှောက်လမ်းအဆုံးမှ ကောင်းကင်ဘုရင်တစ်ယောက်၏ အံ့အားသင့်စွာ ရေရွတ်သံ ထွက်ပေါ်လာသည်။
“ ဘုရားရေ.. ဒီနေရာက ဘာလဲ…”
လူအုပ်ကြီးတစ်ခုလုံး ဆွဲဆောင်ခံလိုက်ရ၏။ ရွှမ်ယီလည်း ချွင်းချက်မဟုတ်ချေ။
ကျေက်တုံးလေးအား အင်္ကျီလက်အိုးအတွင်း သိမ်းဆည်းလိုက်ပြီး လူအုပ်နှင့်အတူ ရှေ့သို့ လိုက်ပါပြေးသွားလိုက်သည်။
လမ်းဆုံးရောက်သွားလျှင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ရွှမ်ယီ မှင်သက်သွားရ၏။
ထိုနေရာ၌ အလွန်လက်ရာမြောက်သည့် သလင်းကျောက်နန်းတော်တစ်ခု ရှိနေခဲ့သည်။ နှစ်သန်းပေါင်းများစွာ ကြာသွားသည့်တိုင် ၎င်းအထက်၌ အခြစ်ရာလေးပင်မရှိဘဲ ပကတိအကောင်းတိုင်းရှိနေသေး၏။
ထိုနန်းတော်၏ အလယ်ဗဟို၌ အလွန်တန်ဖိုးရှိဟန်ရသော မီးခိုးရောင် ကျောက်တုံးများစွားရှိနေခဲ့သည်။
သို့သော် သူတို့၏ နတ်အသိများက ဖိနှိပ်ခံထားရသည်ဖြစ်ရာ နန်းတော် အပြင်မှနေပြီး ဘာမှ မသိနိုင်ချေ။
သူတို့အနေဖြင့် မြေအောက်နန်းတော်သို့ ရောက်ရှိသည်မှာ ရက်ပေါင်းဒါဇင်နှင့်ချီ ကြာနေပြီဖြစ်သောကြောင့် ထိုသို့ အကောင်းအတိုင်းရှိနေသည့် အဆောက်အအုံများက အန္တရာယ်အရှိဆုံးဖြစ်ကြောင်း ကောင်းစွာ နားလည်ထားကြ၏။
ကောင်းကင်ဘုရင်များက နှောင့်နှေးခြင်းမရှိဘဲ နောက်သို့လှည့်ကာ အမိန့်ပေးလိုက်သည်။
“ သွား… မင်းတို့အရင် အထဲ၀င်ပြီး ရှာဖွေလိုက်… တွေ့တဲ့ဟာမှန်သမျှ မင်းတို့ ယူနိုင်တယ်….”
ရှေးဟောင်း ဖရိုဖရဲဂိုဏ်းမှ အကြီးအကဲက ဂိုဏ်းသားများအား မက်လုံးပေးလိုက်သည်။ ဤနေရာ၌ နတ်အသိက ကန့်သတ်ခံထားရပြီး သိုလှောင်ပစ္စည်းများကို အသုံးမပြုနိုင်သောကြောင့် ထိုတပည့်များအနေဖြင့် မည်သည့် အဖိုးတန်းအရာကိုမှ မသယ်ဆောင်နိုင်သည် ဖြစ်ရာ အဘယ်ကြောင့် အရင်ပေးမ၀င်ရမည်နည်း။
ရွှမ်ယီလည်း လူအုပ်ကြားထဲရှိနေခဲ့ကာ ထိုအကြီးအကဲအားကြည့်ပြီး လှောင်ပြုံးပြုံးလိုက်၏။
ထိုကောင်းကင်ဘုရင်များအားလုံး မီးခိုးရောင် ကျောက်တုံးများအပေါ်တွင်သာ အာရုံစိုက်နေကြပြီး ရင်ပြင်၌ ပြန့်ကျဲနေသည့် ကျောက်တုံးလေးများကိုမူ မည်သူမှ သတိမထားမိကြချေ။
ထိုကျောက်တုံးလေးများက ထင်ရှားခြင်းမရှိသော်လည်း အလွန်လျှို့ဝှက်ဆန်းကျယ်သည်ဟု ရွှမ်ယီ ခံစားမိနေ၏။
၎င်းတို့က သူ့အင်္ကျီလက်အိုးအတွင်း ဝှက်ထားသည့် ကျောက်တုံးလေးနှင့် အလွန်တူညီလှသည်။
တပည့်များအနေဖြင့် အလွန်အန္တရာယ်များကြောင်း နားလည်ထားကြသော်လည်း ငြင်းပယ်မရသောကြောင့် ခေါင်းညိတ်လက်ခံရုံသာတတ်နိုင်၏။
သို့သော် အတွင်းသို့၀င်ရောက်ရာတွင် မည်သည့် အစီအရင်နှင့်မှ မကြုံတွေ့ဘဲ ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့သည်။
“ နေဦး… အလျင်မလိုကြနဲ့…”
နန်းတော် အပြင်ဘက်၌ ဘုရင်အဆင့်ကျင့်ကြံသူများက အေးဆေးစွာရှိနေခဲ့ကြပြီး နန်းတော်အတွင်းမှ လူများအား မီးခိုးရောင် ကျောက်တုံးများ သယ်ဆောင်ခိုင်းလိုက်သည်။
မီးခိုးရောင် ကျောက်တုံးအား သယ်ဆောင်ကာ အပြင်သို့ ပြန်ရောက်လာသော်လည်း မည်သည့် အန္တရာယ်နှင့်မှ မကြုံခဲ့ရချေ။
ကောင်းကင်ဘုရင်များ ခေါင်းညိတ်လိုက်ကြပြီး အတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ၀င်သွားလိုက်ကြသည်။
“ အစီအရင်တွေ မရှိတာမဟုတ်ဘူး… ပျက်စီးကုန်တာ…”
အစီအရင်ကျွမ်းကျင်သော ကောင်းကင်ဘုရင်တစ်ဦးက ပတ်၀န်းကျင်အား လေ့လာရင်း ကောက်ချက်ချလိုက်သည်။
အစီအရင်များက ပျက်စီးကုန်သော်လည်း အကြွင်းကျန် ပုံစံများ တစ်စွန်းတစ်စရှိနေသေး၏။
ပထဝီအနေအထားပြောင်းလဲမှုကြောင့်မြေအောက်နန်းတော်မှ အစိတ်အပိုင်းများ ပြိုကျရာ ဤသလင်းကျောက်နန်းတော်လည်း ရောပါသွားသည်ဟု ခန့်မှန်းခဲ့ကြသည်။
သို့သော် အရေးပေါ်အခြေအနေ၌ သလင်းကျောက်နန်းတော်၏ အစီအရင်က အသက်၀င်လာခဲ့ပြီး သလင်းကျောက်နန်းတော်အား မထိခိုက်အောင် ကာကွယ်နိုင်ခဲ့သော်လည်း နောက်ဆုံးတွင် အစီအရင်များ ပျက်စီးသွားခဲ့ရသည်။
ကောင်းကင်ဘုရင်များ စိတ်အေးသွားပြီး မီးခိုးရောင် ကျောက်တုံးများအပေါ်သို့ အာရုံစိုက်လိုက်ကြ၏။
ထောင်နှင့်ချီသော မီးခိုးရောင်ကျောက်တုံးများက နန်းတော်၏ ပင်မရင်ပြင်၌ ပြန့်ကျဲနေခဲ့ပြီး တစ်တုံးချင်းစီက အလွန်လေးလံကာ အသေးဆုံးပင် ဂျင်ပေါင်းရာနှင့်ချီလေးလံသည်။
ဤနေရာတွင် ကန့်သတ်ချက်များ အလွန်များပြားပြီး စိတ်ဝိညာဉ်စွမ်းအားကိုလည်း အကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်၏။
မီးခိုးရောင် ကျောက်တုံးတစ်တုံးအား သယ်ဆောင်ရန် တပည့်များစွာ ပူးပေါင်းလုပ်ဆောင်ရသည်။
ဘုန်း…
ကောင်းကင်ဘုရင်တစ်ယောက်က အနီးအနားမှ မီးခိုးရောင် ကျောက်တုံးတစ်တုံးအား လက်သီးဖြင့်ထုချလိုက်၏။
ထိုအခါ ကျောက်တုံးက အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားလေသည်။
“ ဟမ်… သာမန် ကျောက်တုံးလား…”
ထိုကောင်းကင်ဘုရင် အလွန် အံ့ဩ ထိတ်လန့်သွားခဲ့၏။ ယခုကဲ့သို့ ရလဒ်မျိုးအား လုံး၀ မမျှော်လင့်ထားခဲ့ချေ။
တခြားကောင်းကင်ဘုရင်များလည်း အလွန်အံ့ဩသွားကြပြီး ကျောက်တုံးများအား တစ်တုံးပြီးတစ်တုံး ထုခွဲလိုက်ကြသည်။
သို့သော် နန်းတော်ပင်မရင်ပြင်တစ်ခုလုံး ဖုန်မှုန့်များ ပြည့်နှက်သွားခြင်းသာ အဖတ်တင်၏။ အတွင်း၌ မည်သည့်ရတနာမှ မပါ၀င်ချေ။
လူတိုင်း ခေတ္တမှိုင်သွားပြီးနောက် အပြင်သို့ ကျောက်တုံးများ သယ်ဆောင်သွားနေကြသည့် တပည့်များကလည်း အရူးအမူး ဖျက်ဆီးလိုက်ကြသည်။
ထိုအချိန်တွင် ရွှမ်ယီ၏ မျက်၀န်းများ တောက်ပသွား၏။ အရှုပ်အထွေးများအား အခွင့်ကောင်းယူကာ ထူးဆန်းသည့် ကျောက်တုံးငယ်လေးများအား အလျင်အမြန် ကောက်ယူ သိမ်းဆည်းလိုက်သည်။
ကျန်နေရာများအားလုံး လှည့်ပတ်သွားလာပြီးနောက် ပင်မရင်ပြင်သို့ ရွှမ်ယီ ပြန်ရောက်လာခဲ့၏။
ထောင်နှင့်ချီသော မီးခိုးရောင်ကျောက်တုံးများအနက် တစ်၀က်လောက် ပျက်စီးနေပြီဖြစ်ပြီး ရင်ပြင်တစ်ခုလုံး ဖုန်မှုန့်များ ဖုံးလွှမ်းနေသည်။
ဂိုဏ်းကြီး(၁၀)ဂိုဏ်းမှ လူများကမူ အလွန်မျက်နှာပျက်နေကြချေပြီ။
ထိုအချိန်တွင် နန်းတော်အပြင်ဘက်၌ လေနတ်ဘုရားဂိုဏ်းမှ တပည့်တစ်ယောက် ထိတ်လန့်တကြားအော်ဟစ်လိုက်၏။
သူက မီးခိုးရောင် ကျောက်တုံးကြီးအား ဖျက်ဆီးရန် ကြိုးစားနေခဲ့၏။ သို့သော် ကျင့်ကြံမှုနိမ့်ကျသည်ဖြစ်ရာ စိတ်ဝိညာဉ်စွမ်းအား မလုံလောက်မှုကြောင့် ကျောက်တုံးအား (၃)လက်မ၀န်းကျင် ပဲ့သွားစေရန်ပင် တော်တော်လေး အားစိုက်လိုက်ရသည်။
ထိုအချိန်တွင် ကျောက်တုံးကြီးအတွင်းမှ အလွန်လှပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သလင်းကျောက်နန်းတော်တစ်ခုလုံးအား လင်းထိန်သွားစေခဲ့သည်။
“ အဲ့တာ နတ်ဘုရားအရင်းအမြစ်ပဲ…”
လူတိုင်း စိတ်မတည်ငြိမ်နိုင်တော့ချေ။
လေနတ်ဘုရားဂိုဏ်းမှ ကောင်းကင်ဘုရင်လည်း နန်းတော်အတွင်းမှ လျင်မြန်စွာပြေးထွက်လာပြီး ကျောက်တုံးကြီးအား ဓားဖြင့် ဂရုတစိုက် ပိုင်းဖြတ်လိုက်သည်။
ထိုအခါ မည်သူမှ မမျှော်လင့်ထားသည့် နတ်ဘုရားအရင်းအမြစ် တစ်စိတ်တစ်ပိုင်းထွက်ပေါ်လာခဲ့၏။
၎င်းက သန္ဓေပြောင်းသားရဲများထံမှ ရရှိသည့် နတ်ဘုရားအရင်းအမြစ်နှင့် မတူညီချေ။ သဘာ၀အတိုင်းမွေးဖွားလာခဲ့ခြင်းဖြစ်ကာ အလွန်အဖိုးထိုက်တန်လှ၏။
“ ဒဏ္ဍာရီထဲက ပစ္စည်းက အပြင်မှာ အမှန်တကယ် ရှိနေတာလား…”
ကောင်းကင်ဘုရင်တစ်ယောက်က အလွန်အံ့အားသင့်နေခဲ့ပြီး တုန်ယင်စွာရေရွတ်လိုက်သည်။
ဒဏ္ဍာရီများထဲတွင် ရှေးဦးခေတ်၌ ကောင်းကင်နှင့် မြေပြင်အကြားမှ စိတ်ဝိညာဉ်စွမ်းအားများက အလွန်ပြင်းထန်ပြီး ဥပဒေသစွမ်းအားများကလည်း အလွန်သိပ်သည်းသောကြောင့် နတ်ဘုရားအရင်းအမြစ်ဟုခေါ်သော မူလသဘာ၀အရင်းအမြစ်တစ်မျိုး တည်ရှိခဲ့၏။
ယနေ့ခေတ်တွင်မူ ၎င်းအား တွေ့မြင်နိုင်ရန်မှာ ဖြစ်နိုင်ချေ မရှိသလောက်ပင်။
ယနေ့ခေတ်ကမ္ဘာကြီး၌ တွေ့နိုင်သော နတ်ဘုရားအရင်းအမြစ်များမှာ အင်ပါယာအဆင့်ကျင့်ကြံသူများက ကောင်းကင်နှင့်မြေပြင်ကြားမှ စွမ်းအားများကို ဆီးခတ်ကာ ဖန်တီးထားသည့် အရာများသာ ဖြစ်သည်။
ထို့ကြောင့် သဘာဝအတိုင်းမွေးဖွားလာသည့် နတ်ဘုရားအရင်းအမြစ်ဆိုသည်မှာ အလွန့်အလွန် အဖိုးတန်လှ၏။
ပို၍ အံ့ဖွယ်ကောင်းသည့်အရာက သူတို့မျက်စိရှေ့ရှိသော နတ်ဘုရားအရင်းအမြစ်က လူဦးခေါင်း အရွယ်အစားခန့်ရှိပြီး ဂျင်ပေါင်းများစွာ အလေးချိန်ရှိသည်။
၎င်းအား လျှော့တွက်၍ မရချေ။ ဂိုဏ်းကြီး(၁၀)ခုမှလူများ စုဆောင်းထားသည့် နတ်ဘုရားအရင်းအမြစ်အားလုံး ပေါင်းလျှင်တောင် ဂျင်(၁၀၀)၀န်းကျင်သာရှိ၏။
( ဂျင်ဆိုတာ ပိဿာ ကိုပြောတာပါခင်ဗျာ)