အခန်း (၃၄၄)
Vol. 23 Ch. 344
အရင်းအမြစ်ပေါများကြွယ်၀သည့် ဒေသများတွင်ပင် နတ်ဘုရားအရင်းအမြစ်က အလွန်ရှားပါး၏။
လူတိုင်း စိတ်လှုပ်ရှားနေကြပြီး ပင်မရင်ပြင်မှ ကျောက်တုံးများကို အားတက်သရောဖျက်ဆီးလိုက်ကြသည်။ လေဟာနယ်ပိတ်ဆို့ခြင်း ဂိုဏ်းမှ အကြီးအကဲပင် ချွင်းချက်မဟုတ်ချေ။
နှစ်သန်းပေါင်းများစွာ ကုန်လွန်ခဲ့ပြီးနောက် ဤနေရာမှ နတ်ဘုရားအရင်းအမြစ်အများစုမှာ ပျက်စီးပျောက်ကွယ်သွားပြီဖြစ်သော်လည်း များစွာ ကျန်ရှိနေသေး၏။
နေ့၀က်ကြာ ရူးသွပ်စွာ ဖျက်စီးခဲ့ပြီးနောက် ရာပေါင်းများစွာသော နတ်ဘုရားအရင်းအမြစ်များ လက်၀ယ် ပိုင်ဆိုင်ရရှိခဲ့ကြသည်။
၎င်းတို့အထဲမှ အသေးဆုံးက ဂျင်၀က်ခန့်ရှိပြီး အကြီးဆုံးမှာမူ ဆယ်ပေ၀န်းကျင်ခန့်ရှိကာ ဂျင်ပေါင်းများစွာလေး၏။
နောက်ဆုံးတွင် ရုတ်ရုတ်သဲသဲဖြစ်နေမှုများ အဆုံးသတ်သွားခဲ့သည်။
တပည့်များအကြား အချင်းပွားမှုများ ရှိခဲ့သည့်တိုင် ကောင်းကင်ဘုရင်များထံမှ ဖိအားကြောင့် သွေးထွက်သံယိုဖြစ်စဉ်များတော့ မရှိခဲ့ချေ။
ကံဆိုးသူ အနည်းစုမှလွဲလျှင် လူအများစုက နတ်ဘုရားအရင်းအမြစ်များ လက်၀ယ်ရရှိခဲ့ပြီး အလွန် ပျော်ရွှင်နေကြ၏။
နေ့တစ်၀က်လုံး လူတိုင်း ရူးသွပ်စွာ ကျောက်တုံးများ ဖျက်ဆီးနေခဲ့ကြသော်လည်း ရွှမ်ယီကမူ အသာလျှိုနေခဲ့ပြီး အခြေအနေအား လေ့လာနေခဲ့သည်။
…….
တာအိုအရင်းအမြစ်..
၎င်းက ပျက်စီးနေသော နတ်ဘုရားကျောက်တုံးများအထဲ၌ ပါ၀င်သည့် ထူးဆန်းသော ပစ္စည်း၏ အမည်ဖြစ်သည်။
နတ်ဘုရားအရင်းအမြစ် (၂)မျိုးရှိ၏။
အင်ပါယာအဆင့်ကျင့်ကြံသူများ သန့်စင်ထားသည့် နတ်ဘုရားအရင်းအမြစ်နှင့် သဘာ၀အတိုင်း မွေးဖွားလာသည့် နတ်ဘုရားအရင်းအမြစ်…။
တာအိုအရင်းအမြစ်ဆိုသည့်အရာက နတ်ဘုရားအရင်းအမြစ်ထက် များစွာ ပိုမြင့်မားသည်။
၎င်းတို့က ကောင်းကင်နှင့် မြေပြင်အကြားမှ အသန့်စင်ဆုံး တာအိုများ ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ကျင့်ကြံခြင်းရွှေခေတ်၌သာ ဖြစ်ပေါ်လေ့ရှိ၏။
သဘာ၀အတိုင်း မွေးဖွားလာသည့် နတ်ဘုရားအရင်းအမြစ်က အင်ပါယာတစ်ယောက်ကို ဆွဲဆောင်နိုင်သည်ဆိုလျှင်
တာအိုအရင်းအမြစ်က အင်ပါယာတစ်ယောက်ကို ရူးသွပ်သွားစေနိုင်စွမ်းရှိသည်။
တာအိုအရင်းအမြစ်က လေးနက်ကာ သန့်စင်သော တာအိုသဘောတရားများ ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည့်အတွက် အင်ပါယာအဆင့်ကျင့်ကြံသူတစ်ယောက်အား တာအိုအရှင်သခင်အဆင့်သို့ ချိုးဖျက်ရန် အကူအညီပေးနိုင်သည်။
သေးငယ်သော တာအိုအရင်းအမြစ်လေးတစ်ခုက နတ်ဘုရားအရင်းအမြစ် ထောင်ပေါင်းများစွာထက် တန်ကြေးရှိ၏။
……..
ထို့ကြောင့် ရွှမ်ယီနေဖြင့် ၎င်းတို့ ရူးသွပ်နေသည့် ကိစ္စ၌ သိပ်ပြီး အလေးမထားခဲ့ခြင်းပင်။
သလင်းကျောက်နန်းတော်သို့ ရောက်ရှိနေသည့် ဂိုဏ်းသား (၁)ထောင်ကျော်ရှိသော်လည်း ၎င်းတို့ ခွန်းအားက နည်းပါးသဖြင့် မီးခိုးရောင်ကျောက်တုံးများအား ချိုးဖျက်ရာတွင် ပူးပေါင်းလုပ်ဆောင်ခဲ့ရသည့်အတွက် နတ်ဘုရားအရင်းအမြစ်များ ရရှိခဲ့ကြသည့်တိုင် ပမာဏက သိပ်မများချေ။
အဓိက အများအပြားရရှိသွားသူများက ဘုရင်အဆင့်ကျင့်ကြံသူများဖြစ်ကြသည်။
အစပိုင်းတွင် ကောင်းကင်ဘုရင်များပေးခဲ့သည့် ကတိများအရ သူတို့ရခဲ့သော ပစ္စည်းများက သူတို့ဟာသာဖြစ်ပြီး ပြသနာသိပ်မရှိသင့်ပေ။
သို့သော် ကောင်းကင်ဘုရင်များက ၎င်းတို့ရရှိခဲ့သည့် နတ်ဘုရားအရင်းအမြစ်များအား ရေတွက်လိုက်ပြီးနောက် ဂိုဏ်းသားများဘက်သို့လှည့်ကာ
“ ကိုင်း… အားလုံးတန်းစီပြီး မင်းတို့ရထားတာတွေ ဒီကိုပေးကြပါ… အပြင်ရောက်တာနဲ့ အားလုံးကို ဆုချမယ်….”
လူတိုင်း မျက်နှာပျက်သွားကြ၏။
ဤ နတ်ဘုရားအရင်းအမြစ်များအတွက် ဘာမဟုတ်သော ဆုကြေးအနည်းငယ်မျှသာ ရရှိတော့မည်။
ဤနတ်ဘုရားအရင်းအမြစ်များနှင့် သူတို့ထံမှရမည့် ဆုလာဘ်များက အဘယ်မှာလျှင် နှိုင်းယှဉ်၍ ရနိုင်မည်နည်း။
သို့သော် မလွန်ဆန်နိုင်သည်ဖြစ်ရာ ခေါင်းညိတ်ရုံသာတတ်နိုင်၏။
စိတ်ထဲ၌ မလိုလားသော်လည်း အံကြိတ်ပြီး လက်ခံလိုက်ရသည်။
နတ်ဘုရားအရင်းအမြစ်များက အလွန်အဖိုးတန်သော်လည်း လက်ရှိ သူတို့အဆင့်နှင့် လက်လှမ်းမမှီသည်ဖြစ်ရာ အပြင်သို့ပြန်ရောက်လျှင် သူတို့အတွက် အသုံး၀င်ပြီး အဖိုးတန်သော ရတနာများ ရရှိရန်သာ မျှော်လင့်ရတော့၏။
ရွှမ်ယီလည်း အံ့အားသင့်သွားခဲ့သည်။
ထိုလူများ ဤမျှ ညစ်ပတ်လိမ့်မည်ဟု ထင်မထားခဲ့ချေ။ တပည့်များထံမှ သိမ်းယူလျှင်တောင် တန်ဖိုးညီမျှသော ရတနာများ ပြန်ပေးလိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။
မကျေမနပ်ဖြစ်နေသော တပည့်များ၏ အမူအရာများကိုမြင်လျှင် လေဟာနယ်ပိတ်ဆို့ခြင်းဂိုဏ်းမှ ဆံဖြူအဘိုးအိုက လှောင်ပြုံးပြုံးလိုက်သည်။
ထို့နောက် သူက
“ နတ်ဘုရားအရင်းအမြစ် စုစုပေါင်း (၃၉၂၀)ဂျင် ရရှိခဲ့တယ်… သဘောတူထားခဲ့တဲ့အတိုင်း လေဟာနယ်ပိတ်ဆို့ခြင်းဂိုဏ်းက (၂၀)ရာခိုင်နှုန်းယူမယ်… ကျန်တာကို မင်းတို့ခွဲယူကြ…”
ဆံဖြူအဘိုးအိုကိုပါ ထည့်တွက်လျှင် ဤနေရာ၌ ကောင်းကင်ဘုရင် (၁၃)ယောက်ရှိနေပြီး ၎င်းတို့အားလုံး နတ်ဘုရားအရင်းအမြစ်ပုံကြီးအား ပူလောင်သောမျက်၀န်းများဖြင့် ကြည့်နေခဲ့ကြသည်။
သို့သော် ရုတ်တရက် လေဟာနယ်ပိတ်ဆို့ခြင်းဂိုဏ်းမှ ဆံဖြူအဘိုးအိုက တပည့်(၁)ထောင်ကျော်အား စူးရှသော မျက်၀န်းများဖြင့် လှည့်ကြည့်လိုက်ပြီး…
“ ဒီပိုင်ဆိုင်မှုက ကြီးမားလွန်းတယ်… သတင်းပျံ့သွားရင် အားလုံး ဆုံးရှုံးသွားလိမ့်မယ်… ငါတို့ ကာကွယ်နိုင်မှာမဟုတ်ဘူး….”
ကျန် ကောင်းကင်ဘုရင်များကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြ၏။
၎င်းတို့နှင့် အနီးဆုံး၌ ရပ်နေသည့် တပည့်များမျက်နှာပျက်သွားလေသည်။
သူတို့ကျင့်ကြံမှုက နိမ့်ကျနေသော်လည်း အခြေအနေက တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း ခံစားမိလိုက်ကြ၏။
၎င်းတို့အထဲမှ အတန်ငယ် ပါရမီကောင်းပြီး ထက်မြက်သူတစ်ဦးက
“ စိတ်ချပါ အကြီးအကဲတို့.. ကျွန်တော်တို့ ရေငုံနှုတ်ပိတ်နေပါ့မယ်…”
သို့သော် သူတို့ထံသို့ ရွှေရောင်အလင်းတန်းတစ်ခုရောက်လာခဲ့ချေပြီ။
တိုက်ခိုက်လိုက်သူက လေနတ်ဘုရားဂိုဏ်းမှ မဟာအကြီးအကဲဖြစ်သည်။
ရှေ့ဆုံး၌ ရပ်နေသည့် တပည့်(၁၀၀)ကျော် ချက်ချင်းသွေးမှုန်များအဖြစ် ပြောင်းလဲသွား၏။
“ သတင်းမပေါက်ကြားအောင်.. တစ်ယောက်မကျန် သတ်ပစ်ရမယ်…”
လေဟာနယ်ပိတ်ဆို့ခြင်းဂိုဏ်းမှ အကြီးအကဲကလည်း လက်မနှေးဘဲ လေဟာနယ်ရောင်ပြန်ကြေးမုံအား ချက်ချင်းအသုံးပြုလိုက်ရာ ရာနှင့်ချီသောတပည့်များ အငွေ့ပျံပျောက်ကွယ်သွားလေသည်။
“ အား….”
“ မလုပ်ပါနဲ့…”
သလင်းကျောက်နန်းတော်က ရုတ်ချည်း ငရဲပြည်အလား ပြောင်းလဲသွားတော့၏။
ဂိုဏ်းကြီး(၁၀)ခုမှ တပည့်များက ဤအခြေအနေအား လုံး၀မမျှော်လင့်ထားကြချေ။ သူတို့အားကိုးရာ အကြီးအကဲများက သူတို့ကို ပြန်သတ်နေချေပြီ။
သဘာ၀ နတ်ဘုရားအရင်းအမြစ် ဂျင်ပေါင်း(၄၀၀၀)က မည်သည့်ကောင်းကင်ဘုရင်ကိုမဆို ရူးသွပ်သွားစေနိုင်စွမ်းရှိသည်။
နောက်ဆုံးတွင် အင်ပါယာအဆင့်များ သန့်စင်ထားသည့် နတ်ဘုရားအရင်းအမြစ်များ၌ ၎င်းတို့ ကျင့်ကြံ နားလည်ထားသည့် ဥပဒေသ သဘောတရားများသာပါ၀င်၏။
သို့သော် ဤ နတ်ဘုရားအရင်းအမြစ်များက သဘာ၀တရားကြီးမှ ဖြစ်ပေါ်လာခြင်းဖြစ်ကာ အလွန်ပြည့်စုံပြီး သူတို့အား နောက်တစ်ဆင့်သို့ အလွယ်တကူ တွန်းပို့ပေးနိုင်စွမ်းရှိသည်။
မှန်ပေသည်။ သူတို့က တပည့်များ၏ မှတ်ညာဏ်များကို ဆီးလ်ခတ်ထားနိုင်စွမ်းရှိ၏။
သို့သော် ရှေးဟောင်းစစ်မြေပြင်ပြောင်းလဲသွားသည့် သတင်းကပေါ့သေးသေးမဟုတ်ချေ။ သူတို့က ကြိုးစားပိတ်ဆို့ခဲ့ကြသော်လည်း ပြင်ပသို့ ပျံ့နှံ့သွားရန် အချိန်တစ်ခုသာလိုအပ်ပြီး မကြာမီ အင်ပါယာအဆင့်ကျင့်ကြံသူများ ရောက်လာပေလိမ့်မည်။
သူတို့စွမ်းအားဖြင့် ပြုလုပ်ထားသော ဆီးလ်က အင်ပါယာအဆင့်ကျင့်ကြံသူရှေ့၌ ဟာသတစ်ခုသဖွယ်ဖြစ်နေပေလိမ့်မည်။
သို့သော် ၎င်းတို့သေဆုံးသွားပါက နတ်ဘုရားအရင်းအမြစ်များနှင့် ပတ်သက်ပြီး မည်သည့်သတင်းမှ ပေါက်ကြားတော့မည်မဟုတ်ချေ။
သတ်ဖြတ်ခြင်းက အကောင်းဆုံးနှုတ်ပိတ်ခြင်းဖြစ်၏။
ရွှမ်ယီ၏ မျက်၀န်းများ တောက်ပသွားခဲ့သည်။ ယခုဖြစ်ပျက်နေသော အရှုပ်အထွေးများက သူ့အတွက် အခွင့်အရေးဖြစ်၏။
သို့သော် သူလှုပ်ရှားတော့မည့်အချိန်တွင် နတ်အလင်းတစ်ခု ရုတ်တရက်ပေါ်လာပြီး ရွှမ်ယီအား တားဆီးလိုက်သည်။
……
( ဒီနေရာမှာ ရှုပ်သွားမှာစိုးလို့ ရှင်းပြပါမယ်… ရွှမ်ယီ ဘုရင်အဆင့်တက်တုံးက အသုံးပြုခဲ့တဲ့ ထူးဆန်းတဲ့အလင်းလုံးတွေမှာ ဥပဒေသစွမ်းအားတွေပါပေမယ့် ရိုးရှင်းတဲ့အတွက် ဘုရင်အဆင့်အောက်အတွက်ပဲ အသုံး၀င်ပါတယ်…
သန္ဓေပြောင်းသားရဲတွေကိုသတ်ပြီး အတွင်းကရတဲ့ နတ်ဘုရားအရင်းအမြစ်တွေက အထက်ကဟာတွေထက် ပိုပြီးသန့်စင်တဲ့ ဥပဒေသစွမ်းအားတွေပါ၀င်ပါတယ်…
နတ်ဘုရားအရင်းအမြစ်က အထက်မှာပြောခဲ့သလို နှစ်မျိုးရှိပါတယ်…
အင်ပါယာတွေသန့်စင်ထားတဲ့ဟာတွေမှာ သူတို့နားလည်ထားတဲ့ သဘောတရားတွေပဲ ပါ၀င်ပါတယ်…
သဘာ၀အတိုင်း မွေးဖွားလာတဲ့ တာအိုအရင်းအမြစ်တွေကကျ ပိုပြီးပြည့်စုံတဲ့ သဘောတရားတွေပါတဲ့အတွက် ကောင်းကင်ဘုရင်တွေကို အင်ပါယာအဆင့်တက်ဖို့ အထောက်အကူပြုပါတယ်…
တာအိုအရင်းအမြစ်ကကျ အားလုံးထက်မြင့်ပါတယ်.. ကျင့်ကြံခြင်းရွှေခေတ်မှာ ကောင်းကင်နဲ့မြေကြီးကြားက နက်နဲပြီး သန့်စင်တဲ့ တာအိုသဘောတရားတွေ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့အတွက် အင်ပါယာအဆင့်တွေကို တာအိုအရှင်သခင်အဆင့် ချိုးဖျက်ဖို့ အထောက်အကူပြုပါတယ်…
လက်ရှိ ဂိုဏ်းကြီး(၁၀)ဂိုဏ်း ထုခွဲပြီးယူနေတာက သဘာ၀အတိုင်းမွေးဖွားလာတဲ့ နတ်ဘုရားအရင်းအမြစ်ပါ…
ရွှမ်ယီ ကောက်ထားတဲ့ ကျောက်တုံးလေးတွေကကျ တာအိုအရင်းအမြစ်လို့ သံသယရှိနေတဲ့သဘောပါ..
ဟုတ်မဟုတ် နောက်အပိုင်းတွေပါလာပါမယ်……)