အခန်း (၁၀၇)
Vol. 9 Ch. 107
တွေ့ဖို့က မဖြစ်နိုင်ပေ။
ဆရာဝန်က သူ့ကို စစ်ဆေးနေတာကြောင့် အဆင်မပြေလိုဆိုတဲ့ အကြောင်းပြချက်နဲ့ ဖေးခွမ်က သူ့အစား လောရိကို ငြင်းခိုင်းလိုက်သည်။
သေချာပေါက်ကိုဘဲ၊ ဒီအကြောင်းပြချက်က ပြီးပြည့်စုံသလို တစ်ဖက်လူကလည်း ဖေးခွမ်ရဲ့ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း နားလည်တာကြောင့် နောက်ထပ် မတောင်းဆိုတော့ပေ။ သူမ ယူလာတဲ့ အသီးခြင်းကို လောရိနဲ့ ထားခဲ့ပြီး ထွက်သွားလိုက်သည်။
လောရိက သစ်သီးခြင်းကို ဆေးရုံခန်းဆီပြန်သယ်လာပြီး သူ့ဘေးရှိ စားပွဲပေါ်တွင်တင်လိုက်သည်။
"ကျွတ်စ်၊ မင်းအရင်ကလိုမျိုး အေးစက်နေသေးတာပဲ။ တစ်ဖက်လူက ဆေးရုံအဝင်လမ်းထိ ရောက်လာတာကို၊ မင်းတို့က အတန်းဖော်တွေလေ၊ ခဏလောက်တွေ့တာတာ မင်းအတွက် ဘာအဓိပ္ပာယ်မှမရှိဘူး မဟုတ်လား?"
ဖေးခွမ်က သူ့ကို မထူးခြားစွား ကြည့်လိုက်ပြီး "ဒါက အေးစက်တာ မအေးစက်တာနဲ့မဆိုင်ဘူး၊ ငါက မလိုအပ်ဘဲ အားစိုက်ထုတ်ချင်တာမဟုတ်ဘူး"
တစ်ဖက်သားရဲ့ ရည်ရွယ်ချက်ကို မသိရင် သူမကို သူတွေ့လိုက်မှာဖြစ်ပေမယ့် သိထားမှတော့ ဘာလို့ ပြဿနာထပ်ထည့်ရမှာလဲ? ဒါက နှစ်ဦးနှစ်ဖက်စလုံးအတွက် ပိုကောင်းသည်။
ဒါ့အပြင် သူတို့က အတန်းဖော်ဟောင်းတွေ ဖြစ်ကြပေမယ့် ကျောင်းတုန်းကလည်း မရင်းနှီးကြတဲ့အတွက် အခုအချိန်မှာ အမှတ်ရနေစရာ မလိုပေ။
လောရိလည်း သူဘာကိုဆိုလိုလဲဆိုတာ သဘာဝကျကျ နားလည်သည်။ ဖေးခွမ်က မျှော်လင့်ထားတဲ့အတိုင်း အခြားသူတွေကို အခွင့်အရေးမပေးပေ။
ဒါပေမယ့် ဒါကလည်း ကောင်းသည်။ သူမကို ယဉ်ကျေးမှုအရ တွေ့ပြီးမှ မငြင်းခင် မျှော်လင့်ချက်တွေပေးလိုက်တာက ပိုအေးစက်သွားစေလိမ့်မည်။
လောရိက ကုတင်အစွန်းတွင် ပေါ့ပေါ့ပါးပါးထိုင်လိုက်ပြီး ဒီမနက်ဖေးခွမ်လဲထားတဲ့ အဝတ်အစားတွေလှဲချလိုက်မိသည်။ သူ နည်းနည်း အံ့သြသွားသည်။
"မင်းဘာလို့ အဝတ်လဲထားတာလဲ? မင်းရေချိုးထားတယ်လို့တော့ မပြောနဲ့နော်"
ဖေးခွမ်က အဝတ်အစားတွေကို ကြည့်လိုက်ပြီး ပြန်ဖြေလာသည်။ "မင်းဘယ်လိုထင်လဲ?"
"မင်း ခွဲစိတ်ထားတာလေ၊ ဘယ်လိုလုပ် ရေချိုးလို့ရဦးမှာလဲ၊ မင်းမှာ ဆေးပညာအသိတောင် မရှိဘူးလား?"
လောရိက ဖေးခွမ်ရဲ့ တုံ့ပြန်မှုကိုစိတ်မဝင်စားဘဲ ဆက်နောက်ပြောင်ဖို့ကြိုးစားသည်။
"ငါ့မှာဆေးပညာအသိ ရှိရှိ မရှိရှိ အရေးမကြီးဘူး။ အန်တီလေးသိတယ် ဒီတော့အဆင်ပြေတယ်။ ငါ မင်းကို ဂရုစိုက်နေစရာ မလိုဘူး"
ဖေးခွမ်အနေနဲ့ သူ့ကို တုံ့ပြန်ဖို့ ပျင်းလွန်းလှသည်။
လောရိက အဝတ်အစားတွေကို ဘေးဘက်ရွှေ့လိုက်ပေမယ့် ကောင်းကောင်းမကိုင်တာကြောင့် သပ်သပ်ရပ်ရပ် ခေါက်ထားတဲ့ အဝတ်တွေက ပုံပျက်သွားသည်။
"ဟေး မင်းအင်္ကျီ ဘာဖြစ်တာလဲ? ကြယ်သီးတွေ ဘာလို့ ဒီလောက်အများကြီး ပျောက်နေတာလဲ?"
ကြယ်သီးသုံးလုံး တစ်ဆက်တည်း ပျောက်နေတဲ့အတွက် အာရုံမစိုက်မိဖို့ဆိုတာ ခက်သည်။
အတွေးတစ်ခုက သူ့စိတ်ထဲရုတ်တရက်ဝင်လာပြီး ဖေးခွမ်ကို မျက်လုံးပြူးကာ ကြည့်လိုက်သည်။ "သေစမ်း! ဖေးခွမ် မင်းသားရဲကောင် ဒီကြယ်သီးတွေကို မင်းရည်ရွယ်ချက်ရှိရှိ ဖြုတ်ပစ်လိုက်တယ်လို့ မပြောနဲ့နော်။ မင်းတကယ်ပဲ အန်တီလေးကို လှည့်စားနေတာပဲ!"
ဖေးခွမ်ရဲ့မျက်ခုံးတွေက ပျံတက်သွားမတက် အပြင်းအထန် တွန့်ချိုးသွားသည်။ "မဟုတ်တာတွေမပြောနဲ့၊ အဲ့ဒါတွေကို ငါဖြုတ်လိုက်တာ မဟုတ်ဘူး"
"မင်းမဟုတ်ရင် အန်တီလေးက ဒါကိုဖြုတ်လိုက်တာလား ဟုတ်လား?" လောရိက အတင်းအဖျင်း ပြောချင်တဲ့အကြည့်ဖြင့် ကြည့်လိုက်သည်။ "မင်းတို့နှစ်ယောက် မနေ့ညက အရမ်း အရူးအမူးဖြစ်ခဲ့တာပဲ!"
ဖေးခွမ်က သူ့ကို စိတ်အနှောက်အယှက်ဖြစ်တဲ့ အကြည့်တစ်ချက်နဲ့ကြည့်လိုက်ပြီး "လိုက် လျှောက်မထင်နေနဲ့၊ ဒါက မတော်တဆဖြစ်တာ ရမ်းသမ်းပြောနေတာကိုထိန်း"
သူက ထပ်ပြောလိုက်သည်။ "ငါ မင်းကို ပြောနေတယ်နော်၊ ခဏနေ သူပြန်ရောက်လာရင် ဒီအကြောင်းမပြောနဲ့"
ဒီကောင်မလေးက ရှက်တတ်တာကြောင့် သေချာပေါက်ကို ရှက်သွားမှာပင်။
လောရိက သူ့ကို စိတ်ပျက်အားလျော့စွာနဲ့ ကြည့်လိုက်သည်။ ကောင်းပါပြီ၊ မပြောဖို့ပြောထားမှတော့ သူ ဘာမှမပြောတော့ဘူး။ သဘောကျတဲ့ ကောင်မလေးတစ်ယောက်ရှိတာက အထင်ကြီးစရာဘဲ၊ ဟမ့် ကာကွယ်ပေးနေလိုက်တာ။
"ငါပြောမယ်၊ သူ့ကို အမှောင်ထဲမှာပဲ အကာအကွယ်ပေးတာက အသုံးမဝင်ဘူး။ မင်းသူ့ကို ဘယ်တော့ လိုက်မှာလဲ? မင်း တိုက်စစ်မှုး လိုသေးလား?"
ဖေးခွမ်က အသေးစိတ်ဆွေးနွေးဖို့ ရည်ရွယ်ချက်မရှိသလို ပြန်ဖြေလာသည်။ "မရှုပ်နဲ့၊ ငါ့မှာ ကိုယ်ပိုင်အစီအစဉ်ရှိတယ်"
လောရိ - "..."
ရှုပ်တာ? ဘာကိုဆိုလိုတာလဲ?
အရင်က သူပဲ အကြံလာတောင်းတာ မဟုတ်ဘူးလား!
စုန့်အာ့နန်နဲ့ လီရှောင်ရှန်းတို့ ပြန်လာတဲ့အခါ စားပွဲပေါ်ရှိ သစ်သီးခြင်းကြီးကို ပထမဆုံးမြင်လိုက်ရသည်။
" သစ်သီးခြင်းကြီးက ဒီလောက်တောင်ကြီးတာ၊ တစ်ယောက်ယောက် လာလည်တာလား?" လီရှောင်ရှန်း က စိတ်ဝင်တစားနဲ့မေးလိုက်သည်။
လောရိက ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။ "ဘယ်သူမှမဟုတ်ဘူး၊ ဖေးခွမ်ရဲ့ အတန်းဖော်ဟောင်းတစ်ယောက်လေ"
အတန်းဖော်ဟောင်း!
လီရှောင်ရှန်းရဲ့ မျက်လုံးတွေက တောက်ပလာပြီး ချက်ချင်း စိတ်ဝင်စားသွားသည်။ "ဘယ်သူလဲ၊ အစ်ကိုတို့အတန်းထဲက ပန်းပွင့်လေးလား?"
သူမရဲ့စကားကိုကြားတော့ စုန့်အာ့နန်လည်း သိချင်စိတ်နဲ့ ကြည့်လာသည်။
ဖေးခွမ်မှာ မတတ်နိုင်ဘဲ သူ့နဖူးကို ပွတ်လိုက်ပြီး လောရိဘက်လှည့်ကာ စိုက်ကြည့်လိုက်သည်။
ဒီလော်စပီကာပါးစပ်ကတော့၊ အကုန်လုံး မဆင်မခြင်လိုက်ပြောနေတာဘဲ!
လောရိက ကိုးရိုးကားရားနိုင်စွာနဲ့ သူ့နှာခေါင်းကိုကုတ်လိုက်သည်။ "ကလေးမ၊ ဘာလို့ ဒီလောက်အများကြီးမေးနေတာလဲ? ကိုယ့်ကိစ္စပဲ ကိုယ်စိတ်ဝင်စားစမ်းပါ"
သူတို့ရဲ့ တုံ့ပြန်မှုတွေကို မြင်တော့ လီရှောင်ရှန်းက သူမ မှန်ထားတာမှန်မှန်း သိလိုက်သည်။ သူမက ချက်ချင်းပဲ စုန့်အာ့နန်ကို တံတောင်နဲ့တိုက်လိုက်သည်။
"အန်တီလေး ညီမပြောတာမှန်တယ် မဟုတ်လား? သူတို့က မီးဟောင်းကို ပြန်မွှေးဖို့ ကြိုးစားနေကြတာ!"
ဖေးခွမ် - "..."
ဘယ်မီးဟောင်းကို ပြန်မွှေးမှာလဲ!
လီရှောင်ရှန်းမှာ လောရိဆီကနေ မကျေမနပ်နဲ့ ဆေးရုံခန်းထဲကနေ ဆွဲခေါ်ခံလိုက်ရသည်။ "လောရိ၊ အစ်ကိုဘာလုပ်တာလဲ? အစ်ကိုပြန်ချင် ပြန်လေ၊ ညီမနဲ့မဆိုင်ဘူး။ ညီမ ခဏနေဦးမယ်"
"ငါ မင်းရဲ့အကူအညီလိုတယ်၊ အချိန်ဆွဲနေတာ ရပ်ပြီး မြန်မြန်လုပ်..."
သူက တံခါးကို 'ဘမ်း'ခနဲမြည်အောင် ပိတ်လိုက်ပြီး စုန့်အာ့နန်နဲ့ ဖေးခွမ်တို့ကို အခန်းထဲမှာ ထားခဲ့လိုက်သည်။
နှစ်ယောက်သား စက္ကန့်အနည်းငယ်ကြာအောင် တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိသည်။
ဖေးခွမ်က အရင်ပြောလိုက်သည်။ "ရှောင်ရှန်းရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို နားမထောင်နဲ့၊ ဘာမီးဟောင်းမှမရှိသလို ပြန်မွှေးတယ်ဆိုတာလည်း မရှိဘူး ။ သူနဲ့ကသိပ်မရင်းနှီးတဲ့ အတန်းဖော်ဟောင်း၊ ဒီလောက်ဘဲ"
သူက တစ်ခုခုကို သဘောပေါက်သွားသလိုမျိုး အလေးအနက် ထပ်ပြောလိုက်သေးသည်။ "ဒါ့ပြင် ဒီနေ့ သူနဲ့လည်း မတွေ့ဖြစ်ဘူး နားလည်လား?”
သူတို့မှာ "ကျွန်မ ရှင့်ကိုဂရုစိုက်မယ်" ဆိုတဲ့ သဘောတူညီချက် ရခဲ့ပေမယ့် ကိုယ်ရေးကိုယ်တာ စိတ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေ မပါတာတော့ ထင်ရှားပါသည်။
ဖေးခွမ်က သူမကို တိတ်တဆိတ် ကြည့်လိုက်ကာ မနေနိုင်ဘဲ ဟိုလိုလိုဒီလိုလိုပုံစံနဲ့ ပြောလာသည်။ "ကိုယ်က မင်းကို ရှင်းပြချင်နေတာ ဘယ်လိုလုပ်မလဲ?"
စုန့်အာ့နန်မှာ တစ်စက္ကန့်လောက် ဗလာဖြစ်သွားပြီး ရင်ထဲတွင် နှလုံးခုန်သံတချို့တောင် လွတ်သွားရသည်။
တစ်ခုခုကို သဘောပေါက်သွားဟန်နဲ့ စုန့်အာ့နန်က နည်းနည်းလန့်သွားပြီး သူ့အကြည့်ကို ရှောင်လိုက်သည်။
သူမက သစ်သီးခြင်းကို လက်ညှိုးထိုးပြလိုက်ပြီး "အသီးတွေက အရမ်းလတ်ဆတ်တာဘဲ၊ ရှင် နည်းနည်းစားချင်လား?"
ဖေးခွမ် - "......ဟင့်အင်း"
အဲဒီညမှာစုန့်အာ့နန်က သူနဲ့အတူမနေပေးချေ။
ညစာစားချိန်မှာတော့ တစ်နေ့လုံး ပျောက်နေတဲ့ လျှိုဟောက်က နောက်ဆုံးတော့ ဆေးရုံခန်းတွင် ပေါ်လာသည်။ သူက စုန့်အာ့နန်အတွက် အခန်းကတ်တစ်ခု ယူလာသည်။
ဘေးနားက ဟိုတယ်မှာ စုန့်အာ့နန်အတွက် ဖေးခွမ် လျှိုဟောက်ကို ကြိုယူခိုင်းထားတဲ့ အခန်းကတ်ဖြစ်သည်။ စုန့်အာ့နန်က ကတ်ကိုယူလိုက်ကာ ဘာမှမပြောဘဲ ဆေးရုံခန်းထဲကနေ ပြေးထွက်သွားသည်။
လျှိုဟောက်က နားမလည်နိုင်စွာနဲ့ ခေါင်းကုတ်လိုက်သည်။ "ဖေးကော၊ အန်တီလေးက ကျွန်တော့်ကို စိတ်မရှည်ဘူးထင်တယ်"
စုန့်အာ့နန် ထွက်သွားတာကိုကြည့်ရင်း ဖေးခွမ်ရဲ့မျက်လုံးထဲတွင် နားမလည်နိုင်တဲ့ အရိပ်အယောင်တွေ ရှိနေသည်။
သေချာပေါက်ကို သူမက စိတ်မရှည်ဖြစ်နေတာ။
ဒီကောင်မလေးမှာ သူကြိုက်တဲ့လူမရှိဘူးဆိုတာ သိပြီးတဲ့နောက်မှာ သူ့ခံစားချက်တွေကို ဝန်ခံဖို့အခွင့်အရေးကို ရှာနေခဲ့တာဖြစ်သည်။ ဒီနေ့ နေ့လည်မှာ သူတိုက်ရိုက် ပြောခဲ့တာဖြစ်သည်။
သူ သူမကို လန့်အောင်လုပ်မိသွားတဲ့ပုံပင်။
ဖေးခွမ် လျှိုဟောက်ကို ယူထားခိုင်းတဲ့အခန်းက အိပ်ခန်းနှစ်ခန်းပါတဲ့ suit ခန်းဖြစ်သည်။
စုန့်အာ့နန်လိုမျိုး ကောင်မလေးတစ်ယောက်ကို ဟိုတယ်မှာ တစ်ယောက်တည်း နေခိုင်းရတာက နည်းနည်းစိုးရိမ်ရတာကြောင့် အဆုံးမှာ သူက suit ခန်းကို ယူခိုင်းလိုက်ပြီး လီရှောင်ရှန်းကို သူမနဲ့အတူနေပေးဖို့ တောင်းဆိုလိုက်သည်။
ရေချိုးပြီးသွားတော့ စုန့်အာ့နန်မှာ ဆံပင်ကိုခြောက်အောင် လေမမှုတ်ဘဲ ထွက်လာကာ ကုတင်ပေါ်မှာလှဲလျောင်းရင်း မျက်နှာကျက်ကို ငေးကြည့်နေမိသည်။
အစောပိုင်းက ဖေးခွမ်ရဲ့ စကားတွေဟာ သူမ နားထဲတွင် ပဲ့တင်ထပ်နေသည်။
ကိုယ်က မင်းကိုရှင်းပြချင်နေတာ ဘယ်လိုလုပ်မလဲ?
စုန့်အာ့နန်လိုမျိုး ထုံအတဲ့သူတောင် အဲ့ဒါက ဘာကိုဆိုလိုမှန်းသိသည်။
တခြားသူသာဆိုရင်၊ သူမအနေနဲ့ ဒါကို ဟာသတစ်ခုအနေနဲ့ထားနိုင်ပေမယ့် ဖေးခွမ်ကတော့ အရမ်းပါးနပ်ကာ စည်းတွေကို သတိထားတဲ့သူတစ်ယောက်ဖြစ်သည်။ သူ့အနေနဲ့ သူမကို ဘယ်တော့မှ ရယ်ရယ်မောမောနဲ့ ပရောပရည် လုပ်မည်မဟုတ်ပေ။
ပါးနပ်မှုနဲ့ စည်းတွေကို ပြောရရင် စုန့်အာ့နန် စိတ်ထဲ မြင်ကွင်းတချို့ ပေါ်လာသည် —— အဲ့ဒီနေ့က မီးဖိုချောင်ထဲတွင် သူက သူမပါးစပ်နားကိုသုတ်ပေးဖို့ ငုံ့လာပြီး သူမနှုတ်ခမ်းကို သူ့လက်ချောင်းထိပ်ဖြင့် ပွတ်သပ်လိုက်သည်။
—— အဲဒီစကူတာစီးတဲ့နေ့တုန်းက သူက သူမကို ဖက်ထားဖို့ပြောခဲ့သည်။
—— အဲဒီ သူမ မူးတဲ့ညတုန်းက သူက အပြုံးမမည်တဲ့အပြုံးနဲ့ စိတ်မပူပါနဲ့ ကိုယ် မင်းကို အခွင့်အရေးမယူပါဘူး လို့ ပြောခဲ့သည်။
— ပြီးတော့မနေ့ညက သူခပ်တိုးတိုးရယ်ပြီး လုံလုံလောက်လောက် ခံစားမိလိုက်လား လို့ သူမေးခဲ့သေးသည်။
.....။
ဒါက တစ်ခုခုကို ညွှန်ပြနေပုံရပေမယ့် သက်သေပြဖို့ မလုံလောက်ပေ။
စုန့်အာ့နန်မှာ ရုတ်တရက် မတင်မကျ အခေုအနေထဲ ကျရောက်သွားသည်။ နောက်တစ်ခဏမှာ မသေမချာဖြစ်တာဘာမှမရှိမှန်း သိသာနေသလို ခံစားရပြီး နောက်တစ်ခဏမှာတော့ သူမဘာသာ စိတ်ကူးယဉ်နေမိတာဆိုပြီး ခံစားနေရသည်။
အဲ့ဒီအတွေးတွေထဲ သူမ နစ်နေချိန် အခန်းတံခါးခေါက်သံ ရုတ်တရက် ထွက်လာသည်။
"အန်တီလေး ညလယ်စာစားဖို့ ထွက်လာလေ!"
လီရှောင်ရှန်းရဲ့အသံဖြစ်သည်။
စုန့်အာ့နန်က စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းနေပြီး "....အို့၊ ခဏစောင့်"
သူမ အိပ်ယာကနေထကာ တံခါး ဖွင့်လိုက်တော့ လီရှောင်ရှန်းက အိတ်တစ်လုံး ကိုင်လျက် ရှိနေတာ တွေ့လိုက်ရသည်။
"ဘာလို့ ညလယ်စာမှာထားတာလဲ? ညစာစားတုန်းက မဝလို့လား?" စုန့်အာ့နန်က မေးလိုက်သည်။
လီရှောင်ရှန်းက ပြုံးလိုက်ပြီး "မဟုတ်ပါဘူး၊ ညီမကောင်လေးက ညီမဗိုက်ဆာနေမှာစိုးလို့ မှာထားပေးတယ"
စုန့်အာ့နန်က အံ့ဩသွားပြီး "ညီမမှာ ကောင်လေးရှိတာလား?"
လီရှောင်ရှန်းက ဒါကို မဖုံးကွယ်ထားပေ။ "ဟုတ်တယ် အထက်တန်းတုန်းက အတန်းဖော်လေ၊ ဒါပေမယ့် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေပြီးမှ တွဲကြတာ။ ညီမမိဘတွေတော့ အခုထိ မသိကြသေးဘူး"
စုန့်အာ့နန် မတုံ့ပြန်ရသေးခင်မှာ လီရှောင်ရှန်းက သူမကို ဧည့်ခန်းဆီ ဆွဲခေါ်သွားသည်။
လီရှောင်ရှန်းရဲ့ ကောင်လေးက အသားကင် မှာထားပေးပြီး စားပွဲပေါ်တွင် နို့လက်ဖက်ရည် နှစ်ခွက်လည်း ရှိပြီး သူမှာထားပေးတာဖြစ်မည်။
စုန့်အာ့နန်နဲ့ လီရှောင်ရှန်းတို့လည်း ဆိုဖာပေါ်မှာ ထိုင်လိုက်ကာ စားသောက်ရင်း စကားစမြည်ပြောကြသည်။
လီရှောင်ရှန်းက စုန့်အာ့နန်ကို စားဖို့ တိုက်တွန်းလိုက်သည်။ သူမက ကြက်တောင်ပံတစ်ချောင်းကို ယူလိုက်ပြီး မေးလိုက်သည်။ "ညီမ မိဘတွေကို ဘာလို့မပြောတာလဲ? သူတို့သဘောမတူမှာကြောက်လို့လား?"
လီရှောင်ရှန်းက သူမလက်ကို ယမ်းလိုက်ပြီး"မဟုတ်ဘူး၊ အဲ့လို မဟုတ်ပါဘူး၊ မိဘတွေ သိသွားရင် ချိန်းတွေ့တဲ့အခါကျရင် မေးခွန်းတွေမေးရင် စိတ်အနှောင့်အယှက်ဖြစ်လို့ပါ"
စုန့်အာ့နန်လည်း ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်သည်။ ဒါကို သူမ နားလည်သည်။ သူမရဲ့ အခန်းဖော်လည်း တစ်ယောက်ယောက်နဲ့ ချိန်းတွေ့ရင် သူမကို စစ်ဆေးမေးမြန်းတာ မခံချင်တာကြောင့် သူမရဲ့ မိသားစုကို မပြောပြပေ။
လီရှောင်ရှန်းက သိုးသားကင်ချောင်းကို ကိုက်လိုက်ပြီး "ဘာပဲဖြစ်ဖြစ် ညီမမှာ ရည်းစားရှိတယ်ဆိုတာ အစ်မနဲ့ အစ်ကိုဖေးခွမ်ပဲ သိတယ်။ ဒါကြောင့် ညီမအတွက် လျှို့ဝှက်ထားပေးရမယ်"
စုန့်အာ့နန်မှာ ခဏလောက် အံ့အားသင့်သွားသည်။သူမက လီရှောင်ရှန်းကို အံ့အားသင့်စွာနဲ့ လှည့်ကြည့်လိုက်သည်။ "ဖေးခွမ်လည်း သိတယ်လား?"
လီရှောင်ရှန်းက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ဇာတ်လမ်းက ရယ်စရာကြီး၊ ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးတဲ့ နွေရာသီမှာ ညီမကောင်လေးက ညီမတို့အဆောက်အဦး အောက်ထပ်မှ ဖွင့်ပြောတဲ့အချိန် အစ်ကိုဖေးခွမ်က ညီမတို့ကို ဖမ်းမိသွားတာ၊ အဲဒါနဲ့ သိသွားတာ"
စုန့်အာ့နန် မျက်လုံးပြူးသွားသည်။ "ဖွင့်ပြောခံရတုန်းမှာ ဖမ်းမိသွားတာလား?"
ဒီဇာတ်လမ်းကို အားလုံးနီးပါးရင်းနှီးနေတယ်။
လီရှောင်ရှန်းက နာကျင်တဲ့အမူအရာ လုပ်လိုက်သည်။ "ဟုတ်တယ်၊ အဲဒီအချိန်တုန်းက ညီမမှာလန့်သေတော့မလို့ဘဲ"
စုန့်အာ့နန်က နှုတ်ခမ်းကို တင်းတင်းဖိလိုက်ပြီး မေးလိုက်သည်။ "ဒါဆို သူ ညီမကို တစ်ခုခုပြောခဲ့သေးလား?"
လီရှောင်ရှန်းက နားမလည်ပုံရသည်။ "ညီမကို တစ်ခုခုပြောတယ်?"
စုန့်အာ့နန်က တုံ့ဆိုင်းသွားပြီး "ဒီလိုလေ၊ သူက ညီမကို စောင့်ကြည့်နေမယ် ဒါမှမဟုတ် တစ်ခုခုပေါ့"
လီရှောင်ရှန်းက ခေါင်းခါလိုက်သည်။ "ဟင့်အင်း၊ အစ်ကိုဖေးခွမ်က ညီမကိစ္စကို ဝင်စွတ်ဖက်တာရှားတယ်"
စုန့်အာ့နန်က စိတ်ရှုပ်စွာနဲ့ မျက်မှောင်ကြုတ်လိုက်သည်။ ဖေးခွမ်က လီရှောင်ရှန်းကို ညီမတစ်ယောက်လိုဘဲ ဆက်ဆံတယ်ဆိုတာ သူမ ပြောနိုင်သည်။ ဒါက ထူးဆန်းတယ်။
သူမ စိတ်ရှုပ်နေတာကိုမြင်တော့ လီရှောင်ရှန်းက ရှင်းပြလာသည်။ "အစ်ကိုဖေးခွမ်က ညီမတို့မိသားစုနဲ့ အရမ်းရင်းနှီးပြီး ညီမအပေါ် အရမ်းကောင်းပေမဲ့ ညီမတို့က တကယ့်မွေးချင်းတွေ မဟုတ်ဘူးလေ။ စုန့်လင်းချွမ်နဲ့ အစ်မတို့ရဲ့ဆက်ဆံရေးလို့ မဟုတ်ဘူး။ ဒါပေါ့ ညီမက အစ်ကိုဖေးခွမ်ကို မကောင်းဘူးလို့ မပြောပါဘူး။ ညီမမိဘတွေ ပြောခဲ့သလိုပဲ သူက အမြဲတမ်း စဉ်းစားတွေးခေါ်တတ်ပြီး အထင်လွဲစေမယ့် အပြုအမူမျိုး မလုပ်တတ်ဘူး"
စုန့်အာ့နန် ခေါင်းငုံ့ကာ စဉ်းစားလိုက်သည်။
သူက တကယ်ကြီး အထင်လွဲအောင် ဘယ်တော့မှ မလုပ်ဖူးဘူးတဲ့လား?