← Chapters

အခန်း (၁၀၈)

Vol. 9 Ch. 108

အခန်း (၁၀၈)

Vol. 9 Ch. 108

အဲဒီညမှာ စုန့်အာ့နန် အိပ်လို့မပျော်ပေ။

လွန်ခဲ့တဲ့ရက်တွေက သူနဲ့သူမတို့ရဲ့အပြန်အလှန်ဆက်ဆံရေးတွေဟာ ရုပ်ရှင်တစ်ကားလိုမျိုး သူမစိတ်ထဲအဆက်မပြတ် လည်ပတ်နေသည်။

တစ်ညလုံး ဟိုလှည့်လိုက်ဒီလှည့်လိုက်ဖြင့် နောက်နေ့တွင် စုန့်အာ့နန်တစ်ယောက် ရှက်နေသေးကာ ထွက်ပြေးသွားသည်။

သူမ B City ကို ပြန်မယ့် လေယာဉ် လက်မှတ်ကိုကြိုတင်မှာလိုက်ပြီး လေဆိပ်ဆီ သွားဖို့တက္ကစီကို သူမဘာသာခေါ်လိုက်ကာ လေယာဉ်မထွက်ခင်လေးမှာဘဲ တစ်ခုခုဖြစ်လို့ အိမ်ကို ချက်ချင်းပြန်ရမှာမို့ စိတ်မပူနဲ့ဆိုပြီး ဖေးခွမ်ဆီ မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်သည်။

မက်ဆေ့ခ်ျပို့ပြီးတာနဲ့ စက္ကန့်တိုင်းမှာ ဖေးခွမ်က အင်တာနက်လိုင်းကနေ တွားသွားရောက်လာတော့မလိုမျိုး သူမ ဖုန်းကို ချက်ချင်းပိတ်လိုက်သည်။

ဆေးရုံခန်းထဲတွင်

ဖေးခွမ်က ကုတင်ပေါ် မှီထိုင်နေကာ စာအုပ်တစ်အုပ် ဖတ်နေသည်။ ဒါက မနေ့က လီရှောင်ရှန်းနဲ့ ဈေးဝယ်ထွက်ရင်း စုန့်အာ့နန်က သူပျင်းနေမှာစိုးတာကြောင့် ဝယ်ထား‌ပေးတဲ့ စာအုပ်ဖြစ်သည်။

ဒါပေမယ့် သေချာကြည့်လိုက်ရင် သူ့စိတ်က စာအုပ်ထဲမှာ လုံးဝမရှိတာကို တွေ့ရပြီး တစ်စုံတစ်ယောက်ကို စောင့်နေသလိုမျိုး တံခါးဆီ လှမ်းလှမ်းကြည့်နေတာက သိသာလှသည်။

"ဖေးကော၊ အန်တီလေးကို ဖုန်းခေါ်လိုက်ရင်ရော? သူအိပ်ပျော်နေတုန်း ဖြစ်မှာပေါ့" လျှိုဟောက်က ပြောလိုက်သည်။

ဖေးခွမ်က သူ့ဘေးနားက ဖုန်းကို ကြည့်နေပေမယ့် ဘာမှ မပြောပေ။

စုန့်အာ့နန်မှာ အိပ်တတ်တဲ့အကျင့်မရှိဘူးဆိုတာ သူသိသလို သူမ နောက်ကျနေတယ်ဆိုတာ မရှိတဲ့အတွက် သူ့ကို တမင်ရှောင်နေတာ ဖြစ်နိုင်ခြေများသည်။

တံခါးလက်ကိုင် လှည့်လာတာကိုတွေ့တော့ ဖေးခွမ် အလိုလို လှည့်ကြည့်လိုက်သည်။

လောရိဖြစ်နေသည်။

"ဒီအကြည့်က ဘာဖြစ်တာလဲ? မင်းငါ့ကိုတွေ့ရတာ မပျော်ဘူးလား?" လောရိက ပြောလာသည်။

ဖေးခွမ်က သူ့ရဲ့နောက်ပြောင်တဲ့ လေသံကို လျစ်လျူရှုလိုက်သည်။ "မင်း အလုပ်တွေရှုပ်နေတာ နေ့တိုင်းလာစရာ မလိုပါဘူး"

လောရိက သူ့ဘေးနားရှိ ကုလားထိုင်ပေါ်တွင် ပျင်းရိပျင်တွဲထိုင်လိုက်ကာ "ဘာအလုပ်လဲ? ငါအားလပ်ရက်ရထားတယ်။ အိမ်မှာနေရတာပျင်းလို့ "

"အိုး ဟုတ်သားဘဲ၊ မင်းတို့နှစ်ယောက် ဘယ်လိုဖြစ်တာလဲ? တခြားသူတွေရော ဘယ်မှာလဲ?" သူက အခန်းကို စကင်န်ဖတ်လိုက်သည်။

'တခြားလူ' ဆိုတာက ဘယ်သူ့ကိုပြောနေမှန်း လူတိုင်းသိသည်။

လျှိုဟောက်က ပြန်ဖြေလာသည်။ "အန်တီ‌လေးက ဟိုတယ်မှာ ရှိသေးတယ်၊ မလာသေးဘူး"

အခု လောရိရောက်လာတော့ လျှိုဟောက်လည်း အပြင်မှာ လုပ်ရမယ့်ဟာတွေကို သွားလုပ်ပြီး လောရိနဲ့ ဖေးခွမ်ဘဲအခန်းထဲမှာကျန်ခဲ့သည်။

လောရိ တစ်ခုခုပြောခါနီးမှာ ဖေးခွမ်ရဲ့ဖုန်းက ရုတ်တရက်မြည်လာခဲ့သည်။

သူကြည့်လိုက်တော့ အဲ့ဒါက စုန့်အာ့နန်ဆီက WeChat မက်ဆေ့ချ်တစ်ခုဖြစ်ကြောင်း တွေ့လိုက်ရသည်။

[ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ ကျွန်မ အရေးတကြီး လုပ်စရာတစ်ခုရှိလို့ B City ကို အရင်ပြန်လိုက်မယ်။ ကျွန်မအခု လေဆိပ်မှာ လေယာဉ်လည်းထွက်တော့မယ်။ ကျွန်မဖုန်း ပိတ်ရတော့မယ်၊ စိတ်မပူပါနဲ့]

မက်ဆေ့ချ်ကို ဖတ်ပြီးတဲ့နောက် ဖေးခွမ်ရဲ့ ပထမဆုံးတုံ့ပြန်မှုက သူမဆီ ချက်ချင်းဖုန်းဆက်ဖို့ ဖြစ်ပေမယ့်အသံမေးလ်ဆီ တိုက်ရိုက်ရောက်သွားသည်။

"ဘာဖြစ်လို့လဲ?" လောရိက မေးလိုက်သည်။

ဖေးခွမ်က ဖုန်းကို ချလိုက်ပြီး "သူ ပြန်သွားပြီ"

"ဘယ်သူပြန်သွားတာလဲ..." လောရိက အစပိုင်းမှာ မတုံ့ပြန်မိပေမယ့် 'သူ' ဆိုတာက ဘယ်သူ့ကိုဆိုလိုမှန်း လမ်းတစ်ဝက်မှာ သူသဘောပေါက်လိုက်သည်။

"ဘာလဲ အန်တီလေး မနေ့က အားလပ်ရက်လေးရက်ယူထားတာလေ။ ရုတ်တရက် ဘယ်လိုလုပ်ပြန်သွားတာလဲ?အရေးပေါ်ဖြစ်လို့လား?"

ဖေးခွမ်က စကားမပြောဘဲ စက္ကန့်အနည်းငယ်ကြာအောင် နှုတ်ဆိတ်နေပြီးမှ ပြန်ဖြေလာသည်။ "သူ ငါ့ကို ရှောင်နေတာ ဖြစ်မယ်"

"မင်းကို ရှောင်နေတာ?" လောရိက ခပ်မတ်မတ်ထိုင်လိုက်ပြီး "ဘာတွေဖြစ်နေတာလဲ? ဖွင့်ပြောပြီး အငြင်းခံလိုက်ရတယ်လို့တော့ လာမပြောနဲ့နော်?"

ဖေးခွမ်က ခဏရပ်လိုက်ပြီး "ဖွင့်ပြောတယ်လို့ လည်းပြောလို့မရဘူး"

ဒါပေမယ့် သူ အငြင်းခံလိုက်ရတာလား ဆိုတာလည်း မသေချာပါချေ။

လောရိက မျက်ခုံးပင့်လိုက်ကာ ဇာတ်လမ်းကို စောင့်မျှော်နေသည်။

ဖေးခွမ်က ခဏလောက် တုံ့ဆိုင်းသွားပြီး မနေ့က ဖြစ်ပျက်ခဲ့တာတွေကို ရိုးရိုးရှင်းရှင်း အကျဉ်းချုပ် ပြောပြလိုက်သည်။

လောရိက အရှည်ကြီးအသက်ရှူထုတ်လိုက်သည်။ "ကောင်းပြီ၊ ဒီအဆင့်က မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ဖြစ်လာမှာ သေချာတယ်။ မင်းသာ မပြတ်မသားလုပ်နေရင် သူ့တူလေးအဖြစ်နဲ့ဘဲ တစ်သက်လုံးနေဖို့ စီစဉ်ထားတာလား?"

လောရိရဲ့အမြင်တွင် ဖေးခွမ်နဲ့ စုန့်အာ့နန်တို့ရဲ့ ဆက်ဆံရေးမှာ တကယ်ကို ရှုပ်ထွေးနေပေမယ့် သူတို့သာရှေ့ဆက်ချင်ပါက ဒီလုပ်ငန်းစဉ်မျိုး လိုအပ်သည်။

"ကောင်မလေးကို အချိန်ခဏလောက်ပေးပြီး သူမကို အရမ်းဖိအားမပေးနဲ့"

ဖေးခွမ်လည်း ဒီအကြောင်းပြချက်ကို နားလည်သည်။

သူနားလည်ပေမယ့် စိတ်ပူနေဆဲပင်။

သူ့ရည်ရွယ်ချက်တွေကို ထုတ်ပြောတဲ့အခါ သူမအနေနဲ့စိတ်ပိုင်းဆိုင်ရာ နည်းနည်းလောက် ပြင်ဆင်ထားနိုင်ဖို့ လွန်ခဲ့တဲ့ရက်တွေက သူလမ်းဖောက်ဖို့ ကြိုးစားခဲ့သည်။

တကယ်တော့ စုန့်အာ့နန်တင်မဟုတ်ဘဲ မနေ့ညက သူလည်း တစ်ညလုံး အိပ်မပျော်ခဲ့ပေ။ သူမ ဒီလိုမျိုးတိုက်ရိုက်ထွက်သွားလိမ့်မယ်လို့သူ မမျှော်လင့်ထားပါချေ။

လောရိက ဖေးခွမ်ရဲ့ ပခုံးကို ပုတ်ပြီး လေးလေးနက်နက်ပြောလိုက်သည်။ "အချစ်က လူကို အဆုံးမရှိ ပူလောင်ရစေတယ်"

နှစ်နာရီအကြာ စုန့်အာ့နန်ရဲ့ လေယာဉ်က B Cityရဲ့လေဆိပ်ဆီ ဆင်းသက်လာသည်။

စုန့်အာ့နန် ဖုန်းဖွင့်လိုက်တာနဲ့ ဖေးခွမ်ရဲ့မက်ဆေ့ချ်ကို တွေ့လိုက်ရသည်။

[လေယာဉ်ပေါ်ကဆင်းရင် ကိုယ့်ကိုဖုန်းဆက်ပေးပါ၊ ကိုယ်စိတ်ပူလို့]

စုန့်အာ့နန်လည်း နောက်ဆုံးတော့ ဖေးခွမ်ရဲ့နံပါတ်ကို မခေါ်ခင်လေဆိပ်အထွက်တွင် ခဏရပ်နေလိုက်သည်။

ခေါ်ဆိုမှု ချိတ်ဆက်သွားတော့ စုန့်အာ့နန်က စကား မပြောခင် ခဏလောက် တုံ့ဆိုင်းသွားသည်။ "ကျွန်မ လေယာဉ်ပေါ်ကဆင်းလာပြီ၊ စိတ်မပူပါနဲ့ အန္တရာယ်ကင်းပါတယ်"

ဖေးခွမ်က အင်း လို့ခပ်တိုးတိုးဆိုလိုက်ပြီး "မင်း အန္တရာယ်ကင်းတယ်ဆိုတော့ ကောင်းပါတယ်"

တစ်ခဏလောက် ဘယ်သူမှ စကားမပြောလာပေ။

စုန့်အာ့နန်ရဲ့လက်က ဖုန်းကို ပိုတင်းတင်း ဆုပ်ကိုင်လိုက်မိသည်။ သူမ ဘာပြောရမှန်း မသိပေ။ သူမရင်ထဲမှာ မေးခွန်းတွေနဲ့ ပြည့်နေပေမယ့် သူမ မမေးရဲပေ။

"ကိုယ့်...မင်းကို လန့်အောင်လုပ်လိုက်မိလား?" ဖေးခွမ်ရဲ့ အသံက တစ်ခုခုကိုဖိနှိပ်ထားရသလိုမျိုး သြရှနေသည်။

စုန့်အာ့နန်ရဲ့ ခန္ဓာကိုယ်မှာ တောင့်တင်းသွားရသည်။ "...မဟုတ်ပါဘူး"

နှစ် ယောက်လုံး ထပ်တိတ်သွားပြန်သည်။

အချိန် ဘယ်လောက် ကြာသွားလဲမသိပေ။

စုန့်အာ့နန်ဘက်က အရင် ပြောလိုက်သည်။ "ကျွန်မ ကားရောက်လာပြီ၊ ဖုန်းချလိုက်တော့မယ်"

ဖေးခွမ်လည်း သက်ပြင်းချကာ "ဂရုစိုက်" လို့ဘဲ ပြောနိုင်တော့သည်။

ဖုန်းမချခင် စုန့်အာ့နန်ကပြောလိုက်သည်။ "ပြန်ကောင်းလာဖို့ကိုပဲ အာရုံစိုက်၊ ဆရာဝန်ပြောတာကို နားထောင်ပါ"

ဖေးခွမ်က စက္ကန့်အနည်းငယ်လောက် ရပ်သွားပြီး ပြန်ဖြေလိုက်သည်။ "ကောင်းပါပြီ"

-

စုန့်အာ့နန်က သူမအဆောင်ကို မပြန်ပေ။ သူမက စုန့်လင်းချွမ်ရဲ့နေရာဆီတည့်တည့်သွားလိုက်သည်။

သူမ တံခါးကို တွန်းဖွင့်လိုက်တာနဲ့ ဆိုဖာပေါ်မှာအိပ်ပျော်နေတဲ့ချိုးချိုးက ကျယ်လောင်စွာနဲ့ အော်ဟစ်ရင်း သူမခြေထောက်နားမှာပွတ်သပ်လာသည်။

လွန်ခဲ့တဲ့ရက်အနည်းငယ်က သူ့ကိုလာမကြည့်ဘဲ သူမဘယ်ကိုသွားနေလဲ ဆိုပြီးမကျေမနပ်ပြောနေသလိုပင်။

စုန့်အာ့နန်က ထိုင်ချလိုက်ပြီး ချိုးချိုး ကို ချီကာ သူ့ခေါင်းကို ပွတ်လိုက်သည်။ "ချိုးချိုး၊ လိမ္မာတဲ့ကြောင်လေး၊ ငါပြန်လာပြီ"

ဖေးခွမ် ဒဏ်ရာရတဲ့နေ့တွင် ချိုးချိုးကို ဂရုစိုက်ပေးဖို့ လူတစ်ယောက်မှကို သူမ မတွေ့ခဲ့ရပေ။ ကျန်းဟန်က B Cityမှာ ရက်ပိုင်းလောက် ရှိတာကြောင့် သူမက ချိုးချိုး ကို စုန့်လင်းချွမ်ရဲ့နေရာမှာနေဖို့ ခေါ်လာခဲ့ပြီး ကျန်းဟန် ကို နေ့တိုင်း အစာလာကျွေးခိုင်းလိုက်သည်။

ကံကောင်းစွာနဲ့ဘဲ ချိုးချိုးက အရက်တုန်းက ဒီနေရာမှာ ရက်အနည်းငယ် နေခဲ့ဖူးတာကြောင့် ပတ်ဝန်းကျင်နဲ့ သိပ်မရင်းနှီးသလို မဖြစ်နေပေ။

ကျန်းဟန် ဒီနေ့ လာလား မလာဘူးလားဆိုတာ စုန့်အာ့နန် မသေချာတာကြောင့် သူ့အတွက် သပ်သပ်အချိန်မကုန်ရအောင် သူမ ပြန်လာကြောင်း အသိပေးဖို့ သူ့ကို အရင်ဖုန်းဆက်လိုက်သည်။

ဖုန်းချပြီးတာနဲ့ သူမက ချိုးချိုး အတွက် ကြောင်စာနဲ့ ရေထည့်ပေးလိုက်သည်။

အသေးလေးက ဗိုက်သိပ်မဆာတဲ့ပုံပင်။ သူကကြောင်စာ နည်းနည်းလောက်ဘဲစားလိုက်ပြီး စုန့်အာ့နန်ကို သူနဲ့ကစားပေးဖို့ နှောင့်ယှက်တော့သည်။

စုန့်အာ့နန်က ဆိုဖာပေါ်မှာမထိုင်ခင် သူနဲ့ ခဏလောက် ကစားပေးလိုက်သည်။

ချိုးချိုးက သူမ စိတ်အခြေအနေ မကောင်းတာကို ခံစားမိပုံရပြီး သူမကို အနှောင့်အယှက် မပေးတော့ပေ။ အဲဒီအစား သူ့ဘာသာသူ ကွေးပြီး အိပ်တော့သည်။

သူမ ဘာလို့ထွက်ပြေးလာခဲ့မှန်း စုန့်အာ့နန်မသိပေ။

အဲ့ဒီနေ့မနက်မှာ လီရှောင်ရှန်းရဲ့ ကောင်လေးက သူမကိုလာခေါ်ပေးပြီး စုန့်အာ့နန်ကတော့ ဖေးခွမ်ကို ဘယ်လို ရင်ဆိုင်ရမှန်း မသိစွာနဲ့ ဟိုတယ်တွင် တစ်ယောက်တည်း စိတ်လှုပ်ရှားစွာ စောင့်နေခဲ့သည်။ နောက်ဆုံးတော့ သူမက လက်မှတ်ကို တိုက်ရိုက်ကြိုတင်မှာပြီး လေဆိပ်ကို အမြန်သွားလိုက်သည်။

သူမက ထွက်ပြေးဖို့ အရှက်အရဆုံး ဆုံးဖြတ်ချက်ကို ချခဲ့သည်။

ဒါက လန့်တာထက်ပိုတာ ဖြစ်နိုင်သည်။ သူမ အလွန်အမင်း လိုချင်တောင့်တတဲ့ မရနိုင်တဲ့ အရာတစ်ခုက ရုတ်တရက် မထင်မှတ်ဘဲ သူမအရှေ့မှာ ပေါ်လာသလိုပင်။ သေချာတာကတော့ ဘယ်လိုလှမ်းယူရမလဲဆိုတာကို သူမ လန့်နေတာဖြစ်လိမ့်မည်။

သူမကို ပိုထိတ်လန့်စေတဲ့အရာမှာ ဒီဟာက လှည့်စားမှုတစ်ခုသာ ဖြစ်နေမလားဆိုတာလည်း မသေချာပေ။

သူမတို့ပြန်တွေ့ပြီးကတည်းက သူမခံစားချက်တွေကို မျိုသိပ်ထားခဲ့ပြီး လွဲမှားနေတာကို သတိထားမိရင်တောင်မှ သူမဟာ အဲ့ဒီအရာတွေက စိတ်ကူးယဉ်နေတာလို့ဘဲ သူမကိုယ်သူမ ပြောလိမ့်မည်။

သူမဟာ မျှော်လင့်ချက်ကို မဆုပ်ကိုင်ထားသလို မဆုပ်ကိုင်ဝံ့ဘဲ ဒီဟာက သူမရဲ့စိတ်ကူးဆန္ဒသက်သက်သာ ဖြစ်မည်ကို ကြောက်သည်။

စုန့်အာ့နန် အိပ်ခန်းထဲဝင်သွားလိုက်ပြီး ဗီဒိုအောက်ခြေက countdown ပြက္ခဒိန်ကို ထုတ်လိုက်သည်။ ဒီနှစ်နှစ်တာကာလအတွင်း ဒီဟာကို ဒီနေရာတွင် သိမ်းထားခဲ့သည်။

ပြက္ခဒိန်ရှိ မှတ်ထားတာတွေက သူမ လက်လျှော့လိုက်တဲ့နေ့တွင် ရပ်တန့်နေဆဲဖြစ်ပြီး၊ ယခင်က ဝန်ခံရဲခဲ့သည့် မဆင်မခြင် သတ္တိတွေဟာလည်း ထိုနေ့တွင်ပင် အေးခဲသွားပုံရသည်။

လက်ရှိ သူမကတော့ သူရဲဘောကြောင်တဲ့သူဖြစ်သည်။ သေချာလားဆိုတာ ရှာဖွေဖို့ သတ္တိမရှိဘဲ၊ နေရာမှာဘဲ တစ်ယောက်တည်း နောက်ပြန်လှည့်လာသည်။

စုန့်အာ့နန်ရဲ့လက်ချောင်းတွေက countdown ပြက္ခဒိန်ပေါ် ပြေးလွှားနေကာ သူမရင်ထဲ ဖော်မပြနိုင်သည့် ရှုပ်ထွေးတဲ့ ခံစားချက်တွေဖြင့် ပြည့်နှက်နေသည်။

-

သူမ လေးရက်လောက် ခွင့်ယူခဲ့ပေမယ့် တစ်ရက်နဲ့တင် ပြန်ရောက်လာသည်။

သူမစိတ်ထဲတွင် လေးလံနေသည့်အရာများနှင့်အတူ စုန့်အာ့နန်မှာ သူမရဲ့ကျန်ရှိနေသည့်အားလပ်ရက်တွေကိုအသုံးမချတော့ပေ။ သူမ တစ်ယောက်တည်းနေဖို့ အချိန်လိုအပ်သည်။

သူမ တစ်နေ့လုံး အိမ်ထဲမှာဘဲ ဦးတည်ရာမဲ့စွာ ဖြတ်သန်းခဲ့သည်။ တစ်ခုခုကို အဖြေရှာနိုင်မယ်လို့ သူမထင်ခဲ့ပေမယ့် အဆုံးမှာတော့ ဘာကိုမှ ရှာမတွေ့ခဲ့ပါချေ။

အဲ့ဒီနေ့က လေဆိပ်တွင် ဖေးခွမ်နဲ့ ခဏလောက် ဖုန်းပြောခဲ့တာကလွဲရင် WeChat မက်ဆေ့ချ်တောင် အဆက်အသွယ် လုံးဝမရှိခဲ့ပေ။

တစ်ခါတစ်ရံတွင် စုန့်အာ့နန်အနေနဲ့ အရာအားလုံးဟာ သူမရဲ့စိတ်ကူးယဉ်မှုသာ ဖြစ်သည်ဟုပင် ခံစားခဲ့ရသည်။

အဲ့ဒီနေ့တွင် ဖေးခွမ်က သူမကို စနောက်ရုံဘဲဖြစ်လောက်ပေမယ့် သူမရဲ့ရင်ထဲမှာကို အဲ့ဒါကို အလေးအနက်ထားခဲ့မိသည်။

အားလပ်ရက်ရဲ့နောက်ဆုံးနေ့ဖြစ်ပြီး ဘာပဲဖြစ်ဖြစ်၊ စုန့်အာ့နန်က သူမရဲ့အလုပ်အပေါ် မထိခိုက်အောင်လုပ်ရမည်ပင်။

အဲ့ဒီညမှာ ညစာစားပြီးသွားတော့ သူမ အိမ်အပေါ်ထပ်ကနေ အောက်အထိ သန့်ရှင်းရေးလုပ် ရှင်းလင်းကာ စားပွဲတွေသုတ် ချိုးချိုးရဲ့ အညစ်အကြေးပုံးကို သန့်ရှင်းရေးလုပ်ကာ အစာခွက်နဲ့ ရေခွက်ကိုတောင် သန့်ရှင်းခဲ့သည်။

အားလုံးပြီး‌သွားတော့ ကိုးနာရီထိုးနေပြီဖြစ်သည်။

အရမ်းကောင်းတယ်။ အောက်ဆင်း အမှိုက်သွားပစ်ပြီး ပြန်လာ ရေမိုးချိုးပြီးရင် အိပ်ဖို့ကွက်တိပဲ။

ဒါပေမယ့် အမှိုက်အိတ်ကို ယူပြီး တံခါးဖွင့်လိုက်တဲ့အချိန် စင်္ကြံမှာ မထင်မှတ်ထားတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသည်။

ဖေးခွမ်ပင်။

သူ ဒီမှာ ဘာလုပ်နေတာလဲ? !

စုန့်အာ့နန် သူ့ကိုမြင်တဲ့အချိန် သူက နံရံကို မှီထားပြီး သူ့ဖိနပ်ထိပ်တွေကို ကြောင်တက်တက်နဲ့ ငေးကြည့်နေသည်။

သူဘာတွေတွေးနေလဲ ဒါမှမဟုတ် သူအဲဒီမှာ ဘယ်လောက်ကြာကြာ ရှိနေလဲဆိုတာ သူမ မသိပေ။

တံခါးဖွင့်သံကြားတော့ ဖေးခွမ်လည်း လန့်သွားသည်။ စုန့်အာ့နန်ကို ကြည့်လိုက်တဲ့အချိန် သူ့မျက်နှာမှာ အမူအရာတွေကို ထိန်းဖို့ အချိန်တောင်မရှိလိုက်ပေ။

နှစ်ယောက်သား မျက်လုံးချင်းဆုံသွားကြပြီး ကမ္ဘာကြီး ရပ်တန့်သွားသလို ခံစားလိုက်ရသည်။

ခဏလောက် အံ့အားသင့်သွားပြီးတဲ့နောက်မှာ၊ ဖေးခွမ်ရဲ့ အသားအရောင်မှာ သိသိသာသာ မကောင်းကြောင်း စုန့်အာ့နန် သတိထားမိလိုက်သည်။ သူ့တစ်ကိုယ်လုံးက ခွဲစိတ်ပြီးတဲ့ နေ့ထက်ပင် ပိုလို့နီရဲနေသည်။

လောလောဆယ်တော့ သူမတခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ "ဘယ်လိုလုပ် ပြန်လာတာလဲ? ဆေးရုံတစ်ပတ်လောက် တက်ရမယ်လို့ ပြောတယ်မဟုတ်ဘူးလား?"

ဆေးရုံ စောစောဆင်းလာတာတင်မက လေယာဉ်တောင် စီးလိုက်သေးသည်။ ဒါက ထင်ရာစိုင်းနေတာဘဲ!

ဖေးခွမ်က ရှင်းပြလာသည်။ “ကိုယ် ဆရာဝန်ကို မေးကြည့်လိုက်တော့ လေယာဉ်စီးလို့ ရတယ်လို့ ပြောလို့"

စုန့်အာ့နန်က မျက်ခုံးကို တင်းတင်းတွန့်ချိုးထားပေမယ့် သူ့စကားက မှန်တယ်ဆိုတာကို သူမသိသည်။

ဖေးခွမ်ရဲ့ အခြေအနေကို သူမ ရှင်းရှင်းလင်းလင်း သိသည်။ အရမ်းကြီး မစိုးရိမ်ရလို့ ဆေးရုံက ဆင်းလို့ရပေမယ့် ဆေးရုံမှာ ဆက်နေရင် ပိုကောင်းသည်။

သူမက အသက်ပြင်းပြင်းရှူလိုက်ပြီး မေးလိုက်သည်။ "ရှင်ဘယ်တုန်းက ရောက်နေတာလဲ?"

ဖေးခွမ် - "စောနကပဲ"

စုန့်အာ့နန်က ခဏရပ်သွားပြီး "ဘာလို့ တံခါးမခေါက်တာလဲ?"

"မခေါက်ရဲလို့" ဖေးခွမ်က အကြည့်အောက်ပို့လိုက်ပြီး သနားစရာကောင်းတဲ့ပုံနဲ့ ပြောလာသည်။ "မင်းကိုယ့်ကို တံခါးမဖွင့်ပေးမှာစိုးလို့"

စုန့်အာ့နန် - "..."

သူမ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားသည်။

ဖေးခွမ်က ရုတ်တရက် မတ်မတ်ရပ်လိုက်ပြီး သူ့မျက်နှာပေါ်က အမူအရာကလည်း တစ်ခဏချင်း ပိုလေးနက်လာသည်။ "အာ့နန်၊ ကိုယ် မင်းကို ပြောစရာရှိတယ်"

စုန့်အာ့နန် လန့်သွားပြီး အမှိုက်တွေကို တံခါးနားမှာ ထားလိုက်သည်။

"အထဲဝင်ပြီး စကားပြောရအောင်"

အထဲဝင်လာတော့ ဖေးခွမ်က ဖိနပ်တစ်ရံယူဖို့ ကုန်းဖို့လုပ်လိုက်ပေမယ့် စုန့်အာ့နန်က သူ့ကိုတားလိုက်ပြီး ဖိနပ်ပုံးထဲကနေ ဖိနပ်တစ်ရံကိုယူလိုက်ကာ သူ့ခြေထောက်နားမှာထား ပေးလိုက်သည်။

သူက ဝမ်းဗိုက်မှာ ဒဏ်ရာရှိနေတာကြောင့်ဒဏ်ရာကို ဆွဲဆန့်လိုက်မိမှာ သူမစိုးရိမ်သည်။

နှစ်ယောက်သား ဧည့်ခန်းဆီ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကာ ဆိုဖာပေါ်မှာ ထိုင်လိုက်ကြသည်။

စုန့်အာ့နန်က နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ရင်း ဖေးခွမ်ကို ကြည့်ကာ မေးလိုက်သည်။ "ဘာပြောချင်လို့လဲ?"

ဖေးခွမ်က အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့မျက်လုံးတွေက အထူးတလည်ကို ရိုးသားနေသည်။ “အဲဒီနေ့က ဆေးရုံမှာ ကိုယ်ပြောခဲ့တဲ့ စကားတွေကို မင်းနားလည်မလားဆိုတာ ကိုယ်မသိဘူး၊ ဒါပေမယ့် ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ်ပြောချင်တဲ့ စကားတွေရှိသေးတယ်”

စုန့်အာ့နန်ရဲ့ အသက်ရှုသံ‌တွေ ရုတ်တရက် ရပ်တန့်သွားသည်။ သူပြောလာမယ့်စကားအတွက် သူမမှာ မရေရာတဲ့ ကြိုတင် အတိတ်နိမိတ်တွေကိုခံစားနေရသည်။

"အာ့နန်၊ ကိုယ် မင်းကို သဘောကျတယ်" သူ့အကြည့်တွေက သိသိသာသာကို လေးနက်နေသည်။ "ဒါက ယောက်ျားနဲ့ မိန်းမကြားက သဘောကျမှုမျိုးဘဲ"

သူမမှာ ကြိုပြီး စိတ်ထင့်နေပေမယ့် သူမကိုယ်တိုင်နားနဲ့ကြားလိုက်ရတဲ့အခါ ထိတ်လန့်မိနေဆဲပင်။

ဖေးခွမ် ဒီလောက်ထိ တည့်တိုးပြောလာလိမ့်မယ်လို့ သူမ မျှော်လင့်ထားပါချေ။

သူက ပါးပါးနပ်နပ်နဲ့ အစတောင်မပျိုးဘူး။

ဒီအခိုက်အတန့်မှာ မတိုင်ခင်က မသေချာမှုတွေ အားလုံး ပြေလည်သွားသည်။

စုန့်အာ့နန်မှာ သူမရင်ထဲ ဘယ်လိုခံစားနေရမှန်း ဖော်မပြတတ်ပါချေ။ အရမ်းရှုပ်ထွေးနေသည်။

ဒါပေမယ့် ရှုပ်ထွေးတဲ့ ခံစားမှုအားလုံးထဲတွင် ပျော်ရွှင်မှုက ပိုများနေတယ်ဆိုတာ သူမ သေချာပေါက် သိသည်။

သူမ အကြာကြီး ကြိုက်ခဲ့ရတဲ့လူက နောက်ဆုံးတော့ သူမကို ပြန်ကြိုက်လာသည်။

စုန့်အာ့နန်မှာ သူမမျက်လုံးထာင့်တွေ မကွေးတက်သွားရအောင် ရှိသမျှ အားစိုက်ထုတ်ကာ ထိန်းထားရပြီး မတုန်မလှုပ်ဟန် ဆောင်ထားရသည်။

All Chapters