← Chapters

အခန်း (၁၁၁)

Vol. 9 Ch. 111

အခန်း (၁၁၁)

Vol. 9 Ch. 111

ဇနီးဖန်လား?

ဖေးခွမ် စိတ်ထဲ တစ်စက္ကန့်လောက်ဗလာ ဖြစ်သွားသည်။ သူ့အသိပြန်ဝင်လာတဲ့အခါ မတတ်နိုင်ဘဲ နည်းနည်းရယ်ချင်သလို ခံစားလိုက်ရသည်။

ဒီလိုနားမလည်နိုင်တဲ့ သုံးပွင့်ဆိုင်အချစ်အကြောင်း...ပြောရတဲ့အခါ အတွေးခေါင်ရသည်။

သို့ပေမယ့် ဖေးခွမ်ကတော့ အဲ့ဒီလောက်ထိ ပြင်းထန်တယ်လို့ မထင်ပေ။ စုန့်အာ့နန် အရက်မူးနေချိန်တုန်းက သူနဲ့ လီစစ်ရွှေ့တို့ ဆုံတော့ ပုံမှန်ပင်။ လီစစ်ရွှေ့က သူ့ဖန်ဖြစ်မှန်းတောင် သူ မသိလိုက်ပေ။

ဒါကြောင့် စုန့်အာ့နန် တွေးထားသလိုမျိုး မဖြစ်လောက်ဘူးလို့ သူခံစားရသည်။

သို့ပေမယ့် တည်ငြိမ်နေတဲ့ ဖေးခွမ်နဲ့မတူဘဲ စုန့်အာ့နန်ကတော့ အရမ်းစိုးရိမ်နေသည်။ [ဒါကို ကျွန်မအချစ်ဆုံးသူငယ်ချင်းရဲ့ ယောက်ျားကို ခိုးယူတယ်လို့ ထည့်တွက်လို့ရတယ်လို့ ထင်လားဟင်?]

ဒီစာကိုမြင်တော့ ဖေးခွမ်မှာ မနေနိုင်ဘဲ သူပခုံးကို ပွတ်လိုက်မိသည်။

ဒါက ဘယ်လို ဆက်စပ်နေလို့လဲ? ဒီကောင်မ‌လေးရဲ့ အတွေးက တကယ့် ထူးဆန်းတယ်။ မသိတဲ့သူတွေက သူ့ကို မကောင်းတဲ့ကောင်လို့ ထင်နေကြဦးမယ်။

[စိတ်မပူပါနဲ့၊ မင်းထင်ထားသလောက် မပြင်းထန်လောက်ပါဘူး] သူ့လက်ချောင်းတွေက ကီးဘုတ်ပေါ်လျင်မြန်စွာ လှုပ်ရှားသွားကာ စာပြန်လိုက်သည်။

စုန့်အာ့နန်က သက်ပြင်းချလိုက်ပြီး [ရှင် နားမလည်ပါဘူး]

ဒီနှစ်တွေတစ်လျှောက် လီစစ်ရွှေ့က ဖေးခွမ်ကို idol အဖြစ်ဘယ်လောက်ထိ သဘောကျခဲ့လဲဆိုတာကို သူမရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။ ဒါက တကယ်ကို ပေါ့ပေါ့ပါးပါး သဘောထားရမယ့် အရာမဟုတ်ပါချေ။

ဖေးခွမ် တကယ် နားမလည်ပေမယ့် ကောင်မလေးက အရမ်းစိုးရိမ်နေတာကို ကြည့်ပြီး မနေနိုင်ဘဲ မေးလိုက်သည်။ "ဒီနေ့ ကိုယ်သူနဲ့လာတွေ့ပြီး ရှင်းလင်းအောင်လုပ်လိုက်ရင်ရော?"

စုန့်အာ့နန်မှာ တစ်စက္ကန့်လောက် အေးခဲသွားသည်။ သူမရဲ့ idol က သူမရဲ့အချစ်ဆုံးသူငယ်ချင်းနဲ့ တွဲနေတယ်ဆိုတာကို လူကိုယ်တိုင်ပြောပြမှာလား?

အမ်း...အဲဒါက လီစစ်ရွေ့‌အပေါ် ပိုပြီး ရက်စက်ရာကျလိမ့်မယ်ထင်တယ်။

စုန့်အာ့နန်မှာ လီစစ်ရွှေ့တစ်ယောက် နေရာမှာဘဲ ငိုသွားမှာ တကယ်စိုးရိမ်သည်။

[မဖြစ်ဘူး၊ သူ့ကို ကျွန်မကိုယ်တိုင်ပြောလိုက်မယ်။ အလုပ်ပြီးရင် ဒီနေ့ပြန်တာနောက်ကျမယ်] စုန့်အာ့နန်ကပြောလိုက်သည်။

ဖေးခွမ်က သူမကို အတင်းအကြပ် မလုပ်ပါ‌ချေ။ [မင်းတစ်ခုခုလိုအပ်ရင် ကိုယ့်ကို အချိန်မရွေးဆက်သွယ်လိုက်။ မင်းရဲ့ကောင်လေးက မင်းလိုတဲ့အချိန်တိုင်း ဒီမှာရှိနေမယ်]

ကောင်လေး...

စုန့်အာ့နန်မနေနိုင်ဘဲ နှုတ်ခမ်းထောင့်တွေ ကွေးတက်သွားသည်။ [ကောင်းပါပြီ]

ဌာနမှာ ဂရုစိုက်စရာတွေရှိတော့ လီစစ်ရွှေ့ အလုပ်ဆင်းတာ နည်းနည်းနောက်ကျသည်။ ကန်တင်းမှာ အစားအသောက်တွေ ယူပြီးတဲ့နောက် စုန့်အာ့နန်က ဖုန်းကိုင်ထားကာ အရူးလိုမျိုး တခစ်ခစ်တစ်ယောက်ထဲရယ်နေသည်။ သူမ မနေနိုင်ဘဲ သိချင်မိသွားသည်။

"ဒီလိုမျိုး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြုံးနေရအောင် ဘယ်သူနဲ့ မက်ဆေ့ခ်ျပို့နေတာလဲ?"

စုန့်အာ့နန် မော့ကြည့်လိုက်တော့ လီစစ်ရွှေ့ကို တွေ့လိုက်သည်။ ပထမတော့ သူမ လန့်သွားပြီး ပြန်ဖြေလိုက်သည်။ "ဘယ်သူမှ မဟုတ်ပါဘူး မိသားစုနဲ့ပါ"

လီစစ်ရွှေ့က ဒီတိုင်း ပေါ့ပေါ့ပါးပါး မေးလိုက်တာဖြစ်သည်။ သူမရဲ့စိတ်က ဗန်းပေါ်မှာရှိတဲ့ အစားအသောက်တွေအပေါ်မှာဘဲ လုံးလုံးအာရုံစိုက်ထားသည်။ ဒီနေ့မနက် သူမအလုပ်များနေတာကြောင့် ဗိုက်ဆာနေခဲ့တာဖြစ်သည်။ စုန့်အာ့နန်ရဲ့လိပ်ပြာမလုံသလို ပုံစံကို သူမ လုံးဝ သတိမထားမိပေ။

"ဒီည အိပ်ဆောင်ကို ပြန်မှာလား?" လီစစ်ရွှေ့က အသားကိုက်လိုက်ပြီး မေးလိုက်သည်။

"နင့်အတွက် အိမ်က ဒေသထွက် အထူးတလည်ဟင်းပွဲတချို့ကို ငါယူလာပေးထားတယ်။ နင်အရမ်းကြိုက်တယ်လို့ ပြောခဲ့တဲ့ ပြည်ကြီးငါးကို မှတ်မိလား? ငါ ဘယ်သူ့ကိုမှ မပေးဘဲ နင့်အတွက် သိမ်းထားတာ"

စုန့်အာ့နန်က နှုတ်ခမ်းကို ဖိပြီး ပြန်ဖြေလိုက်သည်။ "ငါခဏရပ်လိုက်မယ်။ အလုပ်ပြီးရင် အတူတူ ပြန်ကြရအောင်"

အဆောင်ကို ပြန်သွားပြီးနောက် လီစစ်ရွှေ့နဲ့ ရှင်းလင်းဖို့ အချိန်ကောင်းပင်။

-

အဆောင်ကို ပြန်ရောက်တာနဲ့ လီစစ်ရွှေ့က သူမအိမ်မှယူဆောင်လာသမျှ ဒေသထွက်ပစ္စည်းအားလုံးကို တစ်ပြိုင်ထဲထုတ်လာသည်။

"ဒီအိတ်ထဲမှာ နင်အကြိုက်ဆုံး ပြည်ကြီးငါးမွမွတွေ ပါတယ်။ အကုန်ယူသွားလိုက် တခြားကြိုက်တဲ့ ဟာတွေလည်း ရွေးသွားလိုက်"

စုန့်အာ့နန်က "အိုး" လို့ ဆိုလိုက်ပြီး နေရာမှာ ရပ်မနေဘဲ သူမ စားချင်တဲ့အရာတွေကို ရွေးထုတ်လိုက်သည်။

"ချန်ခယ့်နဲ့ ရှောင်တိရော ပြန်လာပြီလား?" စုန့်အာ့နန်က မေးလိုက်သည်။

လီစစ်ရွှေ့ - "ဟင့်အင်း၊ သူတို့ဆေးရုံက အလုပ်ရှုပ်နေတယ်လို့ ပြောတယ်။ နောက်အပတ်အထိ သူတို့ ပြန်မလာဖြစ်ဘူးလို့ ပြောတယ်"

ချန်ခယ့်နဲ့ ချိုက်ရှောင်တိတို့ဟာ သူတို့ဆေးရုံတွင် နိုင်ငံတကာဌာန၌ အလုပ်သင်အဖြစ် လုပ်နေကြတာဖြစ်သည်။ သူတို့ရဲ့ဆဋ္ဌမနှစ်မှာ ပြန်ပြောင်းရလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် အကြောင်းတစ်ခုခုကြောင့် ကျောင်းမှ နောက်နှစ်အထိ ရွှေ့ဆိုင်းခဲ့သည်။

ဒါကြောင့် များသောအားဖြင့် အဆောင်ထဲမှာ စုန့်အာ့နန်နဲ့ လီစစ်ရွှေ့ပဲ ရှိတတ်သည်။ စုန့်အာ့နန်က စုန့်လင်းချွမ် နေရာမှာ ရံဖန်ရံခါ နေတတ်တဲ့အတွက် တစ်ခါတစ်ရံ အဆောင်တွင် လီစစ်ရွှေ့ တစ်ယောက်တည်းသာ ရှိနေတတ်သည်။

"နင် ဒီညရောပြန်မလို့လား?" လီစစ်ရွှေ့က ကုလားထိုင်ပေါ်ပျင်းရိပျင်းတွဲထိုင်ကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

စုန့်အာ့နန်က ခေါင်းညိတ်လိုက်သည်။ "ပြန်မယ်"

သူမ ဒီနေ့ညမှာ ဖေးခွမ်နဲ့ အတူတူ ညစာစားဖို့ စီစဉ်ထားသည်။

လီစစ်ရွှေ့က မုန့်တစ်ထုတ်ကို နှစ်ချက်ကိုက်ကာ ဖောက်လိုက်သည်။ "ကောင်းပြီ၊ ငါ မှာစားလိုက်တော့မယ်၊ ကန်တင်းသွားရမှာပျင်းလွန်းလို့"

စုန့်အာ့နန်လည်း ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်သည်။

သူမက လီစစ်ရွှေ့ကို ခဏလောက်ကြည့်လိုက်ပြီး စကားပြောချင်ပေမယ့် သူမဘာသာသူမ ရပ်လိုက်သည်။ "စစ်ရွှေ့၊ ငါ နင့်ကို လာရှင်းပြချင်တာလေးရှိလို့"

လာရှင်းပြတာ?

အဲဒီလို လေးနက်တဲ့ စကားက။ လီစစ်ရွှေ့က သူမကို သံသယနဲ့ ကြည့်လိုက်သည်။ "အဲဒါဘာလဲ?"

စုန့်အာ့နန်က မျက်လုံးတွေကို မှိတ်လိုက်ပြီး ရေထဲ ဗုံးအသေးတစ်လုံး ပထမဆုံး ပစ်ချကာ စမ်းသပ်လိုက်သည်။ "ငါ တစ်ယောက်ယောက်နဲ့ တွဲနေပြီ"

ဒါကိုကြားတော့လီစစ်ရွှေ့က "အိုး" လို့ ရိုးရိုးရှင်းရှင်း တုံ့ပြန်လိုက်သည်က သူမ လုံးဝ မအံ့သြနေသလိုပင်။ "နင်နဲ့ ဖေးခွမ်တို့ တွဲနေကြပြီလား? ငါမျှော်လင့်ထားတာထက် ပိုမြန်တာပဲ"

စုန့်အာ့နန်က သူမကို ထိတ်လန့်စွာနဲ့ ကြည့်လိုက်သည်။ "နင်...နင်သိနေတာလား?!"

လီစစ်ရွှေ့က စုန့်အာ့နန်ရဲ့ ပုခုံးကို ပွတ်လိုက်ပြီး "အာ့နန်လေး၊ ဒီအစ်မကြီးကို ငတုံးလို့ ထင်နေတာလား? နင် ဖေးခွမ်ကို ကြိုက်နေတာကြာပြီဆိုတာ ငါသိတယ်"

ဒီတစ်ခါတော့ စုန့်အာ့နန်မှာ စကားမပြောနိုင်လောက်အောင် အံ့သြသွားရသည်။

"ဘယ်တုန်းက သိတာလဲ?"

လီစစ်ရွှေ့က သက်ပြင်းတစ်ချက်ချလိုက်ပြီး "လွန်ခဲ့တဲ့နှစ်နှစ် ငါတို့အခန်းမှာရှိတဲ့ အချိန်ဆို ဖေးခွမ်အကြောင်းကို မပြောလို့ရမလားလို့ နင်ပြောဖို့ ငါ့ကို လာရှာတဲ့အချိန်ကို မှတ်မိလား?"

စုန့်အာ့နန် ခဏလောက် တွေးလိုက်သည်။ အဲဒါကို သူမသေချာမှတ်မိသည်။

အဲ့ဒီအချိန်တုန်းက ဖေးခွမ်နဲ့ ရှဲ့ယင်းတို့ရဲ့ဆက်ဆံရေးအကြောင်း ကောလာဟလတွေ အွန်လိုင်းပေါ်မှာ ပျံ့နေပြီး သူမရဲ့ ဝန်ခံဖို့ အစီအစဉ်ကလည်း ရပ်တန့်သွားခဲ့သည်။

အချိန်အတော်ကြာအောင် သူမက ငှက်ကုလားအုတ်တစ်ကောင်လို ဖုံးကွယ်ထားပြီး ဖေးခွမ်နှင့် ပတ်သက်သည့် မည်သည့်အရာကိုမျှ ဂရုမစိုက်‌ခဲ့ပေ။

ဒါပေမယ့် သူမ ဂရုမစိုက်တာက ဘာမှမသိဘူးလို့ မဆိုလိုပါချေ။ လီစစ်ရွှေ့က အနားမှာရှိနေတာကြောင့် ဘာဖြစ်လဲဆိုတာကို သူမ သိခဲ့ရသည်။

အဲ့ဒီအချိန်တုန်းက၊ စုန့်အာ့နန် အဲ့ဒီလိုပြောပြီးတာနဲ့ နည်းနည်းနောင်တရသွားကာ လီစစ်ရွှေ့ သူမကို သံသယဝင်လာမှာလည်းစိုးသည်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ လီစစ်ရွှေ့က စာပြန်လည်သုံးသပ်ခြင်းရဲ့ ဖိစီးမှုကြောင့် စိတ်ထဲမရှိလောက်ဘူးလို့ သူမ တွေးလိုက်မိသည်။ သူမကို စိတ်မပူဖို့နဲ့ ရှေ့ဆက်သွားရင် သတိထားဖို့ ပြောခဲ့သည်။

အခုသူမစဉ်းစားကြည့်မိတော့ လီစစ်ရွှေ့က အဲ့ဒီအချိန်နောက်ပိုင်း သူမရှေ့မှာ ဖေးခွမ် အကြောင်းတစ်ခုတစ်လေမှ မပြောခဲ့တော့ပေ။

"နင့်ရဲ့ အကျင့်ကို ငါသိတယ်။ ဆက်ဆံရေး အရှုပ်အရှင်းတွေကြောင့် ဖေးခွမ်ရဲ့ အသက်မွေးဝမ်းကြောင်းက ကျဆင်းလာတယ်။ ပုံမှန်အားဖြင့်ဆို နင်သေတဲ့အထိ စိုးရိမ်နေလိမ့်မယ်၊ ဒါကြောင့် နင် ရုတ်တရက် ဒီလောက်ထိအေးစက်သွားပြီး လျစ်လျူမရှုလောက်ဘူးဆိုတာ သိသာတယ်။ တစ်ခုခုဖြစ်သွားလို့လေ" လီစစ်ရွှေ့က ပြုံးကာ ရှင်းပြလိုက်သည်။

"ဒါပေမယ့် အဲဒီအချိန်တုန်းက ငါ သံသယဖြစ်ရုံပဲရှိတာ။ အတည်ပြုဖို့ မစခင် နင့်ကို အချိန်အတော်ကြာအောင် စောင့်ကြည့်ခဲ့သေးတယ်"

စုန့်အာ့နန်က အနည်းငယ် ရှက်ရွံ့စွာနဲ့ ခေါင်းကုတ်လိုက်သည်။

သူမရဲ့ခံစားချက်တွေကို ဘယ်သူမှ သတိမထားမိအောင် ကောင်းကောင်း ဖုံးကွယ်ထားနိုင်ခဲ့တယ်လို့ ထင်ခဲ့မိသည်။

လီစစ်ရွှေ့ ဟိုးအရင်ကတည်းက သိနေလိမ့်မယ်လို့ သူမ မမျှော်လင့်ထားပါချေ။

"နင် ငါ့ကို ဘာလို့မမေးတာလဲ?"

လီစစ်ရွှေ့က သူမပါးကို ညှစ်ကာ ရယ်လိုက်သည်။ "အဲဒီတုန်းက ဖုံးကွယ်ဖို့ နင်အရမ်းကြိုးစားခဲ့တာလေ။ နင်က ဘယ်သူ့ကိုမှ မပေးသိချင်တဲ့ ပုံပေါ်နေတာလေ။ အဲဒီအပေါက်တွေကို ငါဘယ်လိုလုပ် ထိနိုင်မှာလဲ?"

ဒါကြောင့် သူမ မသိဟန်ဆောင်တာက ပိုကောင်းတယ်လို့ ထင်သည်။

စုန့်အာ့နန်က လီစစ်ရွှေ့ကို တင်းတင်းကျပ်ကျပ် ဖက်လိုက်ပြီး "ကျေးဇူးတင်ပါတယ် စစ်ရွှေ့"

လီစစ်ရွှေ့ကလည်း သူမကို ပြန်ဖက်လိုက်ပြီး "ဘာကို ကျေးဇူးတင်တာလဲ? နင် အရမ်းယဉ်ကျေးနေရင် ငါစိတ်ဆိုးမိလိမ့်မယ်"

စုန့်အာ့နန်က ပြုံးကာ မေးလိုက်သည်။ "ဒါပေမယ့် ဟိုးအရင်ကတည်းက ငါ့ရဲ့ တစ်ဖက်သတ် အချစ်အကြောင်း နင်ပဲ သိတာလေ။ အခု ငါ့ကောင်လေးက ဖေးခွမ်ဆိုတာ နင်ဘယ်လိုလုပ် အရမ်းသေချာနေတာလဲ?"

လီစစ်ရွှေ့က လက်ပိုက်ကာ ကုလားထိုင်ပေါ် မှီထိုင်‌ရင်း လုံးဝကို အားရကျေနပ်နေသည်။ "ဘာလို့လဲဆိုတော့ ငါနင့်ကို သိတယ်လေ။ နင်ကြိုက်တဲ့သူကို လက်လွှတ်ဖို့ဆိုတာ သိပ်မလွယ်ဘူး"

စုန့်အာ့နန် မျက်တောင်ခတ်လိုက်သည်။ သူမကိုယ်တိုင်လည်း စွန့်လွှတ်ဖို့ဆိုတာ တကယ်ကို မလွယ်ကူခဲ့ပါချေ။

ဒါပေမယ့် သူမ သိပ်ပြီး မအံ့သြတာကို မြင်ရတော့ ဒါက ဖေးခွမ်လည်း သူမကို ပြန်သဘောကျလာမယ်မှန်း သူမက လုံးဝသေချာနေသလိုပင်။ အဲဒါက ဘာအပေါ်အခြေခံတာလဲ?

စုန့်အာ့နန်ရဲ့ စိတ်ရှုပ်ထွေးတဲ့ အမူအရာကို မြင်လိုက်ရတော့ လီစစ်ရွှေ့က မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။ "အာ့နန်လေး၊ နင်ဘယ်လောက် ချစ်စရာကောင်းလဲဆိုတာ နင်မသိပါဘူး"

ရိုးရိုးသားသားပြောရရင် ဖေးခွမ် စုန့်အာ့နန်ကိုသဘောကျတယ်ဆိုတာကို သူမ လုံးဝမအံ့ဩပါချေ။

စုန့်အာ့နန်က ရုပ်ရည်ချောမောပြီး အကျင့်စာရိတ္တကောင်းမွန်ကာ အရမ်းထူးချွန်သည်။ သူတို့ကျောင်းမှာ သူမကို သဘောကျတဲ့ ယောက်ျားလေးတွေ မရေမတွက်နိုင်အောင် ရှိသည်။

အရေးအကြီးဆုံးကတော့ သူမမှာ လူတွေက သူမနဲ့ ပိုရင်းနှီးချင်လာစေတဲ့ နားမလည်နိုင်တဲ့ ဆွဲဆောင်မှုတချို့ ရှိနေတာပင်။

စုန့်အာ့နန်ကတော့ သူမမှာ ဘယ်လို ဆွဲဆောင်မှုမျိုး ရှိလဲဆိုတာ မသိပေ။

သူမ လုံးဝနားမလည်ဖြစ်နေတာ မြင်တော့ လီစစ်ရွှေ့မှာ ရှင်းပြဖို့ ပျင်းသွားသည်။ ဒါက အွန်လိုင်းပေါ်မှာ ပြောပြောနေကြတဲ့ သတိမထားမိသည့် ဆွဲဆောင်မှုရှိမှုမျိုးဖြစ်လိမ့်မည်။

"ဒါပေါ့၊ နင်မူးနေတဲ့အချိန်မှာဘဲ နင်တို့နှစ်ယောက်မှာ အလားအလာရှိတယ်ဆိုတာ ငါသေချာပေါက်သိခဲ့တာ"

စုန့်အာ့နန်က "အင်း" လို့ဆိုလိုက်ပြီး "အဲဒီတုန်းက ဘာဖြစ်ခဲ့လို့လဲ?"

လီစစ်ရွှေ့က ပခုံးတွန့်လိုက်ပြီး "အဲဒီတုန်းက ကားထဲမှာ နင့်ကို ဖေးခွမ် ဖြတ်ခနဲ ကြည့်ကြည့်နေတာကို ငါတွေ့လိုက်တယ်။ ကျွတ်စ် ကျွတ်စ်၊ အဲဒီအကြည့်တွေက ရိုးသားတာထက်ကိုပိုတယ်"

စုန့်အာ့နန် ခေါင်းကုတ်လိုက်သည်။ ရိုးသားတဲ့အကြည့်က ဘယ်လိုအကြည့်မျိုးလဲ?

သူမ စိတ်မကူးကြည့်တတ်ပေမယ့် ဆက်ပြီး စိတ်မဝင်စားတော့ပေ။ အဲ့ဒီအစား သူမက အဓိကအကြောင်းအရာဆီ ပြန်သွားသည်။

"စစ်ရွှေ့၊ နင်ငါ့ကို စိတ်မဆိုးဘူးဟုတ်လား? ဒါက နင့်ရဲ့ယောက်ျားကို ခိုးယူလိုက်တယ်လို့ စဉ်းစားလို့ရတယ်လေ" စုန့်အာ့နန်က မဝံ့မရဲနဲ့ မေးလိုက်သည်။

လီစစ်ရွှေ့က ဒါကို လုံးဝအလေးအနက် မထားဘဲ လက်ပြလိုက်ပြီး "ကိစ္စမရှိဘူး၊ ငါ့ရဲ့ ဖန် ရာထူးကို ပြောင်းထားပြီးသား"

စုန့်အာ့နန် - "နင့်ရဲ့ ဖန်ရာထူးကို ပြောင်းထားတယ်လား?"

လီစစ်ရွှေ့က ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်၊ နင် ဖေးခွမ်ကို သဘောကျမှန်း သိလိုက်ရကတည်းက၊ သူ့ဇနီးဖန်ကနေ သူ့ရဲ့ အသက်မွေးဝမ်းကြောင်း အမာခံဖန်အဖြစ် ပြတ်ပြတ်သားသား ကူးပြောင်းလိုက်ပြီ။ စတာပါ၊ idol က ညီအစ်မတွေနဲ့ ယှဉ်လို့မရဘူး"

စုန့်အာ့နန် ရုတ်တရက် ဘာပြန်ပြောရမှန်းမသိတော့ပေ။

ဒါကိုမြင်တော့ လီစစ်ရွှေ့က နှစ်ခါလောက် ရယ်လိုက်ပြီး "ဒါပေါ့၊ နင့်ကြောင့်တော့ မဟုတ်ဘူး၊ အဲဒီအချိန်တုန်းက ဖေးခွမ်ရဲ့ အချစ်ရေး သတင်းထွက်လာတော့ ငါ့အနေနဲ့ သူ့ရဲ့ဇနီးဖန်အဖြစ် ဆက်ရပ်တည်ဖို့ မဖြစ်နိုင်တော့ဘူးလို့ တွေးမိလိုက်တယ်။ ငါ့ ဆုံးရှုံးမှုကို အချိန်မီ ရပ်ရမယ်လေ၊ ဒါကြောင့် အသက်မွေးဝမ်းကြောင်းဖန်ဘက်ကို အမြန်ခုန်ကူးလိုက်တာ"

ဆုံးရှုံးမှုကို ချက်ချင်းရပ်နိုင်တယ်လား?

စုန့်အာ့နန်ကတော့ ကြယ်ပွင့်တွေနောက် လိုက်တဲ့အကြောင်းကို တကယ်နားမလည်ပါချေ။ လီစစ်ရွှေ့ ပြောတာကို အကြိမ်များစွာ ကြားခဲ့ရတာကြောင့် "ပြိုကျတယ်" ဆိုတာ သူမ မသိပါ‌ချေ။ ဒီစကားကိုကြားတော့ သူမ သိပ်သံသယမဝင်မိပေ။

"ဒါပေမယ့် ငါဆုံးဖြတ်လိုက်ပြီ၊ ငါ့ရဲ့ ဖန်ရာထူးကိုပြန်ပြောင်းတော့မယ်" လီစစ်ရွှေ့က ခါးထောက်ကာ ကြေငြာလိုက်သည်။

စုန့်အာ့နန် - "???"

"ဒီနေ့ကစပြီး ငါက နင်တို့အတွဲရဲ့ အမာခံဖန်ဘဲ!"

-

အိပ်ဆောင်ကနေထွက်လာပြီးတဲ့နောက် စုန့်အာ့နန်က တက္ကစီစီးခဲ့ကာ ဆယ်မိနစ်ခန့်အကြာ၌ သူမတို့နေတဲ့နေရာရဲ့ ဝင်ပေါက်မှာ ဆင်းလိုက်သည်။

ဖေးခွမ်ဆီက ဖုန်းခေါ်ဆိုတာကို လက်ခံရရှိတဲ့အချိန်က သူမ အိမ်ယာဝင်းထဲ ဝင်လာနေပြီဖြစ်သည်။

"ဖေးခွမ်၊ ကျွန်မ အိမ်ယာဝင်းထဲ ရောက်နေပြီ" စုန့်အာ့နန် က ပြောလိုက်သည်။

ဖေးခွမ်က ရယ်လိုက်ပြီး "သိတယ်၊ မင်းရဲ့ဘယ်ဘက်ကို ကြည့်လိုက်"

စုန့်အာ့နန် ခဏလောက် နားမလည်ဖြစ်သွားပြီး သူမခေါင်းကို ဘယ်ဘက်လှည့်ကြည့်လိုက်တော့ အဝေးက ပန်းကုတင်လေးတစ်ခုနားမှာ ဖေးခွမ် ရပ်နေတာကို တွေ့လိုက်ရသည်။

သူမဖုန်းချလိုက်ပြီး မေးလိုက်သည်။ "ဘာလို့ဆင်းလာတာလဲ? ရှင် ခွဲစိတ်ထားတာ ရက်ပိုင်းပဲ ရှိသေးတာကို။ ရှင် အိမ်မှာ အနားယူမယ်လို့ မပြောထားဘူးလား?"

ဖေးခွမ်က သူမကို နူးနူးညံ့ညံ့ ကြည့်လိုက်ပြီး "အဆင်ပြေပါတယ်၊ ကိုယ် အိမ်ယာဝင်းထဲက မထွက်ပါဘူး။ ဒီလောက်လမ်းလျှောက်ရုံနဲ့ ဘာမှ ကြီးကြီးမားမား မဖြစ်ပါဘူး"

ဒါပေမယ့် စုန့်အာ့နန်ကတော့ သဘောမတူပေ။ သို့ပေမယ့် သူဆင်းလာပြီးပြီဖြစ်တာကြောင့် သူမ ဘာမှထပ်မပြောနိုင်တော့ပေ။ “နောက်တစ်ခါ ဆင်းမလာနဲ့” လို့ဘဲ သတိပေးလိုက်ရသည်။

ဖေးခွမ်က သူမ ခေါင်းကို ဖြည်းဖြည်းလေး ပွတ်လိုက်ပြီး ပြန်ပြုံးပြကာ ပြောလာသည်။ "ဟင့်အင်း၊ အလုပ်ဆင်းလာတဲ့ ကိုယ့်ကောင်မလေးကို ကြိုမယ့် ကိုယ့်ရဲ့ကောင်လေး အလုပ်ကိုတော့ လက်လွှတ်မခံနိုင်ဘူး"

စုန့်အာ့နန် - "ဒါဆို ကျွန်မလည်း ကျွန်မကောင်လေးကို ဂရုစိုက်ပိုင်ခွင့်ကို လက်လွှတ်မခံနိုင်ဘူး!"

ဖေးခွမ်က သူမရဲ့မျက်လုံးတွေနဲ့ တစ်တန်းထဲဖြစ်အောင် ရုတ်တရက် ငုံ့လာပြီး သူမရဲ့မျက်လုံးတွေကို စိုက်ကြည့်လာသည်။

စုန့်အာ့နန်က မျက်တောင်ခတ်လိုက်ပြီး "ဘာကြည့်နေတာလဲ?"

ဖေးခွမ် - "မင်းရဲ့ ကောင်လေး? ဘယ်သူလဲ? အိုး၊ အဲဒါ ကိုယ်ပဲ!"

စုန့်အာ့နန် - "......!"

All Chapters