← Chapters

အခန်း (၁၁၂)

Vol. 9 Ch. 112

အခန်း (၁၁၂)

Vol. 9 Ch. 112

စုန့်အာ့နန် ဖေးခွမ်ကို စက္ကန့်နည်းနည်းကြာ တိတ်တဆိတ် စိုက်ကြည့်နေပြီး ကူကယ်ရာမဲ့တဲ့ အမူအရာ အရိပ်အယောင်တွေ သူမရဲ့ မျက်နှာပေါ်တွင် ပေါ်လာသည်။

"ရှင်က တော်တော်လေး အသက်ကြီးနေပြီလေ၊ နည်းနည်း ကလေး မဆန်နေဘူးလား?"

"ကလေးဆန်တယ် မထင်ပါဘူး" ဖေးခွမ်က ပခုံးတွန့်လိုက်ပြီး "ဒါပေမယ့် ကိုယ်နည်းနည်းတော့ စိတ်လှုပ်ရှားနေတယ်၊ တစ်နေကုန် စိတ်မငြိမ်နေဘူး"

သူ့ကို ဒီလိုမြင်လိုက်ရတော့ စုန့်အာ့နန် ဘယ်လိုခံစားလိုက်ရမှန်း မသိပေ။ ဒီနေ့အထိ သူမ တစ်ယောက်တည်း မျှော်နေတဲ့ပုံမရချေ။

စုန့်အာ့နန်ရဲ့နှုတ်ခမ်းတွေ တွန့်ကွေးသွားပြီး ဖေးခွမ်ရဲ့လက်ကို ဆွဲကိုင်လိုက်သည်။ "သွားကြစို့"

ဖေးခွမ်မှာ တစ်ခဏလောက် အံ့အားသင့်သွားပြီး မတုံ့ပြန်မိခင် ခြေလှမ်းအနည်းငယ်လောက် လှမ်းလိုက်သည်။

သူ့လက်ဖဝါးပေါ်က နူးညံ့တဲ့ အထိအတွေ့က သူ့နှလုံးသားကို သိသိသာသာ ပျော့ပျောင်းသွားစေသည်။ ဒါပေမယ့် သူတစ်ခုခုကို တွေးလိုက်မိရင်း ရုတ်တရက် ရယ်လိုက်သည်။

စုန့်အာ့နန် လှည့်လာကာ ဖေးခွမ်ကို စိုက်ကြည့်လိုက်သည်။ သေချာကြည့်ကြည့်ရင် သူမရဲ့နားရွက်တွေနီ‌ရဲနေသည်။

တကယ်တော့ သူမဘက်ကနေ ဖေးခွမ်ရဲ့လက်ကို အရင်ကိုင်လိုက်တာကို စုန့်အာ့နန် အရမ်းရှက်နေတာဖြစ်သည်။ သို့ပေမယ့် ဒုတိယအတွေးမှာတော့၊ သူမတို့က အခုတွဲနေပြီဖြစ်တာကြောင့် ဒါက မျှတတယ်လို့ခံစားရသည်။

"ဘာတွေရယ်နေတာလဲ၊ လက်ကိုင်လို့ မရဘူးလား?"

"ဒါပေါ့ ရတာပေါ့" ဖေးခွမ်ရဲ့ အသံက ရယ်သံစွက် နေသေးသည်။

"ကိုယ်က နည်းနည်းရှုံးသွားသလို ခံစားလိုက်ရလို့၊ မင်းကို မဟုတ်ဘဲ ကိုယ့်ကိုယ်ကို ရယ်နေတာပါ"

စုန့်အာ့နန်က သူဘာကိုဆိုလိုလဲဆိုတာ နားမလည်ပါ‌ချေ။

သူမက သူ့ကို သံသယနဲ့ ကြည့်လိုက်သည်။

ဖေးခွမ်က သက်ပြင်းချလိုက်ပြီး "အနမ်းကို မပြောနဲ့ဦး၊ လက်ကိုင်တာတောင်မှ မင်းဘက်ကစရတော့ ဒါက ကိုယ့်ဘက်ကနေ ရည်းစားတစ်ယောက်အနေနဲ့ ပျက်ကွက်တာလို့ ဝန်ခံရမယ်"

စုန့်အာ့နန် အံ့အားသင့်သွားကာ သူ့ကို စိုက်ကြည့်လာပြီး ချက်ချင်းဘဲ သူမ မျက်နှာတွေ နီရဲလာသည်။ "အဓိပ္ပာယ်မရှိတာ မနေ့က ရှင်ပဲ...." ကျွန်မကို နမ်းခဲ့တာရှင်းနေတာကို။

ဖေးခွမ်က မျက်ခုံးပင့်လိုက်ပြီး ဗုံးခွံကို အေးအေးဆေးဆေး ချလိုက်သည်။ "မနေ့က ကိုယ်တို့ရဲ့ ပထမဆုံး အနမ်းလို့ ဘယ်သူပြောလဲ?"

စုန့်အာ့နန် ခဏလောက် နားမလည်ဖြစ်သွားပြီး "ဘာကိုဆိုလိုတာလဲ?"

ဖေးခွမ်က ပြုံးကာ သူမကို ဘေးတိုက်ကြည့်လိုက်ပြီး "မင်းမူးနေတုန်းက ရှင်းရှင်းလင်းလင်းကို ကိုယ့်ကိုအတင်းလုပ်ခဲ့တာ၊ နောက်တော့ မင်းက ဝန်မခံဘူး"

စုန့်အာ့နန် စိတ်ထဲ တုန်လှုပ်သွားသည်။ အတင်းနမ်းတယ်?

သူ့ယောင်းမက သူမမူးနေရင် ကောင်းကောင်းနေတတ်တယ်လို့ ပြောခဲ့တာလေ!!!

"အဲ့ဒါ အဓိပ္ပာယ်မရှိဘူး၊ ကျွန်မ အရမ်းမူးနေတာကို၊ ဘယ်လိုလုပ်..."

သူမကိုယ်တိုင် သူ့ကို အတင်းအကျပ် လုပ်မှာလဲ!!!

ဖေးခွမ်က သိနေတယ် ဆိုတဲ့အမူအယာနဲ့ ပြောခဲ့သည်။ "မင်း ဝန်ခံမှာမဟုတ်ဘူးဆိုတာ ကိုယ်သိသားပဲ"

စုန့်အာ့နန် - "......"

မင်းဝန်ခံမှာ မဟုတ်ဘူးဆိုတာ ကိုယ်သိသားပဲ ဆိုပြီးသူမကို သစ္စာမရှိတဲ့ သူတစ်ယောက်လို ဖြစ်စေတာက သူဘာကိုဆိုလိုတာလဲ? ဒါပေမယ့် အဲဒီညက ဖြစ်ခဲ့တာကို သူမ ဘာမှ မမှတ်မိတော့ဘူး။

စုန့်အာ့နန်က မေးချင်ပေမယ့် မမေးရဲပေ။ သူမမှာ တီဗီဒရာမာတွေထဲက အတင်းအကျပ် နမ်းတဲ့ မြင်ကွင်းမျိုးစုံကိုဘဲ စိတ်ကူးထဲမှာ ကျယ်ကျယ်ပြန့်ပြန့်တွေးမိတော့သည်။

အဲ့ဒါတွေက သူမ ယောင်းမနဲ့ ကြည့်ဖူးတဲ့ အရမ်းဒရာမာဆန်တဲ့ ဇာတ်ကားတွေပင်။

စုန့်အာ့နန်အဲ့ဒီ အကြောင်းကို ပိုတွေးလေ သူမစိတ်ထဲ ပိုပြီးမသက်မသာ ဖြစ်လာလေလေပင်။ ဟိုတုန်းကဆို သူမတို့ နှစ်ယောက်က မတွဲရသေးပါချေ။ ဒါကြောင့် သူမက ဖေးခွမ်ကို နှောင့်ယှက်ခဲ့တာဘဲ မဟုတ်ဘူးလား?

ချဲ့ကားပြောတာတော့ မဟုတ်ပေ၊ အခုလောလောဆယ် သူမ မြေကြီးထဲဝင်ပုန်းဖို့ အက်ကွဲကြောင်း ရှာချင်မိသွားသည်။

သူမတို့ရဲ့ ကိုင်ထားတဲ့ လက်တွေတောင်မှ သူမကို အရမ်းကိုးရိုးကားရား ဖြစ်သွားစေခဲ့သည်။ နောက်ဆုံးတော့ စောစောက သူ့လက်ကို ကိုင်ဖို့ အစပြုခဲ့တာ သူမလေ။ ဖေးခွမ်က သူ့ကို သူမအခွင့်ကောင်းယူဖို့ ကြိုးစားနေတယ်လို့ ထင်သွားမလား?

ဒီဖြစ်နိုင်ခြေကို တွေးလိုက်မိတော့ စုန့်အာ့နန်က ဖေးခွမ်ရဲ့လက်ကို ချက်ချင်းလွှတ်လိုက်ပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်လိုက်သည်။

ဒါပေမယ့် ဖေးခွမ်က သူမကို ခွင့်မပြုပါချေ။ သူမ လက်ကို ထပ်ပြီး ဆုပ်ကိုင်ထားရုံသာမက လက်ချောင်းတွေကိုလည်း သွယ်ယှက်လိုက်သည်။

စုန့်အာ့နန်က နည်းနည်း မသက်မသာနဲ့ ရုန်းလိုက်သည်။

ဖေးခွမ်က သူမရဲ့လက်ချောင်းထိပ်တွေကို နည်းနည်း ညှစ်လိုက်ပြီး "ကောင်းကောင်းနေ၊ နည်းနည်းလောက် လက်ကြာကြာ ကိုင်ထားရအောင်"

စုန့်အာ့နန်ရဲ့ လက်ချောင်းထိပ်တွေဟာ တစ်ခဏလောက် ပူလောင်သွားသည်။

သူမ အကြည့်တွေကိုအောက်ပို့လိုက်ပြီး "အိုး" လို့အသံတိတ်ရေရွတ်လိုက်သည်။

မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် သူတို့နှစ်ယောက် ဘေးချင်းကပ်လျက် လက်ကို တင်းတင်းကျပ်ကျပ် ကိုင်ထားကြကာ လမ်လျှောက်လာတော့ သူတို့ရဲ့ ရောယှက်နေတဲ့ အရိပ်တွေက ရှည်ရှည်မျောမျောဖြစ်နေသည်။

ဖေးခွမ်က စုန့်အာ့နန်ရဲ့ လက်ဖဝါးကို ရံဖန်ရံခါ ညှစ်ညှစ်တတ်ပြီး သူမကလည်း အကြိမ်တိုင်း ပြန်ပြန်ညှစ်သည်။

ဒါနဲ့ဘဲ သူတို့နှစ်ယောက် ကလေးဆန်စွာနဲ့ အချင်းချင်း အပြန်ပြန်အလှန်လှန် လက်ညှစ်ကြတော့သည်။

"မင်း ကိုယ့်ကို ခုနတုန်းက အထင်သေးသွားတယ်၊ ဟုတ်တယ်မဟုတ်လား?" ဖေးခွမ်က ဆက်လက်စွပ်စွဲသည်။

အဲ့ဒီအချိန်တုန်းက စုန့်အာ့နန်စိတ်ထဲတွင် နောက်ထပ် ဘယ်တော့မှ ထပ်မသောက်တော့ဘူးဆိုပြီး နောင်တတွေနဲ့ပြည့်နေခဲ့သည်။ ဒါကို ရုတ်တရက် ကြားလိုက်ရတော့ သူမ လုံး၀ ကြောင်အသွားသည်။

သူ့ကို ဘယ်တုန်းက အထင်သေးခဲ့လို့လဲ?

ဖေးခွမ်ရဲ့ ပါးစပ်က နည်းနည်း လှုပ်သွားပြီး ပြောလာသည်။ "အခုလေးတင် မင်းကိုယ့်ကို တော်တော်လေးအသက်ကြီးနေပြီ လို့ ပြောလိုက်တယ်လေ"

စုန့်အာ့နန် မျက်ခုံးပင့်သွားသည်၊ ဒီတော့ ဘာဖြစ်လဲ?

ဖေးခွမ်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ "ဒီတော့ ကိုယ် သဘောပေါက်လိုက်တယ်၊ မင်းက ကိုယ့်ကိုအသက်ကြီးနေပြီလို့ ပြောချင်တာမဟုတ်လား?"

စုန့်အာ့နန်မှာ နည်းနည်း ဘာပြောရမှန်းမသိဖြစ်သွားသည်။ သူမ အဲ့ဒီလို ဆိုလိုတာ လုံးဝမဟုတ်ဘူးလေ!!

သူမက သေချာပေါက် ပြောလိုက်သေးသည်။ "ဒါကအမှန်ပဲ မဟုတ်ဘူးလား?"

ဖေးခွမ်က ခပ်တိုးတိုးရယ်ပြီး "တကယ်လည်း ဒါကအမှန်ပါဘဲ"

ဒါပေမယ့် သူ့လေသံက စိတ်ကောင်းဝင်သလို ပြောင်းသွားသည်။ "ကံကောင်းလို့ ကိုယ်က မင်းထက်ငယ်တာဘဲ၊ အဲဒါကို နည်းနည်းလေး ပြင်လိုက်တာ"

စုန့်အာ့နန်: "......"

ဒီလူရဲ့ အရေက တကယ်ပိုပိုထူလာတာပဲ!

-

နှစ်ယောက်စလုံး စုန့်လင်းချွမ်ရဲ့ နေရာကနေ ချိုးချိုးကိုအရင်သွားခေါ်သည်။ ဖေးခွမ်က ဒီရက်ပိုင်း အိမ်မှာဒဏ်ရာပြန်သက်သာလာအောင် နေရမှာကြောင့် အသေးလေးက သူနဲ့အတူရှိရင် ပိုအဆင်ပြေသည်။

ညစာကိုတော့ မှာစားလိုက်ကြသည်။

အစက ဖေးခွမ်မှာ သူကိုယ်တိုင် ချက်ပြုတ်ချင်ပေမယ့် စုန့်အာ့နန်ဆီက အကြိမ်ကြိမ် သတိပေးခံရပြီးတဲ့နောက်မှာ နာနာခံခံနဲ့ပဲ စကားနားထောင်လိုက်‌ရတော့သည်။

ညစာစားပြီးတဲ့နောက် ဖေးခွမ် စုန့်အာ့နန်ကို ပြန်လိုက်မပို့ခင် နှစ်ယောက်သား ချိုးချိုးနဲ့ ခဏလောက် ကစားပေးလိုက်သည်။ သူမ မနက်ဖြန် အလုပ်ဆင်းရမှာကြောင့် စောစောအနားယူဖို့ လိုသည်။

ရေချိုးပြီးသွားတော့ စုန့်အာ့နန် ကုတင်ပေါ် တက်လိုက်သည်။

သူမ အိပ်ယာဘေးရှိ စားပွဲပေါ်က ဖုန်းကို ယူလိုက်ပြီး WeChat ကိုဖွင့်ကာ ဖေးခွမ်ဆီ ဂွတ်နိုက်ဒ် မက်ဆေ့ခ်ျပို့တော့မယ့်အချိန် စုန့်လင်းချွမ်ဆီကနေ မက်ဆေ့ခ်ျဝင်လာသည်။

စုန့်လင်းချွမ် - [အန်တီလေး မအိပ်သေးဘူးလား?]

စုန့်အာ့နန် ဖေးခွမ်ကို တွေးလိုက်မိပြီး ချက်ခြင်း အပြစ်ရှိသလို ခံစားလိုက်ရသည် - [မအိပ်သေးဘူး၊ ဘာဖြစ်လို့လဲ?]

စုန့်လင်းချွမ် - [ဘာမှမဟုတ်ပါဘူး၊ နောက်တစ်လခွဲလောက်ပြီးရင် ငါပြန်လာလို့ရပြီလို့ မင်းကို အသိပေးချင်လို့]

စုန့်အာ့နန်မှာ စုန့်လင်းချွမ်ရဲ့ အရင်တစ်ခေါက်က သူမရဲ့ကျောင်းကို လိုက်လည်မယ့်အကြောင်း တွေးလိုက်မိသည်။

[ကောင်းတာပေါ့၊ နင်ပြန်လာရင် ငါတို့ ကျောင်းကန်တင်းမှာ လိုက်ကျွေးမယ်]

အဲ့ဒါက သူမနဲ့ဖေးခွမ် အကြောင်း စုန့်လင်းချွမ်ကို ပြောပြဖို့ အချိန်ကောင်းဖြစ်မယ်လိမ့်မယ်လို့ သူမ တွေးမိသည်။

-

ဒါပေမယ့် စုန့်လင်းချွမ် ပြန်မလာခင်မှာ ချီမူရှစ်တစ်ယောက် စိတ်မရှည်စွာနဲ့ စုန့်အာ့နန်ကို အရင်လာရှာပြီး သူမတို့ ကျောင်းကို လာလည်ချင်တယ်လို့ပြောလာသည်။

အဲဒီနေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် စုန့်အာ့နန်က အလုပ်နားတာကြောင့် သူမ ချီမူရှစ်ကို ကျောင်းတံခါးမှာ သွားခေါ်လိုက်သည်။

စုန့်အာ့နန်က သူ့ကို လက်ဝှေ့ယမ်းပြလိုက်သည်။ "မူရှစ်၊ ဒီမှာ!"

သူမအသံကြားတော့ ချီမူရှစ်က လှည့်ကြည့်လာသည်။ "အန်တီလေး"

သူက လက်ပြန်ပြရင်း စုန့်အာ့နန်ဆီ ပြေးလာသည်။

ဟိုအရင်သုံးနှစ်ကစ၊ အဲ့ဒီတုန်းက ငယ်ရွယ်တဲ့ ကောင်လေးဟာ အခုတော့ စိတ်ဓာတ်တက်ကြွတဲ့ လူငယ်လေးတစ်ဦး ဖြစ်လာသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း၊ ချီမူရှစ်ဟာ စုန့်အာ့နန်နဲ့ အဆက်အသွယ်ရှိခဲ့ပြီး သူတို့ဟာ ရံဖန်ရံခါ ထမင်းစားသောက်ဖို့ တွေ့ဆုံလေ့ရှိကြသည်။

အချိန်ရရင် ရှစ်ချင်လည်း လိုက်လာတတ်သည်။

ဒီတက္ကသိုလ်ကို ချီမူရှစ် ပထမဆုံးအကြိမ် လာတာတော့ မဟုတ်ပေ။ သူတို့ရှိုး ရိုက်ကူးပြီးချိန်မှာတော့ စုန့်အာ့နန်က သူမတို့ကျောင်းရဲ့ Artificial Intelligence ဌာနကို အလည်အပတ် ခေါ်သွားမယ်လို့ သူ့ကိုပြောခဲ့ဖူးတာကြောင့် အဲဒီကတိအတိုင်း သူမ သူ့ကိုခေါ်လာဖူးသည်။

ချီမူရှစ်ဟာ ဒီနှစ်တွေအတွင်း နည်းနည်း ပြောင်းလဲလာသည်။ လွန်ခဲ့သည့်နှစ်နှစ်တွင် သူ့၏ကိုယ်ပိုင်ကြိုးစားမှု‌အားထုတ်မှုကြောင့် B City ရှိ အကောင်းဆုံးအစိုးရအထက်တန်းကျောင်းကို တက်ရောက်နိုင်ခဲ့ပြီး ယခုအခါ အထက်တန်း ဒုတိယနှစ်ဖြစ်သည်။

သူ့ရဲ့ ရည်ရွယ်ချက်က ဒီတက္ကသိုလ်မှာ AIနှင့် ပတ်သက်တဲ့ မေဂျာတစ်ခု တက်ရောက်နိုင်ဖို့ဖြစ်သည်။

ရှစ်ချင် ပြောခဲ့သလိုပဲ သူ့ကို variety show ဆီ ခေါ်လာခဲ့မိတာ အကောင်းဆုံးသော ပေးဆပ်မှုပင်။ စာမတော်တဲ့ကျောင်းသားလေးက ပန်းတိုင်ကို ရှာတွေ့ပြီးနောက် အရမ်းစိတ်အားထက်သန်လာကာ ထိပ်တန်းကျောင်းသားဖြစ်လာပြီး သူရဲ့ဘဝကို အမှန်တကယ် လှည့်ပြောင်းနိုင်လိမ့်မယ်ဆိုတာ ဘယ်သူထင်ထားမှာတဲ့လဲ?

သူမထက် ခေါင်းတစ်ဝက်ကျော် အရပ်မြင့်လာတဲ့ သူ့ကို ကြည့်ရင်းစုန့်အာ့နန်က ပြုံးကာမေးလိုက်သည်။ "မူရှစ်၊ အရပ်ပိုရှည်လာတာလား?"

ချီမူရှစ်က စိတ်ကြီးဝင်စွာနဲ့ ပြောလာသည်။ "ဟုတ်တယ်၊ အခု ၁.၇၈ မီတာရှိနေပြီ။ အရင်တစ်ခေါက် နှစ်သစ်ကူး အစ်မနဲ့ တွေ့တုန်းကနဲ့ ယှဉ်ရင် ၅ စင်တီမီတာတောင် ရှည်လာတယ်"

ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတွေက ကြီးထွားမှုနှုန်းတွေ မြင့်တာကြောင့် တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတဲ့ အချိန်တိုအတွင်းမှာ အများကြီး ပြောင်းလဲသွားနိုင်သည်။

စုန့်အာ့နန်က ရယ်ရင်း သူ့ပခုံးကို ပုတ်လိုက်သည်။ "သွားရအောင်၊ ဒီနေ့ AIအကြောင်း ဟောပြောပွဲရှိလို့ လက်မှတ်နှစ်စောင်ရထားတယ်၊ သွားနားထောင်ချင်လား?"

ချီမူရှစ်ရဲ့ မျက်လုံးတွေက တောက်ပလာသည်။ "တကယ်လား? အချိန်ရှိသေးတာလား?"

စုန့်အာ့နန်က ပြုံးလိုက်ပြီး "စိတ်မပူနဲ့၊ အချိန်နဲ့ နေရာကို မေးခဲ့တယ်၊ အခုချက်ချင်းသွားရင်တော့ သေချာပေါက် မှီမှာ"

ချီမူရှစ်က ဝမ်းသာနေပေမယ့် သူ့လက်ထဲမှာရှိတဲ့ အိတ်နှစ်လုံးကို ကြည့်ပြီး မနေနိုင်ဘဲ စိတ်ပူမိသွားသည်။ "ဒါဆို ဒါတွေနဲ့ ဘယ်လိုလုပ်ရမလဲ? ကျွန်တော် ဒါတွေကို ယူသွားလို့ရမလား?"

ရှစ်ချင်က သူ သူမဆီ အလည်လာမယ်လို့ ကြားတဲ့အခါ စုန့်အာ့နန်အတွက် အဆာပြေ သရေစာတွေနဲ့ အိမ်လုပ်အချိုပွဲတွေကို ထုပ်ပိုးကာ ယူသွားခိုင်းလိုက်သည်။

စုန့်အာ့နန်လည်း အဲ့ဒါတွေကိုကြည့်လိုက်ပြီး အခုနေ သူမ အဆောင်ကို ပြန်ယူသွားမယ်ဆိုရင်လည်း အချိန်မှီလောက်မှာ မဟုတ်ဘူးလို့ ထင်မိသည်။

“အဲ့ဒါတွေက အနံ့မှမရဘဲ အဆင်ပြေပါတယ်" သူမကပြောလိုက်သည်။

တကယ်လို့ အဆင်မပြေဘူးဆိုရင်လည်း ချီမူရှစ်အထဲမှာနားထောင်နေတုန်း သူမ အပြင်မှာနာစောင့်နေလို့ရသည်။

ချီမူရှစ်လည်း ခေါင်းညိတ်ပြလိုက်သည်။ ဒါက တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

ချီမူရှစ်နဲ့ စုန့်အာ့နန်တို့ အပြေးအလွှား ရောက်သွားတဲ့အခါ ဟောပြောပွဲကို စနေပြီဖြစ်သည်။ လက်မှတ်စစ်တာကို ချောချောမွေ့မွေ့နဲ့ ဖြတ်လိုက်ပြီး ဘာပြဿနာမှ မရှိဘဲ သူတို့ဝင်လို့ရသွားသည်။

ဟောပြောပွဲကို ပွဲကြည့်စင် စာသင်ခန်းကြီးတွင် ကျင်းပသည်။ စုန့်အာ့နန်နဲ့ ချီမူရှစ်တို့က မထင်ရှားတဲ့ နေရာကို ရှာတွေ့ပြီး ထိုင်လိုက်သည်။

ချီမူရှစ်က သူ့ဖုန်းထဲတွင် ရံဖန်ရံခါ မှတ်စုမှတ်ပြီး အာရုံစိုက်နားထောင်သည်။ စုန့်အာ့နန်ကတော့ သိပ်စိတ်မဝင်စားပေ။

သူမက အစပိုင်းမှာ နည်းနည်းရုန်းကန်ခဲ့ရပေမယ့် ဗန်းစကားတွေက သူမအတွက် နိုင်ငံခြားဘာသာစကားတစ်ခုလိုပင်။ သူမလက်လျှော့ပြီး အိတ်ထဲက ဖတ်စာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။

ဟောပြောပွဲက နှစ်နာရီကြာသည်။ ပြီးသွားတော့ နေ့လည်စာစားချိန် ရောက်နေပြီဖြစ်သည်။ စုန့်အာ့နန်က ချီမူရှစ်ကို အနီးဆုံးကျောင်းကန်တင်းဆီတန်းတန်းမတ်မတ် ခေါ်သွားလိုက်သည်။

သူမတို့ကျောင်းရဲ့ ကန်တင်းရှိ ဟင်းပွဲအမျိုစားပေါင်းများစွာရှိပြီး အရသာလည်း တော်တော်ကောင်းသည်။

“အန်တီလေးစုန့်၊ အခုမှပဲ ဟိုဟိုဒီဒီကြည့်ရတယ်။ အန်တီလေးရဲ့ကျောင်း ကန်တင်းက ဒီလိုမျိုး စျေးတော်တဲ့ အစားအသောက်တွေကို ဝန်ဆောင်မှုပေးနေတာဘဲ!” ချီမူရှစ်က စားရင်းနဲ့ မှတ်ချက်ချသည်။

“မဟုတ်ဘူး မဟုတ်သေးဘူး၊ အန်တီလေး ကျွန်တော့်အမေကို ဒီအကြောင်း မပြောပြနဲ့နော်။ မဟုတ်ရင် ကျွန်‌တော့်ရဲ့ အသုံးစရိတ်ကို ဖြတ်ဖို့ ဒါကိုကြောင်းပြချက်တစ်ခုအနေနဲ့ သူသုံးလိမ့်မယ်”

စုန့်အာ့နန်က ရယ်လိုက်သည်။ “စိတ်မပူပါနဲ့။ နင်ထမင်းစားဖို့ ပိုက်ဆံမရှိတော့ရင် ငါ့ကိုလာရှာလေ ဝယ်ကျွေးမှာပေါ့"

ချီမူရှစ်က တခစ်ခစ်ရယ်လိုက်ပြီး “ကောင်းလိုက်တာ။ အန်တီလေး စကားအတွက် တာဝန်ယူနော်။ နောက်မှပြန်မပြောင်းနဲ့!"

စုန့်အာ့နန်က ပြုံးလိုက်သည်။ "ကောင်းပါပြီ၊ ငါကတိတည်ပါမယ်"

နှစ်ယောက်သား စားသောက်ရင်းနဲ့ စကားစမြည်ပြောကြသည်။

ချီမူရှစ်က ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး "ဟုတ်သားဘဲ၊ အစ်ကိုလင်းချွမ် ဆီက ကြားပြီးပြီလား? ပါးက သူ့ရဲ့နောက်ထပ်ရိုက်မယ့်ဒရာမာမှာ သူနဲ့ထပ်ပူးပေါင်းမလို့တဲ့"

စုန့်အာ့နန် ခေါင်းခါလိုက်သည်။ “ဟင့်အင်း မသိဘူး၊ ငါတို့နှစ်ယောက်လုံး ဒီတလော အလုပ်ရှုပ်နေကြတော့၊ ပုံမှန်ဆို ဖုန်းခဏလောက်ပဲ ပြောဖြစ်တယ်"

စုန့်လင်းချွမ် ဒီဒရာမာကို ရိုက်ကူးနေသည်မှာ ငါးလကျော်ရှိနေပြီဖြစ်သည်။ အရေးပေါ်ကိစ္စဖြစ်လို့ နှစ်ကြိမ်သာ ပြန်လာဖူးသည်။ သူ လုံးဝ အလုပ်ရှုပ်နေတဲ့ပုံပင်။

ချီမူရှစ်က ဆက်ပြောလာသည်။ “အစ်ကိုလင်းချွမ်က ဒီတစ်ခါ အမျိုးသားဇာတ်ဆောင်နေရာမှာ။ ကျွန်တော့်မိဘတွေက သူ့အပေါ် မျှော်လင့်ချက် ကြီးကြီးထားထားကြတယ်၊ သူ့ပြောင်းလဲမှုက နီးလာနေပြီလို့ပြောကြတယ်"

စုန့်အာ့နန် ခေါင်းညိတ်လိုက်သည်။ စုန့်လင်းချွမ်ရဲ့ပြောင်းလဲရန် ကြိုးပမ်းမှုများအကြောင်းကို သူမ နည်းနည်းပါးပါးသိသည်။

ဖေးခွမ်ရဲ့ အတိတ်က ဆက်ဆံရေးကြောင့် ကြီးမားလှတဲ့ဖိအားအောက်တွင် ပြတ်ပြတ်သားသားပြင်းပြင်းထန်ထန် ပြောင်းလဲမှုနှင့်ယှဉ်ပါက စုန့်လင်းချွမ်ကတော့ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာတာဖြစ်သည်။

ဆိုလိုသည်မှာ စုန့်လင်းချွမ်၏ ကူးပြောင်းမှုက မလွဲမသွေ နှေးကွေးမည်ဖြစ်ပေမယ့် အဲ့ဒါက အတည်ငြိမ်ဆုံး ချဉ်းကပ်မှုဆိုတာ သံသယဖြစ်စရာမရှိပေ။

“ပါးက ဒီဒရာမာမှာ ဧည့်သည်အဖြစ် အစ်ကိုဖေးကို ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းမယ်လို့ စိတ်ကူးထားတယ်လို့ ပါးပြောတာကြားတယ်" ချီမူရှစ်က ဆက်ပြောသည်။

“ ရိုးရိုးသားသားပြောရရင် ကျွန်တော့်အနေနဲ့ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်ဖို့ စိတ်မဝင်စားလို့သာ မဟုတ်ရင် ကျွန်တော့်အတွက် ဇာတ်ကောင်တစ်နေရာ ဖန်တီးပေးဖို့ ကျွန်တော့်အဖေကို တောင်းလို့ရမှာ။ ကျွန်တော်က သူတို့နောက်မှာကျန်ခဲ့ပြီး လူမှုရေး မကောင်းတဲ့ပုံပေါက်အောင် မလုပ်စေချင်ဘူး!”

စုန့်အာ့နန် နားမလည်နိုင်ဖြစ်သွားသည်။ ဒါက ပေါင်းသင်းဆက်ဆံရေးနဲ့ ဘာဆိုင်လို့လဲ?

ချီမူရှစ်က သူ့မေးကို စိတ်ကြီးဝင်သလို မော့လိုက်ပြီး “သေချာပေါက် ဒါအရေးကြီးတာပေါ့။ ကျွန်တော်တို့အားလုံးက တူတွေပဲလေ၊ သူတို့တွေ ကျွန်တော့်ကို ကျော်တက်သွားခွင့် မပြုနိုင်ဘူး!"

စုန့်အာ့နန် - "..."

ဒါကို သူမ ဘယ်လို တုံ့ပြန်ရမလဲ မသိတော့ပေ။ ဒီပြိုင်ဆိုင်မှုက ဘယ်လိုတောင် ထူးဆန်းလိုက်တဲ့ ပြိုင်ပွဲလဲ?

ပြန်စဉ်းစားကြည့်ရင် ရယ်စရာတော့ ကောင်းသည်။ လွန်ခဲ့တဲ့နှစ်တွေက ချီမူရှစ် သူမကို အန်တီလေးအဖြစ် သတ်မှတ်တုန်းက တခြားလူတိုင်းက ဟာသတစ်ခုလို မှတ်ယူခဲ့ကြသည်။ ဒါပေမယ့် သူကတော့ အဲ့ဒီကိစ္စကို အလေးအနက် ထားခဲ့သည်။

နှစ်တွေကြာလာတာနဲ့အမျှ စုန့်အာ့နန်ကို သူ့အန်တီလေးအဖြစ်နဲ့ ဆက်ပြီးဆက်ဆံခဲ့ပြီး သူမကို အန်တီလေးစုန့်လို့ခေါ်သည်။ သူ့အမေ ရှစ်ချင်ကတောင် ဒါကို မထင်ထားခဲ့ပါချေ။

ချီမူရှစ်က စုန့်အာ့နန်ကို တိတ်တိတ်လေး ခေါ်လိုက်ပြီး ဆန်းကြယ်သလို ပြောလာသည်။ "အန်တီလေးစုန့် ဒီတစ်ခေါက် ကျွန်‌တော် အန်တီလေးကို ဘာလို့အပြေးအလွှား လာရှာလဲသိလား?"

စုန့်အာ့နန် ခေါင်းခါလိုက်သည်။

လွန်ခဲ့တဲ့ရက်အနည်းငယ်က သူ သူမကို အလျင်အမြန်ဖုန်းဆက်လာပြီး တတ်နိုင်သမျှ အမြန်ဆုံး လာလည်ဖို့ပြောတုန်းက သူမ နားမလည်ဖြစ်ခဲ့ရသည်။ ဒါက သူပထမဆုံးအကြိမ် လာလည်တာမဟုတ်တာကြောင့် အရေးပေါ်ကိစ္စလားဆိုပြီး သူမ နားမလည်ဖြစ်ခဲ့ရသည်။

ချီမူရှစ်က ပြုံးကာ ရှင်းပြလိုက်သည်။ "အစ်ကိုလင်းချွမ် မကြာခင် ပြန်လာမယ်လို့ ကြားတယ်။ သူ့ဆိုရှယ်မီဒီယာမှာ အစ်ကိုဖေးနဲ့ ပြိုင်နေတာကိုလည်း တွေ့ခဲ့သေးတယ်။ သူ အန်တီလေးရဲ့ကျောင်းကို လာမှာ မဟုတ်လား? ကျွန်တော်လည်း လာရမှာပေါ့၊ နောက်ကောက်ကျလို့မရဘူးလေ!"

နောက်တော့ သူက အလျင်အမြန် ထပ်ပြောသည်။ “အိုးဟုတ်သား၊ အစ်ကိုဖေးနဲ့ အရင်တစ်ခေါက်က အန်တီလေး စကူတာစီးခဲ့တာ မှတ်မိလား? ကျွန်တော်တို့လည်း စားပြီးရင် ကျောင်းဝင်းထဲ ပတ်ကြည့်ရအောင်လေ"

စုန့်အာ့နန် -"..."

ဒီအကြောင်းပြချက်ကို သူမ တကယ် မမျှော်လင့်ထားပါချေ။

All Chapters