အခန်း (၁၃၂)
Vol. 10 Ch. 132
ရန်စောင်နေကြတဲ့ သားအဖနှစ်ယောက်ကို မြင်တော့ ကျောက်ယာမှာ မနေနိုင်ဘဲ ခေါင်းကိုက်လာသလိုပင်။
အထူးသဖြင့် စုန့်ကျန်းဟွေ့ပင်။ သူမတို့ ဒီနေ့လာရတဲ့ အဓိက ရည်ရွယ်ချက်က စုန့်အာ့နန်နဲ့ စကားကောင်းကောင်းပြောကြဖို့ဆိုပြီး လာတဲ့လမ်းမှာ သဘောတူထားကြတာဖြစ်သည်။
ဘယ်လိုလုပ် ဒီလိုမျိုးပြောနေနိုင်ရတာလဲ!
ကျောက်ယာ တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ ဒီသားအဖနှစ်ယောက်က တကယ် အားမကိုးရသလို ပြဿနာပါ ရှာလိုက်ကြသေးတယ်။
"ကောင်းပြီ၊ ရှင်တို့နှစ်ယောက် ဘာတွေ ငြင်းခုံနေကြတာလဲ? အသေးအမွှားကိစ္စလေးနဲ့ အာ့နန်ကို မခြောက်နေကြနဲ့"
စုန့်အဖေရော သားရော ကျောက်ယာရဲ့အာဏာကို မငြင်းဆန်ရဲပေ။
သူမ သူတို့နှစ်ယောက်ကို အနိုင်ယူသွားတာမြင်တော့ ကျောက်ယာက စုန့်အာ့နန်ကို ကြင်ကြင်နာနာကြည့်လိုက်သည်။ "အာ့နန် အစ်မတို့ ညီမရဲ့အခန်းကိုသွားကြမလား? ယောင်းမက ညီမနဲ့စကားပြောချင်လို့"
စုန့်အာ့နန်လည်း နာနာခံခံနဲ့ ခေါင်းညိတ်လိုက်သည်။
ဒါပမယ့် ဧည့်ခန်းထဲကနေမထွက်ခင် သူမက စုန့်လင်းချွမ်ကို စိုးရိမ်တကြီးနဲ့ ကြည့်လိုက်ပြီး သူမရဲ့ အစ်ကိုနဲ့ စကားမများဖို့ မျက်စိနဲ့ သတိပေးလိုက်သည်။
စုန့်လင်းချွမ် စိတ်ထဲမှာ ကျေနပ်သွားသည် - ကြည့်၊ သူ့အန်တီလေးက သူ့ကိုဂရုစိုက်သေးတယ်!
သူတို့နှစ်ယောက် ဧည့်ခန်းထဲကနေ ထွက်လာပြီး စုန့်အာ့နန်ရဲ့အခန်းဆီ တိုက်ရိုက်သွားလိုက်ကြသည်။
စုန့်သားအဖရဲ့ မျှော်လင့်နေတဲ့ အကြည့်အောက်မှာ ကျောက်ယာက တံခါးကို နည်းနည်းဟထားလိုက်သည်။
ကျောက်ယာ သူမနဲ့ ဘာအကြောင်း ပြောချင်နေလဲဆိုတာကို စုန့်အာ့နန်သိသည်။ သူမတို့က ရင်းနှီးကြတဲ့ ယောင်းမခယ်မဖြစ်ကြတဲ့အတွက် မပြောပြနိုင်စရာဘာမှမရှိပေ။
ဒါပေမယ့် စုန့်လင်းချွမ်ကို မပြောပြခဲ့တာကြောင့် သူမ ဒါကို မိသားစုကိုလည်း ဖုံးထားဖို့ ရွေးချယ်ခဲ့မိသည်။ သူမရဲ့ အစ်ကိုနဲ့ ယောင်းမက အရမ်းပြင်းပြင်းထန်ထန်တုံ့ပြန်လိမ့် သူမ မထင်ထားပါချေ။
"ယောင်းမ၊ ဒီအကြောင်းကို အကြာကြီး ဖုံးကွယ်ထားမိလို့တောင်းပန်ပါတယ်" သူမက ကျောက်ယာကို တောင်းပန်သလိုကြည့်လိုက်သည်။
ကျောက်ယာ ကိုယ်တိုင်က ဒီအရာတွေကို ဖြတ်သန်းဖူးတာကြောင့် လူငယ်တွေရဲ့ အချစ်ရေးရာကို သဘာဝအလျောက်နားလည်သည်။
"အဆင်ပြေပါတယ် အာ့နန်၊ ညီမရဲ့အစ်ကိုနဲ့ အစ်မတို့နှစ်ယောက်စလုံးက ညီမတို့ အရွယ်တွေကို နားလည်ပါတယ်၊ ချစ်မိသွားတာင ပုံမှန်ပါပဲ။ စိတ်ချပါ၊ ဒီနေ့ အစ်မတို့လာတယ်ဆိုတာကလည်း ညီမတို့တွဲနေတာကို တားမလို့မဟုတ်ပါဘူး"
စုန့်အာ့နန်လည်း လက်ခံသလို ခပ်တိုးတိုးရေရွတ်လိုက်သည်။
ကျောက်ယာက ပြုံးလိုက်ပြီး ဆက်ပြောလာသည်။ "ဒါပေမယ့် အစ်မ မင်းကိုမေးချင်သေးတယ်၊ ညီမ ဖေးခွမ်ကို တကယ်သဘောကျလား?"
စုန့်အာ့နန်လည်း အမှန်အတိုင်း ပြန်ဖြေလိုက်သည်။ "ညီမ တကယ်သဘောကျတယ်"
ကျောက်ယာက ခေါင်းညိတ်လိုက်ပြီး ထပ်မေးလိုက်သည်။ "သူနဲ့ပတ်သတ်ပြီး ဘာကိုသဘောကျတာလဲ?"
စုန့်အာ့နန် ပင့်သက်ရှိုက်လိုက်သည်။ ဒီမေးခွန်းက သူမကိုတကယ် ချောင်ပိတ်ရိုက်လိုက်တာပဲ။
သူမက ဖေးခွမ်ရဲ့ဘာကိုသဘောကျတာလဲ?
ဒီမေးခွန်းကို အရင်ကလည်း သူမ တစ်ခါမှမစဉ်းစားဖူးသလိုပင်။ သူမ သူ့ကိုသဘောကျတယ်လို့ ပထမဆုံးသဘောပေါက်သွားတုန်းက သူမရဲ့ ခံစားချက်တွေ ဝန်ခံဖို့ကိုပဲ အာရုံစိုက်ခဲ့သည်။
သူ့ကိုမြင်ချင်တယ်၊ မသိစိတ်ကနေ သူ့မက်ဆေ့ခ်ျတွေကို စောင့်နေမိတယ်၊ သူနဲ့ပတ်သတ်တဲ့ ဘယ်အရာကိုမဆို စိုးရိမ်နေမိတယ်၊ သူနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုက ရင်ခုန်မြန်စေတယ် - ဒီလိုအရာတွေပင်။
သူမတို့ တွဲနေပြီးတဲ့နောက် ဒီအကြောင်းကို စုန့်အာ့နန် သိပ်ပြီးတော့ မတွေးမိခဲ့ပေ။
သူမ ဖေးခွမ်ကို သဘောကျတယ်ဆိုတာကတော့ လုံးဝသေချာသည်။ သို့ပေမယ့် သူ့ကိုဘာကြောင့် သဘောကျလဲဆိုတာကိုတော့ သူမ တိတိကျကျမဖြေနိုင်ပါချေ။
သူမ ပြန်ဖြေရမယ်ဆိုရင်တော့ ဒီတိုင်း ဖေးခွမ်ကို လူတစ်ယောက်အနေနဲ့ ရိုးရိုးရှင်းရှင်း သဘောကျတာ ဖြစ်လိမ့်မည်။
ဒါပေမယ့် သူမသာ ဒီလိုပြောလိုက်ရင် သူမရဲ့ယောင်းမအနေနဲ့ သူမက ဒီတိုင်း တုံ့ပြန်တာလို့ဘဲ ထင်လိမ့်မည်ပင်။
စုန့်အာ့နန် အကျပ်ရိုက်နေတာကိုမြင်တော့ ကျောက်ယာက သူမရဲ့မေးခွန်းကိုပြောင်းလိုက်သည်။ "ဒါဆို ဒီဟာမေးမယ်- ညီမသူနဲ့ ဆုံတုန်းက သူ့အပေါ် ပထမဆုံးဘယ်လိုမြင်လဲ?"
စုန့်အာ့နန်က နှုတ်ခမ်းကိုစုဝိုင်းလိုက်ပြီး ရေရွတ်လာသည်။ "ပထမဆုံးဆုံတုန်းက....."
သူမတို့ စုန့်လင်းချွမ်ရဲ့အိမ်မှာ show ရိုက်ကူးနေတုန်း ပထမဆုံး ဆုံတဲ့အချိန်ကို သူမစိတ်အားထက်သန်စွာ ပြန်စဉ်းစားလိုက်သည်။ သူမ အိပ်ခန်းထဲကနေ ထွက်လာတဲ့အချိန် ဖေးခွမ်က ဧည့်ခန်းမှာရှိနေခဲ့သည်။
"ဒီလူက အရမ်းကြည့်ကောင်းတာပဲ! လို့တွေးမိတယ်" စုန့်အာ့နန်က အမှန်တိုင်းပြန်ဖြေလိုက်သည်။
ကျောက်ယာက "အိုး" လို့ဆိုလိုက်ပြီး တွေးလိုက်သည်။
ဒါပေမယ့် တစ်ချိန်ထဲမှာဘဲ၊ သူမရင်ထဲမှာ အဖြေတစ်ခုရောက်လာသည် - ဒီတော့ ဒါက မြင်မြင်ချင်းအချစ်ပဲ!
တံခါးအပြင်ဘက်မှာ ခိုးနားထောင်နေတဲ့ စုန့်လင်းချွမ်လည်း ဒီလိုတွေးမိလိုက်ပြီး စိတ်တိုသွားသည်။
သူ သဘောပေါက်ခဲ့သင့်တာ- သူ့အန်တီလေးက အစဆို နည်းနည်း ရုပ်ရည်ကိုကြည့်တာ။ ဟမ့်! ဒီဖေးခွမ်က သူမကို ဆွဲဆောင်ခဲ့တာဖြစ်မယ်!
ကျောက်ယာက အမြှော်အမြင်ကြီးစွာ ခေါင်းညိတ်လိုက်ပြီး "အမှန်ပဲ၊ ဒီကလေးဖေးခွမ်က ရုပ်ရည်မှာ အနာအဆာလုံးဝကိုမရှိဘူး"
နောက်တော့ သူမက အောက်မေ့တမ်းတစွာနဲ့ သက်ပြင်းချလိုက်ပြီး " ကြည့်ကောင်းတဲ့ လူတွေကို အများကြီး တွေ့ဖူးခဲ့တဲ့ ဒီက ညီမရဲ့ ယောင်းမလည်း အဲ့ဒီကောင်လေးထက် ဘယ်သူမှ မသာဘူးလို့တွေးမိတယ်"
စုန့်အာ့နန်မှာ ဘယ်လိုတုံ့ပြန်ရမလဲ မသိစွာနဲ့ မျက်တောင်ခတ်လိုက်သည်။
အပြင်ဘက်မှာ ခိုးနားထောင်နေတဲ့ သားအဖနှစ်ယောက်မှာ မျက်လုံးတွေထဲ မြင်သာတဲ့ ခေါင်းမာမှုတွေနဲ့ တိတ်တိတ်လေးအကြည့်ချင်း ဖလှယ်လိုက်ကြသည်။
မေးခွန်းနည်းနည်းလောက် မေးပြီးတဲ့နောက် ကျောက်ယာက ခိုးနားထောင်နေတဲ့ သားအဖနှစ်ယောက်ကို ရှင်းရှင်းလင်းလင်း ခိုးနားထောင်ခွင့် မပေးတော့ပေ။ သူမက တံခါးဆီ လက်ယမ်းပြလိုက်ပြီး သူတို့ထွက်သွားဖို့ အချက်ပြလိုက်သည်။
အဲ့ဒီအတွက် မပ်ျောမရွှင်ဖြစ်ရပေမယ့် စုန့်သားအဖမှာ တင်းမာတဲ့ အမူအရာနဲ့ ကျောက်ယာရဲ့တင်းမာတဲ့အကြည့်အောက်မှာ တံခါးအဟလေးကို ပိတ်ပေးလိုက်ပြီး ဧည့်ခန်းဆီ ခြေဖျားထောက်ကာ ပြန်သွားလိုက်သည်။
တံခါးပိတ်သွားတာကိုမြင်တော့ ကျောက်ယာက စုန့်အာ့နန်လက်ကို ကိုင်လိုက်ပြီး ယောင်းမခယ်မကြားသီးသန့် စကားပြောကြတော့သည်။
"အာ့နန်၊ အစ်မက ညီမကို ငယ်သေးတော့ ချစ်မှုရေးရာမှာ သိပ်မသိသေးဘူးလို့ ထင်ခဲ့လို့ ကိစ္စအများကြီး မပြောပြခဲ့တာ" ကျောက်ယာက လေးနက်စွာပြောလိုက်သည်။
"ဆိုတော့ ဒီနေ့ အစ်မက အကြီးတစ်ယောက်အနေနဲ့ ညီမကို အကြံဉာဏ်တချို့ပေးချင်တယ်။ ကိုးကားချက်တစ်ခုအနေနဲ့ နားဆထာင်ကြည့်ပေါ့၊ ဟုတ်ပြီလား?"
စုန့်အာ့နန်ကလည်း နာနာခံခံနဲ့ ခေါင်းညိတ်လိုက်သည်။
" မိန်းမတွေက မွေးရာပါမိခင်ဆိုတဲ့ စကားကို ညီမ ကြားဖူးလားတော့ မသိဘူး။ ယောက်ျားတွေက ဘယ်အရွယ်ဘဲဖြစ်ဖြစ် မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက် စိတ်သောက ရောက်နေတာတွေ့ရင် သူမသာလျှင် ကယ်တင်နိုင်တယ်ဆိုပြီး ခံစားရတယ်။ ဒါပေမယ့် ဒါက သနားတာ အချစ်မဟုတ်ဘူး။ ဒီတော့ ညီမက ဒီနှစ်ခုကို ရှုပ်ထွေးလို့မရဘူး၊ သဘောပေါက်လား?" ကျောက်ယာကပြောသည်။
စုန့်အာ့နန် မျက်တောင်ခတ်လိုက်သည်။
ယောက်ျားတစ်ယောက်ကို ကယ်တင်တယ်? သနားတာ?
ခဏနေဦး၊ သူမရဲ့ယောင်းမက သူမ ဖေးခွမ်ကို အဲ့ဒီလိုမျိုး ခံစားနေရတာလို့ ထင်နေတာတော့ မဟုတ်ဘူးမလား?!
သူမအနေနဲ့ ဖေးခွမ်ရဲ့ အတိတ်က အကြောင်းတွေကို သိလိုက်ရတော့ ရင်နာသလို ခံစားရတာကအမှန်ပင်။
ဒါပေမယ့် စုန့်အာ့နန်ကတော့ လူတိုင်းထက် ပိုရှင်းရှင်းလင်းလင်း သိသည်။ သူမရဲ့ ဖေးခွမ်အပေါ် ခံစားချက်က သနားတာလား ချစ်တာလားဆိုတာ သူမအရှင်းလင်းဆုံးသိသည်။
ဘာဘဲဖြစ်ဖြစ် သူမက သူ့မိသားစုအကြောင်း မသိခင်ကတည်းက သူ့ကို သဘောကျခဲ့တာလေ!
"ယောင်းမ၊ ကျွန်မ...ကျွန်မတို့က အဲ့ဒီလိုမဟုတ်ဘူး...."
သူမမှာ ရှင်းပြဖို့ကြိုးစားလိုက်ပေမယ့် ဘယ်ကနေစပြောရမလဲမသိ ဖြစ်နေသည်။
ကျောက်ယာက သူမလက်ကို စိတ်အေးအောင် ပွတ်ပေးလိုက်ပြီး "မစိုးရိမ်နဲ့ အာ့နန်၊ အစ်မတို့က ပေါ့ပေါ့ပါးပါးစကားပြောရုံပဲ၊ ညီမတို့နှစ်ယောက်က အဲ့ဒီလိုမျိုးလို့ မပြောပါဘူး"
စုန့်အာ့နန်မှာ ရှုပ်ထွေးသွားရသည်။
ဒီတော့ ဒါက သူမတို့အကြောင်း မဟုတ်ဘူးလား? ဒါဆို သူမ နားလည်မှုလွဲသွားတာပေါ့၊
"အိုး" သူမက " ဒါဆို ဆက်ပြောပါ"
ကျောက်ယာက ခေါင်းညိတ်လိုက်ပြီး "အစ်မပြောတာ ဘယ်ရောက်သွားပြီလဲ? အိုးဟုတ်သားပဲ၊ ယောက်ျားတွေကို ကယ်တင်တာ!"
"ငယ်ရွယ်တုန်းကတော့၊ မိန်းကလေးတွေအားလုံးက သူတို့တွေဟာ ခြွင်းချက်မရှိ ယောက်ျားလေးတွေကို ကယ်တင်နိုင်တယ်လို့ ထင်ခဲ့ကြတယ်။ ပလေးဘွိုင်းတွေလိုမျိုးကိုပေါ့- မိန်းကလေးတွေက အဲ့ဒီလို ယောက်ျားတွေကို အခြေတကျဖြစ်အောင် သူတို့လုပ်နိုင်မယ်လို့ အမြဲတမ်း ယုံကြည်ထားကြတာ။ ဒါပေမယ့် အဲ့ဒီလိုလူမျိုးတွေအနေနဲ့ သူတို့ရဲ့လမ်းကြောင်းကို ပြောင်းဖို့ဆိုတာ မလွယ်ဘူး"
"အစ်မ ညီမကို မဖုံးကွယ်ထားတော့ဘူး။ အစ်မငယ်ငယ်တုန်းကလည်း ဒီလိုမျိုး ရူးသွပ်ဖူးတယ်။ ဒီတော့ ဆိုရိုးစကားအရ၊ မိန်းမတွေက ယောက်ျားတစ်ယောက်ကို ရွေးတဲ့အခါ သင်ကြားပေးလို့မရဘူး၊ ပြောင်းလဲအောင်လုပ်ဖို့လည်း မကြိုးစားသင့်ဘူး"
စုန့်အာ့နန် အံ့ဩသွားသည် - သူမရဲ့ယောင်းမ ငယ်ငယ်တုန်းက ဒီလိုနာကျင်ဖူးတာလား? ပလေးဘွိုင်းတစ်ယောက်ကြောင့်လေ?
သူမ ရုတ်တရက် တစ်ခုခုကို နားလည်သွားတဲ့ပုံပင်။
စုန့်အာ့နန်က ကျောက်ယာကို အလေးအနက်ကြည့်လိုက်ပြီး "ဒီတော့.... အစ်ကိုကြီးက အများကြီး ပတ်ရှုပ်ဖူးတာလား?"
ကျောက်ယာမှာ နင်သွားရသည် - သူမက အဓိကအချက်တွေကို အမြန်ချိတ်မိတာပဲ!
သူမ ခယ်မလေးရဲ့ 'အစ်ကိုကြီးက ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ' ဆိုတဲ့ အမူအရာကြောင့် သူမမှာ မနေနိုင်ဘဲ နဖူးကိုကာလိုက်မိသည်။
ကံကောင်းလို့ စုန့်ကျန်းဟွေ့ကို သူမ စောစောပထုတ်လိုက်လို့ပေါ့။ မဟုတ်ရင် ဒီရှာလကာရည်အိုးက သေချာပေါက် ပေါက်ကွဲသွားမှာဘဲ။
"အာ့နန်၊ ညီမ အထင်မှားနေပြီ၊ အစ်မက ညီမရဲ့အစ်ကိုကို ပြောနေတာမဟုတ်ဘူး" ကျောက်ယာက ရှင်းပြလိုက်သည်။
စုန့်အာ့နန်က "အာ" လို့အသံပြုလိုက်ပြီး "မဟုတ်ဘူးလား? ဒါပေမယ့် အစ်ကိုကြီးက အစ်မရဲ့ အချစ်ဦးမဟုတ်ဘူးလား?"
ကျောက်ယာ - "...."
"အမ်၊ အာ့နန်၊ ညီမရဲ့အစ်ကိုက အစ်မအရွယ်ရောက်ပြီးတဲ့နောက်ပိုင်းက အချစ်ဦးပါ။ အစ်မပြောတဲ့တစ်ယောက်က အလယ်တန်းတုန်းက တစ်ယောက်"
စုန့်အာ့နန် - "???"
အချစ်ဦးဆိုတာက ပထမဆုံး အချစ်ဇာတ်လမ်းကို ပြောတာမဟုတ်ဘူးလား? ဒါကိုဘယ်လိုလုပ် အရွယ်မရောက်ခင်နဲ့ အရွယ်ရောက်ပြီး ဆိုပြီး ခွဲထားတာလဲ?
"ခဏနေပါဦး၊ ယောင်းမက အလယ်တန်းကတည်းက ချိန်း တွေ့ခဲ့တာပေါ့?!"
ဒါက အရွယ်မရောက်သေးတဲ့ အချစ်ပဲ!
ကျောက်ယာမှာနှုတ်ခမ်း တွန့်သွားရသည် - သူမတော့ သူမရဲ့ မဲမှောင်တဲ့ သမိုင်းကြောင်းကို တစ်နည်းနည်းနဲ့ ထုတ်ဖော်လိုက်မိပြီး အဆုံးသတ်သွားပဲ။
သူမတံခါးကို အလိုအလျောက် တစ်ချက်ကြည့်လိုက်မိသည်။ ကံကောင်းလို့ စုန့်ကျန်းဟွေ့ကို အစောကတည်းက အဝေးပထုတ်လိုက်မိလို့။ မဟုတ်လို့ရှိရင် ဒီရှာလကာရည်လူကြီးက သေချာပေါက် ပေါက်ကွဲသွားမှာ။
"အာ့နန် ဒါကို အစ်မတို့ကြားက လျှို့ဝှက်ချက်အဖြစ် သိမ်းထားရမယ်နော်။ ညီမရဲ့ အစ်ကိုတောင် ဒီအကြောင်းမသိဘူး။ ဒါကိုသိသွားရင် သူ စိတ်ဆိုးမှာသေချာပေါက်ပဲ"
စုန့်အာ့နန်လည်း သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။
ကျောက်ယာမှာ အရင်တုန်းက သူမရဲ့ အဖြစ်အပျက်တွေကို မနေနိုင်ဘဲ ပြန်စဉ်းစားလိုက်မိသည်။ "တကယ်တော့ အဲ့ဒီတုန်းက ဘာမှနားမလည်သေးဘူးလေ။ အစ်မတို့က လက်တောင်မကိုင်ခဲ့ကြဘူး၊ အရမ်း တုံးအ ကြတာလေ။ တစ်ပတ်ကြာတော့ အစ်မတို့ လမ်းခွဲလိုက်ကြတယ်"
စုန့်အာ့နန်က သိချင်စိတ်နဲ့ မေးလိုက်သည်။ "ဘာလို့ လမ်းခွဲခဲ့တာလဲ?"
ကျောက်ယာ "သူက အစ်မအပေါ် ဖောက်ပြန်ပြီး ဘေးအခန်းက ကျောင်းအလှလေးနဲ့တွဲခဲ့လို့လေ"
စုန့်အာ့နန် - "...."
အလယ်တန်းကျောင်းသားလေးတွေက ဒီလိုလည်းဖောက်ပြန်တတ်ကြသေးတာလား?!
-
အိပ်ခန်းထဲက အကြောင်းအရာတွေက တဖြည်းဖြည်းနဲ့ သွားနေပေမယ့် ဧည့်ခန်းထဲက စုန့်သားအဖအခြေအနေကတော့ အရမ်းကိုရှင်းလင်းနေသည်။
"မင်းရဲ့ အန်တီလေးစုန့်အာ့နန်နဲ့ အဲ့ဒီကောင်လေးအကြောင်း မင်းဘယ်လောက်သိထားလဲ?" စုန့်ကျန်းဟွေ့က မေးလိုက်သည်။
စုန့်လင်းချွမ်က ပြန်ဖြေလိုက်သည်။ "ပါးနဲ့တူတူပဲ၊ ဘာမှမသိဘူး"
စုန့်ကျန်းဟွေ့က သူ့ကိုစိုက်ကြည့်ပြီး စိတ်မရှည်သလိုပြောလိုက်သည်။ "ဒါဆို၊ မင်းပြန်လာကတည်းက ဘာလုပ်နေတာလဲ?"
စုန့်လင်းချွမ်က နှာမှုတ်ပြီး အံကြိတ်ကာ ပြောလိုက်သည်။ "ကျွန်တော် အဲ့ဒီခွေးကောင်ကို သွားထိုးခဲ့တာ"
စုန့်ကျန်းဟွေ့မှာ သူရန်သွားဖြစ်တယ်ဆိုတာကိုကြားတော့ စုန့်လင်းချွမ်ကို လက်မခံသလို ကြည့်လိုက်ပြီး "မင်းမှာ အဲ့ဒီခွေးဒေါသတွေ ရှိနေသေးတုန်းပဲ၊ အကြမ်းဖက်တာက ပြဿနာတွေကို ဖြေရှင်းနိုင်တယ်လို့ ထင်နေတာလား?"
စုန့်လင်းချွမ်မှာ ချက်ချင်း မပျော်မရွှင်ဖြစ်သွားပြီး "လူအိုကြီး၊ အခြေအနေကို နားမလည်ဘဲနဲ့ မဝေဖန်ပါနဲ့။ ပါးရဲ့ ညီအစ်ကိုတစ်ယောက်ကသာ အန်တီလေးစုန့်အာ့နန်ကို လှည့်စားခဲ့ရင် သူ့ကို သွားမထိုးဘူးလား?"
စုန့်ကျန်းဟွေ့ မျက်ခုံးတွေက တွန့်ချိုးသွားပြီး "သွားစမ်းပါ! ကောင်းကောင်းမယှဉ်ပြတတ်ရင် လာမယှဉ်ပြနဲ့"
ညီအစ်ကိုလို့ သူယူဆနိုင်တဲ့ သူ့ဘေးနားက လူတွေက သူနဲ့သက်တူရွယ်တူတွေဖြစ်သည်။ အဲ့ဒီလိုမျိုး တစ်ယောက်ယောက်က စုန့်အာ့နန်ကို လှည့်ဖြားသွားတယ်လို့ တွေးလိုက်ရုံနဲ့တင် သူ လက်မခံနိုင်ဘူး!
စုန့်လင်းချွမ်လည်း ဒီလိုမျိုးတွေးမှန်း သိသာနေတဲ့အတွက် သူ့မှာ ကိုးရိုးကားရားနဲ့ နှာခေါင်းကိုပွတ်လိုက်သည်။
ဒီလိုမျိုးတွေးကြည့်တော့လည်း၊ အဲ့ဒီခွေးကောင် ဖေးခွမ်က အဆိုးကြီးတော့လည်း မဟုတ်ပါဘူး။ အနည်းဆုံးတော့ သူ့အသက်က လက်ခံနိုင်ပါသေးတယ်။ " ငါမင်းကို တစ်ခုမေးမယ်၊ အဲ့ဒီကောင်လေးက အလေးအနက်ထားတယ်ဆိုတာ မင်းအာမခံနိုင်လား?" စုန့်ကျန်းဟွေ့က မေးလိုက်သည်။
စုန့်လင်းချွမ်ရဲ့ ပထမဆုံးတုံ့ပြန်မှုကတော့၊ ငါက အဲ့ဒီခွေးကောင်အတွက် ဘာလို့အကုန်လုံး အာမခံရမှာလဲ?
သေစမ်း!
အဲ့ဒီခွေးကောင်ကို သူထပ်ထိုးလို့ရပါစေလို့ အခုချက်ချင်းဆုတောင်းမိတယ်။
"အာမခံချက်လိုချင်ရင် အဲ့ဒီလူကို ခေါ်လိုက်လို့ရတယ်လေ။ ဘာပဲဖြစ်ဖြစ် သူလည်း ပါးတို့သူ့ကိုခေါ်မှာကို အိမ်မှာထိုင်စောင့်နေလောက်မှာ၊ သူနေတာက အဝေးကြီးမှမဟုတ်ဘဲ" စုန့်လင်းချွမ်က စိတ်မရှည်သလို ပြောလိုက်သည်။
စုန့်ကျန်းဟွေ့က သူ့ကိုအေးစက်စက်တစ်ချက်ကြည့်လိုက်ပြီး "ငါ သူ့ကို မမြင်ချင်ဘူး!"
စုန့်လင်းချွမ် - "ဒီနေ့မမြင်ချင်လည်း၊ မနက်ဖြန်ကျရင်ရော ရှောင်လို့ရမယ်တဲ့လား?"
စုန့်ကျန်းဟွေ့က နှာမှုတ်လိုက်ပြီး "ဘာလို့မရမှာလဲ? မင်းရဲ့အမေနဲ့ငါတို့ ဒီကိုလာတာ သူ့ကိုတွေ့ဖို့မှ မဟုတ်ဘဲ"
စုန့်လင်းချွမ် သူ့ဘာသာသူတွေးလိုက်သည် - သူ့ကို ခေါင်းမာတယ်လို့ သူတို့တွေပြောကြပေမယ့် ဒီလူအိုကြီးကလည်း ဘာမှမကွာပါဘူး!
သူတစ်ခုခုပြောတော့မယ့်အချိန် စုန့်ကျန်းဟွေ့က ဆက်ပြောလာသည်။ "မင်းက ငတုံးလား? မင်းရဲ့ အန်တီလေးက တစ်ယောက်ယောက်နဲ့ တွဲရုံပဲလေ။ သူတို့က လက်ထပ်ကြမှာမှ မဟုတ်တာ။ ငါတို့က ဘာလို့ သူနဲ့တွေ့ရမှာလဲ?"
စုန့်လင်းချွမ် - "...."
ကောင်းပါပြီ၊ သူ့ရဲ့မရိုးဖြောင့်တဲ့မြေခွေးအိုအဖေကြီးက လူတစ်ယောက်ကို စကားလုံးတွေနဲ့ ဘယ်လိုသတ်ရမလဲဆိုတာ သိတာကိုတော့ လက်ခံရမယ်။
ဒီဟာက ရိုးရိုးရှင်းရှင်းကိစ္စတစ်ခုသာဖြစ်ပြီး မိဘတွေနဲ့ တွေ့ဖို့ဆိုတာက ဝေးသေးသည်။
"အချိန်ဖြုန်းနေတာရပ်ပြီး ငါ့ကို မင်းရဲ့အမြင်ပြောပြ" စုန့်ကျန်းဟွေ့က ပြောလိုက်သည်။
စုန့်လင်းချွမ်က ပခုံးတွန့်လိုက်ပြီး "ကျွန်တော့်ကို မေးမယ်ဆိုရင်တော့၊ သူ့ဘက်က အလေးအနက်ထားတယ်လို့ ထင်တယ်"
စုန့်ကျန်းဟွေ့က "အိုး" လို့ပဲဆိုပြီး သူဆက်ပြောတာကို စောင့်နေသည်။
စုန့်လင်းချွမ် - "ကျွန်တော်တို့ နယ်ပတ်မှာ လျှို့ဝှက်ချက်တွေ အများကြီးမရှိဘူး။ သူ့အကြောင်းစုံစမ်းချင်ရင် သေချာပေါက် သိရလိမ့်မယ်။ အဲ့ဒီအကြောင်းတော့ ကျွန်တော် မပြောတော့ဘူး"
စုန့်ကျန်းဟွေ့က မေးလိုက်သည်။ "ဒီတော့ မင်းမှာ သုံးသပ်ဖို့ တခြားအခြေခံ အကြောင်းအရာတွေ ရှိလား?"
စုန့်လင်းချွမ်က အင်းလို့ ခပ်တိုးတိုးဆိုလိုက်ပြီး "သူ အန်တီလေး စုန့်အာ့နန်အပေါ် ခံစားချက်ရှိနေမှန်း ပထမဆုံးသဘောပေါက်သွားတုန်းက ဘယ်လိုခံစားရလဲလို့ မေးလိုက်တယ်။ သူက သိမ်ငယ်တယ်လို့ ပြောလာတယ်"
ဒါကိုကြားတော့၊ စုန့်ကျန်းဟွေ့ရဲ့ ဒူးကိုပုတ်နေတဲ့ လက်တွေက ရပ်သွားသည်။
သူ စုန့်လင်းချွမ်ကို မော့ကြည့်လိုက်တော့ စုန့်လင်းချွမ်က သူ့ကို ခေါင်းညိတ်ပြလာသည်။
သူတို့နှစ်ယောက်လုံးက အမျိုးသားတွေဖြစ်ပြီး နှစ်ယောက်စလုံး သူတို့တကယ်ချစ်ခင်ကြတဲ့ အမျိုးသမီးတွေလည်း ရှိသည်။ ဒီတော့ ဒီ"သိမ်ငယ်တယ်" ဆိုတဲ့ စကားလုံးနောက်ကွယ်က အဓိပ္ပါယ်ကို သဘာဝကျကျ သူတို့ သဘောပေါက်သည်။
ဒါဟာ ဖေးခွမ်ဘက်က ယုံကြည်မှုမရှိတာ မဟုတ်ဘဲ တကယ်ချစ်မိသွားခြင်းနဲ့အတူ ကပ်ပါလာတဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်သည်!