← Chapters

အခန်း (၁၂၄)

Vol. 10 Ch. 124

အခန်း (၁၂၄)

Vol. 10 Ch. 124

စုန့်အာ့နန် အသက်ရှူရပ်မတတ် အခန်းဆီပြန်ပြေးလာပြီး ကုတင်ပေါ်လှဲချလိုက်သည်။

အခုလေးတင် ရှက်စရာကောင်းလှတဲ့ အဖြစ်အပျက်ကိုတွေးမိရင်း သူမဒေါသထွက်လာသည်။ သူမ ဖုန်းထုတ်လိုက်ပြီး ဖေးခွမ်ကို မက်ဆေ့ခ်ျပို့လိုက်သည် - [ဒါတွေအားလုံး ရှင့်ကြောင့်ပဲ! ရှင် နမ်းလိုက်လို့ ကျွန်မနှုတ်ခမ်းတွေ နီရဲနေပြီး စုန့်လင်းချွမ်မြင်သွားတယ်!!!]

မက်ဆေ့ခ်ျကိုမြင်တဲ့အချိန် ဖေးခွမ်က အိမ်ကိုပြန်ရောက်ခါစဘဲရှိသေးကာ ဘာပြောရမှန်းမသိဖြစ်သွားသည်။

သူတို့အကြောင်း စုန့်လင်းချွမ် သိသွားတာလား?

သူ အမြန်စာပြန်လိုက်သည်။ [အခုဖုန်းခေါ်လို့အဆင်ပြေလား?]

နောက်တစ်စက္ကန့်မှာဘဲ စုန့်အာ့နန် သူ့ကို ဗီဒီယိုကော ခေါ်လာပြီး ဖေးခွမ်အမြန်ကိုင်လိုက်သည်။

သူတစ်ခုခုမေးတော့မယ့်အချိန် စုန့်အာ့နန်ရဲ့နောက်ခံကိုသတိထားမိသွားပြီး မရေမရာနဲ့မေးလိုက်သည်။ "အာ့နန်၊ မင်းရေချိုးခန်းထဲမှာလား?"

စုန့်အာ့နန်က သူ့ကိုသနားစရာကောင်းတဲ့အပြုံးတစ်ခုပေးလိုက်ပြီး သူမရဲ့အသံကို တမင်တိုးလိုက်ကာ ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်၊ စုန့်လင်းချွမ် ကြားသွားမှာစိုးလို့"

အမှန်တော့၊ သူမတို့တိုက်ခန်း‌က အသံလုံစနစ်က အရမ်းကောင်းသည်။ ဘာကိစ္စမှမရှိဘဲ သူမအိပ်ခန်းထဲမှာ လွယ်လွယ်နဲ့ နေလိမ့်မည်မဟုတ်ပေ။ ဒါပေမယ့် ဘာတတ်နိုင်မှာလဲ အပြစ်ရှိစိတ်က အရမ်းသတိထားမိစေသည်။

သေချာပေါက် ဖေးခွမ်လည်း ဒါကိုသိသည်။ သူဒါကိုမထောက်ပြလိုက်တော့ဘဲ မေးလိုက်သည်။ "ခုနတုန်းက မက်ဆေ့ခ်ျက ဘာကိုပြောတာလဲ? စုန့်လင်းချွမ်တစ်ခုခု သံသယဝင်သွားလို့လား?"

စုန့်အာ့နန်က ခေါင်းခါလိုက်သည်။ ဘာဖြစ်ပျက်ခဲ့သလဲဆိုတာကို မပြောပြခင် သူမအတော်ကြာ တုံ့ဆိုင်းနေခဲ့သည်။

နားထောင်ပြီးသွားတော့ ဖေးခွမ်မှာ ဘာပြောရမှန်းမသိဖြစ်သွားသည်။ အဲ့ဒါက သေချာပေါက် ရယ်စရာကောင်းတဲ့အတွက် သူက ရယ်ချင်စွာနဲ့ အတည်ပြုလိုက်သည်။ "....အစပ်ချောင်းတွေ ခိုးစားတယ်တဲ့လား?"

အဲ့ဒါကိုပြန်စဉ်းစားကြည့်တော့ စုန့်အာ့နန်လည်း နည်းနည်း ဘာပြောရမှန်းမသိတော့ပေ။ သူမက ဒေါသထွက်နေတဲ့လေသံနဲ့ မကျေမနပ်ပြောလာသည်။ "ဟုတ်တယ်၊ သူက ကျွန်မကို အစပ်ချောင်းတွေ ခိုးစားနေတယ်လို့ မှားပြီးစွပ်စွဲတာ။ ကျွန်မမှာ ငြင်းတောင်မငြင်းရဲဘူး!"

ဖေးခွမ် မနေနိုင်တော့ဘဲ အော်ရယ်လိုက်မိသည်။ "ကိုယ်မရတော့လို့၊ နည်းနည်းလောက် ပေးရယ်။ ဒါက ဘယ်လိုအတွေးမျိုးကြီးလဲ?"

စုန့်အာ့နန်က စခရင်ကိုဖြတ်ကာ သူ့ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။ သူမက စိတ်တိုသွားပြီး "ရှင်လာရယ်နေတာလား! ဒါတွေအားလုံး ရှင့်ကြောင့်ပဲ!"

"ခုနတုန်းက ကျွန်မမှာ အရမ်းကြောက်နေရတာ။ သေပြီလို့တောင်ထင်လိုက်တာ"

‌ကောင်မလေး ဒေါသထွက်နေတာကိုမြင်တော့ ဖေးခွမ် သူ့ရယ်သံကို အမြန်ထိန်းလိုက်ပြီး သူမကိုအမြန်ချော့လိုက်သည်။ "ဟုတ်ပြီ ဟုတ်ပြီ၊ အဲ့ဒါကိုယ့်ကြောင့်ပါ"

"ဒါပေမယ့် ကိုယ်တကယ် အဲ့ဒီလိုဖြစ်ဖို့ မရည်ရွယ်ပါဘူး။ မင်းကို နမ်းတဲ့အခါ ကိုယ် လုံလုံလောက်လောက် ထိန်းထားနိုင်တယ်လို့ ထင်ခဲ့တာ။ ကိုယ် မင်းကို အရမ်းလွမ်းနေခဲ့ရလို့ ကိုယ့်ကိုယ်ကို မထိန်းနိုင်လိုက်တာပါ"

ဒါက စုန့်အာ့နန်ကို ချော့ဖို့ သူလုပ်ပြောတာမဟုတ်ပေ။ အမှန်တိုင်းပြောရ‌ရင် သူတို့နောက်ဆုံးတွေ့ခဲ့ရတာ နှစ်လလောက် ရှိနေပြီဖြစ်သည်။ ပြီးတော့ မနေ့ညက နောက်ဆုံး တစ်ယောက်ကိုတစ်ယောက် တွေ့ကြတော့ စုန့်လင်းချွမ်က ဘေးနားမှာ အပိုမီးသီးလိုဖြစ်နေတော့ ဘာကိုမှ မစွန့်စားဖို့ သူ့ကိုယ်သူ အားတင်းထားရသည်။

သူ့ရဲ့ တည့်တိုးစကားကြောင့် စုန့်အာ့နန် မျက်နှာမှာ နီရဲသွားရသည်။ သူမ သူ့ကိုပြန်ချေပချင်ပေမယ့် ဘယ်ကနေစရမလဲမသိပေ။

သူမ ရင်ထဲမှာသိနေသည်၊ ဒီဟာတစ်ခုတည်းအတွက်နဲ့ ဖေးခွမ်ကို သူမ အပြစ်မတင်သင့်ပေ။ နောက်ဆုံးတော့ အဲ့ဒီတုန်းက သူမလည်း ပြတ်ပြတ်သားသားမငြင်းလိုက်ဘူးလေ။

အကြံမပေးခင် ဖေးခွမ်က တစ်ခဏလောက် အလေးအနက်တွေးလိုက်သည် -

"အာ့နန်၊ ကိုယ်တို့ လင်းချွမ်ကို ရှင်းပြလိုက်ရင်ရော?"

ဒီလိုမျိုး ဆက်သွားနေတာက ရေရှည်ဖြေရှင်းချက်မဟုတ်ပေ။

အစကတော့ ဘာပြဿနာမှမရှိဘူးလို့ သူခံစားရပေမယ့် မနေ့ညက အချိန်အတူကုန်ဆုံးပြီးတဲ့နောက်မှာ စုန့်လင်းချွမ်ကို ဆက်ပြီးလှည့်စားတာက မမှန်ဘူးလို့ စိတ်ရင်းနဲ့ သူခံစားရသည်။

ဒါကိုကြားတော့ စုန့်အာ့နန်က တုံ့ဆိုင်းနေသည်။ "နည်းနည်းစောင့်ရအောင်၊ ကျွန်မ ထပ်စဉ်းစားဖို့လိုသေးတယ်"

အခုက အချိန်မကျသေးဘူးလို့ သူမခံစားရသည်။

မနေ့ညက စုန့်လင်းချွမ်ရဲ့အပြုအမူအရဆို၊ သူဘာကိုမှ သံသယမဝင်ဘူးဆိုတာ သိသာလှသည်။ အဲ့ဒီလိုမျိုး သူ ဘယ်တုန်းကမှ မတွေးဖူးတဲ့ပုံပင်။

ဒါကိုလုပ်မှာမဟုတ်ဘူး။

သူ့ရဲ့ သံသယတွေကို နှိုးဆွဖို့ သူမသဲလွန်စတချို့ ထုတ်ပြသင့်လား?

-

နောက်တစ်နေ့က လပြက္ခဒိန်ရဲ့ ၂၉ရက်နေ့ဖြစ်သည်။ စုန့်အာ့နန်က မနက်စောစော အလုပ်ကိုသွားသည်။

ဖေးခွမ် သူမကို ဆေးရုံဆီ လိုက်ပို့ပြီးသွားတော့ ဈေးအတူဝယ်ဖို့ စုန့်လင်းချွမ်ကို လာပြန်ခေါ်လိုက်သည်။

တံခါးက ဘဲလ်သံကိုကြားတော့ စုန့်လင်းချွမ်က သမ်းရင်းနဲ့ တံခါးလာဖွင့်သည်။ "ဒါက ပိုအရေးကြီးတယ်၊ နောက်ဆုံးတော့ နားရက်တစ်ရက် ငါရထားတာ...."

ဖေးခွမ်က ဝင်ပေါက်မှာ ဖိနပ်လဲပြီးသွားတော့ အထဲဝင်လာရင်း ပြောလိုက်သည်။ "နှစ်သစ်ကူးပစ္စည်းတွေ အတူဝယ်ချင်တယ်လို့ မနေ့တုန်းကပြောခဲ့တာ ဘယ်သူလဲ?"

"ဒီလောက်အစောကြီးလား?" စုန့်လင်းချွမ်က အံ့ဩစွာနဲ့မေးလိုက်သည်။

ဖေးခွမ်က ပခုံးတွန့်လိုက်ပြီး "မစောတော့ပါဘူး။ မင်းအဆင်သင့်လုပ်ဖို့ မိနစ်နှစ်ဆယ်ရမယ်။ စာရင်းထဲက ပစ္စည်းတွေ တစ်ခုတောင်မှ ငါတို့မဝယ်နိုင်ရင် မင်းကို ငါအပြစ်တင်မှာ"

ပြောပြီးတာနဲ့ သူက နှစ်သစ်ကူးပစ္စည်းစာရင်းကို ထုတ်လိုက်ပြီး စုန့်လင်းချွမ်ရှေ့မှာ ရိုက်ပြလိုက်သည်။

သံသယမရှိ ဒီစာရင်းတွေကို စုန့်အာ့နန်ကြိုပြင်ဆင်ထားတာဖြစ်သည်။

နှစ်သစ်ကူးအကြိုနေ့ညစာအတွက် ပါဝင်ပစ္စည်းတွေနဲ့ မုန့်တွေအထိ အကုန်လုံးကို ရှင်းရှင်းလင်းလင်း မှတ်ထားသည်။

ရိုးရိုးသားသားပြောရရင် ဒီနှစ်ကူးအတွက် စိတ်အလှုပ်ရှားဆုံးက စုန့်အာ့နန်ကလွဲပြီး မရှိပေ။

လွန်ခဲ့တဲ့လဝက်ကတည်းက သူမက သူတို့အတွက် ဂရုချက်လေးဖွဲ့ခဲ့သည်။ သူမက ဒီဟာကို ဘယ်လောက်အရေးကြီးတဲ့နေရာမှာ ထားထားလဲဆိုတာကို ပြကာ နှစ်သစ်ကူးအကြိုနေ့အတွက် ညစာမီနူးကို ဆွေးနွေးရင်း သူတို့ရဲ့အချိန်ဇယားတွေကိုလည်း အဆက်မပြတ်ကြည့်ခဲ့သည်။

တချို့ပစ္စည်းတွေကို သူတို့မဝယ်နိုင်ခဲ့ရင်တောင် စုန့်အာ့နန် စိတ်မဆိုးဘူးဆိုတာ သူသိပေမယ့်လည်း စုန့်လင်းချွမ်မှာ ပြောစရာစကားမဲ့နေရသည်။

ဒါပေမယ့် နည်းနည်းလေးတောင် စုန့်အာ့နန်ကို စိတ်မပျက်သွားစေချင်တဲ့ နားလည်မှုမျိုး သူတို့နှစ်ယောက်လုံးရဲ့စိတ်ထဲမှာရှိသည်။

"ဒီအချိန်ဆို စူပါမားကပ်တွေ မဖွင့်လောက်သေးဘူး၊ ဖွင့်ပြီလား?" စုန့်လင်းချွမ်က မေးလိုက်သည်။

ဖေးခွမ်က ကြိုပြီးရှာဖွေထားတဲ့အတွက် ချောချောမွေ့မွေ့ ပြန်ဖြေလိုက်သည်။ "ပစ္စည်းတွေ တင်သွင်းတဲ့ စူပါမားကပ်ကို အရင်သွားရမယ်။ စာရင်းထဲက တချို့မုန့်တွေကို အဲ့ဒီမှာဘဲဝယ်လို့ရတာ။ အစောစောက ငါစစ်ကြည့်ပြီးသွားပြီ၊ ငါတို့ နေတဲ့နေရာနားမှာ ၈နာရီခွဲဆိုဖွင့်တဲ့ တစ်ခုရှိတယ်"

စုန့်လင်းချွမ်လည်း ခေါင်းညိတ်လိုက်သည်။ သူက သူ့အခန်းဆီ ပြန်လှည့်သွားလိုက်ပြီး ဆေးကြောတာက ဆယ့်ငါးမိနစ်ထက်တောင်မပိုဘဲ ပြီးသွားသည်။

သို့ပေမယ့် သူ့ဆံပင်ကို စိတ်တိုင်းမကျသေးတဲ့ပုံပင်။ နောက်ဆုံး ဦးထုပ်မဆောင်းခင် သူက မှန်အရှေ့မှာ အတော်ကြာအောင် ဟိုလိုလိုဒီလိုလိုလုပ်နေသည်။

ဖေးခွမ်က ဆိုဖာမှာထိုင်ရင်း ဖုန်းသုံးနေသည်။ သူလှမ်းကြည့်ရင်း စုန့်လင်းချွမ်ကို မြင်တဲ့အခါ မနေ့ညက 'အစပ်ချောင်း' အကြောင်းတွေးမိလိုက်ပြီး ရယ်ချင်တာကိုထိန်းထားလိုက်ရသည်။

သူက တကယ်ကြင်နာတတ်တဲ့သူပဲ။

ဖြစ်ချင်တော့ စုန့်လင်းချွမ်ကလည်း လှမ်းကြည့်လာပြီး ဖေးခွမ်ရဲ့ ရယ်ချင်တာကို ထိန်းထားရတဲ့ အကြည့်နဲ့ဆုံတော့ လုံးဝစိတ်ရှုပ်သွားရသည်။

"ဘာတွေကြည့်နေတာလဲ? တစ်ညလောက်ဝေးသွားတာနဲ့ မင်းရဲ့အဖေကို မမှတ်မိတော့ဘူးလား?"

ဖေးခွမ် တစ်စက္ကန့်လောက် တန့်သွားသည်။ လက်ရှိ စုန့်အာ့နန်နဲ့ သူ့ရဲ့ဆက်ဆံရေးကို စဉ်းစားမိပြီး နောက်တော့ စုန့်လင်းချွမ်ကို ကြည့်လိုက်တော့ သူပိုပြီးတော့တောင် ရယ်ချင်သွားသည်။

ဘာလုပ်နိုင်မှာလဲ၊ ယောက်ျားလေးတွေကြားမှာ အသက်အရွယ်ကြီးတာနဲ့ ပတ်သတ်ပြီး ပြိုင်ဆိုင်မှုတွေက အမြဲတမ်းရှိသည်။ တစ်ယောက်နဲ့တစ်ယောက် အဖေ ဒါမှမဟုတ် အဖိုး လို့ခေါ်သလိုပေါ့။ သူနဲ့ စုန့်လင်းချွမ်ဟာလည်း ချွင်းချက်မရှိပါချေ။

သူက အသက်အရွယ်ကြီးတာနဲ့ပတ်သတ်ပြီး စုန့်လင်းချွမ်ကို အခွင့်ကောင်းယူဖို့ ဘယ်တုန်းကမှ မရည်ရွယ်ပေမယ့် အမှန်တရားကတော့ သူကဖြစ်နေပြီးတဲ့ပုံပင်။

အို့ ! ဖေးခွမ် ရုတ်တရက် သူ့မျက်နှာမှာ နာသလိုတောင်ခံစားလိုက်ရသည်။

ကြည့်ရတာ စုန့်လင်းချွမ်သာ အမှန်တရားကိုသိသွားရင် သူ့ကိုသေအောင်ထိုးတော့မှာဘဲ။

-

ပြောရရင် ဖေးခွမ်နဲ့ စုန့်လင်းချွမ်က ယုံကြည်စိတ်ချရတယ်လို့ ဆိုရမည်။ တစ်မနက်လုံး ကြိုးကြိုးစားစားနဲ့ မတူညီတဲ့ စူပါမားကပ်သုံးခုကို ပတ်ပြီးသွားတော့ နောက်ဆုံး သူတို့တွေစာရင်းအတိုင်း ဝယ်ပြီးသွားကြသည်။

အထူးသဖြင့် ကာရန်တူနှစ်ကြောင်းကဗျာတွေပင်။ သူတို့တွေ အဲ့ဒါကို စူပါမားကပ်တွေမှာ ရှာလို့မတွေ့တော့ နှစ်ယောက်သား အဲ့ဒါကိုဝယ်ဖို့ ဈေးဝင်ပေါက်ဆီ ရည်ရွယ်ချက်ရှိရှိ သွားလိုက်ရသည်။

နှစ်သစ်ကူးအကြိုနေ့မှာ စုန့်အာ့နန်က ဆေးရုံမှာ နေ့ဆိုင်းဆင်းရပြီး ဝန်ထမ်းကန်တင်းမှာ စားလိုက်သည်။ စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့ကတော့ အိမ်မှာပဲ ရိုးရိုးရှင်းရှင်း စားလိုက်သည်။ သူတို့ရဲ့အဓိက ပွဲက ညကျမှပင်။

သို့ပေမယ့် စုန့်အာ့နန်က အလုပ်မှာဆိုရင်တောင်မှ ဖေးခွမ်နဲ့ စုန့်လင်းချွမ်တို့မှာလည်း အိမ်မှာ ပျင်းရိနေကြတာမဟုတ်ပေ။ သူတို့က စောစောထကာ ကာရန်တူနှစ်ကြောင်းကဗျာတွေ ချိတ်ဆွဲကြသည်။

နေ့ခင်းဘက်မှာ နှစ်ယောက်သား နှစ်သစ်ကူးအကြိုနေ့ညစာအတွက် ပြင်ဆင်ရင်း အလုပ်များနေကြသည်။

စုန့်အာ့နန် အလုပ်ဆင်းမယ့်အချိန် ရောက်ခါနီးတော့ စုန့်လင်းချွမ်က သူမကိုသွားကြိုသည်။ သူက ဆေးရုံကနေ အားလပ်ရက် လက်ဆောင်တွေကိုတောင် ယူခဲ့သေးသည်။

ဒါပေမယ့် အိမ်ပြန်လမ်းမှာ သူတို့နှစ်ယောက်က အိမ်ကိုတန်းတန်းမတ်မတ် မပြန်ဘဲ အဲ့ဒီအစား ဖေးခွမ်ရဲ့နေရာဆီတိုက်ရိုက်သွားလိုက်သည်။

စုန့်လင်းချွမ်ရဲ့ မီးဖိုချောင်သုံးပစ္စည်းတွေက မပြည့်စုံတဲ့အတွက် နှစ်သစ်ကူးအကြိုနေ့ညစာအတွက် ဖေးခွမ်အိမ်မှာဘဲ လုပ်ဖို့ အစောကတည်းက ဆုံးဖြတ်ထားကြသည်။

ဖေးခွမ်ရဲ့အဆောက်အဦး အောက်ထပ်ကို သူတို့ရောက်လာတော့ စုန့်လင်းချွမ်က တံခါးဘဲလ်ကို တီးတော့မယ့်အချိန် စုန့်အာ့နန်က သူ့ကို ကျော်ပြီး အဲ့ဒီအစား သူမရဲ့လက်ဗွေနဲ့ လော့ခ်ဖွင့်လိုက်သည်။

စုန့်လင်းချွမ်က အံ့ဩတကြီးနဲ့ ပြောလာသည်။ "အန်တီလေး ဘယ်တုန်းက လက်‌ဗွေထည့်ထားတာလဲ?"

အကြောင်းအရင်းတစ်ခုထက်ပိုပြီး သူတုန်လှုပ်သွားတာ သေချာပေါက်ပင်။ တစ်ဖက်မှာ ကိုယ်ပိုင်လက်ဗွေကိုထည့်ထားသည်။ တစ်ခြားတစ်ဖက်မှာတော့ သူ့အန်တီလေးအကြောင်း သူကောင်းကောင်းသိသည်။ များသောအားဖြင့် သူမ ပြန်လာတိုင်း သူအိမ်မှာရှိနေရင် တံခါးဘဲလ်ကို တီးသည်။ သူမက အကြိမ်တိုင်း သူ့ privacy ကို အလေးထားကြောင်းပြသည်။

စုန့်အာ့နန်ုမှာ တစ်ခဏလောက် ကြောင်သွားသည်။ သူမက မစဉ်းစားမိဘဲနဲ့ တံခါးကို ဒီတိုင်းဖွင့်မိလိုက်ရုံပင်။

"နည်းနည်းတော့ကြာပြီ၊ အရင်တုန်းက ဖေးခွမ်အိမ်မှာမရှိတဲ့အချိန် ချိုးချိုးကို လာကူကြည့်ပေးရတုန်းကလေ"

စုန့်လင်းချွမ်က "အိုး" လို့ အသံပြုလိုက်ပြီး ဘာမှမပြောလာတော့ဘဲ အတွေးထဲ နစ်နေတဲ့ပုံပင်။

ဒီအခိုက်အတန့်မှာ စုန့်အာ့နန်တစ်ယောက် စုန့်လင်းချွမ်ကို သဲလွန်စတွေ ထုတ်ပြမယ့်အကြောင်း မေ့နေတာဖြစ်သည်။ သူမစိတ်ထဲမှာ ဘယ်လိုဆင်ခြေပေးရမလဲဆိုတာနဲ့ဘဲ ပြည့်နေသည်။

သူမက သာမာန်ကာလျှံကာ မပြောလိုက်ခင် စက္ကန့်အနည်းငယ်လောက် ရပ်သွားပြီးမှ "မဟုတ်သေးဘူး၊ ငါတို့ ဘဲလ်တီးဖို့ လိုသေးတာဘဲ။ အခုအိမ်မှာ လူရှိနေတာမေ့သွားတယ်၊ ဒီတိုင်းဝင်သွားတာက အရမ်းရိုင်းပြလွန်းတယ်"

သူမက ပြောပြီးတာနဲ့ တံခါးကိုပြန်ပိတ်လိုက်ပြီး အဲ့ဒီအစား ဘဲလ်တီးလိုက်သည်။

စုန့်လင်းချွမ်က သံသယဝင်စွာနဲ့ မေးလိုက်သည်။ "မင်း ဒီကိုမကြာခဏ လာတာလား?"

စုန့်အာ့နန်က သူမကိုယ်သူမ အားတင်းကာတည်ငြိမ်အောင် လုပ်လိုက်ပြီး "ဟုတ်တယ်၊ ရက်နည်းနည်းမှာ တစ်ခါလောက်တော့ လာဖြစ်တယ်ထင်တယ်။ အရင်ကလည်း နင့်ကို ငါပြောတယ်လေမဟုတ်ဘူးလား? သူ့ဝရန်တာမှာ အပင်နဲ့ပန်း‌တွေစိုက်ထားတော့ ငါအချိန်ရရင် လာကူကြည့်ပေးတယ်လေ"

ဒီရှင်းပြချက်က အရမ်းကို အကျိုးအကြောင်းသင့်သည်။ စုန့်လင်းချွမ်ရဲ့ အစောပိုင်းက သံသယတွေဟာလည်း ချက်ချင်းပျောက်ကွယ်သွားသည်။

အဲ့ဒီအချိန် ဖေးခွမ်က တံခါးဘဲလ်သံကြားတော့ တံခါးလာဖွင့်သည်။ ဒါပေမယ့် သူတို့ကို ဝင်ခွင့်ပေးပြီးတာနဲ့ သူကချက်ချင်းဘဲ မီးဖိုချောက်ဆီ ပြန်သွားတော့သည်။ မီးဖိုပေါ်က အစားအသောက်တွေကို ကြည့်ဖို့လိုသေးသည်။

နှစ်ယောက်သား ဝင်ပေါက်မှာ ဖိနပ်လဲလိုက်သည်။ စုန့်လင်းချွမ်က ဆေးရုံကရတဲ့ အားလပ်ရက် လက်ဆောင်တွေကို သယ်ထားပြီး အားလုံးက ညစာစားပြီးရင် စားလို့ရတဲ့ သစ်သီးတွေဖြစ်သည်။

စုန့်လင်းချွမ်က သာမာန်ကာလျှံကာ မေးလိုက်သည်။ "အန်တီလေး၊ ဖေးခွမ်နေရာက ဒီတလောပိုပြီး အသက်ဝင်နေတာ သတိထားမိလား?"

စုန့်အာ့နန်မှာ တစ်ခဏလောက် ကြောင်သွားသည်။

စုန့်လင်းချွမ်က ကျွတ်စ် သပ်လိုက်ပြီး ပြောလိုက်သည်။ "အန်တီလေးတော့ မသိဘူး၊ ဒီမနက် ငါစရောက်တုန်းကဆို သူတစ်ယောက်ယောက်နဲ့ တွဲနေပြီလို့တောင် ထင်လိုက်တာ!"

စုန့်အာ့နန်ရင်ထဲမှာ တင်းကြပ်သွားသည်။ "တကယ်လား? ငါတော့ သိပ်အများကြီး ပြောင်းသွားတယ်လို့ မထင်ပါဘူး"

"ငါတို့ပထမဆုံးပြောင်းတုန်းက ဒီကိုတစ်ခေါက်လာဖူးတယ်။ မသိရင် အခန်းပုံစံပြထားတာကျနေရော၊ အေးစက်ပြီး အသက်မဲ့‌နေတာ လုံးဝကိုအသက်မဝင်နေဘူး"

"ဒါပေမယ့် အခုတော့၊ အိမ်ထဲမှာ ပစ္စည်းသေးသေးလေးတွေအများကြီး ရှိနေတယ်။ ကြည့်၊ ဆိုဖာပေါ်မှာဆို အရုပ်ခေါင်းအုံး နှစ်လုံးတောင်ရှိတယ်။ ဒီကောင်ဘယ်တုန်းက ပြောင်းလဲသွားတာလဲ?"

စုန့်အာ့နန်မှာ သူမ ဝယ်ထားတဲ့ ပစ္စည်းအများစုကို စုန့်လင်းချွမ် ပြောနေတာကြောင့် အရမ်းကို လိပ်ပြာမလုံသလိုခံစားနေရသည်။ ပန်းပင်တွေနဲ့ အပင်တွေတောင်မှ မကြာသေးခင်က သူမဝယ်ထည့်ထားတာဖြစ်သည်။

ဒါပေါ့၊ ဘာမှမဝယ်ခင် ပိုင်ရှင်ဖြစ်တဲ့ ဖေးခွမ်ကိုလည်း သူမ မေးခဲ့သေးသည်။

"ချိုးချိုးကြောင့်ဖြစ်မှာပေါ့" သူမပြောလိုက်သည်။

စုန့်လင်းချွမ်လည်း အဲ့ဒီအကြောင်း စဉ်းစားကြည့်လိုက်ပြီး လက်ခံလိုက်သည်။ အိမ်မွေးတိရိစ္ဆာန်လေးတစ်ကောင်ရှိတာက နေရာကို အတော်လေး အသက်ဝင်စေသည်။

ပြောစကားတောင်ရှိသေးတယ်၊ ဘာပါလိမ့်? ဟုတ်သား၊ အတူတူသွားကြတဲ့ငှက်တွေဟာ အတူတူပြန်ကြတယ်တဲ့။ ဒါကအဓိပ္ပါယ်ရှိသားဘဲ။

ချိုးချိုး အကြောင်းပြောရင်း စုန့်လင်းချွမ်က မီးဖိုချောင်ဘက်ကို လှမ်းအော်ပြောလိုက်သည်။ "အိုး ဟုတ်သားဘဲ၊ ဖေးခွမ်၊ မင်းရဲ့ သားဘယ်မှာလဲ? ခုနကမေ့နေတာ အခုမှသတိရတယ်"

ဒါကိုကြားတော့၊ ဖေးခွမ်က မီးဖိုချောင်ကနေ ကိုယ်တစ်ပိုင်းထွက်လာကာ ရှင်းပြလိုက်သည်။ "သူ မရှိဘူး၊ သူ့ကို ပြန်မခေါ်လာရဘူး။ ဒီတစ်ခေါက် ရက်နည်းနည်းလောက်ပဲ ပြန်လို့ရလို့လေ။ သူ့အတွက် လေယာဉ်စီးပြီးရင် တော်တော်နဲ့အဆင်မပြေတော့ သူ့ကိုဖိအားမပေးချင်လို့"

စုန့်လင်းချွမ်က "အိုး" လို့ဆိုလိုက်ပြီး သာမာန်ကာလျှံကာမေးလိုက်သည်။ "အဲ့ဒီမှာ သူ့ကိုကြည့်ပေးတဲ့သူရှိလား?"

ဖေးခွမ်က ပြန်ဖြေလာသည်။ "အင်း၊ ရိုက်ကူးရေးအဖွဲ့က သူ့ကိုကူကြည့်ပေးတယ်"

အကြောင်းအရာက ဘေးလွဲသွားတာကိုမြင်တော့ စုန့်အာ့နန်လည်း တိတ်တိတ်လေး စိတ်အေးသွားသလိုသက်ပြင်းချလိုက်သည်။

တွေးကြည့်လိုက်တော့ စုန့်လင်းချွမ်သာမပြောရင် ဖေးခွမ်အိမ်မှာ သူမ ထည့်ထားတဲ့ ပစ္စည်းနည်းနည်းလောက်ရှိတာကို သူမကိုယ်တိုင်တောင် သတိထားမိမှာမဟုတ်ဘူး

သူမက ပစ္စည်းတွေကို တစ်ခုပြီးတစ်ခုယူလာတာကြောင့် တဖြည်းဖြည်း ပြောင်းလဲလာတဲ့ပုံပင်။ နေ့စဉ်နဲ့အမျှသိပ်ပြီး သိသာပုံမပေါ်ပေမယ့် သူမ ပထမဆုံး ဖေးခွမ်ရဲ့နေရာ ရောက်ဖူးတဲ့အချိန်ကို ပြန်တွေးကြည့်လိုက်ရင် အခုနဲ့တော်တော်လေးကို ကွာခြားသွားသည်။

စုန့်လင်းချွမ် ပြင်းပြင်းထန်ထန် တုံ့ပြန်လာတာ မအံ့ဩတော့ဘူး!

All Chapters