အခန်း (၁၂၆)
Vol. 10 Ch. 126
စုန့်အာ့နန်တစ်ယောက် ဌာနမှူးရုံးခန်းရှေ့မှာ ကြောင်အစွာနဲ့ ရပ်နေမိသည်။
"အာ့နန်၊ ဘာလို့တံခါးရှေ့မှာရပ်နေတာလဲ? ဌာနမှူးကျင့် အထဲမှာရှိတယ်မဟုတ်လား?"
ပြောလာတဲ့လူက သင်ကြားရေးဌာနမှ ဒါရိုက်တာဝူဖြစ်သည်။ သူက သူမအနောက်က ရုံးခန်းကို လက်ညှိုးထိုးရင်း နားမလည်သလို မေးလိုက်သည်။
စုန့်အာ့နန်လည်း သတိပြန်ဝင်လာပြီး လက်အမြန်ယမ်းလိုက်သည်။ "မဟုတ်ဘူး မဟုတ်ဘူး၊ဆရာအထဲမှာရှိပါတယ်။ ဒါရိုက်တာဝူ ကျေးဇူးပြုပြီးဝင်ပါ"
ပြီးတာနဲ့၊ သူမက ဒါရိုက်တာဝူကို ခေါင်းညိတ်ပြလိုက်ပြီး ချက်ချင်းလှည့်လိုက်ကာ ပြေးထွက်သွားသည်။
စုန့်အာ့နန် နားမလည်နိုင်ဖြစ်နေရသည်။ ဘာလို့ အရင်ကလူတိုင်း သူမကို ရည်းစားမရှိဘူးလို့ ထင်နေကြတာလဲ?
အစောပိုင်းတုန်းကတော့ စုန့်လင်းချွမ်၊ အခုတော့ သူမရဲ့ဆရာကလည်း အဲ့လိုပဲထင်နေတယ်။
သူမရဲ့ စင်ဂယ်ခွေးလို မျက်နှာကြောင့်များလား?
ဒါ့ပြင်၊ ဘာလို့လူတိုင်းက မေးစရာတောင်မလိုဘဲ သူမကိုစင်ဂယ်လို့ ထင်နိုင်ကြတာလဲ?
တစ်လမ်းလုံး အဲ့ဒီအကြောင်းကို သူမ စဉ်းစားလာခဲ့ပေမယ့် ပြဿနာက ဘယ်မှာလဲဆိုတာကို နားမလည်နိုင်သေးပါချေ။ အစက စုန့်အာ့နန် အဆောင်ကိုပြန်ကာ လီစစ်ရွှေ့ကို မေးချင်ခဲ့ပေမယ့် မမျှော်လင့်ထားစွာနဲ့ သူမတံခါးကို တွန်းဖွင့်လိုက်တဲ့အခါမှာတော့ "ချန်ခယ့်၊ ရှောင်တိ နင်တို့ပြန်လာပြီ!" စုန့်အာ့နန်မှာ သူတိူ့နှစ်ယောက်ကို တွေ့လိုက်ရလို့ အရမ်းဝမ်းသာသွားသည်။ "မနက်ဖြန်အထိ နင်တို့ ပြန်မပြောင်းလာသေးဘူးလို့ ငါထင်ထားတာ"
တွက်ကြည့်ရင် သူတို့နှစ်ယောက်ရဲ့ နိုင်ငံတကာဌာနက အလုပ်သင်ကာလဟာ ဒီမနက်မှပြီးမှာဖြစ်သည်။ သူတို့က ဒီနေ့လည်ခင်းမှာပဲ ခပ်မြန်မြန်ပြောင်းလာလိမ့်မယ်လို့ သူမ မထင်ထားပါချေ။
ချန်ခယ့်က တံခါးနဲ့နီးတာကြောင့် စုန့်အာ့နန်ဝင်လာတဲ့အခါ သူမက ချက်ချင်း ပြေးဖက်တော့သည်။ "ဝူးဝူးဝူးဝူး၊ အာ့နန်လေး ငါ နင့်ကို အရမ်းလွမ်းနေတာ"
စုန့်အာ့နန်လည်း ပြုံးကာ သူမကိုပြန်ဖက်လိုက်သည်။ "ငါတို့လည်း နင်နဲ့ ရှောင်တိကိုလွမ်းနေတာ"
အဆောင်က အခန်းဖော်တွေ အတူတူဆုံဖို့ဆိုတာ မလွယ်သလို တိုက်တိုက်ဆိုင်ဆိုင်ဘဲ ဒီညဘယ်သူမှအလုပ်မရှုပ်နေပါချေ။ သဘာဝအလျောက် သူတို့အပြင်ထွက်ကာ စားသောက်ကြမည်ဖြစ်သည်။
သူတို့က ကျောင်းနားရှိ ဟော့ပေါ့ဆိုင်ကို ရွေးလိုက်သည်။ ဆိုင်က နာမည်ကောင်းရှိပြီး စားသုံးသူတွေဟာလည်း အများအားဖြင့် ကျောင်းမှ ကျောင်းသားတွေဖြစ်သည်။ ဈေးကလည်း သိပ်မကြီးပေ။
စုန့်အာ့နန်တို့ လေးယောက်ရောက်တော့ နောက်ဆုံးသီးသန့်ခန်းတစ်ခန်းဘဲ ကျန်တော့သည်။
သူတို့ဝင်လာပြီးတာနဲ့ လူတိုင်းက ဆွေးနွေးလိုက်ကြပြီး ယင်ယန်အိုးနဲ့ ဟော့ပေါ့ပါဝင်ပစ္စည်းတွေကို မှာလိုက်သည်။
"အခုတော့ ဒီဟာတွေပဲ မှာထားလိုက်တာပေါ့၊ လိုလို့ရှိရင် နောက်မှ ထပ်ထည့်လို့ရတယ်" ချန်ခယ့်က ပြောလိုက်သည်။ "လာကြ၊ ငါတို့ ဘာသောက်ချင်ကြလဲကြည့်ရအောင်"
လီစစ်ရွှေ့က အကြံပေးလိုက်သည်။ "ငါတို့အတူမဆုံဖြစ်တာ အတော်ကြာပြီ၊ ဝိုင်သောက်ကြရင်ရော ဘယ်လိုလဲ?"
ချန်ခယ့်က နောက်ပြောင်လာသည်။ "ငါတို့က ပြဿနာမရှိပေမယ့် အာ့နန်ကတော့ ကျော်သွားသင့်တယ်။ သူ့အတွက် ဇီးဖျော်ရည်ချဉ်ချဉ်လေး မှာလိုက်တာပေါ့၊ တစ်ခွက်ထဲနဲ့ မူးတဲ့အမူးသမားလေး"
တစ်ဖက်မှာထိုင်နေရင်း ချိုက်ရှောင်တိက မနေနိုင်ဘဲမေးလိုက်သည်။ "အာ့နန် နင်တကယ်ဘဲ တစ်ခွက်ထဲနဲ့မူးတာလား? စီနီယာကျောင်းသားတွေ ချဲ့ကားပြောတာမဟုတ်ဘူးလား?"
အဲ့ဒီတစ်ခေါက် စုန့်အာ့နန် မူးသွားကတည်းက သူမရဲ့ "တစ်ခွက်ထဲနဲ့မူး" ဆိုတဲ့နာမည်ဟာ သူမတို့ဆေးရုံတစ်ခွင်ပျံ့သွားသည်။ သူမတို့ဌာနတင်သာမက နိုင်ငံတကာ ဌာနအထိပါ ဒီအကြောင်းကို ကြားခဲ့ရသည်။
စုန့်အာ့နန်နဲ့သိကြတဲ့ အတန်းဖော်တွေနဲ့ စီနီယာကျောင်းသားအများအပြားက အဲ့ဒါက အမှန်ဘဲလားဆိုပြီး စုန့်အာ့နန်ဆီ မက်ဆေ့ခ်ျပို့မေးလာကြကာ သူမမှာ ဆွံ့အခဲ့ရသည်။
စုန့်အာ့နန် ကူကယ်ရာမဲ့စွာနဲ့ ရယ်လိုက်သည်။ "ငါ ဒီနေ့နည်းနည်းသောက်ပြီး နင့်ကိုပြမယ်လေ?"
ဒါကိုကြားတော့ လီစစ်ရွှေ့က အမြန်ဖြတ်ပြောလာသည်။ "မဖြစ်ဘူး၊ မလုပ်နဲ့!"
"ဒါကို ငါသက်သေပြပေးလို့ရတယ်။ မဟုတ်ရင် ငါတို့သူ့ကိုပြန်သယ်သွားနေရမယ်"
ပြောပြီးသွားတော့ သူမက ရင်ဘက်ကို လက်တစ်ဖက်နဲ့ကာလိုက်ပြီး ကြောက်တဲ့အမူအရာ လုပ်ပြလိုက်တော့ လူတိုင်းကို ရယ်မိသွားစေသည်။
မကြာခင်မှာဘဲ ဟင်းပွဲတွေ ရောက်လာခဲ့သည်။ လေးယောက်သား ပျော်ပျော်ရွှင်ရွှင်စတင် စားသောက်ကြရင်း သူတို့အလုပ်သင်ဆင်းတုန်းက ကြားခဲ့ရတဲ့အတင်းအဖျင်းတွေအကြောင်း ဝေမျှကြသည်။
ဆေးရုံမှာ၊ နေ့တိုင်းလူပေါင်းစုံနဲ့ စုံရသည်။ လူတွေအများကြီးရှိတော့ အတင်းအဖျင်းတွေဟာလည်း ဘယ်တော့မှ မရှားပေ။ မယုံနိုင်စရာကိစ္စရပ်တွေအားလုံးဖြစ်ပျက်တတ်သည်။
အတင်းအဖျင်းတွေ မကြိုက်တဲ့ စုန့်အာ့နန်တောင်မှ စိတ်ဝင်တစားနဲ့ နားထောင်နေသည်။
စကားဝိုင်းက ပိုပိုပြီးအသက်ဝင်လာသည်။ စုန့်အာ့နန်ထက်စာရင် ကျန်သုံးယောက်က မသိလိုက်ဘာသာနဲ့ အများကြီးသောက်လိုက်ကြသည်။
အထူးသဖြင့် ချိုက်ရှောင်တိပင်၊ သူမရဲ့မျက်နှာက အယ်လ်ကိုဟောကြောင့် နီမြန်းနေသည်။ သူမတော်တော်မူးနေတယ်ဆိုတာ သိသာလှသည်။
ဒါကိုမြင်တော့၊ စုန့်အာ့နန် မနေနိုင်ဘဲ အကြံပေးလိုက်သည်။ "ရှောင်တိ၊ သောက်တာတော်လိုက်တော့။ အဲ့ဒီအစား ဇီးသီးဖျော်ရည် ချဥ်ချဉ်လေး သောက်လိုက်ပါလား"
ချိုက်ရှောင်တိက လက်ခါပြလိုက်သည်။ "ငါအဆင်ပြေတယ်၊ သန့်စင်ခန်း အရင်သွားလိုက်ဦးမယ်"
ပြောပြီးသွားတော့ သူမက အပြင်ထွက်ဖို့ ယိုင်တိယိုင်တိုင်နဲ့ ထရပ်လိုက်သည်။ သူမဘေးက ချန်ခယ့်က သူမကိုထိန်းပေးဖို့ အမြန်လိုက်သွားလိုက်ပြီး သန့်စင်ခန်းကို အတူလိုက်သွားပေးလိုက်သည်။
"ရှောင်တိ ဘာဖြစ်နေတာလဲ?" စုန့်အာ့နန်က လီစစ်ရွှေ့ဘက်လှည့်ကာ မေးလိုက်သည်။ "သူ နည်းနည်းမပျော်နေဘူးလို့ ငါခံစားရတယ်"
လီစစ်ရွှေ့က ချိုက်ရှောင်တိကို တစ်ချက်ကြည့်ပြီး သက်ပြင်းချလိုက်သည်။ "အခုထိ ငါ့မှာနင့်ကိုပြောပြဖို့အခွင့်အရေးမရခဲ့ဘူး။ ရှောင်တိက လမ်းခွဲလိုက်တာ"
စုန့်အာ့နန် အံ့ဩတကြီး ပြောလာသည်။ "အာ! လမ်းခွဲလိုက်တယ်!"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူနဲ့ သူ့ကောင်လေးက အမြဲတမ်း အဆင်ပြေနေတာမဟုတ်ဘူးလာ?"
ချိုက်ရှောင်တိနဲ့ သူမ ကောင်လေးတို့ တွဲခဲ့တာ လေးနှစ်လောက်ရှိနေပြီဖြစ်သည်။ သူတို့ရဲ့ဆက်ဆံရေးက အမြဲတမ်း တည်ငြိမ်နေခဲ့သည်။
မနှစ်က သူမရဲ့ကောင်လေးက ဘွဲ့လွန်အတွက် နိုင်ငံခြားကိုသွားရောက်လေ့လာခဲ့သည်။ သူတို့နှစ်ယောက်က သူပြန်လာတဲ့အခါကျရင် လက်ထပ်ဖို့ကိစ္စကိုတောင် ဆွေးနွေးခဲ့ကြသေးသည်။ သူတို့ဘယ်လိုလုပ်ရုတ်တရက်ကြီး လမ်းခွဲသွားကြတာလဲ?
ချိုက်ရှောင်တိရဲ့ ကောင်လေးအကြောင်းကိုကြားတော့ လီစစ်ရွှေ့မှာ အရမ်းမုန်းလွန်းလို့ သွားတွေပါယားလာရသည်။ "အသေးစိတ်တော့ ငါမသိဘူး။ ချန်ခယ့်က အဲ့ဒီအကြောင်း ငါ့ကို သိပ်မပြောဘူး။ လွန်ခဲ့တဲ့နှစ်ရက်လောက်က သူ့ကောင်လေးဘက်က အရင်လမ်းခွဲဖို့ ပြောလာတယ်လို့ငါကြားတယ်"
စုန့်အာ့နန် တစ်ခဏလောက်ကြောင်အနေပြီး ထပ်မေးချင်ပေမယ့် ချန်ခယ့်ကို ချိုက်ရှောင်တိက ထိန်းရင်းပြန်လာတာကိုမြင်တော့ သူမ မေးဖို့ကိုဘေးပို့ထားလိုက်သည်။
သူတို့နှစ်ယောက် ထိုင်ပြီးသွားတော့ ချိုက်ရှောင်တိရဲ့ နီရဲနေတဲ့ မျက်လုံးတွေကို ကြည့်လိုက်တော့ သူမငိုထားမှန်းသိသာလှသည်။ စုန့်အာ့နန်လည်း သူမကို ဘယ်လိုနှစ်သိမ့်ရမလဲ မသိပေ။ သူမ ရေတစ်ခွက်ထည့်လိုက်ပြီး သူမကို ကမ်းပေးလိုက်သည်။
"ရှောင်တိ၊ ရေနည်းနည်းအရင်သောက်လိုက်"
ချိုက်ရှောင်တိက စုန့်အာ့နန်ပေးတဲ့ ရေကို ယူပြီး အားတင်းပြုံးလိုက်သည်။ "ကျေးဇူးပဲ အာ့နန်"
သူမကို ဒီလိုမျိုးမြင်ရတော့ ချန်ခယ့်မနေနိုင်တော့ပေ။ "ရှောင်တိ၊ မထိန်းထားနဲ့တော့။ နင်ငိုချင်ရင်ငိုချလိုက်၊ အဲ့ဒီမကောင်းတဲ့ကောင်ကို ကျိန်ဆဲချင်ရင် ငါတို့နင်နဲ့အတူကျိန်ဆဲပေးမယ် စိတ်မပူနဲ့ ငါတို့အားလုံးဒီမှာရှိတယ်"
စုန့်အာ့နန်နဲ့ လီစစ်ရွှေ့တို့လည်း သူမဘက်မှာ တစ်သက်လုံးရှိမယ်ဆိုတာပြရင်း လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။
ချိုက်ရှောင်တိလည်း မထိန်းထားနိုင်တော့ပေ။ "ဝါး" ဆိုတဲ့ အသံနဲ့အတူ သူမငိုချလာသည်။ "ငါတို့တစ်နှစ်လောက် မတွေ့တာကြာတော့ ခံစားချက်တွေ ပျောက်ကုန်လို့ ငါနဲ့လမ်းခွဲချင်တယ်တဲ့လေ"
ချန်ခယ့်ကတော့ ဒေါသတကြီးနဲ့ ဘီယာသောက်လိုက်ပြီး အံကြိတ်လိုက်သည်။ "မကောင်းတဲ့ကောင်၊ ခံစားချက်တွေ ပျောက်ကုန်တယ်တဲ့လား? မကြောင်စမ်းနဲ့ သူအခု အချစ်သစ်တွေ့နေတယ်ဆိုတာ သိသာနေတာပဲ!"
နိုင်ငံတကာဌာနရှိ အဆောင်ခန်းတွင် နှစ်ယောက်ခန်းရှိသည်။။ ချန်ခယ့်နဲ့ ချိုက်ရှောင်တိတို့က တစ်လျှောက်လုံး အတူတူနေခဲ့တဲ့အတွက် အတွင်းက သတင်းအချို့ကို သဘာဝအလျောက်သူမသိသည်။
ဒါကိုကြားတော့၊ လီစစ်ရွှေ့က အမြန်မေးလိုက်သည်။ "နင် ဘာကိုပြောချင်တာလဲ? အဲ့ဒီခွေးကောင်က ဖောက်ပြန်ရဲတယ်လား!"
ချိုက်ရှောင်တိ မငြင်းတာကိုမြင်တော့ ချန်ခယ့်ဆက်ပြီးမလျှို့ဝှက်ထားတော့ဘဲ ဇာတ်လမ်းတစ်ခုလုံးကိုပြောပြလိုက်သည်။
ချိုက်ရှောင်တိ ကောင်လေးက နိုင်ငံခြားမှာရှိနေတုန်းမှာ သူ့ပရိုဂရမ်ရှိ အခြားနိုင်ငံတကာကျောင်းသူနဲ့ အရမ်းနီးစပ်ခဲ့ကြောင်း သိခဲ့ရသည်။ သူတို့နှစ်ယောက်က အကြံဉာဏ်တွေကိုလည်း ဝေမျှခဲ့ကြသည်။
တစ်ခေါက်မှာ၊ အဲ့ဒီကျောင်းသူက သူမနဲ့ ချိုက်ရှောင်တိကောင်လေးတို့ ရင်းရင်းနှီးနှီးရှိနေတဲ့ ပုံတစ်ပုံကို ဆိုရှယ်မီဒီယာတွင်တင်ခဲ့သည်။ ချိုက်ရှောင်တိက အဲ့ဒီအကြောင်းကြောင့် သူမရဲ့ကောင်လေးနဲ့ထိတ်တိုက်ရှင်းတော့ သူက ငြင်းခဲ့ပြီး သူတို့က အတန်းဖော်ဘဲဖြစ်ကာ သူမက အတွေးလွန်နေတာလို့ ပြောသည်။
ချိုက်ရှောင်တိက ရှိုက်လိုက်ပြီး "တကယ်တော့၊ အရင် သူနိုင်ငံခြားသွားချင်တုန်းက ငါအရမ်းတွန့်ဆုတ်နေခဲ့တာ။ နိုင်ငံတကာကို ပြောဖို့တောင်မလိုဘူး ဒီတိုင်းအနေဝေးဆက်ဆံရေးကတောင် ထိန်းသိမ်းဖို့ခက်တယ်။ ဒါပေမယ့် ငါဘယ်လောက်ဘဲ မလုံခြုံသလို ခံစားရပါစေ သူ့အနာဂတ်ထဲ ဝင်မပါနိုင်တော့ဘူး။ အဆုံးမှာဒီလိုဖြစ်လာလိမ့်မယ်လို့ ငါမထင်ထားဘူး"
စုန့်အာ့နန် မင်သက်နေသည်။
ချိုက်ရှောင်တိ ကောင်လေး သူမကိုဖွင့်ပြောခဲ့တဲ့အချိန်ကို သူမရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ သူဖွင့်ပြောတုန်းက အရမ်းစိတ်လှုပ်ရှားနေပြီး သူမကိုကောင်းကောင်း ဆက်ဆံမယ်လို့ ကတိပေးရင်း ငိုတောင်ငိုချမတတ်ပင်၊ သူက တကယ် စိတ်ပြောင်းသွားတာလား?
အနေဝေးဆက်ဆံရေးက ထိန်းသိမ်းဖို့အရမ်းခက်တာလား?
ချိုက်ရှောင်တိကြည့်ရတာ ထွက်ပေါက်ရှာတွေ့သွားသလိုမျိုး သူမဘာသာပြောလာသည်။ " သူပြောတယ်၊ သူက သာမာန်လူတစ်ယောက်တဲ့လေ။ နိုင်ငံရပ်ခြားမှာ သူနဲ့တစ်နေ့လုံးရှိနေတဲ့သူ၊ သူ့ကိုဂရုစိုက်ပြီး မျက်နှာလို မျက်နှာရလုပ်တဲ့သူနဲ့ ခံစားချက်တွေ တိုးတက်လာတာ ပုံမှန်ပါတဲ့"
"မကောင်းတဲ့အကောင်၊ ဒါတွေအားလုံးက စိတ်ပျက်စရာကြီးဘဲ။ ခံစားချက်တွေ မရှိတော့ရင်လည်း ဒီတိုင်းပြောလိုက်လေ။ ဆင်ခြေတွေအများကြီးနဲ့၊ မကောင်းတဲ့...."
သူတို့ရဲ့စားသောက်ဝိုင်း ဒုတိယတစ်ဝက်မှာ ဘယ်သူကမှ စားဖို့အာရုံမရှိတော့ပေ။ ချိုက်ရှောင်တိက ငိုလိုက်ကျိန်ဆဲလိုက်နဲ့ လုပ်နေသည်။ လီစစ်ရွှေ့နဲ့ ချန်ခယ့်က သူမနဲ့အတူ ကျိန်ဆဲနေတဲ့အချိန် စုန့်အာ့နန်ကတော့ ဘယ်လိုကျိန်ဆဲရမလဲမသိတဲ့အတွက် ချိုက်ရှောင်တိအတွက် အချိန်နဲ့အမျှတစ်ရှူးတွေဘဲ ကမ်းပေးရုံပဲတတ်နိုင်သည်။
သူတို့လေးယောက် ဟော့ပေါ့ဆိုင်ကနေထွက်လာတော့ ချိုက်ရှောင်တိက အရမ်းမူးနေပြီး အသိမရှိတော့ပေ။ နောက်ပိုင်းမှာ သူမက ဘီယာပုလင်းနောက်ထပ်နည်းနည်းသောက်ခဲ့သေးသည်။ သူမဘယ်လောက်တောင် စိတ်ညစ်နေလဲဆိုတာ မြင်တော့ တခြားသူတွေလည်း သူမကို မတားတော့ပေ။
နောက်ဆုံးမှာတော့ ရင်ထဲမှာ သိမ်းထားတာထက်ပိုကောင်းသည်။ မူးသွားတာနဲ့ အော်ငိုလိုက်တာကာ နာကျင်တာတွေကို ဖြတ်ကျော်နိုင်သည်။
ဟော့ပေါ့ဆိုင်ကနေ ထွက်လာတော့ လီစစ်ရွှေ့နဲ့ချန်ခယ့်က ချိုက်ရှောင်တိကို ဟိုဘက်ဒီဘက်ကနေ ကူတွဲပေးထားသည်။
စုန့်အာ့နန်က ဘေးကနေ သူတို့ရဲ့အိတ်တွေကိုသယ်ရင်းလိုက်လာပေမယ့် တစ်လမ်းလုံး သူမ ငေးတိငေးမောဖြစ်နေသည်။
နောက်ဆုံး သူတို့အဆောင်ကိုပြန်ရောက်တော့ ချိုက်ရှောင်တိကို ကုတင်ပေါ် လှဲထားလိုက်သည်။ ချန်ခယ့်အနေနဲ့ သူမကို ပျားရည်တစ်ခွက်တိုက်ဖို့တောင် ခက်နေသည်။
စုန့်အာ့နန်နဲ့မတူဘဲ၊ ချိုက်ရှောင်တိက မူးနေတဲ့အချိန်အရမ်းဗရုတ်ကျသည်။ သူမရဲ့ ပူပန်သောက ခံစားချက်တွေနဲ့အတူ အဆောင်ကိုပြန်ရောက်ပြီး တစ်နာရီကျော်ကြာတော့ မောပန်းနွမ်းနယ်စွာနဲ့ အိပ်ပျော်သွားသည်။
အရမ်းညဉ့်နက်နေပြီဖြစ်သည်။ ချန်ခယ့်က ဆေးကြောသန့်စင်ဖို့ ရေချိုးခန်းထဲ အရင်ဝင်သွားလိုက်သည်။
စုန့်အာ့နန် စိတ်လွင့်နေတာကို လီစစ်ရွှေ့သတိထားမိတော့ မေးလိုက်သည်။ "အာ့နန် အဆင်ပြေရဲ့လား?"
စုန့်အာ့နန် အသိပြန်ဝင်လာပြီး ခေါင်းခါလိုက်သည်။ "အဆင်ပြေပါတယ်၊ နည်းနည်းပင်ပန်းနေလို့"
"အိုး" လီစစ်ရွှေ့က သိပ်မစဉ်းစားဘဲ ပြောလိုက်သည်။ "ခဏနေကျရင် ချန်ခယ့်ထွက်လာလိမ့်မယ်။ နင်အရင်ဝင်ပြီး ဆေးကြောလိုက်။ နင်ဆေးကြောပြီးရင် စောစောအိပ်လိုက်ပေါ့"
ဆေးကြောသန့်စင်ပြီးလို့ အိပ်ယာပေါ်လှဲလိုက်ရင်း စုန့်အာ့နန် လူးလိုက်လှိမ့်လိုက်နဲ့ စိတ်ထဲမှာ တစ်ခုခုကြောင့် အိပ်မပျော်ဖြစ်နေသည်။
ဒီနေ့ သူမဆရာက သူမကိုနိုင်ငံခြားသွားဖို့ ပြောခဲ့တဲ့အတွက် ချိုက်ရှောင်တိရဲ့ကိစ္စကို သူမ သိပြီးသွားတော့ မနေနိုင်ဘဲ အတွေးလွန်နေမိသည်။
ရိုးရိုးသားသားပြောရရင် ဖေးခွမ်ရဲ့ ဆွဲဆောင်နိုင်မှုကချိုက်ရှောင်တိရဲ့ကောင်လေးနဲ့ သေချာပေါက်ကို မယှဉ်နိုင်ပါချေ။ ညဘက်ကြီး မင်းသမီးတစ်ယောက် သူ့အခန်းတံခါးလာခေါက်တာကို သူမ ကြုံခဲ့ရတယ်မဟုတ်ဘူးလား?
ဒါ့ပြင်၊ သူမတို့နှစ်ယောက် အတူရှိတာ အချိန်အတိုလေးဘဲရှိသေးသည်။
သူမသာ နိုင်ငံခြားသွားခဲ့ရရင် သူမတို့ခံစားချက်တွေ ပျောက်ကွယ်သွားမှာ သူမ စိုးရိမ်သည်.....
ဒီလိုမျိုး သူမ တွေးနေတာ မှားနေတယ်ဆိုတာ သိပေမယ့် သူမ မတတ်နိုင်ပေ။
လှည့်လိုက်ရင်း ခေါင်းအုံးအောက်က ဖုန်းကို ယူလိုက်ကာ ဖေးခွမ်ရဲ့WeChat စာမျက်နှာကို ရှာလိုက်သည်။ သူမ သူ့ဆီမက်ဆေ့ခ်ျမပို့ခင် တစ်ခဏလောက် တုန့်ဆိုင်းနေမိသည်။
[အိပ်နေပြီလား?]
စုန့်အာ့နန်ရဲ့ မက်ဆေ့ခ်ျကို ဖေးခွမ်မြင်တဲ့အချိန် သူနည်းနည်းအံ့ဩသွားသည်။ သူမရဲ့အခန်းဖော်တွေနဲ့ ဒီည ညစာ စားသောက်ကြမှာကို သူသိထားတဲ့အတွက် ဒီည သူတို့မဆက်သွယ်ဖြစ်ပေ။
သူ ဆံပင်သုတ်နေတဲ့ တပတ်ကို ချလိုက်ပြီး စာပြန်လိုက်သည်။ [မအိပ်သေးဘူး၊ အခုမှရေချိုးလို့ပြီးတာ]
[မင်းရော အရမ်းနောက်ကျနေတာကို ဘာလို့မအိပ်သေးတာလဲ?]
စောင်အောက်မှာ ပုန်းနေတဲ့ စုန့်အာ့နန်က ဖြည်းဖြည်းချင်းစာပြန်လိုက်သည်။ [အိပ်မပျော်လို့၊ ရှင့်ကိုလည်းနည်းနည်းသတိရနေလို့ ရှင်နဲ့ စကားပြောချင်လို့]
ဒါကိုပြောပြီးသွားတော့ သူမ နောက်ထပ်စာကြောင်း ထပ်ထည့်လိုက်သည်။ [ရှင်အချိန်ရလား?]
ဖေးခွမ် မျက်ခုံးနည်းနည်းပင့်သွားပြီး သူ့မျက်လုံးတွေမှာ အပြုံးတွေပြည့်သွားသည်။ [အရမ်းနောက်ကျနေပြီ၊ တခြားသူတွေ အတွက်တော့ အချိန်မရှိပေမယ့် ကိုယ့်ကောင်မလေးအတွက်ဆိုရင်တော့ အချိန်မရွေး၂၄နာရီအွန်လိုင်းဖြစ်တယ်]
စခရင်ကိုကြည့်ရင်း စုန့်အာ့နန် မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
သူမ စာမရိုက်ခင် ခဏစဉ်းစားလိုက်သည်။ [ဖေးခွမ်၊ အနေဝေး ဆက်ဆံရေးကို ရှင်ဘယ်လိုထင်လဲ?]
အမှန်တော့၊ အနေဝေး ဆက်ဆံရေးကို ရှင်လက်ခံနိုင်လားလို့ သူမ မေးချင်တာဖြစ်သည်။ ဒါပေမယ့် အဲ့ဒီအကြောင်းကို စဉ်းစားကြည့်လိုက်မိပြီး သူမမေးခွန်းပြောင်းလိုက်တာဖြစ်သည်။
ဒီမေးခွန်းကိုမြင်တော့၊ ဖေးခွမ် တစ်ခဏလောက် အံ့ဩသွားသည်။ စုန့်အာ့နန်ဘာလို့ ရုတ်တရက်ကြီး ဒီမေးခွန်းမေးလာလဲဆိုတာ သူ မသိပေမယ့် လေးလေးနက်နက်သူပြန်ဖြေလိုက်သည်။
[အနေဝေးဆက်ဆံရေးက နာကျင်ရပေမယ့် ချိုမြိန်တယ်လို့ ကိုယ်ထင်တယ်။ ဥပမာဆို ကိုယ်တို့လေ၊ ကိုယ့်အလုပ်ကြောင့် ကိုယ်တို့ မကြာခဏမတွေ့ရတော့ အနေဝေး ဆက်ဆံရေးလို့ သတ်မှတ်လို့ရတယ်။ ဒါကြောင့် ကိုယ်တို့က တစ်ယောက်ကိုတစ်ယောက် လွမ်းနေရပြီး ဒီထဲမှာနာကျင်ရတာတွေပါပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ကြတာကြောင့် ချိုမြိန်ရတယ်လေ]
စုန့်အာ့နန် မက်ဆေ့ခ်ျကို ဗလာသပ်သပ်နဲ့ ငေးကြည့်နေမိသည်။ သူမတစ်ခဏလောက် တုံ့ဆိုင်းနေပြီး စာတစ်ပိုဒ်လောက် ရေးလိုက်ပေမယ့် ပြန်စဉ်းစားကြည့်ပြီးတော့ ဖျက်ပစ်လိုက်ပြီး စကားတစ်လုံးနဲ့ဘဲ ပြန်တုံ့ပြန်လိုက်သည်။ [အိုး]
စုန့်အာ့နန်ရဲ့မက်ဆေ့ခ်ျကိုမြင်တော့ ဖေးခွမ်မသိစိတ်ကနေ မျက်မှောင်ကြုတ်လိုက်မိသည်။ ခုနလေးကတင် တစ်ဖက်က WeChat စာမျက်နှာမှာ "စာရိုက်နေသည်...." ဆိုတာကို သူတွေ့လိုက်သေးသည်။ သူမဘာပြောချင်လို့လဲ?
သူတုံ့ဆိုင်းသွားပြီး မေးလိုက်သည်။ [အာ့နန်၊ ဘာလို့ရုတ်တရက်ကြီး ဒီမေးခွန်းမေးရတာလဲ?]
စုန့်အာ့နန်က စာပြန်လာသည်။ [ဘာမှတော့မဟုတ်ပါဘူး၊ ဒီနေ့ ကျွန်မ အခန်းဖော်နဲ့ ဒီအကြောင်းပြောမိလို့ပါ။ ရှင် စောစော အိပ်တော့လေ]
ဖေးခွမ် စာမပြန်ခင် တစ်ခဏလောက်ရပ်သွားပြီးမှ [ကောင်းပြီ၊ မင်းလည်း စောစောအိပ်နော်၊ ဂွတ်ဒ်နိုက်]
ဖုန်းကိုအောက်ချလိုက်ပြီးတဲ့နောက် ဖေးခွမ်ရဲ့ မျက်ခုံးတွေက တွန့်ချိုးနေဆဲပင်။
အခုလေးတင် စုန့်အာ့နန်ရဲ့ တုံ့ပြန်မှုက သေချာပေါက် ဘာမှမဖြစ်နေဘူးဆိုတာနဲ့ လုံးဝမတူနေပေ။
သူ သူမကိုကောင်းကောင်းသိသည်။ ဒီကောင်မလေးက ဘာကိုမှ ဖုံးကွယ်ထားနိုင်တာ မဟုတ်ပေ။ ပုံမှန်ဆို သူမက ဘာကိစ္စမဆို တိုက်ရိုက်မေးတတ်ပြီး တစ်ခါတစ်လေ သူမ တဲ့တိုးပြောတတ်တာကြောင့် သူ့မှာသတိလက်လွတ်ဖြစ်ရသည်။
ဒါပေမယ့် ဒီတစ်ခေါက်တော့ သူမက ဝေ့လည်ကြောင်ပတ်နဲ့ ရေကိုစမ်းနေမှန်းသိသာလှသည်။ သူမက အဲ့ဒီလိုနေရာမှာ မတော်တာကြောင့် သူမရဲ့စမ်းသပ်ပုံက အရမ်းရိုးစင်းလွန်းသည်။
စုန့်အာ့နန် တစ်ယောက် အရမ်းအရေးကြီးတာ ဖြစ်နိုင်တဲ့တစ်ခုခုကို ကြုံနေရတယ်လို့ ဖေးခွမ်အတည်ပြုနိုင်သည်။
ဖြစ်နိုင်တာက သူနဲ့သက်ဆိုင်နေတာပင်။
သူမက အနေဝေး ဆက်ဆံရေးအပေါ် ယုံကြည်ချက်မရှိတာဖြစ်နိုင်သလို ဒီလိုအနေဝေးဆက်ဆံရေးပုံစံကို မကြိုက်တော့တာ ဖြစ်နိုင်သည်။
ဒါကိုစဉ်းစားကြည့်မိပြီး ဖေးခွမ် ထပ်ပြီးမတုံ့ဆိုင်းနေတော့ပေ။ သူဘေးပို့ထားတဲ့ ဖုန်းကို ယူလိုက်ပြီး လီတုန်ဆီ မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်သည်။
[အရေးကြီးကိစ္စပေါ်လာလို့၊ ရိုက်ကူးရေးအဖွဲ့ကို ခွင့်ရက်နည်းနည်းပေးဖို့ ကူပြောပေးပါလား!]