အခန်း (၁၃၁)
Vol. 10 Ch. 131
အဲ့ဒီနေ့က ဖေးခွမ် ဖုန်းထဲကနေ သူ့ကို မေးခဲ့တဲ့ မေးခွန်းကို စုန့်လင်းချွမ် ရှင်းရှင်းလင်းလင်းမှတ်မိလိုက်သည်။
- မင်းရဲ့ အန်တီလေး ဒါမှမဟုတ် ညီမတစ်ယောက်ကို လူတစ်ယောက်က ဖွင့်ပြောနေတာကိုမြင်ရင် မင်းရဲ့ပထမဆုံးတုံ့ပြန်မှုက ဘာဖြစ်မလဲ?
- မင်းသဘောကျတဲ့ ကောင်မလေးက ဖွင့်ပြောခံနေရရင် ဘယ်လိုလုပ်မလဲ?
- မင်း ငါ့ကို ဘယ်လိုလူလို့ထင်လဲ?
အရင်ဆုံး၊ ဒီမေးခွန်းတွေ ဆက်စပ်နေတဲ့အကြောင်းကို စုန့်လင်းချွမ် သိပ်မစဉ်းစားမိပေမယ့် အခုတော့ စုန့်လင်းချွမ်လိုလူတောင် ဒါတွေက ဘာကိုဆိုလိုချင်လဲဆိုတာ သဘောပေါက်လိုက်သည်။
သူမှန်းတာသာမှန်ရင် ပထမဆုံး မေးခွန်းနှစ်ခုက ဒီကောင် သူ့အန်တီလေးအပေါ် ရှိနေတဲ့ခံစားချက်ကို ကူဖြေရှင်းမိပေးလိုက်တာပင်။
တတိယမေးခွန်းကတော့ အဲ့ဒီတုန်းက သူဘာပြန်ဖြေခဲ့လဲ?
ဟုတ်သား၊ အဲ့ဒီတုန်းက ဖေးခွမ်က သူ့အမေဆီကနေ ဆဲဆိုခံနေခဲ့ရတာကြောင့် သူက သူ့ရဲ့ကောင်းကွက်တွေကိုပဲပြောပြီး သူ့ကိုနှစ်သိမ့်ဖို့ကြိုးစားခဲ့တာဘဲ!
"ငါပြောမယ် ငါ့ရင်ထဲက ဟိုးအောက်ခြေမှာ ငါတကယ် လေးစားရတဲ့သူတွေက ရှားတယ် ဒါပေမယ့် ဖေးခွမ် မင်းကတော့ အဲ့ဒီထဲကတစ်ယောက်ပဲ"
"မင်းမှာ ရုပ်ရည်၊ အရည်အချင်းတွေ၊ အကျင့်စာရိတ္တလည်းကောင်းတယ် စိတ်ထားလည်းကောင်းတယ်...."
ဒီတော့ သူ့အန်တီလေးကို လိုက်ဖို့ ဒီမကောင်းတဲ့ကောင်ကို သတ္တိတွေပေးခဲ့မိတာပဲ!
ဒါကိုစဉ်းစားကြည့်လိုက်တော့ စုန့်လင်းချွမ်မှာ ဆိုးဆိုးရွားရွား ခံစားလိုက်ရပြီး သူ့မျက်နှာမှာ ဖြူလိုက်စိမ်းလိုက်ဖြစ်လာသည်။
အတော်ကြာ တိတ်နေပြီးတဲ့နောက် စုန့်လင်းချွမ်က ဖေးခွမ်ကို ရုတ်တရက်ကြည့်လိုက်ပြီး "ငါ့စိတ်ကို ပြင်ဆင်ပြီး၊ မင်းဆီက အကြံဉာဏ်ယူမယ်"
ဖေးခွမ် တစ်ခဏလောက် ကြောင်သွားသည်။ ဘာအကြံဉာဏ်လဲ?
စုန့်လင်းချွမ်က သူ့ကို တုံ့ပြန်ဖို့အခွင့်အရေးတောင်မပေးချေ။
သူက လက်တစ်ဖက်နဲ့ ဖေးခွမ်ရဲ့အင်္ကျီကော်လာကိုဆွဲလိုက်ပြီး သူ့နားဆွဲလိုက်ကာ ကျန်လက်တစ်ဖက်နဲ့ သူ့ဗိုက်ကို အားအပြည့်နဲ့ထိုးလိုက်သည်။
ဖေးခွမ်မှာ အသံတိုးတိုးနဲ့ညည်းလိုက်ပြီး နာကျင်မှုက သူ့တစ်ကိုယ်လုံး ပြန့်နှံ့သွားကာ နဖူးမှာ ချွေးတွေပြန်လာသည်။
သေစမ်း! စုန့်လင်းချွမ်က အဲ့ဒီထိုးချက်ကို တကယ်ကြီး ဘာမှမထိန်းထားဘူး။
ဖေးခွမ် ပြန်မသက်သာလာခင် စုန့်လင်းချွမ်ရဲ့ လက်သီးက သူ့ဆီ ထပ်ရောက်လာပြီး သူ့ခြေထောက်တွေမှာ မလှုပ်မရှား ဖြစ်သွားရသည်။
ဖေးခွမ်က လုံးဝ ပြန်မလုပ်ဘဲ စုန့်လင်းချွမ် ထိန်းချုပ်မှုလွတ်ကာ သူ့မျက်နှာချိန်မိတဲ့အခါဆို သူ့လက်တွေနဲ့ကာသည်။
ရန်ဖြစ်တာကာ နှစ်ယောက်စလုံးကြမ်းပြင်ပေါ် ပက်လက်လန်ကာ အထိုးခံရတဲ့ ဖေးခွမ်ရော ထိုးရတာ ပင်ပန်းသွားတဲ့ စုန့်လင်းချွမ် ကိုယ်တိုင်ရော လှဲချလိုက်တာနဲ့ အဆုံးသတ်သွားသည်။
နှစ်ယောက်သား ဘေးချင်းကပ်ရပ် လှဲလျောင်းနေပြီး တိတ်ဆိတ်စွာနဲ့ မျက်နှာကျက်ကို စိုက်ကြည့်နေကြသည်။
ဖေးခွမ်က ကိုယ်ကိုလှည့်လိုက်ပြီး ခပ်တိုးတိုးပြောလာသည်။ "လင်းချွမ်၊ ငါအတည်ပြောတာ"
စုန့်လင်းချွမ်က သူ့ကိုစိတ်တိုတိုနဲ့ စိုက်ကြည့်လိုက်ပြီး "ငါလည်း မစနေဘူး၊ မင်းသာ အတည်မဟုတ်ဘူးဆိုရင် ငါ မင်းကို ထိုးပြီးတဲ့အချိန် မင်းအသက်ရှင်နေပြီး အခုလိုစကားပြောနေနိုင်မှာ မဟုတ်ဘူး"
ဖေးခွမ် သူ့အန်တီလေးကို လှည့်ဖျားပြီးကတည်းက ဒေါသဖြစ်တာကလွဲရင် ဖေးခွမ်ရဲ့ စိတ်ရင်းကို စုန့်လင်းချွမ် ဘယ်တုန်းကမှ သံသယမဝင်ပါချေ။
ဒီဟာက ဖေးခွမ်ရဲ့စာရိတ္တအပေါ် စုန့်လင်းချွမ် ယုံကြည်တာပင်။
ဒေါသငွေ့တွေကို ထုတ်လွှတ်လိုက်တာက သူ့ဒေါသကိုပြေပျောက်စေသည်။ အခုတော့ စုန့်လင်းချွမ်အများကြီး စိတ်ငြိမ်သွားပြီဖြစ်သည်။
"အဲ့ဒီနေ့က မင်းဘာတွေးနေခဲ့လဲ?" မျက်နှာကျက်ကို ကြည့်ကာ လှဲလျောင်းနေရင်း သူမေးလိုက်သည်။
ဖေးခွမ် မျက်မှောင်ကြုတ်သွားပြီး "ဘယ်နေ့လဲ?"
စုန့်လင်းချွမ်က သူ့ကိုစိတ်မရှည်သလို တစ်ချက်ကြည့်လိုက်ပြီး "ဘယ်နေ့ဖြစ်ရဦးမှာလဲ?"
"မင်း ငါ့အန်တီလေးအပေါ် မကောင်းတဲ့အတွေးတွေရှိနေမှန်း သိသွားတဲ့နေ့ပေါ့၊ မင်းအတိအကျ ဘာကိုတွေးနေခဲ့လဲ?"
ဒီကောင်ကို သူအားပေးအားမြှောက် လုပ်မိခဲ့တယ်လို့ စဉ်းစားမိလိုက်တာနဲ့ သူ့သွေးတွေ ဆူပွက်လာသည်။
အခုမှ နားလည်သွားတော့ ဖေးခွမ်က ပြောလာသည်။ "ငါဘာတွေးရမှာလဲ.... ရိုးရိုးသားသားပြောရရင် ငါတကယ်အရမ်းကို မလုံမခြုံဖြစ်ခဲ့တယ်"
စုန့်လင်းချွမ်က ကြောင်အသွားပြီး မယုံနိုင်စရာကောင်းတာတစ်ခုကို သူကြားခဲ့ရသလို ဖြစ်သွားသည်။ "ဘယ်လို?"
သူတို့တစ်ယောက်နဲ့တစ်ယောက် သိလာခဲ့ကြတဲ့ တစ်ချိန်လုံး ဒီကောင် ဘယ်နားမှာ မလုံမခြုံဖြစ်ဖူးလို့လဲ?
ဖေးခွမ်က ခပ်တိုးတိုး ရယ်လိုက်ပြီး "ငါနဲ့မထိက်တန်ဘူးလို့ ခံစားခဲ့ရတယ်"
စုန့်လင်းချွမ် သူ့ဘေးက လူကို ခေါင်းစောင်းကြည့်လိုက်ပြီး သူတွေးမိတဲ့အတိုင်း ပြောလိုက်သည်။ "မင်းက ငါ့အန်တီလေးနဲ့ တကယ် မတန်ဘူး"
ဖေးခွမ်က ရပ်သွားပြီး သူ့အကြည့်တွေက တစ်ခုခုကိုတွေးနေသလိုမျိုး မှုန်ကုပ်ကုပ်ဖြစ်သွားသည်။
စုန့်လင်းချွမ်က မျက်ခုံးပင့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ဆက်ပြောလာသည်။ "ဒါပေမယ့် ငါ့အတွက်တော့ ဒီကမ္ဘာပေါ်မှာ ငါ့အန်တီလေးနဲ့ လိုက်ဖက်တဲ့သူ ဘယ်သူမှမရှိဘူး"
ဖေးခွမ်ကို သူ မျက်စောင်းနဲ့ တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောခဲ့သည်။ "မင်းက အပြည့်အဝ မထိုက်တန်ပေမယ့်၊ အနည်းဆုံးတော့ အောင်ရုံလေး အောင်သွားပါတယ်"
ဖေးခွမ်က ရယ်လိုက်ပြီး "ကျေးဇူးပဲ ညီအစ်ကို၊ အောင်သွားတာကပဲ လုံလုံလောက်လောက်ကောင်းနေပါပြီ
အောင်သွားတယ်ဆိုတာက စုန့်လင်းချွမ် သူတို့ကို ဆန့်ကျင်တော့မှာမဟုတ်ကြောင်း ပြသနေပြီး ဖေးခွမ်ကို ခပ်မြင့်မြင့် ချီးကျူးလိုက်တာပင်။
ပြီးတော့ ဒါကလည်း သူ့အတွက် လုံလောက်သည်။
စုန့်လင်းချွမ်က သရော်လိုက်သည်။ "သွေးနားထင်မရောက်သွားနဲ့ဦး၊ ငါ့အကဲဖြတ်မှုက ငါ့အန်တီလေး မင်းအပေါ် ကြိုက်တာအပေါ် မူတည်တယ်"
"သူ မင်းကို မကြိုက်တော့တဲ့နေ့ ငါပြန်ခေါ်သွားမယ်"
ဖေးခွမ် နှုတ်ခမ်းတွေက နည်းနည်းကွေးတက်သွားပြီး "ငါသိတယ်"
သူက ရယ်ကာ စုန့်လင်းချွမ် ပခုံးကိုပုတ်လိုက်ပြီး "စိတ်မပူနဲ့၊ မင်း မျှော်လင့်ချက်အတိုင်း အသက်ဆက်ရှင်ဖို့ ငါကြိုးစားပါ့မယ်"
စိတ်ဆိုးသလိုနဲ့ စုန့်လင်းချွမ်က သူ့လက်ကို ပုတ်ထုတ်လိုက်ပြီ "သွားစမ်းပါ!"
ဒီကောင်အပေါ် သူ့မှာ ဘာမျှော်လင့်ချက်ရှိလို့လဲ?
အတော်ကြာလှဲနေပြီးတဲ့နောက် နောက်ဆုံး နှစ်ယောက်သား ကြမ်းပြင်ကနေ ထလိုက်သည်။
ထိုးတဲ့လူဖြစ်တဲ့ စုန့်လင်းချွမ်က အစပိုင်းမှာဘဲ ပင်ပန်းပြီး နောက်တော့ သွက်သွက်လက်လက်နဲ့ ထလိုက်သည်။
ဖေးခွမ်ကတော့ မတူပေ။ အသက်ပြင်းပြင်းရှူပြီးတဲ့နောက် သူ့တစ်ကိုယ်လုံး နာကျင်နေသည်။ ထလိုက်တာက သူ့ဝမ်းဗိုက်ရှိ နာကျင်မှုကို ပိုဆိုးစေပြီး သူ့မှာ စူးရှရှအသက်ရှူလိုက်ရသည်။
နာကျင်စွာ ညည်းညူသံနဲ့အတူ သူက စုန့်လင်းချွမ်ကို နာတဲ့အပြုံးပြုံးပြလိုက်ပြီး "မင်းတကယ် မထိန်းထားဘူးပဲ"
စုန့်လင်းချွမ် မျက်လုံးတွေက အေးစက်သွားပြီး "ကျေနပ်စမ်းပါ။ ပထမတစ်ချက်ကလွဲရင် ငါ့အားကိုထိန်းထားပါတယ်။ မဟုတ်ရင် မင်း အခုထိ ထနိုင်မှာမဟုတ်ဘူး"
သူချဲ့ကားပြောနေတာ မဟုတ်မှန်း ဖေးခွမ်လည်းသိသည်။ စုန့်လင်းချွမ်ရဲ့ နှစ်ပေါင်းများစွာ လက်ဝှေ့ထိုးလာတဲ့ အတွေ့အကြုံနဲ့ဆို ဖေးခွမ်ကို အများကြီးညှာထားသည်။
ဒါပေမယ့် အခုတော့ သူ့မှာ စုန့်လင်းချွမ်နဲ့ စကားစမြည်ပြောဖို့ အချိန်မရှိပေ။ သူတို့ဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုက သေးသေးလေးမဟုတ်ပေ။ ဆိုဖာတွေမှာ လဲနေပြီး၊ ကော်ဖီစားပွဲဟာလည်း ဘေးကိုကန်ထားခံရကာ ပစ္စည်းတွေက ကြမ်းပြင်တစ်ခုလုံးမှာ မွစာကြဲနေသညိ။
သူတို့အမြန် သပ်သပ်ရပ်ရပ် လုပ်လိုက်ရသည်။ ဟိုကောင်မလေး ရုတ်တရက်ပေါ် လာရင် သူမ သေချာပေါက် လန့်သွားမှာပင်။
ဖေးခွမ်က လက်တစ်ဖက်နဲ့ ဗိုက်ကို တင်းတင်း ဆုပ်ကိုင်ထားရင်း ကျန်လက်တစ်ဖက်နဲ့ သန့်ရှင်းရေးလုပ်သည်။ သူ့ရည်ရွယ်ချက်ကို နားလည်ပြီး စုန့်လင်းချွမ်လည်း ပြောစရာမလိုစွာ ပါဝင်လာသည်။
နေရာကို အစဉ်အတိုင်း ပြန်လုပ်နေတုန်းမှာ စုန့်လင်းချွမ်ဖုန်းက ရုတ်တရက်မြည်လာခဲ့သည်။
စုန့်အာ့နန်ပင်။ သူက ငေးတိငေးမောနဲ့ ဖုန်းကိုင်လိုက်သည်။
"ဟယ်လို အန်တီလေး၊ ဘယ်လို ငါ့မိဘတွေ ဒီကိုလာနေပြီ....ကောင်းပြီ၊ မလန့်နဲ့ အိမ်မှာပဲနေပြီး စောင့်နေ။ ငါလာခေါ်မယ်။ ဘာ? မင်းက ဖေးခွမ်အိမ်အောက်မှာ...."
စုန့်ကျန်းဟွေ့နဲ့ ကျောက်ယာတို့က ရောက်လာပြီး လေယာဉ်ပေါ်ကနေ ဆင်းပြီးလို့ လာတဲ့လမ်းပေါ်မှာရှိနေသည်။
မှန်းကြည့်စရာတောင် မလိုပေ။ သူတို့က ဖေးခွမ်နဲ့ စုန့်အာ့နန်ကြောင့် ရောက်လာတာဖြစ်လိမ့်မည်။
အမြန် ရှင်းလင်းပြီးတဲ့နောက် ဖေးခွမ်နဲ့ စုန့်လင်းချွမ်တို့ အောက်ထပ်ဆင်းသွားလိုက်သည်။
သူတို့ အဆောက်အဦးထဲကနေ ထွက်ထွက်ချင်း အနားက ခုံတန်းရှည်မှာ ထိုင်နေတဲ့ စုန့်အာ့နန်ကို တွေ့လိုက်ရသည်။
စုန့်လင်းချွမ်က ဖေးခွမ်ကို အလိုလိုကြည့်လိုက်တော့ ဖေးခွမ်က ချက်ချင်းသဘောပေါက်သွားပြီး ကူကယ်ရာမဲ့စွာနဲ့ ပြောလိုက်သည်။ "စိတ်မပူနဲ့၊ ဘာပဲဖြစ်ဖြစ် ငါဘာမှမပြောပြဘူး"
စုန့်လင်းချွမ်က သူ့ကို "မင်းက အကောင်းဆုံးပဲ" ဆိုတဲ့ အကြည့်တစ်ချက်ပေးလိုက်သည်။
သူတို့ထွက်လာတာကိုမြင်တော့ စုန့်အာ့နန်က ခုံတန်းကနေထကာ စိုးရိမ်တကြီးနဲ့ အမြန်ပြေးသွားလိုက်သည်။
သူမက ဖေးခွမ်ကို ထိခိုက်တာရှိမရှိ အရင်စစ်ဆေးလိုက်သည်။
ဖေးခွမ်က ပြုံးလိုက်ပြီး သူအဆင်ပြေတဲ့အတွက် စိတ်မပူဖို့ နှစ်သိမ့်သလို ခေါင်းခါပြလိုက်သည်။
စုန့်လင်းချွမ်က သူတို့ရဲ့ အပြန်အလှန် ပြောဆိုနေတဲ့ပုံကိုမြင်ပြီး အေးစက်စက်နဲ့ နှာမှုတ်လိုက်ကာ မေးလိုက်သည်။ "အန်တီလေး၊ ငါ့ မိဘတွေ ဘာပြောသေးလဲ ပြီးတော့ သူတို့ အခုဘယ်မှာလဲ?"
သတိပြန်ဝင်လာပြီး စုန့်အာ့နန်လည်း အမြန်ပြန်ဖြေလိုက်သည်။ "ယောင်းမ ငါ့ဆီဖုန်းခေါ်လာတယ် သူတို့တွေ ခဏနေကျရင် ရောက်မယ်တဲ့ ပြီးတော့ သူတို့ရဲ့ တည်နေရာကိုလည်း အချိန်နဲ့တစ်ပြေးညီ ပို့ပေးနေတယ်၊ ကြည့်ပါလား"
သူမက သူ့ကိုပြဖို့ ဖုန်းကမ်းပေးလိုက်သည်။
စုန့်လင်းချွမ်လည်း တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ၊ သူတို့ရဲ့တည်နေရာက နီးနေပြီ။ သူတို့ ဝင်လို့ရမှာမဟုတ်ဘူးဆိုတော့ သူတို့နဲ့တွေ့ဖို့ ဂိတ်ပေါက်ကို သွားရအောင်"
သဘာဝအလျောက်၊ စုန့်အာ့နန်မှာ ငြင်းစရာမရှိပေ။ သူမက သူတို့ရဲ့ တည်နေရာကို ကြည့်နေခဲ့တာဖြစ်ပြီး သူမတို့အခုသွားရင် သူတို့နဲ့ ဂိတ်ပေါက်မှာ ဆုံမှာပင်။
ဒါပေမယ့် အဲ့ဒီအချိန် ဖေးခွမ်က ရုတ်တရက် ပြောလာသည် "မင်းတို့နှစ်ယောက် အရင်သွားလိုက် အခုတော့ ငါလိုက်လို့ရလောက်မှာမဟုတ်ဘူး"
စုန့်လင်းချွမ်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကို နားမလည်သလိုကြည့်လိုက်သည်။ ဘာကိုဆိုလိုတာလဲ?
အန်တီလေးကို တစ်ယောက်ထဲ ရင်ဆိုင်ဖို့ လွှတ်လိုက်တာက ဘာလဲသူက လိပ်လိုမျိုး အခွံထဲဝင်ဖို့လုပ်နေတာလား?!
ယောက်ျားတစ်ယောက်အနေနဲ့ သူ့စွမ်းအားကဘယ်မှာလဲ?
သူ နားလည်မှုလွဲသွားတာကိုမြင်တော့ ဖေးခွမ်က အမြန်ရှင်းပြလိုက်သည်။ "မင်းမိဘတွေက စိုးရိမ်လို့ အပြေးအလွှား ရောက်လာတာလေ ဒီအချိန်မှာ မင်းမိဘတွေ အချိန်ယူသင့်တယ်။ အခု ငါရှိနေရင် မသင့်တော်လောက်ဘူး။ မနက်ဖြန်မှ ငါ လေးစားသမှုလာပြမယ်"
"ဒါပေါ့၊ ဦးလေးနဲ့ အန်တီက ငါ့ကို တွေ့ချင်တယ်ဆိုရင်လည်း ငါက အဆင်မရွေး အဆင်သင့်ပဲ"
စုန့်လင်းချွမ်က ငတုံး မဟုတ်ပေ။ ဖေးခွမ်ရဲ့ရည်ရွယ်ချက်ကို သူချက်ချင်း သိလိုက်သည်။
ဒီကောင်က လူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဝေဖန်ပိုင်းခြားနိုင်စွမ်းကောင်းတယ်ဆိုတာတော့ သူဝန်ခံရမည်။
စုန့်အာ့နန်နဲ့ အတူ စုန့်လင်းချွမ်လည်း သူမိဘတွေနဲ့တွေ့ဖို့ ဂိတ်ပေါက်ကို အပြေးအလွှား သွားလိုက်သည်။
ဆယ်မိနစ်ကြာတော့၊ စုန့်မိသားစုတစ်တွေ စုန့်လင်းချွမ်ရဲ့အိမ်မှာ ဆုံကြသည်။
စုန့်ကျန်းဟွေ့နဲ့ ကျောက်ယာက တင်းမာတဲ့အမူအရာနဲ့ ဆိုဖာပေါ်မှာထိုင်နေကြပြီး စုန့်လင်းချွမ်နဲ့ စုန့်အာ့နန်တို့ကတော့ တစ်ဖက်မှာထိုင်နေကြသည်။
သူတို့စုန့်မိသားစုရဲ့ "ဝန်ခံရင် သက်ညှာပေးမယ်" ဆိုတဲ့ဆောင်ပုဒ်အရ စုန့်အာ့နန်က သူမနဲ့ ဖေးခွမ်ရဲ့ဆက်ဆံရေးကို အမှန်အတိုင်း ဝန်ခံလိုက်သည်။
သူတို့နှစ်ယောက် တွဲနေတာ အတော်ကြာပြီဆိုတာကို ကြားတော့ စုန့်ကျန်းဟွေ့မှာ တင်းမာဟန်ဆောင်ကာ မိဘတစ်ယောက်ရဲ့အရှိန်အဝါနဲ့အတူ စားပွဲကိုရိုက်လိုက်ပြီး အော်လာသည်။ " ကိုယ့်ရဲ့ဆက်ဆံရေးအကြောင်း မိသားစုကို အကြာကြီး ဖုံးကွယ်ထားတာက ဒေါသထွက်စရာပဲ!"
စုန့်အာ့နန်မှာ အရမ်းလန့်သွားပြီး အလိုအလျောက် ဇက်ပုသွားမိသည်။
သူ့အဖေရဲ့ တုံ့ပြန်မှုကိုမြင်တော့ စုန့်လင်းချွမ် ချက်ချင်း မပျော်မရွှင်ဖြစ်သွားသည်။
သူက စုန့်အာ့နန်ကို ကာကွယ်ပေးသလို သူ့အနောက်ကိုဆွဲလိုက်ပြီး စုန့်ကျန်းဟွေ့ကို အော်လိုက်သည်။ "ပါး၊ ဘာလုပ်နေတာလဲ? အခုခေတ်က လူတွေ လွတ်လွတ်လပ်လပ်ချိန်းတွေ့နေကြတာ။ ဘာလို့ ကျွန်တော့်အန်တီလေးကို ဒေါသထွက်နေရတာလဲ?"
စုန့်အာ့နန်က စုန့်လင်းချွမ် အင်္ကျီကိုအမြန်ဆွဲလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "လင်းချွမ်၊ နင့်အဖေကို ပြန်မပြောနဲ့လေ"
သူမက ထိခိုက်သွားမှာ စိုးရိမ်နေသည်။
စုန့်မိသားစုမှာ စုန့်လင်းချွမ် ဒါမှမဟုတ် စုန့်အာ့နန်တို့အပေါ် စုန့်ကျန်းဟွေ့က 'စည်းကမ်းတင်းကြပ်တဲ့ဖခင်' ပုံစံမျိုး အမြဲတမ်းလုပ်တတ်သည်။
သူမရဲ့ အဖေထက် အစ်ကိုကို ပိုကြောက်ရွံ့စွာ ကြီးပြင်းလာရတဲ့ စုန့်အာ့နန်အနေနဲ့ သူက သူမကိုတစ်ခါမှကြိမ်းမောင်းတာမျိုး မလုပ်ဖူးပေမယ့် သူမဘာသာအလိုလို နောက်တွန့်သွားမိသည်။
စုန့်လင်းချွမ်ရဲ့ စကားတွေက အဆင်ပြေတယ်ဆိုပေမယ့် ပြန်ပြောတာကတော့ စုန့်ကျန်းဟွေ့ကို လုံးဝစိတ်တိုသွားစေသည်။
အစကတော့ စုန့်အာ့နန်ကို ဆူပူဖို့ တုံ့ဆိုင်းနေတဲ့ စုန့်ကျန်းဟွေ့ရဲ့ဒေါသတွေက အခုတော့ စုန့်လင်းချွမ်ဘက် ချက်ချင်းလှည့်သွားတော့သည်။ "မင်း ပြန်ပြောရဲသေးတယ်လား? မင်းသာ ငါတို့အိမ်ထဲ ဝံပုလွေကို ခေါ်သွင်းမလာရင် မင်းရဲ့ အန်တီလေးက လမ်းလွဲသွာစမယ်တဲ့လား? ငါ့မှာ မင်းကိုအမှတ်တွေတောင် မပေးရသေးဘူး မင်းက လာမွှေရဲတယ်!"
စုန့်လင်းချွမ်ရဲ့ အရှိန်က ချက်ချင်းလျော့သွားပြီး "ပ...ပါး ဒီလိုမျိုးလုပ်လို့မရဘူးလေ။ ကျွန်တော့်အန်တီလေးတို့က တွဲတောင်တွဲနေပြီကို၊ သူ့ကိုတားလို့မရဘူးလေ!"
ဒါကိုကြားတော့ စုန့်ကျန်းဟွေ့က ပိုလို့တောင် စိတ်တိုသွားသည်။ သူက အေးစက်စက်ရယ်လိုက်ပြီး "ငါ သူမကို မတားနိုင်ရင်တောင် အနည်းဆုံးတော့ မင်းအန်တီလေးကို ငါက တခြားလူဆီ ငါ့လက်နဲ့ ကိုယ်တိုင်အပ်ထားမှာမဟုတ်ဘူး"
စုန့်လင်းချွမ် - "....."
ဒါက တကယ် သူ့အဖေပဲ - သူက သူ့ကိုနာအောင် ဘယ်နေရာဓားနဲ့ထိုးရမလဲဆိုတာသိတယ်!!