အဖေနှင့်ဆရာ
Vol. 113 Ch. 1581
ရှီမာလျူရွှမ်သည် သမီးဖြစ်သူ သူ့ကိုရယ်မောသည်ကို သိသည်။ သို့သော် သူသည် ပြီးခဲ့သည့်တစ်ခေါက် ဖန်ကျိရှင်းနှင့်တွေ့ခဲ့သည့်အခါက ထောင်လွှားခဲ့ ခြင်းလောက် မရှက်ပေ။
တစ်ချိန်တည်းမှာပင် သမီးဖြစ်သူကို အလွန်ချီးကျူးမိသည်။ ယူယူ သူ့ကို ကုပေးသည်ကို သူ သိပါကမနာလိုစိတ်ဖြစ်နိုင်သည်။
သူသည် နည်းလမ်းဟောင်းကိုပင် သုံးကာ အရိပ်ဆိုင်သို့သွားလိုက်သည်။ ဆိုင်ရှင်သည် နှစ်ပေါင်းရာချီရှိလာသဖြင့် ရှီမာလျူရွှမ်ကို သိနေပြီးဖြစ်သည်။
“သခင်လျူရွှမ် ဘာကိစ္စများရှိလို့လဲ” ဆိုင်ရှင်သည် သူ့ကို ကြိုဆိုလေ သည်။
“ဖန်ကျိရှင်းကို သတင်းပါးပေးပါ ဇာမဏီတောင် နောက်သုံးရက်အတွင်း” ရှီမာလျူရွှမ်သည် တိုးညင်းစွာပြောလိုက်သည်။
“လတ်တလောမှာ သခင်လေးမရှိပါဘူး သူ့ကို သုံးရက်အတွင်း သတင်းပို့ နိုင်မလားဆိုတာ မသေချာဘူး” ဆိုင်ရှင်သည် အခက်တွေ့နေသည်။ သို့သော် ရှီမာမျိုးနွယ်မှ တစ်ခုခုသတင်းပို့ရန်ရှိပါက အမြင့်ဆုံးနည်းလမ်းသုံးရမည် ဆိုလျှင်တောင် ပို့ပေးရန် သခင်လေးပြောထားသည်ကို သူ မှတ်မိသည်။ သခင်လေးလာခြင်း မလာခြင်းသည် သူ၏ထိန်းချုပ်မှုအောက်တွင်မရှိပေ။
“သူ့ကိုသာ အသိပေးလိုက်ပါ”
ရှီမာလျူရွှမ်သည် ပြောပြီးနောက် လှည့်ထွက်သွားလေသည်။ ဆိုင်ရှင် သည် စားပွဲထိုးကို တစ်စုံတစ်ရာပြောပြီးနောက် ခြံအနောက်သို့ ပြန်ဝင်သွား လေသည်။
ချိန်းဆိုထားသည့်အချိန်မှာ သုံးရက်တာလိုနေသေးသဖြင့် ရှီမာလျူရွှမ် သည် မလောပေ။ ထိုအစား သူသည် မြို့ထဲတွင်ဈေးပတ်ဝယ်နေလိုက်သည်။ သူသည် ထိုနေရာသို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးပြီး လှည့်ပတ်ကြည့်ရှုဖူး သည်။ သို့သော် ယနေ့လောက် တစ်ခါမှ စိတ်ခံလှုပ်ရှားမှုမများဖူးပေ။
လျှောက်ပတ်ကြည့်ပြီးနောက် သူသည် ဇာမဏီတောင်ရှိရာသို့ အေးအေး ဆေးဆေးပင်လျှောက်ခဲ့သည်။
ဇာမဏီတောင်သည် ဇာမဏီငှက်များနေသည့် နေရာမဟုတ်ပေ။ ဇာမဏီ ငှက်များနှင့် အပတ်အသတ်မရှိကာ ပုံသဏ္ဍာန်မှာလည်း ဇာမဏီနှင့်မတူပေ။ ထိုတောင်ကို အမည်ပေးခဲ့သူကိုလည်း မည်သူမှမသိကြပေ။
ရှီမာလျူရွှမ်သည် သစ်ပင်အခြေသို့လျှောက်သွားလိုက်သည်။ ဖန်ကျိရှင်း အမြန်ရောက်မလာနိုင်သည်ကို သိသဖြင့် သစ်ပင်ပေါ်ခုန်တက်ကာ ရင်းနှီးနေ သော သစ်ကိုင်းကိုရှာပြီး အရင်ကလုပ်နေကျအတိုင်း မှီလိုက်သည်။
ချောမွေ့ပြီး နူးညံ့နေသော ငွေရောင်ဆံပင်များ… ကြည့်ရသည်မှာ လေ ထဲတွင် အဖြူရောင်ရေစံခွန်တစ်စင်း စီးဆင်းနေသည်နှင့်တူသည်။ သို့သော် အောက်မှကြည့်လျှင် သတိထားမိမည်မဟုတ်ပေ။ သူသည် ထူထဲသော သစ်ပင် ထိပ်ဖျားပိုင်းတွင်ရှိနေသည်။
ဖန်ကျိရှင်းသည် ရောက်လာသည်နှင့် အရင်က မည်းနက်နေသော ဆံပင် များနေရာတွင် ငွေရောင်ဆံပင်များဖြစ်နေသည်မှလွဲပြီး ရင်းနှီးနေသော မြင်ကွင်းကိုမြင်လိုက်ရသည်။
သူ ရောက်လာသောအခါ ရှီမာလျူရွှမ်သည် မျက်လုံးဖွင့်လာသော်လည်း မလှုပ်ပေ။ တစ်စက္ကန့်ပင်မကြာလိုက်… ဖန်ကျိရှင်းသည် အရင်ကလိုပင် သစ်ကိုင်းပေါ်သို့ ပျံတက်သွားသည်။ သူသည် ပင်စည်ကိုမှီလိုက်ပြီး ခြေထောက် တစ်ဖက်ကို တွဲလောင်းချကာ နောက်တစ်ဖက်ကို ပုံမှန်အတိုင်းခွေထားသည်။
အင်း… အနည်းဆုံးတော့ ရှီမာယူယူနဲ့ လပြည့်စုံနန်းတော်တို့က သူ့ကို ဒီလိုပုံစံမမြင်ဖူးကြဘူးပဲ။
“မင်းကိုတွေ့တဲ့နေ့ကတည်းက တစ်သက်လုံးအသုံးမဝင်တဲ့လူဖြစ်သွား မယ်လို့ ငါထင်နေတာ ဒါပေမဲ့ မင်း ဒီလောက်မြန်မြန်ပြန်ကောင်းလာမယ်လို့ ငါ ထင်မထားဘူး မင်းမှာ တကယ်လိမ္မာတဲ့သမီးရှိတာပဲ”
“ဒါပေါ့ ယူယူက အရမ်းကိုစဉ်းစားပေးတတ်တယ် မင်းတွေးတောင် တွေး မိမှာမဟုတ်ဘူး” ရှီမာလျူရွှမ်သည် ပြောရင်းနှင့် လက်နှစ်ဖက်ကို ခေါင်း အနောက်ပို့လိုက်သည်။
ဖန်ကျိရှင်းသည် သူ့ကို လက်ဟန်ဖြင့် ပြောလိုက်သည် “ပြောပါဦး ဘာလို့ ဒီကိုလာခိုင်းတာလဲ မင်းရဲ့လိမ္မာတဲ့သမီးကြောင်းကြွားဖို့ ဒီကိုလာခိုင်းတာလို့ တော့မပြောနဲ့နော်”
“ဘာမှမဟုတ်ဘူး ဒီအတိုင်းပဲ အရင်ကအကြောင်းတွေပြောရအောင်လို့” ရှီမာလျူရွှမ် ပြောလိုက်သည်။
“ဟား ငါက မင်းကိုဘာလို့ယုံရမှာလဲ မင်းမပြောချင်ရင် ငါသွားတော့မယ် နော် ဘာပဲဖြစ်ဖြစ် ပြောစရာမရှိတော့ဘူး” ဖန်ကျိရှင်းသည် ထိုသို့ပြောလိုက် သော်လည်း မလှုပ်မယှက်ပင်။
ရှီမာလျူရွှမ်သည် မတ်တတ်ထပြီး ဝိုင်ကရားနှစ်လုံးထုတ်ကာ တစ်လုံး ကို သူ့ဆီသို့ပစ်ပေးလိုက်သည်။ သူသည်လည်း တစ်လုံးဖွင့်ပြီး တစ်ကျိုက် သောက်လိုက်သည်။ ဖန်ကျိရှင်းသောက်သည်ကို မြင်သည်နှင့် ပြောလိုက်သည် “ငါ အဆိပ်ခတ်ထားမှာကို မကြောက်ဘူးလား”
“မင်း ငါ့ကိုအဆိပ်ခတ်ရလောက်အောင် စွမ်းရည်ရှိမယ်လို့ မထင်ဘူး” ဖန်ကျိရှင်းသည် အထင်သေးစွာဖြင့် ပြောလေသည်။
“ဘာလို့ မစမ်းကြည့်တာလဲ” ရှီမာလျူရွှမ်သည် ပြန်လည်ချေပလေသည်။
ဖန်ကျိရှင်းသည် သူ့ကိုဂရုမစိုက်ပေ။ သူသည် ဝိုင်ကရားကို နောက်တစ် ကျိုက်သောက်ပြီးပြောလိုက်သည် “သမီးမိန်းကလေး ရ,ထားတာလည်း ကောင်းလိုက်တာ ဝိုင်ကိုသောက်ချင်တဲ့အချိန်သောက်လို့ရတယ် ငါလည်း ဝိုင် ကောင်းကောင်းလေး သောက်ချင်တာ ငါက ဆရာဖြစ်နေတာတောင် ဒီတစ်ခါ သောက်ပြီးတာနဲ့ ကုန်သွားပြီဆိုတော့ နှမြောစရာပဲ”
“မင်းကို ပေးဖို့လောက်ထိတော့ လောက်ပါတယ်”
“အာ… မင်းနဲ့ ဒီမှာထိုင်ပြီး သောက်ရဖို့ အခွင့်အရေးရှိလာမယ်လို့ ငါ တကယ်ထင်မထားဘူး၊ ပြီးတော့ ငါတို့သောက်နေတဲ့ဝိုင်ကလည်း မင်းသမီး ချက်ထားတာပဲလေ” ဖန်ကျိရှင်းသည် စိတ်ခံစားချက်ပါပါဖြင့် ပြောလိုက်သည်။
“အမှန်ပဲ” ရှီမာလျူရွှမ်သည် ပြန်တွေးတောနေသည်။
“မင်း လုံးဝပြန်ကောင်းလာပြီလား” ဖန်ကျိရှင်း မေးလိုက်သည်။
“အင်း ဒီဆံပင်ဖြူကြီးကလွဲလို့ပေါ့”
“သူမက မင်းကိုပစ်မသွားပါဘူး”
ယွိခဲ့လော့အကြောင်း ပြောမိသည်နှင့် နှစ်ယောက်လုံးသည် တိတ်ဆိတ် သွားကြတော့သည်။ ခဏအကြာတွင် ဖန်ကျိရှင်းသည် သူ၏ဆံပင်ဖြူများကို ကိုင်ပြီး အဆက်အစပ်မရှိကြည့်လေသည်။
“လပြည့်စုံနန်းတော်က အဖွဲ့ဝင်တွေက သတင်းယူတဲ့နေရာမှာ အတော် တော်ကြတာပဲ၊ တစ္ဆေမြို့တော်ကအပြင် တစ္ဆေလောကကို ဘယ်လိုသွားရမလဲ ဆိုတာ မင်းသိလား”
ဖန်ကျိရှင်းသည် ဝိုင်များပင် သီးတော့မလိုပင်။ သူသည် ရှီမာလျူရွှမ်ကို ကြည့်ပြီးအော်လိုက်သည် “မင်းက တစ္ဆေမြို့တော်ကိုသွားချင်သေးတာလား”
“ခဲ့လော့က အဲဒီမှာရှိတယ်လေ ငါသူမကိုရှာရမယ်” ရှီမာလျူရွှမ်သည် ဆုံးဖြတ်ချက် ခိုင်မာနေသည်။ သူသည် မည်သို့ပင်ဖြစ်စေကာမူ တစ္ဆေမြို့တော် ကိုသွားလိုသည် “ယူယူက သူ့အမေကိုကယ်ဖို့ တစ္ဆေလောကကိုသွားချင်နေ တာ သူမ ရူးမိုက်တာတစ်ခုခုလုပ်လိုက်မှာစိုးတယ်”
“မင်းလုပ်နေတာလည်း ရူးမိုက်တာမဟုတ်ဘူလား တစ္ဆေလောကမှာ မင်း ရဲ့စွမ်းအားနဲ့ ဘာလုပ်နိုင်မှာလဲ” ဖန်ကျိရှင်းသည် ယွိခဲ့လော့ကို အမှန်တကယ် သဘောကျပြီး တွေ့လိုသော်လည်း သူသည် ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။
ရှီမာလျူရွှမ်သည် ခါးသက်သောအပြုံးကို အတင်းပြုံးလိုက်သည်။
ယွိခဲ့လော့ကို တစ္ဆေဘုရင်မှ ခေါ်သွားသည်မှာ မှန်သည်။ သူမသည် မျိုးနွယ်သို့ ပြန်သည်နှင့် သေချာပေါက် အပြစ်ပေးခံရမည်ဖြစ်ကာ အလိုရှိလျှင် သူ တစ္ဆေမျိုးနွယ်နှင့် ရင်ဆိုင်မည်ဖြစ်သည်။ သူ သူမကို ကိုယ်တိုင်ရှာနိုင်ပါ့ မလား။
သို့သော် သူ မရှာနိုင်လျှင် ထိုနေရာတွင် မရှိ၍ဖြစ်မည်။ သူသည် နာကျင် လာသဖြင့် ညာဘက်လက်နှင့် ရင်ဘတ်ကိုဆုတ်ကိုင်လိုက်သည်။
သူ၏ ပုံစံကိုမြင်သောအခါ ဖန်ကျိရှင်း သက်ပြင်းချပြီးပြောလိုက်သည် “စုံစမ်းဖို့အတွက် မင်းကို ငါ ကူညီပေးမဘ် ဒါပေမဲ့ မင်းငါ့ကိုတစ်ခုတော့ ကတိ ပေးရမယ်”
“ဘာလဲ”
“မင်းသွားရင် ငါ့ကိုပါခေါ်သွဦးပေး” ဖန်ကျိရှင်း တောင်းဆိုလိုက်သည် “မင်း တစ်ယောက်တည်းသွားရင် ကိစ္စမရှိဘူး ငါနဲ့ယူယူ့ကိုပါခေါ်သွားပေး”
“မင်းလည်း လိုက်ချင်တာလား” ရှီမာလျူရွှမ်သည် သူ့ကို စိုက်ကြည့်လိုက် သည်။
“အစတုန်းကတော့ ငါ အတွင်းပိုင်းဒေသကို ပြန်ချင်ခဲ့တာက ယူယူ အဲကလေးကို အတွင်းပိုင်းဒေသမှာ ကောင်းကောင်းနဲ့ လွတ်လပ်တဲ့ဘဝကို ရစေချင်ခဲ့တာ၊ ဒါပေမဲ့ အဖြစ်အပျက်တွေက မြန်လွန်းပြီး သူမအတွက် ဘာမှ လုပ်မပေးနိုင်တဲ့ အခြေအနေဖြစ်မယ်လို့ မမျှော်လင့်ထားဘူး၊ ပြီးတော့ ငါ သူမ ရဲ့အကျင့်ကိုသိတယ်၊ သူမက စိတ်ပိုင်းဖြတ်ထားတာဆိုရင် ပြောင်းမှာမဟုတ် ဘူး၊ ဒီမှာပဲထိုင်ပြီး စိတ်ပူနေတာထက် မင်းတို့နဲ့အတူစွန့်စားလိုက်တာပဲ ပို ကောင်းတယ်၊ ဘာပဲဖြစ်ဖြစ် ငါ့ဘဝမှာ ဉာဏ်အလင်းပေါက်လုနီးပါးပဲလေ ဘာမှ တွန့်ဆုတ်စရာအကြောင်းမရှိဘူး” ဖန်ကျိရှင်း ရှင်းပြလေသည်။
“မင်း ပိုကောင်း…” ရှီမာလျူရွှမ်သည် စိတ်ခံစားချက် ပြင်းထန်နေသည်။ သူသည် စကားကိုဆုံးအောင် မပြောရသေးသော်လည်း ဆိုလိုရင်းကို သူတို့ သိ ကြသည်။
“ယူယူ အဲကလေးအကြောင်း ငါကပြောတာပါ မင်းအတွေးလွန်နေပြီ” ဖန်ကျိရှင်း၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားကာ ဝိုင်တစ်ကျိုက်သောက် လိုက်သည်။ ဒါပေမဲ့ ဒီလိုမွှေးတဲ့အနံ့က ဘာလို့ခါးသက်သက်အနံ့အဖြစ် ပြောင်း သွားတာလဲ။
ရှီမာလျူရွှမ်သည် သူ့ကိုကြည့်လိုက်သည်။ သို့သော် သူ ပြန်မဖြေသလို ငြင်းလည်းမငြင်းဆန်ပေ။
ဖန်ကျိရှင်း ယွိခဲ့လော့ကို ခံစားချက်ရှိသည်ကို သူသိ၏။ သို့သော် သူ့ကို တားမရပေ။ ခဲ့လော့သဘောကျသူမှာ သူဖြစ်နေ၍ ဝမ်းသာမိသည်။
သူတို့နှစ်ယောက်အကြားတွင် တိတ်ဆိတ်မှုသာ ရှိနေသည်။ ထိုနေရခက် မှုကို ဖြိုခွဲရန် နောက်အကြောင်းအရာတစ်ကို အပြေးအလွှားစဉ်းစားနေမိသည်။
“မင်းမှာ ပျောက်ဆုံးနေတဲ့နေရာမြေပုံရှိလား”
“ရှိတယ်လေ ဘာလို့လဲ လိုချင်လို့လား”
“အင်း အခုလိုလို့”
“မင်းက ပျောက်ဆုံးနေတဲ့နေရာကိုသွားမလို့လား” ဖန်ကျိရှင်းသည် သူ့ကို တစ်ချက်ကြည့်လိုက်သည် “မင်းက ပြန်ကောင်းလာတာနဲ့ မနားတော့ ဘူးလား”
“ယူယူသွားချင်နေလို့ပါ”
“အစောပိုင်းလေးကတင် လိမ္မာလွန်းတဲ့ တပည့်လေးက လျှို့ဝှက်မိသားစု တွေကို မှောက်ခုံလုပ်ခဲ့တာ အခုက ဘာလုပ်ဦးမှာတဲ့လဲ”
***