အံ့ဖွယ်လမ်းစဉ်ရွေးချယ်ခြင်း
Vol. 015 Ch. 1442
ချင်းဟယ်က ဝမ်ယန်ပင်းကို ကြည့်ကာ အပြုံးနှင့် ပြောလိုက်သည်။ “သခင်လေးဝမ်က နောက်နေတာ ဖြစ်ရမယ်။ ထူးခြားလမ်းစဉ်ကို သက်ရှည်တောင်ကြားမှာ ချိပ်ပိတ်ထားပြီး ကောင်းကင်နတ်တံခါးဂိုဏ်းမှာ မဟုတ်ဘူးဆိုကတည်းက ကောင်းကင်နတ်တံခါးဂိုဏ်း အပိုင်လို့ ပြောလို့ မရနိုင်ဘူးဆိုတာ ရှင်းနေတာပဲလေ။ ရိုးရိုးသားသားပြောရရင် သခင်လေးဝမ်ကရော ကောင်းကင်နတ်တံခါးဂိုဏ်း တပည့် တကယ် ဟုတ်ရဲ့လား”
များပြားတဲ့ အကျိုးအမြတ်တဲ့လား။ သူတို့က မည်သည့် အကျိုးအမြတ်မျိုးကိုများ တွေးထားကြသနည်း။
ယခု ထူးခြားလမ်းစဉ် ဆက်ခံရန် အခွင့်အရေး ရနေပြီဖြစ်ရာ မည်သူကမှ လွယ်လွယ် လက်လျှော့လိမ့်မည် မဟုတ်ပေ။
ထူးခြားလမ်းစဉ်သည် ဤနေရာ၌ နှစ်ပေါင်းများစွာ ချိပ်ပိတ်ထားခြင်းကို ခံခဲ့ရသည်။ ယခုတွင် နောက်ဆုံး၌ ၎င်းက ထွက်ပေါ်လာပြီး ယင်းက ထူးခြားသာလွန်ပေလိမ့်မည်။
ဝမ်ယန်ပင်းသည် ထိုသည်ကို ကြားသည့်အခါ အများကြီး ထပ်မပြောတော့ပေ။ ဤတစ်ကြိမ်၌ သက်ရှည်နန်းတော် ပွင့်လာခြင်းမှာ ထင်မှတ်မထားသည့် ကိစ္စဖြစ်ကာ မည်သူမှ ထင်မှတ်ထားခြင်းမရှိပေ။
ယခု ထူးခြားလမ်းစဉ်က ထွက်ပေါ်လာပြီဖြစ်ရာ မည်သူ့ကိုမှ လက်လျှော့ခိုင်းရန် ဖြစ်နိုင်တော့မည် မဟုတ်ပေ။
သူတို့ စကားပြောနေစဉ်မှာပဲ တောက်ပသည့်အလင်းများက သက်ရှည်နန်းတော်အတွင်းမှ ကောင်းကင်သို့ ထိုးဖောက်တက်သွားကာ အလွန်အားကောင်းသည့် အသက်ဓာတ်က သူတို့ဝန်းကျင်တွင် ပျံ့နှံ့လာကာ ရန်ဟောင်၏ စွမ်းအားတို့ ပါဝင်နေသည်။
“ဘာတွေ ဖြစ်နေတာလဲ” လူတိုင်း၏ မျက်လုံးများက မသေချာ မရေရာမှုတို့ဖြင့် ပြည့်နှက်နေသည်။ အထဲတွင် မည်သည်တို့ ဖြစ်ပျက်နေသနည်း။
“မကောင်းတော့ဘူး” ဟွားချင်းယွင်၏ မျက်လုံးများက ရုတ်တရက် အေးစက်လာကာ သူက ပြောလိုက်သည်။ “သွားကြည့်ရအောင်”
သူ့အသံ ထွက်လာပြီးသည့်အခါ များပြားလှသည့် ပြင်းထန်သော အသက်ဓာတ်များက သက်ရှည်တောင်ကြားမှ ထွက်ပေါ်လာသည်။ များပြားလှသည့် ပုဂ္ဂိုလ်များသည် သက်ရှည်နန်းတော်ဆီသို့ တည့်မတ်စွာ လျှောက်လာကြပေသည်။
“မြေခွေးက ကြက်ခြံကိုစောင့်နေတာလား…”
ရီဖူရှင်း၏ မျက်လုံးများတွင် အံအားသင့်မှုအချို့ ထွက်ပေါ်လာသော်လည်း သူက မည်သည့် စကားမှမဆိုပေ။ သူက မှားယွင်းနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော် ထိုသည်က လုံးဝ ဖြစ်နိုင်ပေသည်။
ဤအဘိုးအိုက ထူးခြားလမ်းစဉ်၏ အစောင့်အကြပ်ဖြစ်နိုင်ကာ ကောလာဟလများက ပြောကြသည်က သူက ထိုအရာအား စောင့်ကြပ်နေခဲ့သည်မှာ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ပြီဟူ၍ ဖြစ်သည်။ ရန်ဟောင်အဆင့်မှ တစ်စုံတစ်ယောက်သည်ပင် နှစ်ထောင်ပေါင်းများစွာ ဤနေရာ၌ ရှိနေခဲ့ရသည့်အတွက် သူ၏ စိတ်အခြေအနေက ယိမ်းယိုင်နေမည် ဖြစ်သည်။ ထူးခြားလမ်းစဉ်ကို သူကိုယ်တိုင်အတွက် ခိုးယူခြင်းမှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
ယခင်က စိတ်ဝိညာဉ်လေးခုသည် နတ်ဝင်္ကပါဖြင့် အားကောင်းစွာ ချိပ်ပိတ်ထားသည် ဖြစ်ရာ ထိုအဘိုးအိုသည်ပင် ချိုးဖျက်ရန် မဖြစ်နိုင်ခဲ့ပေ။ ထူးခြားလမ်းစဉ်၏ သခင်သည် သူ့အား ထိန်းသိမ်းထားကာ စောင့်ကြပ်စေခဲ့သည်။
ရီဖူရှင်းနှင့် အခြားလူများသည်လည်း နန်းတော်ဆီသို့ သွားခဲ့ကြသည်။
နန်းတော်၏ တံခါးက ခပ်ကျယ်ကျယ် ဖွင့်ဟနေပြီး နန်းတော်ရှေ့ လှေကားထက်တွင် ပုံရိပ်တစ်ခု ရပ်နေခဲ့သည်။ ထိုသူမှာ ယခင်က အဘိုးအိုပင် ဖြစ်၏။
သူက မြင့်မြတ်သည့် အသက်စွမ်းအားကို ထုတ်လွှတ်ထားကာ သူ့လက်ဝါးက ကောင်းကင်သို့ ရောက်ရှိသွားပြီး ခေါင်းထက်မှ အရားကို ဆွဲယူရန် ကြိုးစားနေသည်။
ထိုသည်က စာအုပ်တစ်ခု ဖြစ်သည်။ ထိုအချိန်တွင် ရှေးဟောင်းစာအုပ်က တောက်ပသည့် နတ်အလင်းများကို ထုတ်လွှတ်နေပြီး နတ်ဝင်္ကပါ၏ အလယ်တွင် ချိပ်ပိတ်ခံထားရသကဲ့သို့ ရှိနေကာ ထိုပစ္စည်းသည် လှုပ်ရှားနိုင်ခြင်း မရှိခဲ့ပေ။ ရန်ဟောင်တစ်ပါးက ကြိုးစားနေလျှင်ပင် ဝင်္ကပါကို တုန်ခါလာအောင်သာ ပြုလုပ်နိုင်ပြီး ထိုရှေးဟောင်းသည် လေထဲ၌ ပေါလောပေါ်နေဆဲသာ ဖြစ်လေသည်။
ထိုစာအုပ်ကို ယူဆောင်နိုင်ခြင်း မရှိပေ။
“ခင်ဗျား ဘာလုပ်နေတာလဲ” ရန်ဟောင်ပုဂ္ဂိုလ်များနှင့်အတူ ဟွားချင်းယွင်နှင့် ဝမ်ယန်ပင်းကဲ့သို့ သူများလည်း ဆင်းသက်လာကာ ချင်းဟယ်လည်း ပါဝင်ပေသည်။
ရန်ဟောင်၏ စွမ်းအင်ဖိအားများက ကျဆင်းလာကာ အဘိုးအိုထံ ဦးတည်သွားခဲ့လေသည်။
“ကျုပ်က ဒီဟာကို နှစ်ထောင်ပေါင်းများစွာ စောင့်ကြပ်ခဲ့တယ်” အဘိုးအိုက သူ့ခေါင်းထက်မှ လေဟာနယ်ကို စူးစိုက်ကြည့်လိုက်ပြီး သူ၏ မာဆတ်ဆတ်ဖြစ်နေသော အသံဖြင့် ပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ် ဘယ်တုန်းကမှ မထိတွေ့ခဲ့ရဘူး”
သူက ထိုမျှထိ အချိန်ကြာမြင့်သွားမည်ဟု မထင်ထားခဲ့ပေ။ သူက ထိုအရာကို ထားခဲ့၍ ထွက်ခွာသွားချင်သည်။ သို့သော် ထိုအရာအား ယူဆောင်ကာ ဖွင့်နိုင်၍ မြင်တွေ့လိုသည့် ဆန္ဒက သူ့အား ဖမ်းဆုပ်ထားသည်။
သူက တဖြည်းဖြည်း နေသားကျလာသည့်အခါ ကြောက်စရာ အကောင်းဆုံးမှာ ထိုကဲ့သို့ နေသားကျလာခြင်းဖြစ်ကြောင်း ဝန်ခံရပေမည်။ သူက သူ့ကိုယ်သူ သာမန်လူကဲ့သို့ ခံစားရကာ နေ့တိုင်းကို ပုံမှန်အတိုင်း ဖြတ်သန်းခဲ့သည်။
ယခုတွင် တံခါးက ပွင့်သွားသည့်အခါ သူ၏ စိတ်အတွင်း ကြီးမားသည့် ထိတ်လန့်တုန်လှုပ်မှုတို့ ဖြစ်ပေါ်လာသည်။ ယင်းသည် သူ့ကို မည်သည့်အခါကမှ မတွေးဖူးခဲ့သည့် အတွေးတို့အား မွေးဖွားလာစေသည်။
သူက နှစ်ထောင်ချီကာ ထူးခြားလမ်းစဉ်ကို စောင့်ရှောက်ခဲ့ရသည်။ သူက မည်သည့်အတွက် ယူဆောင်၍ မရနိုင်ရမည်နည်း။
သူက မည်သည့်အတွက် အခြားသူများကို ပေး၍ လက်လျှော့လိုက်ရမည်နည်း။
သူ၏ အတွေးများက ထိုသို့ ဖြစ်ပေါ်လာသည့်အခါ သူက လက်ဝါးကို တစ်ဖန်မြှောက်လိုက်ကာ လေဟာနယ်ကို ဆုပ်ဆွဲလိုက်သည်။ ကြီးမားသည့် လက်ဝါးရိပ်က ရှေးဟောင်းစာအုပ်ကို ဆွဲယူ၍ နတ်ဝင်္ကပါအတွင်းမှ ဆွဲထုတ်ရန် ကြိုးစားနေသည်။ သို့သော် သူက လှုပ်ခတ်အောင်ပင် မလှုပ်နိုင်ပေ။
“ခင်ဗျား အဲဒါကို ယူနိုင်စွမ်းရှိမှာ မဟုတ်ဘူး” ဟွားကလန်မှ ရန်ဟောင်တစ်ပါးက ပြောလိုက်သည်။ များပြားလှသည့် ရန်ဟောင်များဆီမှ စွမ်းအားများက တစ်ချိန်တည်းတွင် ကျဆင်းလာကာ သူတို့၏ လက်များကို မြှောက်ကာ ဖိနှိပ်လိုက်ကြသည်။ သူတို့က ဤစွမ်းအားကြောင့် တပည့်များကို ထိခိုက်သွားမည်စိုး၍ ထိန်းချုပ်ရန် ကြိုးစားနေကြလျှင်ပင် ကျယ်ပြောပြီး အဆုံးမဲ့လေဟာနယ်တွင် မွန်းကျပ်ဖွယ် ဖိအားကို ခံစားနေရဆဲ ဖြစ်သည်။
ရီဖူရှင်းနှင့် အခြားသူများသည် ခြေလှမ်းဝက်မျှပင် လှမ်းရန် မဖြစ်နိုင်ဟု ခံစားလိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်များက အလွန် လေးလံနေပြီး သူတို့က ရှေ့၌ ဖြစ်ပျက်နေသည်များကို ကြည့်ရုံသာ ကြည့်နေနိုင်သည်။
ဘုန်း ...
ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး အဘိုးအို၏ ခန္ဓာကိုယ်က တုန်ခါသွားကာ ပြင်းထန်သည့် တိုက်ခိုက်မှုတို့အား တိုက်ရိုက် ဖျက်ဆီးပစ်လိုက်၍ သူ၏ ကျင့်ကြံမှုက မည်မျှ အားကောင်းသည်ကို ပြသသွား၏။
ဟွားချင်းယွင်၊ ဝမ်ယန်ပင်းနှင့် အခြားသူများသည် ဤမြင်ကွင်းကို မမှိတ်မသုန် ကြည့်နေကြသည်။ သူတို့က တံခါးပွင့်လာသည့်အခါ အဘိုးအိုက ထူးခြားလမ်းစဉ် စောင့်ကြပ်နေရခြင်းမှ လက်လွတ်သွားပြီဟု တွေးလိုက်ကြသည်။ သို့သော် အမှန်ကတော့ သူသည် လောဘတက်ကာ သူ့ကိုယ်သူအတွက် စာအုပ်အား လိုချင်နေပေသည်။
“အဲဒါကို ယူလို့မရဘူးဆိုရင် ကြည့်ရုံကြည့်ချင်တယ်” အဘိုးအိုက ပြောလိုက်သည်။ သူ၏ မျက်လုံးများက ရှေးဟောင်းစာအုပ်ပေါ်တွင် ရှိနေကာ မဟာလမ်းစဉ် လက်ဝါးနှင့် ဖိအားပေးကာ ဆွဲယူ၍ ဖွင့်ရန် ကြိုးစားနေသည်။
လေထဲတွင် ပေါလောပေါ်နေသည့် ရှေးဟောင်းစာအုပ်သည် တစ်ရွက်ချင်း ပွင့်လာသော်လည်း အဘိုးအို၏ မျက်နှာက ဖြူဖျော့လာခဲ့သည်။
ထိုစာအုပ်သည် ဗလာအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ယင်းတွင် မည်သည့်အရာမှ ရှိမနေဘဲ သူက မည်သည့်အရာကိုမှ မြင်နိုင်ခြင်းမရှိပေ၊
ချက်ချင်းပင် သူက အားအင်ကုန်ခန်းသွားပုံပေါ်ကာ စွမ်းအားတို့ ကင်းမဲ့သွားခဲ့သည်။ မည်သည့်အတွက် ဤသို့ ဖြစ်ရသနည်း။.
ထိုအချိန်တွင် အဝေးမှနေ၍ ကြောက်မက်ဖွယ် များပြားလှသော အသက်ဓာတ်များ ပျံ့လွင့်လာကာ အစွမ်းထက်ရန်ဟောင်များက ကောင်းကင်ကို လွှမ်းမိုးကာ ဖြစ်တည်မှုအားလုံးကို အညံ့ခံရန် အမိန့်ပေးနေသကဲ့သို့ပင် ဖြစ်သည်။
အဝေးမှ တန်ခိုးရှင်များသည် ဘက်ပေါင်းစုံတွင် ဆင်းသက်လိုက်ပြီး သူတို့၏ အသက်ဓာတ်များက အလွန် ကြောက်မက်ဖွယ်ပင် ဖြစ်သည်။
“ရှဲ့လင်၊ ဘယ်လိုတောင် ရဲတင်းရတာလဲ” အသံတစ်ခု ထွက်ပေါ်လာသည်။ အဘိုးအိုသည် အသံထွက်ပေါ်လာရာသို့ ကြည့်လိုက်၏။ ရှဲ့လင်ဟူသည်မှာ သူ၏ အမည်ရင်း ဖြစ်သည်။ တစ်ချိန်က သူသည် ထူးခြားလမ်းစဉ် သခင်၏ နောက်သို့ ကျင့်ကြံရန် လိုက်ပါခဲ့တာကြောင့် သူသည် ရန်ဟောင်အဆင့်သို့ရောက်ရန် အခွင့်အရေး ရခဲ့ပြီး မြင့်မားသည့်အဆင့်သို့ ရောက်ရှိခဲ့သည်။
“ကျုပ်က ဒီနေရာမှာ နှစ်ထောင်ချီပြီး စောင့်ကြပ်ခဲ့ရတယ်။ ကြည့်ရုံလေး ကြည့်တာက ဘာလို့ ရဲတင်းတာ ဖြစ်ရမှာလဲ” ရှဲ့လင်က တုံ့ပြန်လိုက်သည်။
“အဲဒီအချိန်တုန်းက အင်ပါယာယွမ်ရဲ့ ဂုဏ်သတင်းကြောင့်ပဲ မင်းကို လေးစားမှု ထားရှိပေးခဲ့တာ။ ဒါပေမဲ့ မမျှော်လင့်မိတာက မင်းက ကိုယ်စောင့်ကြပ်ရတဲ့ အရာကိုတောင် ပြန်ခိုးမယ်ဆိုတာကိုပဲ” လေထဲမှ တန်ခိုးရှင်က အေးစက်စွာ ပြောလိုက်သည်။ “ထွက်သွား၊ နောက်ထပ် ဒီနေရာကို ဝင်မလာမိစေနဲ့”
ရှဲ့လင်က လေထဲရှိ ထိုအားကောင်းသော တန်ခိုးရှင်များကို ကြည့်လိုက်သည်။ များပြားလှသည့် အဓိက ပုဂ္ဂိုလ်များက ကိုယ်တိုင် ရောက်ရှိလာခဲ့သည်။ သူ့ကို ရင်ဆိုင်ရန်မှာ သူတို့အတွက် ခက်ခဲလိမ့်မည် မဟုတ်ပေ။
သူက ရုတ်တရက် ကောင်းကင်သို့ မော့၍ ရယ်မောလိုက်ကာ လေထဲသို့ ခြေချ၍ ချက်ချင်း ထွက်ခွာသွားလေသည်။
“ထူးခြားလမ်းစဉ်ကို ဆက်ခံရရင်တောင် အင်ပါယာယွမ်လို နောက်ထပ် တစ်ယောက် ထပ်မရှိလာနိုင်တော့ဘူး” လေထဲမှနေ၍ အသံတစ်ခု ကြားဖြတ် ထွက်ပေါ်လာသည်။ အားလုံးသော ထိပ်သီးပုဂ္ဂိုလ်များက ဝမ်းနည်းမှုကို ခံစားသွားကြသည်ဟု ထင်မှတ်ရသည်။ ရှေးအခါက အင်ပါယာယွမ်သည် အမှန်တကယ်ကို ကြောက်မက်ဖွယ် အစွမ်းထက်လှသည်။ ကောင်းကင်အာဏာစက်ဘုံမှ လူတိုင်းသည် ခြွင်းချက်မရှိ ကြောက်ရွံ့ကြပေသည်။
ထူးခြားလမ်းစဉ်ကို ဆက်ခံရလျှင်ပင် မည်သူကများ သူ့အား ကျော်ဖြတ်နိုင်ပါမည်နည်း။
“တံခါးက မင်းတို့ လေးယောက်ကြောင့် ပွင့်သွားခဲ့တာလား” ကျန်းကလန်ခေါင်းဆောင်က အောက်ဘက်ရှိ လူလေးယောက်အား ငုံ့ကြည့်ကာ မေးလိုက်သည်။
သူတို့က ခေါင်းညိတ်လိုက်ကြ၏။
“နှစ်ယောက်က ကောင်းကင်နတ်တံခါးဂိုဏ်း တပည့်မဟုတ်တာမို့ ထူးခြားလမ်းစဉ်ကို ဆက်ခံဖို့ အရည်အချင်း မပြည့်မီဘူး” ဝမ်ကလန်ခေါင်းဆောင်က ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာနေသည့် အသက်ဓာတ်က အလွန်အားကောင်းလှကာ လွှမ်းမိုးနိုင်စွမ်း ရှိသည်။ သူက ကျန်းကလန်ခေါင်းဆောင်ကို ကြည့်လိုက်၏။
ဟွားချင်းယွင်နှင့် ယှဉ်ပြိုင်ရမည့်သူမှာ ဝမ်ယန်ပင်းသာ ဖြစ်ရပေမည်။ ဟွားချင်းယွင်သည် အလွန် အရည်အချင်းရှိသော်လည်း သူ၏ ကျင့်ကြံဆင့်က ဝမ်ယန်ပင်းထက် အားနည်းသည်။ ထို့ကြောင့် ဝမ်ယန်ပင်းသာ ထူးခြားလမ်းစဉ်ကို ရရှိနိုင်ချေ မြင့်မားပေသည်။
ကျန်းကလန်ခေါင်းဆောင်က ရီဖူရှင်းနှင့် ချင်းဟယ်ကို ကြည့်လိုက်သည်။
“ဒီ ထူးခြားလမ်းစဉ်က အင်ပါယာယွမ်ရဲ့ လမ်းစဉ်ပဲ။ သူတို့က သူ့ရဲ့ နောက်ဆုံးဆန္ဒကို လိုက်နာသင့်တယ်။ သူတို့ လေးယောက်က တစ်ပြိုင်တည်း ဖွင့်နိုင်တယ်ဆိုတော့ သူတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ခွင့်ပြုလိုက်ပါ” ကျန်းကလန်ခေါင်းဆောင်က ပြောလိုက်သည်။
“ခင်ဗျားရော ဘယ်လိုထင်လဲ” ဝမ်ကလန်ခေါင်းဆောင်က ဟွားကလန်ခေါင်းဆောင်ကို မေးလိုက်သည်။ ဟွားကလန်တွင် ဟွားချင်းယွင် ရှိတာကြောင့် သူသည်လည်း နှစ်ယောက်ကြားမှ ယှဉ်ပြိုင်မှုကိုသာ ဆန္ဒရှိပေလိမ့်မည်။ ထို့ကြောင့် ဟွားချင်းယွင်က ထိုအရာကို ရနိုင်ရန် ဖြစ်နိုင်ချေ မြင့်မားပေသည်။
“ခင်ဗျားက ဘိုးဘေးတွေရဲ့ နောက်ဆုံးဆန္ဒကို မနာခံချင်ဘူးဆိုရင် ထူးခြားလမ်းစဉ်ကို ကောင်းကင်နတ်တံခါးဂိုဏ်းဆီ တိုက်ရိုက်ယူသွားပြီး အဲဒီမှာပဲ ဆုံးဖြတ်လိုက်ပေါ့။ ဘာလို့ အချင်းများပြီး အလုပ်ရှုပ်ခံနေလဲ” ရီဖူရှင်းက ပေါ့ပါးစွာ ပြောလိုက်သည်။ ဝမ်ကလန်က ကောင်းကင်နတ်တံခါးဂိုဏ်းသို့ မဝက်ရောက်ရသေးပေ။ သူတို့တွင် ယှဉ်ပြိုင်ရန် မည်သည့် အရည်အချင်းမျိုး ရှိသနည်း။
ဝမ်ကလန်ခေါင်းဆောင်က ရီဖူရှင်းအား ထက်ရှသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“သခင်လေးရီ ပြောတာ မှန်တယ်။ ဘိုးဘေးတွေရဲ့ ဆန္ဒကို မလေးစားဘူးဆိုရင် ကောင်းကင်နတ်တံခါးဂိုဏ်းက ပိုင်သင့်တဲ့အရာကို ဘာကြောင့် ဒုက္ခခံပြီး တိုက်ခိုက်နေတော့မှာလဲ” ချင်းဟယ်ကလည်း ဝင်ပြောလိုက်ကာ ဝမ်ကလန်ခေါင်းဆောင် ပြောနိုင်သမျှ အကြောင်းအရာကို ဦးစွာ ပိတ်ဆို့ထားလိုက်သည်။
ထိုသူများက သူတို့အား ထိုအရာအတွက် မယှဉ်ပြိုင်စေလိုပါက ဝမ်ယန်ပင်းအတွက်လည်း ဝေစုရှိလိမ့်မည်မဟုတ်ဘဲ သူက ယှဉ်ပြိုင်ရန် အရည်အချင်း မပြည့်မီပေ။
“ဒီလူငယ်လေးနှစ်ယောက်ပြောတာ မှန်တယ်” ဝမ်ကလန်ခေါင်းဆောင်ကို ကြည့်ရသည်မှာ သုန်မှုန်သွားသည့်အချိန်တွင် ကျန်းကလန်ခေါင်းဆောင်က ပေါ့ပါးစွာ မှတ်ချက်ချခဲ့သည်။ ထို့နောက် သူက ပြောလိုက်သည်။ “ဒီလိုတွေးတယ်ဆိုရင်တော့ ကျုပ်တို့ အင်ပါယာယွမ်ရဲ့ ဆန္ဒကိုပဲ လိုက်နာကြတာပေါ့။”
“ဒါဆို မင်းတို့လေးယောက် ကိုယ့် ရပိုင်ခွင့်အတွက် တိုက်ခိုက်ကြပါ” ကျန်းကလန်ခေါင်းဆောင်က အောက်မှ လေးယောက်ကို ကြည့်ကာ ပြောလိုက်သည်။
ရီဖူရှင်းနှင့် အခြားသူများသည် ရှေးဟောင်းစာအုပ် အောက်ခြေ နတ်ဝင်္ကပါအလယ်သို့ ရောက်ရှိလာကြသည်။
သူတို့သည့ စာအုပ်က ပွင့်လျက်ရှိနေသည်ကို မြင်လိုက်ရသော်လည်း ယင်းက ဗလာဖြစ်နေပေသည်။ အထဲ၌ မည်သည့်အရာမှ ရေးထားခဲ့ခြင်း မရှိပေ။
“ဘယ်လိုဖြစ်ရတာလဲ” အချို့သော လူများတွင် ထူးဆန်းသော အကြည့်တို့ ဖြစ်ပေါ်လာကာ သူတို့၏ စွမ်းအားများကို ထုတ်လွှတ်ပြီး ရှေးဟောင်းစာအုပ်ထံ ပို့လွှတ်ကာ ယင်းနှင့် ဆက်သွယ်ကြည့်ရန် ကြိုးစားလေသည်။
ရီဖူရှင်းသည် လိပ်နက် မနိုးထခင်က အချိန်ကို ပြန်စဉ်းစားလိုက်သည်။ ထိုသည်က ဖြစ်နိုင်သည်မှာ ...
သူ့မျက်လုံးများက တစ်ဖန်ပြောင်းလဲသွားကာ ကောင်းကင်နှင့် မြေကြီးကြားမှ အရာအားလုံးကလည်း ပြောင်းလဲသွားသည်ဟု ထင်မှတ်ရပေသည်။ သူက သူ၏ ကျင့်စဉ်မှနေ၍ အရာအားလုံးကို မြင်တွေ့နိုင်သည်ဟု ခံစားရသည်။
ထိုအချိန်တွင် သူ၏ မြင်ကွင်းအတွင်း၌ ရှေးဟောင်းစာအုပ်သည် ပြောင်းလဲနေဆဲ ဖြစ်သော်လည်း စာအုပ်၏ အထက်တွင် အလွန် နားလည်ရခက်သည့် ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။ ယင်းသည် ရှေးဟောင်းစာအုပ်အတွင်း ပေါင်းစပ်နေဟန်တူသည်။
“ဒါက ... ...” ရီဖူရှင်း၏ မျက်လုံးများက အနည်းငယ် ဖမ်းစားခံလိုက်ရသည်။ ထို့နောက် သူက စွမ်းအားကို ထုတ်လွှတ်ကာ ယင်းနှင့် ဆက်သွယ်ကြည့်ရန် ကြိုးစားလိုက်သည်။
ထိုအချိန်တွင် ရှေးဟောင်းစာအုပ်မှ တောက်ပသည့် ရောင်စဉ်တို့ ထုတ်လွှတ်လာကာ သန့်စင်သည့်အလင်းတို့က ရီဖူရှင်းထံသို့ တည့်မတ်စွာ ရိုက်ခတ်လာသည်။
ရှေးဟောင်းစာအုပ်သည် လင်းလက်တောက်ပလာကာ အဆုံးမဲ့ စာလုံးများအဖြစ် ပြောင်းလဲသွားသည်။ စာလုံးတစ်ခုချင်းစီက သူ့စွမ်းအားဆီသို့ လွင့်မျောလာကာ ပေါင်းစပ်သွားသည်။ ရှေးဟောင်းစာအုပ်၏ အလင်းအောက်တွင် ရီဖူရှင်း၏ တစ်ကိုယ်လုံးက အလွန် မြင့်မြတ်သန့်စင်လာသည်။
“ဟင် ...”
လူတိုင်းသည် ရီဖူရှင်းထံ၌ ဖြစ်ပေါ်လာသော ထူးခြားသည့် ဖြစ်ရပ်အား မြင်လိုက်ရသည်။ အောက်ခြေ၌ လူလေးယောက် ရပ်နေသော်လည်း ရှေးဟောင်းစာအုပ်၏ အလင်းများက ရီဖူရှင်းထံသို့သာ ကျဆင်းလာပေသည်။
ကြည့်ရသည်မှာ သူ့တစ်ယောက်တည်းကိုသာ ရွေးချယ်လိုက်သည်ဟု ထင်ရပေသည်။
ထူးခြားလမ်းစဉ်က သူ၏ သခင်ကို ရွေးချယ်လိုက်ပြီ ဖြစ်သည်။
ချင်းဟယ်၏ မျက်လုံးများက တောက်ပသည့် အလင်းတို့ လင်းလက်သွားကာ သူမ၏ ဘေးမှ ရီဖူရှင်းကို ကြည့်လိုက်သည်။ သူမသည် ရှေးဟောင်းစာအုပ်မှ တောက်ပသည့်အလင်းများ ကျဆင်းလာနေသည်ကို မြင်ရပေသည်။ သူ၏ တစ်ကိုယ်လုံးက အလင်းများဖြင့် ရောင်ပြန်ဟပ်ကာ မြင့်မြတ်သန့်စင်နေသည်။
စိတ်ဝိညာဉ်လေးခု နိုးထလာသည်မှာ သူနှင့် တစ်ခုခု ပတ်သက်နေသည်လား။
ထိုအတွေးက ချင်းဟယ်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။ သူတို့ လေးယောက်က ဤနေရာတွင် ရပ်နေသော်လည်း မည်သည့်အတွက်ကြောင့် ထူးခြားလမ်းစဉ်က ရီဖူရှင်းကို ရွေးချယ်ရသနည်း။
ဆက်သွယ်ကြည့်ရန်ပင် မလိုအပ်ဘဲ လုံးဝကို အသုံးမဝင် ဖြစ်သွားခဲ့သည်။ ထူးခြားလမ်းစဉ်က သခင်ကို ကိုယ်တိုင် ရွေးချယ်ခဲ့လေသည်။
***