← Chapters

အခန်း (၆၆)

Vol. 6 Ch. 66

အခန်း (၆၆)

Vol. 6 Ch. 66

ဖြစ်ချင်တော့ နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာ နာလျန်း၏ နှစ်၇၀ပြည့် မွေးနေ့ဧည့်ခံပွဲက ရောက်လာတော့မည်ဖြစ်ပြီး သူကလည်း စူးထောင်ကို ဖိတ်ကြားထားလေသည်။

နာလျန်းသည် လွန်ခဲ့သောရာစုနှစ်၏ အကျော်ကြားဆုံးဒါရိုက်တာတစ်ယောက်လို့ ခေါ်ဆိုရမည်ဖြစ်သည်။ သူရိုက်ကူးခဲ့သော ရုပ်ရှင်အကုန်လုံးသည် ဂန္တဝင်လက်ရာများသာဖြစ်ပြီး သူ့ရုပ်ရှင်တစ်ကားကား၌ သရုပ်ဆောင်ခြင်းဖြင့် တက်လမ်းအများကြီးရှိသွားသူ အများအပြားဖြစ်ပေသည်။ ဒီနယ်ပယ်ထဲတွင်တော့ သူ့နာမည် ဂုဏ်သတင်းအကြောင်း မသိတဲ့လူမရှိပေ။

လူတိုင်းကလည်း နာလျန်း၏ မွေးနေ့ပွဲကို ဖိတ်ကြားခံရသည် မဟုတ်ပါ။ လူတိုင်းကတော့ တက်ရောက်ချင်ကြတာပေါ့။ သို့သော်လည်း ဖိတ်ကြားခံရသူများသည် ဒီနယ်ပယ်ထဲက ထိပ်သီးများပင် ဖြစ်ပေသည်။

တစ်စုံတစ်ယောက်ရဲ့ အဆင့်အတန်းကို အတည်ပြုခြင်းပဲဖြစ်စေ၊ အသိမိတ်ဆွေပေါများလာအောင် လုပ်ဖို့ပဲဖြစ်စေ၊ ရလာသမျှက ကောင်းကျိုးတွေပဲ ဖြစ်မှာလေ။

ကျန်းယန်အင်တာတိန်းမန့်၏ ဘော့စ်ဖြစ်သော ကျန်းချီကွမ်းတောင်မှ တက်ရောက်ဖို့ အရည်အချင်းမပြည့်မှီပေ။ သို့သော်လည်း စူးထောင်ကတော့ ဖိတ်ကြားခံထားရလေသည်။ တကယ်ကတော့ သူမအမေကြောင့် သူမကို မျက်နှာပေးနေခြင်းသက်သက်သာ။

ရှဲ့ကျင်ကလည်း ဖိတ်ကြားခံထားရသော ဧည့်သည်စာရင်းထဲတွင် ပါနေတာကို စူးထောင်မြင်လိုက်သည်။ ဒီလိုနှင့် ဖန်များနှင့် ပြည်သူလူထု၏ သံသယများကို တစ်ချက်တည်းနဲ့ ရှင်းလင်းပစ်ဖို့ ဘယ်လိုအခွင့်အရေးမျိုး ယူရမလဲဆိုတာကို သူမ စတင်စဉ်းစားလိုက်လေတော့သည်။

နာလျန်း၏ မွေးနေ့ဧည့်ခံပွဲသည် မြောက်ဘက်တောင် တစ်ဝက်နားတွင်ရှိသည့် သူ့ဗီလာတွင် ကျင်းပခဲ့သည်။

တကယ့်နာမည်ကြီးစတားများ၊ ထိပ်သီးဆယ်လီများ တက်ရောက်တာဖြစ်သောကြောင့် အလိုလိုပင် မီဒီယာအများအပြားကိုလည်း ဆွဲဆောင်ခဲ့လေသည်။

စူးထောင်၏ ဒီနေ့မိတ်ကပ်ကိုတော့ မိတ်ကပ်ပညာရှင် ကျားကျားက ပြင်ဆင်ပေးထားခြင်းပင်။ သူမသည် ပခုံးကျ ဂါဝန်ရှည် ခရမ်းရောင်အနုလေးကို ဝတ်ဆင်ထားသဖြင့် သူမကြည့်ရတာ ပြေပြေပြစ်ပြစ်နှင့် ကြော့ရှင်းနေပေသည်။ အောက်ကျကျ V ပုံစံ ဒီဇိုင်းလေးက သူမ၏ မိန်းမသားဆန်သော ဆွဲဆောင်မှုများကို ဖော်ထုတ်ပြသနေပေသည်။

တစ်ဝက်စည်းထားသော ဆံပင်ပုံစံလေးမှာလည်း ရိုးရိုးရှင်းရှင်း ပလဲကလစ်လေးတစ်ခုသာ ပန်ဆင်ထားလေသည်။ သူမ၏ အထူးကောင်းမွန်လှသော မိတ်ကပ်နှင့် လှပသော ကြင်အင်လက္ခဏာများနှင့်အတူ စူးထောင်သည် တစ်ခြားအမျိုးသမီးဆယ်လီတစ်ယောက်ကဲ့သို့ တောက်ပနေပေတော့သည်။

သူမဝတ်စားထားပုံက ချက်ကျလက်ကျဖြစ်နေပါသော်လည်း ရှဲ့ကျင်ဘေးနား ရပ်လိုက်ချိန်တွင် သူမပခုံးပေါ်ကို ရှဲ့ကျင်က သူ့အပေါ်ထပ်အား တင်ပေးလိုက်တော့သည်။ သူက စဉ်းစဉ်းစားစား လုပ်လိုက်တာဆိုသော်လည်း သူမကတော့ ပိုပြီးတောင် မနာလိုဖြစ်လာပေတော့သည်။

ကျောက်တုံးကြီးလို ဒီအတိုင်းရပ်နေတာတောင်မှ ရှဲ့ကျင်က ဘုရင်တစ်ယောက်လို သူများကိုအမိန့်ပေးနိုင်သည့် အရှိန်အဝါမျိုး ပေးစွမ်းနေပေသည်။

သူ့ဘေးနား၌ ရပ်လိုက်ချိန်တွင် စူးထောင်သည် သူ့အတွက် ထောက်ပံ့ပေးနေရသည့် အရံဇာတ်ကောင်တစ်ခုလို ဖြစ်လာခြင်းပင်။ တကယ်တမ်းက သူမကိုယ်တိုင်ကိုက ဘုရင်မတစ်ယောက်ရဲ့ အရှိန်အဝါမျိုးတွေ ထင်ထင်ရှားရှား ထုတ်လွင့်နေပြီးပြီလေ။ သူမသည် အထက်စီးဆန်ကာ ကြောက်ရွံ့မှုကင်းမဲ့သော အကြည့်တစ်ချက်ဖြင့် ရှဲ့ကျင်အား ကြည့်လိုက်သည်။

စူးထောင်က မောက်မာလွန်းလို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုအရေးကြီးတဲ့ နေ့မျိုးမှာ သူ့ခန္ဓာကိုယ်အနွေးဓာတ်ပါနေတဲ့ အပေါ်ထပ်ကို သူမပေါ် လာထပ်ပေးသည်တဲ့လေ။ သူမကို နားထင်နားမှာ ချွေးစေးတွေ ကျလာစေတော့တာပေါ့။ သူမသည် ရှဲ့ကျင်ကို အတော်ကို မကျေနပ်မှုအပြည့်နှင့် ကြည့်လိုက်သော်လည်း ရှဲ့ကျင်ကတော့ မမြင်ချင်ယောင် ဆောင်နေခဲ့သည်။

“ဘာလို့ နင့်အပေါ်ထပ်ကို ငါ့ပေါ်လာတင်တာလဲ?”

စူးထောင်သည် ရှဲ့ကျင်ကို တိုးတိုးလေး မေးလိုက်ရင်း အဲ့အပေါ်ထပ်ကို ပြန်ယူစေချင်နေသည်။

ရှဲ့ကျင်ကတော့ မျက်နှာထားတည်တည်တံ့တံ့ဖြင့်သာ မဟုတ်တာတွေကို ပြန်ပြောလေ၏။

“ရာသီဥတုက အရမ်းအေးတယ်လေ။ ကိုယ်က မင်းအအေးမိမှာ ကြောက်လို့ပါ”

“ပြန်ယူလိုက်”

စူးထောင်သည် ရှဲ့ကျင်အား စိုက်ကြည့်လိုက်သည်။

ရှဲ့ကျင်၏ မျက်နှာအမူအရာများမှာ တန့်သွားလေသည်။ ထို့နောက် တွန့်ဆုတ်တွန့်ဆုတ်နဲ့သာ သူမကိုယ်ပေါ်က အပေါ်ထပ်ကို ဖယ်ပေးလိုက်တော့သည်။ စူးထောင်ကို အရှက်မရှိစွာဖြင့် ဓာတ်ပုံရိုက်နေကြသော ထိုကင်မရာများမှ ကာပေးနိုင်ဖို့ကိုတော့ သူဆုတောင်းမိခဲ့သည်။

သူတို့နှစ်ဦးသည် ရှည်လျားလှသော ကင်မရာတန်းကြီးကို ဖြတ်ရင်းမှာပဲ မဟုတ်တာလေးကို ငြင်းခုံနေကြသည်။ ထို့နောက် ဗီလာကိုဖြတ်ပြီး ရေကူးကန်နေရာကို ရောက်လာခဲ့လေသည်။ ရေကူးကန်ပါတီကတော့ နေဝင်သွားတာနှင့် တရားဝင် စတင်လိုက်တော့သည်။ တောင်နှင့် ပင်လယ်ဘေးတွင် တည်ရှိပြီး နေဝင်ရီသရော အချိန်လေးတွင် ပါတီကတော့ စတင်နေလေပြီ။

နာလျန်းသည် သူ့အသက်၇၀အရွယ်နှင့် မလိုက်ဖက်အောင် ကြံ့ခိုင်သန်မာဆဲဖြစ်ပြီး မြူးကြွကြွတေးသံနှင့် ဆူညံပွက်လောထနေသော ပတ်ဝန်းကျင်ကို မကိုင်တွယ်နိုင်သေးပေ။ ကိတ်ခွဲပြီးသည့်နောက် ဗီလာဒုတိယထပ်က လေသာဆောင်ရှိ လှုပ်ကုလားထိုင်ပေါ်တွင်ထိုင်၍ နေဝင်တာကို ကြည့်နေခဲ့လေသည်။

ပြောရမယ်ဆိုရင် ဒီရေကူးကန်ပါတီသည် သူ့မြေး နာကျန်းလိုင်၏ အကြံသာဖြစ်သည်။ နာကျန်းလိုင်ဆိုတာကတော့ လတ်တလောမှာပဲ ရုံတင်ငွေ ဘီလီယံချီရခဲ့တဲ့ ဝက်ဝက်ကွဲနာမည်ကြီး ဒါရိုက်တာတစ်ယောက်လေ။

နာကျန်းလိုင်က ဒီလိုမြူးကြွတက်ကြွရတာမျိုးကို တကယ်ကြိုက်နှစ်သက်ပြီး ဒီနယ်ပယ်ထဲတွင်လည်း အတော်နာမည်ကြီးပေသည်။ ထို့ကြောင့် စူးထောင်လည်း ရည်ရွယ်ချက်ရှိစွာ သူနှင့်အတူ စကားနည်းနည်း ပြောခဲ့လေသည်။ ရှဲ့ကျင်ကတော့ တစ်ချိန်လုံး သူမကို အဖော်ပြုပေးနေခြင်းပင်။

သီချင်းသံက နည်းနည်းလေး ကျယ်လောင်တာကြောင့် စူးထောင်ကို စကားပြောသည့်အခါတိုင်း နာကျန်းလျန်သည် ကိုယ်ကိုကိုင်းကာ အတော်နီးနီးကပ်ကပ် ပြောရသည်။

သို့သော်လည်း သူအနားကပ်လိုက်သည့် အချိန်တိုင်းမှာ နာကျန်းလိုင်သည် အင်အားကြီးမားသော အေးတိအေးစက် အရှိန်အဝါတစ်ခုကို ခံစားနေရလေသည်။ နွေရာသီကုန်တော့မှာလည်း မဟုတ်၊ ဆောင်းဦးဝင်တော့မှာလည်း မဟုတ်ပေမယ့် ဆောင်းရာသီလိုပင်။

“ဥက္ကဌရှဲ့.. ဘော့စ်စူး.. ကိုယ့်အိမ်ကိုယ့်ရာလိုပဲ နေကြပါ။ ကျွန်တော် ဟိုဘက်က လူတွေကို သွားနှုတ်ဆက်လိုက်ပါဦးမယ်”

နာကျန်းလျန်သည် ရှဲ့ကျင်၏ ရေခဲလိုအေးစက်သည့်အကြည့်အား မခံစားနိုင်တော့သဖြင့် ထွက်သွားဖို့ကိုသာ ရွေးချယ်လိုက်ခြင်းပင်။

“ကိုယ်တို့ ဘယ်အချိန်ပြန်ကြမှာလဲ?”

နာကျန်းလိုင် ထွက်သွားသည်နှင့် ရှဲ့ကျင်သည် သူမအား ပြန်ဖို့ဆော်ဩလိုက်တော့သည်။

“ငါတို့အခုမှ ရောက်တာလေ”

စူးထောင်ကတော့ ဒီမှာရှိသည့်လူတိုင်းနှင့် အဆက်အဆံလုပ်ချင်မိသည်။ ထို့အပြင် လုပ်ငန်းကဒ်များကို လုံလုံလောက်လောက် မယူလာခဲ့မိတာကိုလည်း စိတ်ပူနေခြင်းပင်။

ရှဲ့ကျင်ကတော့ အမြှီး‌ရှည်လေးတစ်ခုလို သူမဘယ်သွားသွား နောက်က တကောက်ကောက် လျှောက်လိုက်နေပေသည်။ သူနှင့်စကားပြောရန် ကြိုးစားသည့်လူတိုင်းကိုလည်း လစ်လျူရှုနေပေတော့သည်။ သူ့မျက်လုံးများက စူးထောင်ဆီကနေ လုံးဝပျောက်မသွားပေ။

နောက်ဆုံးတော့ စူးထောင်လည်း သည်းမခံနိုင်တော့သဖြင့် လူရှင်းသောနေရာသို့ ရှဲ့ကျင်အား ဆွဲခေါ်သွားကာ သိမ်မွေ့စွာသာ ပြောလိုက်သည်။

“ဒီမှာ ဘာမီဒီယာမှ မရှိဘူး။ နင်လွတ်လွတ်လပ်လပ် သွားလာနေလို့ရတယ်။ ငါ့နောက်နေ လိုက်နေဖို့ မလိုဘူး”

ရှဲ့ကျင်သည် ခေါင်းခါပြလိုက်ပြီး သူ့ကိုယ်သူ ကျင့်ဝတ်လိုက်နာသူကြီးလိုလို ပြောဆိုလိုက်ပေသည်။

“မလုပ်ချင်ပါဘူး။ မင်း ကိုယ့်ကို ဌားထားတာပဲလေ။ အဲ့တော့ ကိုယ့်တာဝန်တွေကို သေချာထမ်းဆောင်ရမှာပေါ့”

စူးထောင်ကတော့ မျက်နှာကြီး စူပုတ်လာတော့သည်။ သူမနောက်ကနေ သူလိုက်နေသရွေ့ လူတိုင်းသည် စကားဝိုင်းကို အဆုံးမသတ်ခင် စကားနည်းနည်းပါးပါးသာ ပြောကြပေသည်။ သူမရဲ့ လုပ်ငန်းကဒ်တွေကိုတောင် မပေးလိုက်နိုင်မှတော့ သူမဘယ်လိုလုပ် လူတွေနဲ့ အဆက်အဆံလုပ်ရတော့မှာတဲ့လဲ?

စူးထောင်သည် နေရာတစ်ခုလုံးကို လေ့လာကြည့်လိုက်ပြီး သူဌေးကြီးများအုပ်စု အတူတူထိုင်နေကြသည်ကို တွေ့လိုက်သည်။ သူတို့ထဲက တစ်ချို့ကို သူမမှတ်မိလေသည်။ စောစောတုံးက ရှဲ့ကျင်နဲ့ စကားပြောဖို့ လာခဲ့ပေမယ့် သူကလစ်လျူရှုလိုက်တာလေ။

စူးထောင်သည် ရှဲ့ကျင်၏ လက်ကို ဆွဲလိုက်ကာ ထိုသူဌေးဝိုင်းအား ခေါ်သွားလိုက်လေတော့သည်။

သူ့လက်ကို ဆွဲခေါ်ခံလာရတာဖြစ်လို့ ရှဲ့ကျင်၏ နှုတ်ခမ်းထောင့်လေးများမှာ အလိုလိုကွေးတက်လာကြပြီး စောစောတုံးက အေးတိအေးစက် အရှိန်အဝါကြီးသည်လည်း ပျောက်ကွယ်သွားရတော့သည်။ သူ့နှုတ်ခမ်းများကို ဖိထားရပုံမှာ တစ်စုံတစ်ယောက်က ရင်ထဲကဆန္ဒတွေကို ဖိနှိပ်ထားရသလိုကဲ့သို့ ဖြစ်နေပေတော့သည်။

ခဏလေးအတွင်းမှာပဲ စူးထောင်သည် သူ့ကို ထိုင်ခုံပေါ်တွင် ထိုင်ချခိုင်းလိုက်သည်။ သူမကတော့ လုပ်ငန်းကဒ်များကို ကမ်းပေးရင်း အနားကလူတွေကို မိတ်ဆက်လိုက်လေသည်။ ထို့နောက် ရှဲ့ကျင်၏ ပခုံးကို ပုတ်ကာ အသာအယာလေး ပြုံးပြပြီး

“နင်ဒီမှာထိုင်ပြီး လူတိုင်းနဲ့ စကားပြောနေ.. ဘယ်မှသဝေလျှောက်ထိုးမနေနဲ့ ဟုတ်ပြီလား?”

ကြည့်ရတာ အမေကြီးက သူမရဲ့ ခပ်ဆိုးဆိုးကလေးလေးကြောင့် စိတ်ရှုပ်နေရသလိုပင်။ ထို့ကြောင့် သူမဟာသူမ လွတ်လွတ်လပ်လပ် နေနိုင်ဖို့အတွက် နေ့ထိန်းကလေးကျောင်း ပို့ခဲ့သလို ဖြစ်နေပေတော့သည်။ တစ်ခြားကလေးတွေနဲ့လည်း ပျော်ပျော်ရွှင်ရွှင်ကစားဖို့ တွန်းအားပေးခဲ့သေးသလိုလေ။

သူဌေးကြီးအုပ်စု၏ မလှမ်းမကမ်းမှာကတော့ လတ်တလော နာမည်ကြီးနေသည့် အနုပညာရှင်ငယ်များပင် ဖြစ်ပေသည်။ လူတိုင်းသည် ရှန်ပိန်ခွက်လေးကို ကိုင်ထားကြကာ အပြင်ဘက်က ဆိုဖာပေါ်တွင် အတူတူထိုင်နေကြပြီး အံစာတုံးဂိမ်းကို ကစားနေကြသည်။

ထိုအနုပညာရှင်ငယ်လေးများထဲမှာတော့ စူးထောင်နှင့် အတော်ရင်းနှီးသည်ဟု ဆိုနိုင်သည့် လျူရှန်းယီက စကားပြောဖို့ ရောက်လာခဲ့လေသည်။

“ဥက္ကဌရှဲ့၊ ဘော့စ်စူး.. မတွေ့တာကြာပြီနော်”

လျူရှန်းယီသည် ရှန်ပိန်ခွက်လေးနှင့် ရောက်လာပြီး ထိုင်နေသာ သူဌေးကြီးများကိုလည်း မိတ်ဆက်လိုက်သည်။

“နင်တို့ဘာတွေ ဆော့နေကြတာလဲ?”

စူးထောင်လည်း ထွက်ပေါက်ရပြီအထင်နှင့် မေးကြည့်လိုက်သည်။

“အံစာတုံးပစ်နေကြတာလေ.. အမှန်ပြောမလား ခိုင်းတာလုပ်မလား လိုမျိုးပေါ့”

လျူရှန်းယီက ဖိတ်လိုက်တော့သည်။

“မင်းတို့နှစ်ယောက် မပါချင်ဘူးလား.. လာခဲ့ပါလား”

ရှဲ့ကျင်သည် ဆူညံနေသော လူအုပ်ကို မကြည်မသာ လှမ်းကြည့်လိုက်ပြီး အတော်ကလေးဆန်သည်ဟု ခံစားလိုက်ရသည်။ ထို့နောက် စိတ်မဝင်စားဟန်ဖြင့် ခေါင်းခါပြလိုက်တော့သည်။

“ငါဆော့မယ်”

စူးထောင်ကတော့ ချက်ချင်း သဘောတူလိုက်ပြီး လျူရှန်းယီနောက်ကနေ အနုပညာရှင်ငယ်များအုပ်စုဆီ လိုက်သွားခဲ့တော့သည်။

စိတ်ခံစားချက်များကို ဖိနှိပ်ထားရသော ရှဲ့ကျင်တစ်ယောက်ကတော့ သူ့ကိုပစ်ကာ ပျော်ရွှင်မြူးထူးပြီး ထွက်သွားသည့် စူးထောင်နောက်ကျောလေးကိုကြည့်ရင်း မျက်နှာကြီးတစ်ခုလုံး မည်းမှောင်လာပေတော့သည်။

အေးစက်ကာ မှောင်ရိပ်သမ်းနေသော အရှိန်အဝါက သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် တစ်ဖန်ထပ်၍ ပေါ်လာပြန်သည်။ အေးတိအေးစက်သာ နောက်ကိုပြန်လှည့်လိုက်ပြီး သူ့ကို ခိုးကြည့်နေကြသော သူဌေးကြီးများအား အသံတိုးတိုးလေးနှင့် ပြောလိုက်တော့သည်။

“စကားပြောကြရအောင်”

“ငါတို့ဒီလိုမျိုး ထွက်လာလို့ အဆင်ပြေပါ့မလား?”

လျူရှန်းယီက ရှဲ့ယွမ်၏ လူသတ်တော့မည့်အကြည့်ကို လှည့်ကြည့်လိုက်ပြီးနောက် သူ့ကိုယ်သူအသတ်ခံရတော့မည့်အလား ခံစားလိုက်ရလေသည်။

“ရပါတယ်”

စူးထောင်သည် လျူရှန်းယီအား စိတ်သက်သာရာရစေရန် သူ့လက်မောင်းကို ပုတ်ပေးလိုက်သည်။

စူးထောင်ကတော့ လူငယ်များနှင့် လျှောက်သွားနေရတာကို သဘောကျနေလေသည်။ သူတို့၏ ငယ်ရွယ်နုပျိုသော အင်အားနှင့်အတူ အရေးအကြီးဆုံးက သူတို့သည် နာမည်ကြီးထိပ်တန်း ဆယ်လီများဖြစ်ကြပေသည်။ သူတို့တစ်ယောက်ချင်းစီနဲ့ သိသွားရင်ဖြင့် သူမသည် သေချာပေါက်ကို အမြတ်ရပေလိမ့်မည်။

သူတို့ဆော့နေသည့်ဂိမ်းမှာ အံစာတုံးကိုသုံးပြီး ဘီးကိုလည်ခြင်းသာ ဖြစ်သည်။ ထိုပေါ်တွင်တော့ အပြစ်ပေးခံရမည်များ၊ အကျိုးခံစားခွင့်များကို ရေးထားလေ၏။

မေးခွန်းဖြေရမည်ဆိုလျှင် ကိုယ့်ကိုမေးခွန်းမေးဖို့အတွက် တစ်ယောက်ယောက်ကို ရွေးချယ်ရပေသည်။ အင်္ကျီကို တစ်ထပ်ချွတ်ခြင်း၊ ကိုယ့်ဘယ်ဘက်ကလူ၏ ဆန္ဒကို ဖြည့်ဆည်းပေးခြင်း၊ တစ်ယောက်ယောက်ကို သီချင်းဆိုရန် ရွေးချယ်ခြင်း၊ ကိုယ့်ညာဘက်ကလူကို ကပြခြင်း၊ စသည်ဖြင့်ပေါ့။

စူးထောင်သည် လှည့်ဘီးပေါ်က ထိုအပြစ်ပေးပုံများကိုကြည့်ရင်း ဒီဘီးကို ပြင်ဆင်ထားသူက အတော်ကို အရည်အချင်းရှိလိမ့်မည်ဟု ခံစားမိလိုက်သည်။

စူးထောင်က အခုမှ ဝင်ပါတာဖြစ်သောကြောင့် အရင်စဖို့က သူမအလှည့်ဖြစ်ပေသည်။ သူမလှည့်လိုက်တော့ ‘မေးခွန်းကိုဖြေပါ’ ဆိုသည့် ဟာကို သူမ၏ အပြစ်ဒဏ်အဖြစ် ကျသွားလေတော့သည်။

ဒါပေါ့.. သူမသာ ထိုအပြစ်ပေးဒဏ်ကို မလုပ်ချင်ဘူးဆိုရင် အဲ့အစား ဝိုင်တစ်ခွက်ကို သောက်လိုက်နိုင်သည်လေ။

“ဟုတ်ပြီ ဘယ်သူမေးမှာလဲ?”

စူးထောင်ကတော့ အပြစ်ဒဏ်ကို လက်ခံဖို့ အဆင်သင့် ဖြစ်နေခဲ့ပေသည်။

တစ်ချိန်တည်းမှာပဲ လူတစ်ချို့က ထပြောကြပြီး အံ့ဩစရာကောင်းတာကတော့ တစ်ညီတစ်ညာတည်းဖြင့် တူညီသောမေးခွန်းကိုသာ မေးခဲ့ကြခြင်းဖြစ်သည်။

“နင်က မစ္စတာရှဲ့နဲ့ တွဲနေတာလား?”

မေးပြီးသည်နှင့် လူတိုင်းလည်း ဝက်ဝက်ကွဲရယ်လိုက်ကြတော့သည်။ စူးထောင်နှင့် ရှဲ့ကျင်၏ ဆက်ဆံရေးကို သူတို့အားလုံးသိချင်နေကြတယ်ဆိုတာ အသိသာကြီးပဲလေ။

စူးထောင်ကတော့ ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။ တစ်နည်းအားဖြင့် ဝန်ခံလိုက်သလိုပင်။

ဒီလိုနှင့် လူတိုင်းက အားပေးကြွေးကြော်လိုက်ကြပြီး ထပ်မံ၍ လက်ခုပ်တီးပေးလိုက်ကြတော့သည်။

သူတို့အားလုံး၏ သဘောတူထောက်ခံသံက ဘေးတံခါးက ရာထူးကြီးကြီးများပင် ကြားနိုင်လောက်သည်အထိ ပြတ်သားကျယ်လောင်လှပေသည်။

ရှဲ့ကျင်နှင့် အလုပ်အတူတူတွဲလုပ်ရန် ဆွေးနွေးခဲ့သော်လည်း ‘စိတ်မဝင်စားဘူး’ ဆို၍ ငြင်းဆိုခံခဲ့ရသော စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် ဘေးတံခါးက အားပေးကြွေးကြော်သံများကိုကြားပြီး သိသိကြီးနှင့် ပြုံးကာ ပြောလိုက်သည်။

“ကိုယ်တွေရဲ့ မစ္စတာရှဲ့နဲ့ အေးဂျင့်စူးထောင်က တကယ်ကို လိုက်ဖက်ညီတဲ့အတွဲပဲ။ သူတို့ကိုကြည့်ရတာ မသိရင် လက်ထပ်ထားတဲ့ စုံတွဲကျနေရော”

ရှဲ့ကျင်သည် စူးထောင်ဘက်ကို ကြည့်နေသည့် သူ့ခေါင်းကို ဖြည်းဖြည်းချင်း ပြန်လှည့်လိုက်ကာ သူ့ကိုကြည့်လိုက်သည်။ ရှဲ့ကျင်၏ မျက်ဝန်းများထဲတွင်တော့ စိတ်ကျေနပ်မှုများဖြင့် ပြည့်နှက်နေပေတော့သည်။

“ဟင်း.. အမြင်ရှိသားပဲ.. စောနတုံးက မင်းပြောခဲ့တဲ့ ပူးပေါင်းမှုအကြောင်း ဆွေးနွေးကြရအောင်”

နောက်တစ်ဂိမ်းဆော့ပြီးသည့်နောက်မှာတော့ စူးထောင်အလှည့် ပြန်ရောက်လာပေတော့သည်။

သူမသည် ခလုတ်ကိုဖိလိုက်ပြီး နောက်ဆုံးတော့ အံစာတုံးက ကျသွားခဲ့သည်။

“သင့်ရဲ့ဘယ်ဘက်ကလူကို ဖက်ပါ”

“ဘယ်ဘက်ကလူကို ဖက်ပါတဲ့.. အဲ့ဒါ လျူရှန်းယီပဲ”

အသံကျယ်ကျယ်နှင့် အမျိုးသမီးတစ်ယောက်က ဘီးပေါ်ရှိ အပြစ်ဒဏ်ကို ဖတ်ပြလိုက်သည်။

စူးထောင်၏ ဘယ်ဘက်တွင်ထိုင်နေသော လျူရှန်းယီကတော့ တစ်ကိုယ်လုံး အေးခဲသွားတော့သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် မကောင်းသော နိမိတ်များကို ခံစားမိလိုက်လေသည်။ ထိုခံစားချက်လာရာ လမ်းကြောင်းကို ကြည့်လိုက်သည့်အခါမှာတော့ အန္တရာယ်များသော အကြည့်နှင့်၊ လူသတ်တော့မည့် အရှိန်အဝါတွေကို ထုတ်လွင့်နေသော ရှဲ့ကျင်တစ်ယောက် ဒီဘက်ကို လျှောက်လာတာကို တွေ့လိုက်ရတော့သည်။

လျူရှန်းယီလည်း ချက်ချင်းမတ်တပ်ထရပ်လိုက်ပြီး ဝေးဝေးကို ခုန်သွားကာ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေသလိုမျိုး သူ့လက်တွေကို ခါရမ်းပြနေတော့သည်။ သူ့ကြည့်ရတာ အရှက်တကွဲဖြစ်မှာကို ကြောက်ရွံ့နေသည့် တုန်လှုပ်ခြောက်ခြားနေသော သတို့သားငယ်လေးတစ်ယောက်လိုပင်။

“မလုပ်ပါနဲ့ မလုပ်ပါနဲ့.. ဆရာမစူး.. ကျွန်တော် သောက်ပဲသောက်လိုက်လို့ရလား။ ကျွန်တော်အပြစ်ပေးခံလိုက်ပါမယ်”

သူပြောနေတုံးမှာပဲ ရှဲ့ကျင်က ဒီဘက်ကို ချဉ်းကပ်လာခဲ့လေပြီ။ သူ့မျက်နှာကတော့ မှုန်ကုပ်နေကာ မျက်လုံးများကလည်း စူးထောင်ပေါ် အကြည့်မရောက်ခင်အထိ တစ်ခန်းလုံးကို ကြည့်လိုက်သေးသည်။

ရှဲ့ကျင်သည် အေးတိအေးစက်နိုင်မှုနှင့် စကားအပြောအဆို ရင့်သီးသည်ဟု နာမည်ထွက်ပေသည်။ လူတိုင်းက သူတို့အဆူခံရတော့မလို ထင်နေချိန်မှာပဲ စူးထောင်က သူမမျက်နှာကို မေ့ကာ သိမ်သိမ်မွေ့မွေ့လေး မေးလိုက်လေသည်။

“ဘာဖြစ်လို့လဲ?”

အဲ့ကျတော့မှသာ ရှဲ့ကျင်သည် သူ၏အန္တရာယ်များသော အကြည့်ကို လွှတ်ချလိုက်လေတော့သည်။ သူ့အသံက တိုးသော်ငြားလည်း လူတိုင်းစိတ်ကူးထားသလို ရက်စက်ကြမ်းကြုပ်မှုနှင့် အေးစက်မှုများ မပါဝင်နေပေ။ အဲ့အစား မထင်မှတ်ထားလောက်အောင် သိမ်မွေ့နေပေသည်။

“ကိုယ်လည်းဆော့ချင်တယ်”

လူတိုင်း - “...”

ဒါပေမယ့် ငါတို့ကမှ ခင်ဗျားနဲ့ မဆော့ချင်တာကို...

သို့သော်လည်း စူးထောင်က သန့်စင်ခန်းသွားဖို့လိုသည်ဆို၍ ဖြစ်လာတော့သည်။ ထို့ကြောင့် သူမနေရာကို သူ့အား လိုလိုလားလား ဖယ်ပေးလိုက်ရင်း ပြောလိုက်သည်။

“ကောင်းတာပေါ့.. ငါသန့်စင်ခန်းသွားလိုက်ဦးမယ်။ ငါ့အတွက် တစ်ပွဲလောက် ဆော့ပေးထားပါဦး”

စူးထောင် ဒါကိုပြောလိုက်သည့်အချိန်တွင် လူတိုင်းကတော့ စိတ်ထဲမှာ ငိုကြွေးနေကြတော့သည်။

ရှဲ့ကျင် - ...ကိုယ့်ကိုလည်း ခေါ်သွား

လူတိုင်း - ...သူ့ကိုလည်း ခေါ်သွား

All Chapters