အခန်း (၅၆)
Vol. 6 Ch. 56
စူးထောင်ဟာ နက်ဖြန်အတွက် ပေချန်သို့သွားမည့် လေယာဥ်လက်မှတ်တစ်ခုကို ဘိုကင်တင်ထားခဲ့သည်။ survival show နောက်ဆုံးပွဲစဥ် မစတင်ခင်အချိန်၌ ပရိုဂျူဆာအဖွဲ့နှင့် အဆက်အသွယ်အတွက် စကားအချို့ပြောရန် သူမစောရောက်နေဖို့ လိုသည်။
ဒီတစ်ခေါက် သူမနှင့်အတူ လီရွှမ်ကိုပါ ခေါ်လာခဲ့ကာ စူးထောင်ရဲ့အဆက်အသွယ်များနှင့် မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားခြင်း ဖြစ်သည်။
လီရွှမ်က ဘေ့ဘောစ်ရှပ်အင်္ကျီကို ကာဂိုဘောင်းဘီနှင့် တွဲဝတ်ကာ သပ်သပ်ရပ်ရပ်ဆံပင်အတိုညှပ်ထားခြင်းကြောင့် သူမကို ကောင်လေးတစ်ယောက်အဖြစ် မကြာခဏ အထင်လွဲခံရတတ်သည်။
ခံစားချက်ပိုင်းဆိုင်ရာများတွင် သူမက ဂရုတစိုက်မရှိသော်လည်း အလုပ်လုပ်ရာတွင် မိန်းကလေးတစ်ယောက်ရဲ့ ဗီဇအရ အသေးစိတ်ကျကာ ဂရုတစိုက်ရှိပေသည်။
သူမရဲ့ တစ်ခုတည်းသော လိုအပ်ချက်မှာ အတွေ့အကြုံ ပိုများရန် ဖြစ်သည်။ လီရွှမ်ကို သေချာပျိုးထောင်ပေးလိုက်ပါက နှစ်အနည်းငယ်အတွင်း သေချာပေါက် သူမဘာသာရပ်တည်နိုင်မည်ဟု စူးထောင်ခံစားနေရသည်။
သူမလည်း ကုမ္မဏီ၏ လတ်တလော အလုပ်ခန့်လိုက်သည့်လူများထဲမှ လိမ္မာပါးနပ်ပုံရသည့် လက်ထောက်အသစ် တစ်ယောက်ကို ရွေးခြယ်ခဲ့ပြီး ကျန်းချီနှင့်တွဲပေးထားလိုက်သည်။
စူးထောင်တစ်ယောက် အတွင်းသတင်းပေါက်ကြားသည့် အရှုပ်တော်ပုံအတွက် ဗီဒီယိုကောလ်ဖြင့် ရှယ်ယာရှင် အစည်းအဝေးကို တက်ခဲ့ရသည်။
လျန်ခယ့်တင်ပြခဲ့သော သက်သေအထောက်အထားမှာ ခိုင်လုံသဖြင့် စူးထောင်ဘက်မှ အများကြီးထပ်ပြောစရာ မလိုပါပေ။ အချိန်ကျလာပါက သူမဘက်က မဲပေးရန်သာ လိုအပ်တော့သည်။
လျိုဝမ်ထောင်တွင် အရင်တစ်ခေါက် စူးထောင်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့တုန်းကကဲ့သို့ မမောက်မာမှုမျိုး မရှိတော့ပါပေ။ သူမဘာပြောပြော အသုံးဝင်နိုင်မည် မဟုတ်ကြောင်းကို သိနေသဖြင့် အရာအားလုံးအတွက် အပြည့်အဝ တာဝန်ယူခဲ့ပေသည်။
နောက်ဆုံးရလဒ်အရ လျိုဝမ်ထောင်နှင့် ပြည်သူ့ဆက်ဆံရေးဌာန၏ ဒါရိုက်တာတို့နှစ်ဦးမှာ အလုပ်ထုတ်ခံလိုက်ရပြီး ကုမ္ပဏီ၏ နစ်နာဆုံးရှုံးမှုအတွက် လျော်ကြေးငွေများ ပေးဆောင်ရန် လိုအပ်ပေသည်။
လျိုဝမ်ထောင်က ငွေကြေးသီးသန့်သာမကဘဲ သူမပိုင်ဆိုင်ခဲ့သော ရှယ်ယာများကိုပါ လက်လွှတ်ဆုံးရှုံးခဲ့ရပေသည်။
ကျန်းချီကွမ်းက အမြဲတမ်းလိုလို အပေါ်ယံတွင် လွန်တည်ငြိမ်နေပုံရသော်လည်း အတွင်းစိတ်ထဲ၌ ဘာတွေးနေမှန်း မသိနိုင်ပါချေ။ သို့သော် ထိုလူက ကုမ္ပဏီ၏ စည်းမျဥ်းစည်းကမ်းများနှင့် ပက်သက်လာပါက စိတ်ချရပေသည်။
ဒါ့အပြင် ဒီကမ္ဘာမှာ ဘယ်စီးပွားရေးလုပ်ငန်းရှင်ကများ မျက်စိရှေ့က အကျိုးအမြတ်ကို မြင်ပြီး ဗုဒ္ဓလို တည်ငြိမ်နေနိုင်မှာလဲ။ အားလုံးက သူတို့ရဲ့အလိုဆန္ဒတွေအတွက် ဟန်ဆောင်နေကြတာပဲလေ။
ကျန်းချီကွမ်းက ချက်ချင်းပဲ လျိုဝမ်ထောင်ရဲ့ရှယ်ယာတွေကို သူ့ကိုယ်ပိုင်အကောင့်ကိုသုံး၍ ဝယ်ယူလိုက်တော့သည်။ ဒါ့အပြင် သူက လျိုဝမ်ထောင်ရဲ့ လုပ်ရပ်တွေကို ဒီနယ်ပယ်ထဲ၌ တိုက်ရိုက်ဖော်ထုတ်ခဲ့သည်။ မိမိကုမ္ပဏီ၏ အတွင်းသတင်းတွေကို ခိုးယူခဲ့ပြီး လုပ်ဖော်ကိုင်ဖက်အပေါ် ချောက်ချကာ ကုမ္ပဏီ၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေသည့် လုပ်ရပ်ကြောင့် အခြားကုမ္ပဏီများမှ လျိုဝမ်ထောင်ကို အလုပ်မခန့်မိစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်ပေသည်။
ကျန်းချီကွမ်း၏ သဘောထားက လျိုဝမ်ထောင်ကို အလွန်အမင်း နောင်တရစေခဲ့သည်။ သဘောထားကြီးပုံပေါ်တဲ့ အဲ့လူက ဒီလောက်ထိ လုပ်လိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။
ဤသို့ဖြင့် အင်တာတိန်းမန့်လောကထဲတွင် သူမအတွက်ရောဝင်နေထိုင်ရန် နေရာမရှိတော့ပါချေ။ ထိုအရာက သူမကို မျက်နှာပျက်စေသဖြင့် လျိုဝမ်ထောင်တစ်ယောက် နောက်ဆုံးအနေဖြင့် အခွင့်အရေးတစ်ခု ရလိုရငြားပြောလိုက်သည်။
“ ဘော့စ်ကျန်း…တကယ်တော့ ကျွန်မမှာ ကုမ္ပဏီအတွက် ခံစားချက်တွေ ရှိပါသေးတယ်။ တကယ်လို့ ဘဏ္ဍာငွေ ကြပ်တည်းနေရင်……”
“ ကျွန်မ ရှယ်ယာတွေရဲ့ 5 ရာခိုင်နှုန်းကို ဝယ်ပေးနိုင်တယ် “
ဗီဒီယိုတစ်ဖက်မှ လေ့လာစောင့်ကြည့်နေခဲ့သော စူးထောင်တစ်ယောက် ရုတ်တရက် ပြောလိုက်သည်။ ဟော့ပေါ့အိုးထဲသို့ အသားအချို့ထည့်ရန် အကြံပြုနေသည့်အလား သူမအသံက တည်ငြိမ်နေလေသည်။
စူးထောင် - “ ဘော့စ်ကျန်း…ကျွန်မကို အတွင်းလူစျေးနဲ့တော့ ရောင်းပေးပါ၊ တစ်ပတ်အတွင်း ရှင့်ရဲ့အကောင့်ထဲကို ငွေလွှဲလိုက်ပါ့မယ် “
ကျန်းချီကွမ်းက အော်ရယ်လိုက်တော့သည်။ စူးထောင်ဟာ အပေါ်ယံတွင် နာခံတတ်ပုံပေါ်ပေမယ့် နည်းနည်းဥာဏ်များလေသည်။ သူမရဲ့ အမူအကျင့်တို့က မပြောင်းလဲပါချေ။ သူမကို ရန်စသည့် ဘယ်သူ့ကိုမဆို အလွယ်တကူ လွှတ်ပေးလိမ့်မည် မဟုတ်ပေ။
ထို့နောက် လျိုဝမ်ထောင်ရဲ့ ဒေါသထွက်နေသော မျက်နှာကို ကြည့်ရင်း ဖုန်းချလိုက်လေသည်။
ကားက ကြိုတင်ဆုံးဖြတ်ထားသော စားသောက်ဆိုင်သို့ ရောက်လာခဲ့သည်။ စူးထောင်နှင့် လီရွှမ်တို့ဟာ Survival Show အဖွဲ့သားတွေနဲ့ မဆက်သွယ်ခင် ထမင်းတစ်နပ်စားဖို့တောင် အချိန်မရှိခဲ့ကြပေ။
စီစဥ်မှုတွေကို အဆုံးသတ်ပြီးနောက် ရှိုးရဲ့နောက်ဆုံးပိုင်းတွင် DGရဲ့စာချုပ်အကြောင်းကို ကြေညာခဲ့ပြီး လုပ်ငန်းစဥ် အသေးစိတ်ကို အတည်ပြုပြီးမှ စူးထောင် စိတ်သက်သာရာ ရသွားတော့သည်။
ထရိန်နင်စခန်းထဲ၌ ကျန်းချီသည် သီးသန့်လေ့ကျင့်ရေးအခန်းထဲတွင် သူ့ရဲ့တစ်ကိုယ်တော် ကပြဖော်ဖြေမှုကို အဆုံးသတ်ခဲ့သည်။ မှန်ရှေ့ရှိ ဘားကောင်တာကို မှီလျက် ရေသောက်ရန် ခေါင်းကိုစောင်းလိုက်ပေသည်။ ရေစက်များက သူ့ရဲ့ ထက်ရှသောမေးရိုးမှတစ်ဆင့် လှိမ့်ဆင်းလာပြီး ဖြူသွယ်သော လည်တိုင်ကိုဖြတ်ကာ လည်ဇလုပ်ရဲ့လှုပ်ရှားမှုအတိုင်း အောက်သို့ ရွေ့လျားသွားပြီး ရင်ဘတ်ပေါ်သို့ ကျဆင်းသွားခဲ့သည်။
“ ကလစ် “
ကျန်းချီ ရေသောက်တာကို ရပ်လိုက်ပြီး သူ့ရဲ့ရှည်သွယ်သောမျက်လုံးများကို ကျဥ်းမြောင်းကာ ထရိန်နင်အခန်းရဲ့ တံခါးဆီသို့ ကြည့်လိုက်သည်။ တံခါးက အသံတစ်ခုဖြင့် ပွင့်လာပြီး ဖုန်းကင်မရာမှန်ဘီလူးတစ်ခုက ခိုးကြောင်ခိုးဝှက် ပေါ်ထွက်လာခဲ့သည်။
“ အဲ့မှာ ဘယ်သူလဲ “
ကျန်းချီ မကျေမနပ်ဖြင့် လှမ်းခေါ်လိုက်သည်။
နောက်တစ်စက္ကန့်တွင် တံခါးပွင့်သွားခဲ့သည်။ ကျန်းနန်၏ အလှအပစံနှုန်းတစ်ခုဖြစ်သော လှပသော ဖရဲစေ့ပုံစံ မျက်နှာလေးကို ပိုင်ဆိုင်ထားကာ နီဆွေးသောနှုတ်ခမ်းများနှင့် သွားဖြူဖြူလေးများရှိသည့် အမျိုးသမီးလေးက ချောင်းကြည့်လာခဲ့သည်။ သူမက နူးညံ့ညင်သာစွာ ပြောလိုက်သည်။ “ ငါပါ “
ဝင်ရောက်ကျူးကျော်လာသူမှာ အကျော်ကြားဆုံး အမျိုးသမီးပြိုင်ပွဲဝင် တစ်ယောက်ဖြစ်သည့် ဖူချန်းချန်း ဖြစ်သည်။
ကျန်းချီရဲ့ အကွာအဝေး ခြားထားမှုက ဖူချန်းချန်းကို အလွန်စိတ်မသက်မသာ ဖြစ်စေသည်။ စခန်းကိုဝင်လာပြီးနောက် သူ့ဘက်မှစ၍ ဘယ်သူ့ကိုမှ အီစီကလီမလုပ်ခဲ့သော်လည်း တစ်ဖက်မှ အစပြုလာခဲ့လျှင်လည်း အထူးတလည် ငြင်းဆန်ခြင်းမျိုး မရှိခဲ့ပါချေ။
ဖူချန်းချန်း သူ့အနီးသို့ လျှောက်သွားလိုက်သောအခါ သူ့လည်တိုင်ပေါ်တွင် စိုနေသော ရေစက်များကို မြင်လိုက်ရသည်။ သူမက တစ်ရှူးထုပ်ကို ထုတ်ယူကာ တစ်ရွက်ဆွဲထုတ်ပြီး သူ့ကိုကူသုတ်ပေးချင်ခဲ့သည်။ သို့သော်လည်း ကျန်းချီက သူ့ခေါင်းကိုလှည့်ကာ ရှောင်လိုက်ပြီး သူ့လက်ခုံဖြင့် ပြီးစလွယ် သုတ်တာ ပြောလာခဲ့သည်။
“ အဲ့ပုံကိုဖျက်ပေးပါ “
ဖူချန်းချန်းရဲ့ လက်ချောင်းများ တုန်ယင်သွားသည်။ သူမ ဒီနေ့ သူ့ကိုလာရှာရခြင်းမှာ နက်ဖြန်တွင် ဖိုင်နယ်ပွဲစဥ်ကျင်းပမှာ ဖြစ်သဖြင့် အခု မလှုပ်ရှားပါက သူမမှာ သူနဲ့ဆက်သွယ်နိုင်ရန် နောက်ထပ်အခွင့်အရေး ထပ်မရှိနိုင်တော့ခြင်းကြောင့်ပင်။
ဒါပေမယ့် ကျန်းချီဘက်မှ ဓါတ်ပုံ ဖျက်ခိုင်းလိုက်ခြင်းသည် သူမအား သူစိတ်မဝင်စားကြောင်း ပြောကာ တိုက်ရိုက်ငြင်းပယ်ခြင်းနှင့် တူညီလေသည်။
တက္ကသိုလ်ရှိ သူမရဲ့သူငယ်ချင်းတွေ ပြောတော့ ကျန်းချီက နူးညံ့ညင်သာပြီး ရိုမန့်တစ်ဆန်ကာ သူ့ကိုချဥ်းကပ်လာသည့် ဘယ်လိုမိန်းကလေးကိုမဆို ကြိုဆိုလေ့ရှိတယ်တဲ့လေ။
ဖူချန်းချန်းဟာ သူ့ကို မျက်ရည်များပြည့်နေသော ဗာဒံစေ့ပုံစံမျက်ဝန်းများဖြင့် ကြည့်နေခဲ့သည်။
“ ကျန်းချီ…မိန်းကလေး ပြိုင်ပွဲဝင်တွေထဲမှာ ပထမနေရာကို ငါရပြီး ယောကျ်ားလေးတွေထဲမှာဆို နင်ရလိမ့်မယ်၊ ငါ့ရဲ့အေးဂျင့်က အိုင်ဒေါဒရမ်မာတစ်ခုကို ယူပေးထားတယ်၊ ငါနင့်ကို အမျိုးသားဇာတ်လိုက်နေရာအတွက် အကြံပြုပေးချင်တယ် “
ကျန်းချီက သူ့ရဲ့ အနည်းငယ်ရှည်နေသော ရှေ့ဆံမိတ်ကိုခါလျက် လက်ဖြင့် ဆံပင်နောက်သို့ လှန်တင်လိုက်ပြီး မထူးခြားနားစွာ ပြောလာခဲ့သည်။
“ အဲဒါကို ငါ့ရဲ့အေးဂျင့်နဲ့ ဆွေးနွေးကြည့်လိုက်ပါ၊ ဒါပေမယ့် ငါတော့ အိုင်ဒေါဒရမ်မာတွေကို သိပ်စိတ်မဝင်စားဘူး”
ရုတ်တရက်ဆိုသလို ထရိန်နင်အခန်းအပြင်ဘက်မှ အလျင်စလိုဖြစ်နေသော ခြေသံများနှင့်အတူ စူးယန်ရှင်းရဲ့ အသံထွက်ပေါ်လာသည်။
“ ကျန်းချီ…ငါ့အစ်မ ရောက်နေတယ်၊ အခုအစည်းအဝေးခန်းထဲမှာတဲ့ ”
ကျန်းချီရဲ့မျက်လုံးများက ချက်ချင်း တောက်ပသွားပြီး နှုတ်ခမ်းထောင့်မှာ မဖုံးဖိနိုင်သည့် အပြုံးသေးသေးလေးတစ်ခု ပေါ်လာခဲ့သည်။ ခြေနှစ်လှမ်း လှမ်းလိုက်ပြီးနောက် ပြန်လှည့်ကာ ဘေးမှာချထားခဲ့သော သူ့ဖုန်းကို ဆွဲယူလိုက်သည်။ ထင်သည့်အတိုင်းပင် ဖုန်းထဲ၌ စူးထောင်ဆီမှ လွတ်သွားခဲ့သော ဖုန်းခေါ်ဆိုမှုများစွာကို တွေ့လိုက်ရလေသည်။ သူ့ကိုယ်သူတောင် မထိန်းနိုင်ဘဲ ဟက်ဟက်ပက်ပက် ပြုံးလိုက်တော့သည်။
ရုတ်တရက်ဆိုသလို သူ့ကော်လံကို အဆွဲခံလိုက်ရကာ တံခါးဆီမှ တစ်မီတာအကွာတွင် ဖိအားပေး ရပ်တန့်ခံလိုက်ရလေသည်။ ဒီလိုနှင့် ကျန်းချီတစ်ယောက် သူ့ကော်လံကိုဆွဲထားသည့် စူးယန်ရှင်းကို မျက်မှောင်ကျုံ့လျက် ကြည့်ကာ မကျေမနပ် ပြောလိုက်တော့သည်။
“ ဘာလို့ လာဆွဲနေရတာလဲ၊ သူမက ငါ့အေးဂျင့်လေ “
“ မင်းရဲ့အေးဂျင့်ဆိုရင်တောင် လက်လွတ်စပယ်ဝင်သွားလို့မရဘူး “
ကျန်းချီက အားဖြင့် သူ့ကိုခါချလိုက်ကာ နောက်တွင် ချန်ထားရစ်ခဲ့တော့သည်။ ထို့နောက် ခြေလှမ်းကျယ်ကြီးများဖြင့် စူးထောင်ထိုင်နေသည့်နေရာရှေ့သို့ လျှောက်သွားလေသည်။
ခြေထောက်နှစ်ဖက်ကိုခွဲရပ်ကာ လက်များကို အိတ်ကပ်ထဲထည့်လျက် ရှေ့သို့ငုံ့ကိုင်းလိုက်ပြီး စူးထောင်အား ဆွဲဆောင်မှုရှိစွာ ပြုံးပြလိုက်သည်။ စူးထောင်ကလည်း ပြန်ပြုံးပြလိုက်ပြီး သူ့ရဲ့တောက်လောင်နေသော အကြည့်များကို ကာရန် ရှေ့ရှိ စားပွဲခုံပေါ်၌ စာချုပ်ကို တင်လိုက်သည်။
ကျန်းချီကတော့ စာချုပ်ကို လစ်လျူရှုပြီး သူမကိုသာ စိုက်ကြည့်နေခဲ့သည်။ သူ့မျက်လုံးထဲရှိ ခံစားချက်များက အရှိန်အဟုန်ပြင်းစွာ လောင်ကျွမ်းနေသော မီးတောက်တစ်ခုနှယ်။
သူ့ခံစားချက်များကို တည်ငြိမ်စေရန် စူးထောင်တစ်ယောက် သူ့ကိုလှုံ့ဆော်မှု ဖြစ်စေမည့် စကားအကြောင်းအရာများကို ရှောင်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ ငါအားလုံး ပြင်ဆင်ထားတယ်၊ မနက်ဖြန် အကောင်းဆုံးသာဖျော်ဖြေလာခဲ့ “
“ ကျွန်တော်ကောင်းကောင်းလုပ်ခဲ့ရင် ဘာဆုပေးမှာလဲ”
ကျန်းချီရဲ့ ကြည်လင်တဲ့ မျက်လုံးများက စနောက်ကျီစယ်ဟန် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ မင်းတို့နှစ်ယောက် ငါ့ကို ကိုယ်ပျောက်လူသားလို့ သတ်မှတ်ပြီး အီစီကလီ လုပ်နေကြတာလား ”
ဘေးတွင် ရပ်စောင့်နေသော စူးယန်ရှင်းတစ်ယောက် သည်းမခံနိုင်တော့ဘဲ ပြောလာခဲ့သည်။
စူးယန်ရှင်းရဲ့ စကားလုံးတွေက စူးထောင်ကို ကယ်တင်လိုက်သည်။ သူမ တကယ်တော့ ကျန်းချီဖုန်းကို ဆက်သွယ်မရလို့ စူးယန်ရှင်းကို ခေါ်ခဲ့ခြင်း ဖြစ်သည်။
သနားစရာကောင်းတဲ့ ကလေးခမျာ သူ့ကိုယ်သူ စာပို့သမားတစ်ယောက်ပဲဆိုတာ မသိရှာဘူး။ စူးထောင်က ဖိုင်နယ်ပွဲစဥ်အတွက် သူ့ကိုလာအားပေးတယ်လို့ ထင်နေရှာပေသည်။ စူးထောင်က အဲ့လောက် နှလုံးသားမမဲ့ပါဘူး။ သူမ စူးယန်ရှင်းကို ပြုံးပြပြီး ညင်သာစွာ ပြောလိုက်သည်။
“ ဒါပေါ့၊ နင်က နက်ဖြန်ကျရင် သေချာပေါက် အဆင့်ကောင်းမှာပါ၊ အကောင်းဆုံးသာ လုပ်ခဲ့နော် ”
နောက်ထပ် ကိုယ်ပျောက် လူသားတစ်ယောက်ဖြစ်သူ လီရွှမ်က ချက်ချင်းပင် စူးထောင်ရဲ့ရည်ရွယ်ချက်ကို နားလည်သွားသည်။ ထို့နောက် လျှောက်လာကာ စူးယန်ရှင်းရဲ့ပုခုံးကို ပုတ်ပေးလိုက်ပြီး အပြင်သို့ ညွှန်ပြလိုက်သည်။
“ ဘော့စ် ရှင့်အတွက် ဝယ်လာတဲ့ မုန့်တွေ ကားထဲမှာရှိတယ်၊ ကျွန်မတစ်ယောက်တည်း မသယ်နိုင်လို့ ကူသယ်ပေးပါဦး ”
စူးထောင်က သူ့အတွက် မုန့်ဝယ်လာတယ်ဆိုတာကို ကြားတော့ စူးယန်ရှင်း ထိရှသွားကာ လီရွှမ်နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားတော့သည်။ စူးထောင်က ကျန်းချီနှင့် စာချုပ်အသေးစိတ်ကို ဆွေးနွေးချင်နေပြီး စူးယန်ရှင်းကိုလည်း မကြားစေချင်ပေ။ ဤသည်မှာ သူ့ကို မယုံကြည်လို့ မဟုတ်ဘဲ စူးဟောင်ရန်က သူ့ဆီက သတင်းနှိုက်သွားမှာကို စိုးရိမ်မိခြင်းကြောင့် ဖြစ်လေသည်။
အစည်းအဝေးခန်းထဲ၌ စူးထောင်နှင့် ကျန်းချီတို့နှစ်ယောက်သာ ကျန်နေခဲ့သည်။ စူးထောင်ဟာ သူမအိတ်ထဲမှ နက်ဖြန်ရိုက်ကူးရေးအတွက် အချိန်ဇယားတစ်ခုကို ထုတ်လိုက်ပြီး စားပွဲပေါ်တွင် တင်ကာ ကျန်းချီဆီသို့ ညွှန်ပြလိုက်သည်။
“ ခုလေးတင် ပရိုဂရမ်အဖွဲ့နဲ့ ဆွေးနွေးပြီး နောက်ဆုံးအပိုင်းကိုပြောင်းခဲ့တာ၊ နင့်ကို သေချာပေါက် ပထမနေရာရအောင် လုပ်ပေးမယ်၊ နင့်ဘက်က ကျေးဇူးတင်စကားပြောပြီးတာနဲ့ ပရိုဂရမ်အဖွဲ့က စခရင်ပေါ်မှာ ဗီဒီယိုတစ်ခုကို ဖွင့်ပြရင်း DGနဲ့စာချုပ်ကို ကြေညာလိမ့်မယ်၊ ပြီးတာနဲ့ ငါတို့က စာချုပ်ချုပ်ဖို့ သွားရုံပဲ…”
စူးထောင် ဆက်တိုက်ပြောပြီးနောက် လှည့်ကြည့်လိုက်ရာ ကျန်းချီမှာ အချိန်ဇယားအသစ်ကို မကြည့်ဘဲ သူမကိုသာ စိုက်ကြည့်နေခြင်း ဖြစ်ကြောင်း မြင်လိုက်ရသည်။
“ ကျန်းချီ ”
စူးထောင် သူ့ရဲ့နာမည်ကို ထပ်ခေါ်လိုက်ပြီး အာရုံစိုက်လာစေရန် စားပွဲကို ပုတ်လိုက်သည်။
“ နင်ဘာတွေ တွေးနေတာလဲ ”
“ မင်းဘယ်လောက်တောင် ကြည့်ကောင်းလဲဆိုတာကို တွေးနေတာ ”
ကျန်းချီက အကြည့်မလွှဲသွားရုံသာမက သူ့ရဲ့လက်ချောင်းတွေကိုတောင်မှ သူမဆီသို့ ဆန့်ထုတ်လာခဲ့သည်။ စူးထောင် နောက်ကိုဆုတ်၍ ရှောင်လိုက်ရာ စားပွဲပေါ်ရှိ အဖုံးမပိတ်ထားသော ရေဘူးကို တိုက်မိသွားလေသည်။ ဒီလိုနှင့် ရေများဖိတ်စင်သွားကာ သူမရဲ့အိတ်ပေါ်သို့ ကျကုန်တော့သည်။
စူးထောင် အလျင်စလိုဖြင့် အိတ်ကို ကောက်ကိုင်လိုက်ပြီး ရေများကို ခါထုတ်နေချိန် တစ်ရှူးတစ်ခု ကမ်းပေးလာတာကို မြင်လိုက်ရသည်။ စူးထောင် ယူသုတ်ပြီးမှ တစ်ရှူးပေါ်ရှိ နှုတ်ခမ်းနီဖြင့် အနမ်းအမှတ်အသားကို ရှာဖွေတွေ့ရှိသွားရသည်။ အရွယ်အစားအရ မိန်းကလေးတစ်ယောက်ရဲ့ နှုတ်ခမ်းဖြစ်ပုံရသည်။
စူးထောင် မမေးရသေးခင်မှာပဲ ကျန်းချီက အလျင်စလိုဖြင့် ရှင်းပြလာခဲ့သည်။
“ အဲဒါ ကိုယ့်ဟာ မဟုတ်ဘူးနော် ”
စူးထောင် တစ်ရှူးထုတ်ကိုယူကာ နောက်တစ်ရွက် ထုတ်ကြည့်လိုက်သောအခါ အနမ်းအမှတ်အသားတစ်ခုကို ထပ်တွေ့လိုက်ရပြန်သည်။ တစ်ရှူးတစ်ထုပ်လုံးတွင် နှုတ်ခမ်နီအမှတ်အသားများ ရှိနေခဲ့ပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ထားခြင်းဖြစ်ကြောင်း စူးထောင် သေချာသိသွားခဲ့သည်။
“ ဒါက တီထွင်ဖန်တီးမှုမရှိတဲ့ နည်းလမ်းဟောင်းတစ်ခုပါပဲ ”
စူးထောင် မျက်ခုံးပင့်ကာ လှောင်ပြောင်လိုက်သည်။
ကျန်းချီက နာမည်ကြီးတယ်ဆိုတာ သူမသိပါတယ်။ ဒါပေမယ့် သူ့ကိုဝန်ခံတဲ့သူတွေက အမျိုးအစားစုံလွန်းလို့ သူမတောင် မတားဆီးနိုင်တော့ဘူးလေ။ အခု စူးထောင်ခံစားမိတာတစ်ခုက ကျန်းချီဟာ အနှေးနဲ့အမြန် ရည်းစားတစ်ယောက် ရလာနိုင်တယ်ဆိုတာပါပဲ။ သူက မိန်းကလေးတွေနဲ့ အီစီကလီလုပ်တဲ့နေရာမှာလည်း အရမ်းကျွမ်းကျင်တယ်လေ။ သူမကိုယ်တိုင်က ကူကယ်ရာမဲ့သလို ခံစားနေရသော်လည်း အကြံပေးလိုက်လေသည်။
“ ကျန်းချီ…နင်ရည်းစားထားမယ်ဆိုရင်တောင် အနည်ဆုံးတော့ အမြင့်တစ်နေရာရောက်တဲ့အထိ စောင့်ရမယ်နော် အိုခေလား၊ လာမယ့်၂နှစ်က အရေးအကြီးဆုံး အချိန်ကာလပဲ… “
“ ကိုယ်က ခုချိန်ကစပြီး မင်းကလွဲရင် အခြားဘယ်သူ့အပေါ်ကိုမှ ခံစားချက်ရှိလာမှာ မဟုတ်ဘူး ”
ကျန်းချီရဲ့ လေသံက မယုံနိုင်လောက်အောင် လေးနက်နေခဲ့သည်။
ဟိုတယ်ပြန်ရောက်သောအခါ စူးထောင်ရဲ့ စိတ်အခြေအနေမှာ ကျန်းချီကြောင့် အုံ့မှိုင်းသွားရတော့သည်။ သူမ ခဏတွေးလိုက်ကာ သူ့ကိုမက်ဆေ့ချ်တစ်စောင် ပို့လိုက်သေးသည်။
[စူးထောင် - ကျန်းချီ…အခြားအကြောင်းတွေ ခေါင်းထဲက ခဏထုတ်ထားလိုက်ဦး၊ နက်ဖြန်အတွက်ပဲ အာရုံစိုက်ထားနော် ဟုတ်ပြီလား]
[စူးထောင် - နင်ကောင်းကောင်း ဖျော်ဖြေသရွေ့ အရာအားလုံးက ပြိုင်ပွဲပြီးရင် သေချာဆွေးနွေးလို့ရတယ်လေ]
[စူးထောင် - ကျန်းချီ၊ တစ်ခုခုပြန်ပြောပါဦး…ငါစိတ်ပူလို့ အိပ်လို့တောင်မရတော့ဘူး]
[ကျန်းချီ - မင်းစိတ်ပူပြီး ကိုယ့်အကြောင်းကို တစ်ညလုံးတွေးနေအောင် လုပ်တာ၊ ဒီနည်းလမ်းက ဘယ်ဆိုးလို့လဲ]
စူးထောင် - “...”
ကလေးဆန်လိုက်တာ။