← Chapters

အခန်း (၅၇)

Vol. 6 Ch. 57

အခန်း (၅၇)

Vol. 6 Ch. 57

စူးထောင်တစ်ယောက် စိုးရိမ်ပူပန်နေချိန်တွင် ဖုန်းကောလ်တစ်ခု ဝင်လာခဲ့သည်။ ကျန်းချီလို့ထင်လိုက်တာကြောင့် ခေါ်တဲ့သူရဲ့နာမည်ကို မကြည့်လိုက်ဘဲ ချက်ချင်းဖြေလိုက်သည်။

“ စိတ်ပြောင်းသွားပြီလား “

“ ဘာကို စိတ်ပြောင်းတာလဲ “

ဖုန်းတစ်ဖက်မှ ရှဲ့ကျင်ရဲ့ အသံ ထွက်ပေါ်လာခဲ့သည်။ စူးထောင်သက်ပြင်းချကာ ပြောလိုက်သည်။

“ အိုး…နင်ပဲ ဘာကိစ္စရှိလို့လဲ “

ရှဲ့ကျင်ရဲ့လေသံက ချက်ချင်းပြောင်းလဲသွားခဲ့သည်။

“ ကိုယ့်ကို ဘယ်သူလို့ထင်နေခဲ့တာလဲ “

“ နင်ပြောမယ့်အကြောင်းအရာကိုသာ ပြောစမ်းပါ “

စူးထောင်ရဲ့လေသံက စိတ်မရှည်မှုတို့ ရောစွက်နေကာ အချိန်မရွေး ဖုန်းချပစ်နိုင်သည့်အလား။

“ ကိုယ် ပေချန်ကို ပြန်ရောက်နေပြီ၊ မင်းဘယ်မှာနေတာလဲ၊ ဒါမှမဟုတ် မင်း အိမ်ပြန်လာချင်…”

အိမ်ပြန်လာချင်လားဟု မေးချင်ခဲ့ပေမယ့် သူ့ကိုယ်သူ ရပ်တန့်လိုက်ကာ စကား ပြောင်းပြောလိုက်လေသည်။

“ မင်းရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကိုယ့်ဗီလာမှာ လာနေလိုက်လေ၊ အခန်းတွေ အများကြီးရှိတယ် “

စူးထောင် - “ မလိုပါဘူး၊ ကျေးဇူးပါ “

ရှဲ့ကျင် -“ အဲဒါဆို မင်းဘယ်မှာနေနေတာလဲ၊ ကိုယ့်ကို တည်နေရာပို့ပေးလေ “

စူးထောင် -“မပို့တော့ဘူး၊ ဘိုင့်ဘိုင် “

ရှဲ့ကျင် - “...”

ဖိုင်နယ်ပွဲစဥ်အတွက်နေရာက အရင်စတိတ်စင်များထက် ပိုကြီးပြီး အနုပညာအရည်အသွေး ပိုမြင့်မားကာ ဖိတ်ကြားထားသော နာမည်ကျော် ဧည့်သည်တော်များကြောင့် ပို၍ပင် အထက်တန်းဆန်နေတော့သည်။

ပြိုင်ပွဲဝင်36ယောက်သာကျန်ပြီး ယောကျ်ားလေး 18 ယောက်နှင့် မိန်းကလေး 18 ယောက်ဖြစ်သည်။ ဒီနေရာတွင် မကြာမှီအချိန်၌ တစ်ဖက်စီမှ 9ယောက်စီကို ရွေးခြယ်၍ အဖွဲ့ဖွဲ့ပေးရန် ဆုံးဖြတ်တော့မှာ ဖြစ်သည်။

စူးထောင် တိုက်ရိုက်ထုတ်လွှင့်မှုနေရာသို့ စောစော ရောက်လာခဲ့သည်။ ထိုအခွင့်အရေးကိုယူကာ စတိတ်စင်အနောက်တွင် ရီဟာဇယ်လုပ်နေသော ကျန်းချီကို စကားပြောရန် ခေါ်လိုက်သည်။

ကျန်းချီက သူ့ရဲ့စတိတ်စင် မိတ်ကပ်ကို လိမ်းကျံထားပြီးဖြစ်ကာ အိုင်းလိုင်နာဖြင့် သူ့ရဲ့ရှည်သွယ်သောမျက်လုံးများကို အနားသတ်ထားလေသည်။ အညိုရောင်မျက်ကပ်မှန် တပ်ထားသဖြင့် သူ့အကြည့်များရဲ့ထိုးဖောက်နိုင်စွမ်းက ပို၍ အားကောင်းလာခဲ့သည်။

“ ကိုယ့်ကိုတစ်ညလုံး အိပ်မက်မက်ခဲ့ရဲ့လား “

ကျန်းချီက စိတ်အခြေအနေကောင်းနေပုံရကာ အပြုံးတစ်ခုဖြင့် မေးလာခဲ့သည်။

စူးထောင် နောက်ဆုံးမှာတော့ စိတ်သက်သာရာရသွားတော့သည်။ ထို့နောက် သူ့ကိုစိုက်ကြည့်ကာ အားပေးလိုက်သည်။

“ ကောင်းကောင်းလုပ်နော် “

စတိတ်စင်ပေါ်ရှိ တစ်စုံတစ်ယောက်က ကျန်းချီရဲ့နာမည်ကို ခေါ်လာခဲ့သည်။ သူက မျက်တောင်တဖျတ်ဖျတ် ခတ်ကာ လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ပြောလိုက်သည်။

“ ပြီးရင် မင်းကို အံ့အားသင့်စရာတစ်ခုပေးမယ် “

စူးထောင်ရဲ့မျက်နှာအမူအယာက ပြောင်းလဲသွားရသည်။

“ ဘာအံ့အားသင့်စရာလဲ၊ နင့်မှာ အကြံတစ်ခုခုရှိနေရင် ငါ့ကိုအရင်ပြောရမယ်၊ စိတ်ထင်တိုင်း မလုပ်ရဘူးနော်၊ သဘောပေါက်လား “

ကျန်းချီက စတိတ်စင်ပေါ်သို့ ပြေးမတက်ခင် သူမရဲ့နဖူးကို ပုတ်သွားခဲ့လေသည်။ အသိတစ်ယောက်က လာမနှုတ်ဆက်ခင်အထိ စူးထောင်တစ်ယောက် သူ့ကို စိုးရိမ်စွာကြည့်နေခဲ့သည်။

ဧည့်သည်များရောက်လာသည်နှင့်အမျှ လေထုမှာ ပြင်းထန်လာပြီး နောက်ဆုံးတွင် ရှဲ့ကျင် ရောက်ရှိလာတော့သည်။ ရှဲ့ကျင်ရဲ့အရှိန်အဝါက သူ့အနီးပတ်ဝန်းကျင်ကို လွှမ်းမိုးနိုင်လေသည်။ အကြည့်တစ်ချက်နဲ့တင် လူအုပ်ထဲရှိ စူးထောင်ကို ရှာတွေ့သွားပြီးနောက် သူ့ရဲ့ အုံ့မှိုင်းနေသည့်အမူအယာက ပျော့ပြောင်းသွားခဲ့သည်။

လမ်းတစ်ဝက်တွင် စူးထောင်ရဲ့မထူးခြားနားသလို အကြည့်တစ်ချက်ကြောင့် သူ့ခြေလှမ်းများက ဦးတည်ရာ ပြောင်းသွားခဲ့ရသည်။ သူ့နာမည်ကတ် ရှိနေသည့် ထိုင်ခုံ၌ထိုင်ကာ ဘယ်သူမှအနားမကပ်ရဲသည့် အေးစက်စက် အရှိန်အဝါတို့ကို ထုတ်လွှတ်နေခဲ့လေသည်။

အချို့က အရဲစွန့်ပြီး သူ့တို့လုပ်ငန်းကဒ်ကို ချန်ထားကာ အမြန်နှုတ်ဆက်ပြီးသည်နှင့် ပြန်ပြေးသွားကြလေသည်။ နောက်မှရောက်လာသော ဧည့်သည်များကလည်း အသီသီး ကိုယ့်နေရာကိုယ်ထိုင်လိုက်သည်။

ဖိုင်နယ်ပွဲစဥ်ကို အွန်လိုင်းပေါ်ရှိ ပရိသတ်များအား တိုက်ရိုက်ထုတ်လွှင့်ပေးမှာ ဖြစ်သည်။ အလယ်နေရာရှိ လိုက်ကာကိုဖွင့်လိုက်သည်နှင့် ဧည့်သည်များမှာ သူတို့အနောက်တန်းတွင် ထိုင်နေကြသော လူထောင်ချီကို တွေ့လိုက်ရလေသည်။

စတင်သည်နှင့် ပထမဆုံး ပြိုင်ပွဲဝင် ၃၆ယောက် အတူတူဖျော်ဖြေကြပြီး သူတို့ရဲ့ ပရိသတ်အသီးသီးက အော်ဟစ်အားပေးကြလေသည်။ ဖူချန်းချန်းပေါ်လာသောအခါ သာမန်ထက်အားပေးသံများ ပိုကျယ်လာပြီး ကျန်းချီထွက်လာချိန်မှာတော့ အားပေးသံက အထွတ်အထိပ်ကို ရောက်ရှိသွားသည်။

စုစုပေါင်းလူဦးရေရဲ့ တစ်ဝက်လောက်က သူ့ရဲ့အမှတ်အသား အရောင်ဖြစ်သော ရွှေဝါရောင်အလင်းဖြင့် လွှမ်းခြုံနေပြီး အားပေးသံများက မိုးထိမတတ်ပင်။

ကျန်းချီရဲ့ စတိတ်စင်ပေါ်က ကျွမ်းကျင်မှုကို လူတိုင်းမြင်တွေ့နိုင်ပေသည်။ သူက ပက်ကိုယ်ပါရပီရှိပြီး အလုပ်ကြိုးစားတာကြောင့် တိုးတက်လာမှုအရှိန်က အလွန်မြန်ဆန်ပေသည်။

ပြိုင်ပွဲဟာ အချိန်ဇယားအတိုင်း ချောချောမွေ့မွေ့ပြီးဆုံးသွားခဲ့လေသည်။ မဲရလဒ်တွေကိုလည်း သုံးကြိမ်တိုင်တိုင် ကြေညာခဲ့သည်။ ကျန်းချီ၏ မဲအရေအတွက်မှာ အခြားပြိုင်ပွဲဝင်များနှင့်ယှဥ်ပါက ကြီးမားတဲ့ကွာခြားချက်ကြီး ရှိနေခဲ့သည်။

လျန်ခယ့်ရဲ့ အနုပညာရှင်လေးယောက်ထဲ၌ နှစ်ယောက်သာ ဖိုင်နယ်အထိရောက်ခဲ့ပြီး ရွှယ်ရှင်းဇီမှာ ဖိုင်နယ် တစ်ကိုယ်တော်ဖျော်ဖြေပွဲ မတိုင်မှီတွင် ထုတ်ပယ်ခံလိုက်ရလေသည်။

ကျန်းချီက နောက်ဆုံးဖျော်ဖြေခဲ့ပြီး စည်းချက်မြင့်သည့် ခံစားချက်ပြင်းသော သီချင်းအမျိုးအစားကို ရွေးခြယ်ခဲ့သည်။ သူ့ရဲ့ သံလိုက်ဓါတ်ကဲ့သို့ ဆွဲဆောင်အားပြင်းသော အသံခပ်နက်နက်ဟာ အကကရာတွင် နောက်ဆက်တွဲ ရလဒ်တစ်ခုဖြစ်သည့် အသက်ရှူသံပြင်းပြင်းဖြင့် စည်းချက်မှန်မှန် ရောယှက်နေခဲ့ပြီး ပရိသတ်များရဲ့နားစည်ကို လှုံ့ဆော်နေခဲ့သည်။

ကကွက်ခြေလှမ်းများက ဆွဲဆောင်မှုရှိကာ သူ့ရဲ့မြူဆွယ်နိုင်သည့်စတိတ်စင်ပေါ်က တည်ရှိမှုနှင့် မျက်နှာအမူအယာက သူ့ပရိသတ် မဟုတ်သူတွေကိုတောင် လွှမ်းမိုးသွားခဲ့ကာ နေရာမှာတင် မိန်းကလေးပရိသတ်အသစ်များ အရေအတွက် တိုးသွားခဲ့သည်။

စတိတ်စင်ပေါ်ကသူကိုကြည့်ရင်း စူးထောင်ရဲ့ မျက်လုံးများက တလက်လက်ဖြင့် တောက်ပနေခဲ့သည်။ ကျန်းချီက ပါရမီရှိတယ်ဆိုတာ သူမသိခဲ့ပေမယ့် မျှော်လင့်ထားတာထက်ကို အများကြီး ကျော်လွန်နေလိမ့်မည်ဟု မထင်ထားခဲ့ပါချေ။

သူအရင်က ဖျော်ဖြေတာကို သူမမြင်ဖူးပါတယ်။ အဲ့တုန်းက သူ့ရဲ့ ရတ်ပ်ရွတ်တဲ့ စကေးက သာမန်ပဲရှိခဲ့တာ! အချိန်တစ်လလောက် လေ့ကျင့်လိုက်ရုံဖြင့် သူနဲ့ကိုက်ညီတဲ့ စတိုင်ကိုရှာတွေ့နိုင်သည့်အပြင် သူ့ရဲ့အရည်အချင်းကိုလည်း ပရော်ဖက်ရှင်နယ်တစ်ယောက်ရဲ့ အဆင့်သို့ ရောက်လုနီးပါးဖြစ်အောင် မြှင့်တင်နိုင်ခဲ့လေသည်။

သူ့ရဲ့ ပါရမီက အမှန်တကယ် အံ့သြဖို့ကောင်းလှသည်။ စတိတ်စင်၏ အလယ်၌ ရပ်နေချိန်တွင် သူကသာ ဘုရင်ဖြစ်ပြီး စတိတ်စင်အတွက် မွေးဖွားလာခဲ့ခြင်း ဖြစ်ပေသည်။

နောက်ဆုံးရလဒ်က အံ့သြစရာမရှိဘဲ ကျန်းချီက အပြတ်အသတ် အနိုင်ရခဲ့လေသည်။

ကျေးဇူးတင်စကားပြောရမယ့် အချိန်သို့ ရောက်လာသောအခါ စတိတ်စင်အလယ်ရှိ ကျန်းချီအပေါ်တွင် မီးအလင်းရောင်များ ဖြာကျနေခဲ့သည်။

သူဘာမှမလုပ်ဘဲ ဒီအတိုင်းလေး ရပ်နေရင်တောင်မှ စတိတ်စင်တစ်ခုလုံးကို လွှမ်းမိုးနိုင်လေသည်။

သူ့အကြည့်က နေရာတစ်ခုလုံးကို ဖြတ်သွားပြီး နောက်ဆုံးတွင် စူးထောင်အပေါ် အခြေချသွားခဲ့သည်။ သူ့ရဲ့မျက်လုံးထဲရှိ အေးတိအေးစက်ပုံစံက တဖြည်းဖြည်း နူးညံ့မှုများဖြင့် ပြည့်နှက်လာခဲ့သည်။

အောက်မှာထိုင်နေသော စူးထောင်ရဲ့အပြုံးက ရုတ်ချည်း ပျောက်ကွယ်သွားရတော့သည်။ ရီဟာဇယ်လုပ်တုန်းက သူ့ရဲ့အဓိပ္ပါယ်ရှိလှတဲ့ စကားလုံးများကို ပြန်တွေးမိပြီးနောက် သူမရဲ့အပြုံးက တောင့်တင်းလာတော့သည်။

ကျန်းချီ - “ ကျွန်တော်မှာ တစ်စုံတစ်ယောက်ကို ပြောစရာရှိပါတယ် “

ကျန်းချီစပြောလိုက်သည်နှင့် စူးထောင် တိတ်တဆိတ် သူမဖုန်းကိုထုတ်ကာ လီရွှမ်ကို မက်ဆေ့ချ်ပို့လိုက်တော့သည်။

ကျန်းချီ - “ အဲဒီနေ့က ဆည်းဆာကမ်းခြေပေါ်မှာ ကောင်မလေး တစ်ယောက်ကို တွေ့ခဲ့ရတယ်၊ မထင်ထားခဲ့တာက အဲဒီအချိန်ကစပြီး ကျွန်တော်……”

‘ကောင်မလေး'ဟု ပြောလိုက်ကတည်းက ပရိသတ်များဆီမှ ဆွေးနွေးသံများ ထွက်ပေါ်လာကာ ထိန်းချုပ်မရဘဲ တဖြည်းဖြည်း ပိုကျယ်လာခဲ့သည်။ မြင်ကွင်းတစ်ခုလုံးက ပရမ်းပတာဖြစ်နေချိန်တွင် နွေဦးကဲ့သို့ ကြည်လင်သောအသံတစ်ခုက ကျန်းချီရဲ့စကားကို ဖြတ်ပြောလာခဲ့သည်။

“ အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မက ကျန်းချီရဲ့အေးဂျင့် စူးထောင်ပါ၊ အရင်ဆုံး ကျွန်မရဲ့အသက်အရွယ်မှာ ကောင်မလေးလို့ ခေါ်ပေးတဲ့အတွက် ကျန်းချီကို ကျေးဇူးတင်ချင်ပါတယ်၊ ကျွန်မအရမ်းပျော်တယ် “

သူမရဲ့စကားလုံးများက အကုန်လုံးကို တစ်ဖန်ပြန်လည် ငြိမ်သက်သွားစေခဲ့ပြီး ကျန်းချီက သူမကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့လေသည်။ စူးထောင် မတ်တပ်ရပ်ကာ ပြောလိုက်သည်။

“ ဒီနေ့ အစ်မ မင်းအတွက် အရမ်းဂုဏ်ယူတယ်၊ အစ်မကိုအထူးတလည် ကျေးဇူးတင်ပေးဖို့ မလိုပါဘူး၊ မင်းရဲ့အေးဂျင့်တစ်ယောက်အနေနဲ့ လုပ်သင့်တာကို လုပ်ခဲ့ရုံပါပဲ၊ မင်းမှာ ပါရမီနဲ့ ကြိုးစားအားထုတ်မှုဆိုတဲ့ တန်ဖိုးအရှိဆုံး အရည်အသွေးတွေ ရှိနေတယ်၊ အနာဂတ်မှာ မင်းရဲ့လမ်းကြောင်းက ပိုကျယ်ပြီး ပိုကောင်းမွန်လာမှာပါ၊ မင်းရဲ့အရွယ်ရောက်လာတာကို ပရိသတ်တွေနဲ့အတူ အစ်မစောင့်ကြည့်နေမယ်နော်။ ကျန်းချီကို ထောက်ပံ့အားပေးကြတဲ့ ပရိသတ်တွေအားလုံးကိုလည်း ထပ်ပြီးကျေးဇူးတင်ပါရစေ၊ အားလုံးကို ကျေးဇူးတင်ပါတယ် “

စူးထောင်ရဲ့စကားလုံးတွေက ကျန်းချီရဲ့မိန့်ခွန်းကို လုံးဝ အစားထိုးလိုက်လေသည်။ လက်ခုပ်သံများနှင့်အတူ မီးမှိန်ကျသွားပြီးနောက် ကြီးမားသော စခရင်ထက်တွင် လီယကျယ် ပေါ်လာခဲ့သည်။

သူမ မျက်လုံးထဲတွင် အပြုံးတစ်ခုဖြင့် ကျန်းချီက DGရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်ကြောင်း ကြေညာလိုက်ရာ ပရိသတ်များဆီမှ အားပေးသံများနှင့်အတူ အခြားပြိုင်ပွဲဝင်များဆီမှ အားကျမနာလိုမှုများ ရရှိလိုက်သည်။

ထို့နောက် အစီအစဥ်တင်ဆက်သူနှင့်တကွ ပြိုင်ပွဲဝင်အားလုံး စတိတ်စင်ပေါ်၌ အချင်းချင်း နွေးထွေးစွာ နှုတ်ဆက်ကြရင်း ဒီနှစ်ရဲ့“ The Road to Stardom “ အစီအစဥ်က အောင်မြင်စွာ အဆုံးသတ်ခဲ့လေပြီ။

စူးထောင်တစ်ယောက် စိတ်သက်သာရာရသွားကာ သူမနဲ့ပူးပေါင်း၍ အခြေအနေကို ထိန်းပေးခဲ့သော လီရွှမ်ကို မက်ဆေ့ချ်ပို့လိုက်သည်။

[စူးထောင် - ပင်ပန်းသွားပြီ၊ ကောင်းကောင်းလုပ်ခဲ့တယ်]

ထို့နောက် စူးထောင်နှင့် လီရွှမ်တို့ ကျန်းချီကို ခေါ်ထုတ်ကာ လက်ထောက်အသစ်လေးနှင့်အတူ ဗန်ကားထဲ ဝင်လိုက်ကြသည်။ ကားထဲတွင် ကျန်းချီက စူးထောင်ကိုသာစိုက်ကြည့်နေချိန် လက်ထောက်အသစ်လေးက ကျန်းချီကို သူမကိုယ်သူမ မိတ်ဆက်လာခဲ့သည်။

သူမက စကားတစ်ခွန်းမှမပြောဘဲ အမူအယာကင်းမဲ့နေကာ သူ့ကိုချီးကျူးမလာခဲ့သလို ဆူလည်းမဆူလာပါချေ။ သို့သော် အခုအခြေအနေက သူ့ကိုပိုလို့တောင် စိုးရိမ်ပူပန်စေလေသည်။

သေချာတာပေါ့။ စူးထောင်က နောက်ထပ်အချိန်ဇယားကြောင့် ကျန်းချီရဲ့စိတ်အခြေအနေအပေါ် မသက်ရောက်စေချင်ပေ။ ထို့အပြင် ကားထဲ၌ ဒါရိုက်ဘာ ၊လီရွှမ်နှင့် ၊လက်ထောက်အသစ်လေးပါ ရှိနေသောကြောင့် ကျန်းချီနှင့်စကားအများကြီးပြောရန် အဆင်မပြေပေ။ ဒါပေမယ့် မမျှော်လင့်ထားဘဲ ကျန်းချီက စပြောလာခဲ့သည်။

ကျန်းချီ - “ ဘာလို့ ကိုယ့်ကိုဆုံးအောင် ပြောခွင့်မပေးခဲ့ရတာလဲ “

စူးထောင်ရဲ့ မျက်နှာအမူအရာက တည်ငြိမ်ကာ လေသံက ညင်သာနေသည်။

“ အဲ့အကြောင်းကို အစည်းအဝေးပြီးမှ ပြောရအောင် “

ကျန်းချီ - “ ကိုယ်ပြောချင်တဲ့စကားကို မင်းသိတယ်မလား…ကိုယ်က…”

“ ငါသိတယ်! “

စူးထောင်ရဲ့ အကြည့်များက ရုတ်ချည်း ဓါးတစ်ချောင်းကဲ့သို့ ထက်မြသွားကာ သူ့စကားကို ကျယ်လောင်စွာ ဖြတ်ပြောလိုက်သည်။ သူက လူတွေအများကြီးရှေ့မှာတောင်မှ ထုတ်ပြောလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူးလေ။

စူးထောင် - “ တစ်ခုခုဆို ငါ့ကိုအရင်ပြောလို့ ကြိုပြောထားခဲ့ပေမယ့် ငါ့စကားကိုဘာလို့နားမထောင်ခဲ့ရတာလဲ ”

ကျန်းချီ - “ ကိုယ်ကြိုပြောလိုက်ရင်ရော မင်းကလက်ခံမှာမို့လို့လား “

စူးထောင် အသံမြှင့်ကာ ကျန်းချီအား ပထမဆုံးအကြိမ် အော်ပြောလိုက်သည်။

“ အဲ့တော့ နင့်ကိုယ်နင်ဖျက်စီးတော့မယ်ပေါ့ “

ကားထဲရှိ လူတိုင်းမှာ ကြောင်အသွားကြပေမယ့် ကံကောင်းလှစွာဖြင့် ဘာတွေဖြစ်နေလဲဆိုတာကို လီရွှမ်ကလွဲလို့ ဘယ်သူမှ နားမလည်ပါဘူး။ ကားက အစည်းအဝေးကျင်းပမည့်နေရာတွင် ရပ်သွားပြီး ခရီးသည်ထိုင်ခုံနေရာတွင် ထိုင်နေသော လီရွှမ်က တိုးညှင်းစွာ ပြောလာခဲ့သည်။

“ ဘော့စ်၊ ကျွန်မတို့ ရောက်ပါပြီ “

စူးထောင် အားစိုက်ထုတ်စရာမလိုဘဲ ပြန်လည်တည်ငြိမ်သွားခဲ့သည်။ အကြောင်းမှာ အခုလေးတင် ကျန်းချီ ရှေ့နောက်မကြည့်ဘဲ စကားဆက်ပြောလာမှာကို စိုးရိမ်သဖြင့် သူမတမင်သက်သက် အော်ပြောခဲ့ခြင်း ဖြစ်ပေသည်။ ကျန်းချီရဲ့ ကြည်လင်သောမျက်လုံးများက အခုချိန်မှာ ငွေ့ရည်ဖွဲ့နေပြီး အနည်းငယ်စိုစွတ်နေခဲ့သည်။ ရှိုက်သံပါသော အသံတိုးတိုးလေးဖြင့် မဝံ့မရဲ ပြောလာခဲ့သည်။

“ ကိုယ့်ရဲ့နှလုံးသားထဲမှာ ရှိတဲ့အတိုင်း ပြောလို့တောင် မရဘူးလား”

စူးထောင်တစ်ယောက် သူမရဲ့လက်ကို ဆန့်ထုတ်ကာ သူ့ရဲ့ကော်လံကိုပြင်ပေးလိုက်ပြီး အပြုံးတစ်ခုဖြင့် ချော့ပြောလိုက်သည်။

“ ရတယ်၊ မင်းလုံလောက်အောင် သန်မာလာတဲ့အချိန်ရောက်ရင်ပေါ့၊ အခုတော့ပြုံးပါဦး၊ ငါတို့အစည်းအဝေး တက်စရာ ရှိသေးတယ်လေ “

“ စူးထောင်…မင်းအလုပ်ကိုပဲ ဂရုစိုက်တာလား၊ နှလုံးသားမဲ့လိုက်တာ “

ကျန်းချီက သူ့မျက်လုံးများကို အားနည်းစွာ ပိတ်ကာ ခံစားချက်တွေကို ဖုံးကွယ်လိုက်ပြီး တစ်ဖန်ပြန်ဖွင့်ချိန်မှာတော့ တည်ငြိမ်မှုက အစားထိုးသွားကာ ကားထဲမှ အေးစက်သောမျက်နှာဖြင့် ထွက်လာပြီး စူးထောင်ကို နောက်တွင်ချန်ရစ်ခဲ့လေသည်။

စာချုပ်ချုပ်ဆိုပွဲ အစည်းအဝေးက အလွန်ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။ တရားဝင်စာချုပ်ဖိုင်ကို ကိုင်လျက် စူးထောင်တစ်ယောက် ရင်ထဲမှ အလုံးကြီးတစ်ခု ကျသွားသလို ခံစားလိုက်ရသည်။ နောက်တစ်ခုက ဖိုတိုရှုတင်းနှင့် အင်တာဗျူးများ ဖြေဆိုရန်ဖြစ်သည်။ ကျန်းချီရဲ့ မိုက်ခရိုဖုန်းဘောက်စ်က သူ့ခြေမျက်စိနားသို့ ကျသွားခဲ့သည်။

လက်ထောက်အသစ်လေးက မီဒီယာများရဲ့ ကင်မရာများရှေ့တွင် စတိတ်စင်ပေါ်၌ ဒူးထောက်ကာ မိုက်ခရိုဖုန်းဘောက်စ်ကို ကူတပ်ဆင်ပေးရန် လုပ်နေသည်ကို မြင်သောအခါ စူးထောင်ရဲ့မျက်နှာက အေးခဲသွားရလေသည်။

သူမ ချက်ချင်းပဲ စတိတ်စင်ပေါ် တက်သွားကာ လက်ထောက်လေးကိုဆွဲလျက် အကြည့်တစ်ချက်ပေးကာ စင်ပေါ်မှဆင်းရန် အချက်ပြလိုက်သည်။

ထို့နောက် စူးထောင်ကိုယ်တိုင် တပ်ဆင်ပေးတော့မည့်အချိန်တွင် အရပ်ရှည်ရှည်ပုံရိပ်တစ်ခုက ရုတ်တရက် ရောက်လာပြီး သူမလက်ကိုဆွဲကာ ရပ်တန့်စေလိုက်သည်။

လူတိုင်းက ရှဲ့ကျင်ကို မြင်သောအခါ ကြက်သေသေသွားကြတော့သည်။ သတင်းထောက်များမှာ DGကို ထျန်းကျင်ကုမ္ပဏီမှ သိမ်းပိုက်လိုက်ပြီလားဟူ၍တောင် တွေးနေကြသည်။

လူတိုင်းက စိတ်ကူးယဥ်ဆန်သော အတွေးမျိုးစုံဖြင့် ဖြစ်နိုင်ချေကို ခန့်မှန်းနေကြချိန်မှာ ရှဲ့ကျင်တစ်ယောက် မှုန်ကုပ်ကုပ်ဖြင့် ကျန်းချီဘက်သို့ လျှောက်သွားပြီး လူတိုင်းရဲ့အကြည့်အောက်တွင် ဒူးတစ်ဖက်ထောက်လိုက်လေသည်။

လူတိုင်း - " !!! "

သူက ကျန်းချီကို မိုက်ခရိုဖုန်းဘောက်စ် ကူတပ်ပေးနေခြင်း ဖြစ်သည်။ ရှဲ့ကျင်ရဲ့လက်ချောင်းများက ကျန်းချီရဲ့ဘောင်းဘီခြေထောက်ဆီသို့ ဆန့်ထုတ်လာသည်။ သူ့ရဲ့နွေးထွေးသည့် လက်ဖဝါးက မကြာခဏ ကျန်းချီရဲ့ခြေထောက် အသားအရေကို ထိမိနေခဲ့သည်။

အထိအတွေ့တိုင်းတွင် ရှဲ့ကျင်ရဲ့မျက်နှာက တဖြည်းဖြည်း မဲမှောင်လာပြီး နောက်ဆုံးမှာတော့ ကျန်းချီရဲ့ မိုက်ခရိုဖုန်းဘောက်စ်ကို သူ့ခါးဆီမှ ဆွဲထုတ်နိုင်ခဲ့လေသည်။ သူ့ရဲ့လက်မောင်းက ကျန်းချီရဲ့သွယ်လျသော ခါးတစ်ဝိုက်တွင် ရှိနေသေးပြီး ကိုယ်ဟန်အနေအထားက လူတွေရဲ့စိတ်ကူးယဥ်နိုင်စွမ်းကို လမ်းလွဲသွားစေနိုင်သည်။

လူတိုင်းရဲ့ ထူးဆန်းသောအကြည့်များကို သတိမမူမိဘဲ ရှဲ့ကျင်တစ်ယောက် ခါးမတ်ကာ တာဝန်တစ်ခုကို ပြီးမြောက်ခဲ့သလိုမျိုး ဝံ့ကြွားစွာဖြင့် ကင်မရာများကို ကျောပေးကာ ကျန်းချီကို ရက်စက်သောအကြည့်တစ်ခု ပေးလိုက်လေသည်။

ထိုအကြည့်က သူ့အသားနှင့်အရိုးများပါမကျန် ကိုက်စားချင်နေသည့်အလား ပြင်းထန်နေတော့သည်။

All Chapters