← Chapters

အခန်း (၅၈)

Vol. 6 Ch. 58

အခန်း (၅၈)

Vol. 6 Ch. 58

ရှဲ့ကျင်တစ်ယောက် စတိတ်စင်ပေါ်က ဆင်းသည်နှင့် မတိုင်ခင်တုန်းက ကြောက်စရာကောင်းသော အကြည့်ကို ပြန်ထိန်းလိုက်ပြီး စူးထောင်နှင့် အကြည့်ချင်းဆုံသွားခဲ့လေသည်။

သူမရှေ့တွင် နာခံစွာဖြင့် ရပ်နေပြီး သူမဘက်မှ မေးခွန်းထုတ်မလာခင် လက်ဦးမှုရယူပြီး အမှားဝန်ခံလိုက်၏။

"ကိုယ်နည်းနည်းစိတ်လောသွားတယ်၊ ဆောရီးနော် "

စူးထောင်လည်း အချိန်အတန်ကြာ သူ့ကိုစိုက်ကြည့်နေခဲ့ပြီး သူမပြောချင်သော စကားလုံးများက အသံအဖြစ် လည်ချောင်းမှ ထွက်လာရန် ခက်ခဲနေခဲ့သည်။

နောက်ဆုံးတွင်တော့ သက်ပြင်းအသာချ၍ စနောက်လိုက်လေသည်။

" ဘာလဲ၊ နင်တကယ်ပဲ သူ့ပရိသတ်ဖြစ်သွားပြီလား "

ရှဲ့ကျင်၏ မျက်နှာအမူအယာမှာ အေးခဲသွားတော့သည်။ သူကိုယ်တိုင်ပြောခဲ့သည့် စကားဖြစ်နေသဖြင့် ပြန်ငြင်းဖို့ရန် မစွမ်းသာတော့ဘဲ တိတ်တဆိတ်သာ ခေါင်းညှိမ့်ပြလိုက်သည်။

စူးထောင်ရဲ့ နှုတ်ခမ်းထောင့်စွန်းလေးက ကွေးတက်သွားကာ လီရွှမ်ကို လက်ဝေ့ရမ်း၍ ခေါ်လိုက်ပြီး အတည်ပေါက်ကြီးနှင့် ပြောလိုက်သည်။

“ ဒီက ပရိသတ်လေးကို ကျန်းချီလက်မှတ်ထိုးထားတဲ့ ဓါတ်ပုံတစ်ပုံ ပေးလိုက်ပါဦး၊ သူက ကျန်းချီအတွက် မဲအများကြီးရအောင် လုပ်ပေးခဲ့တာနော်၊ ဖန်ကဖေးရဲ့ အက်ဒ်မင်တစ်ယောက်အနေနဲ့ သူ့ကို တော့ပ်ဖန် တစ်ယောက်အဖြစ် အဖွဲ့ထဲမှာ အသိအမှတ်ပြုကြေညာပြီး သူ့ရဲ့ စွမ်းဆောင်မှုတွေကို ဂုဏ်ပြုပေးသင့်တယ်”

ရှဲ့ကျင်တစ်ယောက် ကသိကအောက် ဖြစ်နေသော အပြုံးဖြင့် သူ့လက်ကို ဝေ့ရမ်းကာ ပြောလိုက်၏။

“ အဲ့လိုတွေ လုပ်ပေးဖို့ မလိုပါဘူး၊ ကိုယ်က သူ့ကို တိတ်တိတ်လေးပဲ ထောက်ပံ့ပေးမှာပါ ”

စူးထောင်ရဲ့ ကြည်လင်သော မျက်လုံးများက ကူကယ်ရာမဲ့မှုများဖြင့် ပြည့်နှက်သွားရတော့သည်။

သူ့ကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်နေပြီးနောက် ဖြည်းဖြည်းချင်း ရှေ့တိုးလာကာ သူ့နားရွက်နားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။

“ ငါ့အတွက် အများကြီးမလုပ်ပေးနဲ့တော့၊ ဒီလိုလုပ်တာက ငါ့ကိုပိုပြီးဝန်လေးလာစေတယ် ”

လုံးဝ ပြန်တက်မလာနိုင်သည့် မဟူရာချောက်နက်ကြီးထဲသို့ ကျသွားသည့်အလား သူ့နှလုံးသားက နစ်မြုပ်သွားခဲ့ကာ ရှဲ့ကျင်ရဲ့ မျက်နှာတစ်ခုလုံး ဖြူလျော်သွားရလေသည်။

နားလည်မှုလွဲခဲ့သည့် အရာအားလုံးကို ဖြေရှင်းခဲ့ပြီးဖြစ်သော်လည်း သူမက သူကိုလက်ခံရန် ငြင်းပယ်နေဆဲ ဖြစ်သည်။

ရှဲ့ကျင်မှာ ရုတ်တရက် အားအင်ကင်းမဲ့သလို ခံစားလိုက်ရပြီး သူ့ရဲ့ယုံကြည်မှုများလည်း ပြိုလဲသွားခဲ့ရလေသည်။

သူဘာဆက်လုပ်သင့်လဲဆိုတာကိုတောင် မသိတော့ဘဲ ဦးတည်ရာမဲ့နေသလိုပင်။

“ ရှောင်ထောင်ဇီ…”

ရှဲ့ကျင်ရဲ့ လည်ဇလုပ်က လှုပ်ရှားသွားကာ အက်ကွဲသောအသံဖြင့် ကူကယ်ရာမဲ့စွာ ပြောလာခဲ့သည်။

“ အဲဒါဆို ကိုယ်ဘာလုပ်သင့်လဲဆိုတာ ပြောပြပါလား ”

သတင်းထောက်များ၏ အမေးအဖြေကဏ္ဍမှာ အဆုံးသတ်ရောက်ခါနီးပြီ ဖြစ်သဖြင့် စူးထောင်မှာ ဒီကိစ္စကို အခုဆက်ဆွေးနွေးရန် အချိန်ရော စိတ်အခြေအနေပါ မရှိနေပေ။

တစ်ခဏလောက် တွေးလိုက်ပြီးနောက် တိုက်ရိုက်ပဲ ပြောလိုက်တော့သည်။

“ နောက်မှ ဆက်သွယ်လိုက်မယ် ”

ရှဲ့ကျင်လည်း မျှော်လင့်ချက် အရိပ်အယောင်လေးကြောင့် ချက်ချင်း ခေါင်းညိတ်ပြကာ သူမအလုပ်လုပ်ရာတွင် အနှောက်အယှက် မဖြစ်စေရန်အတွက် စူးထောင်ရဲ့ အနောက်နားတွင် အလိုက်တသိ ရပ်နေပေးလိုက်သည်။

ဤကဲ့သို့သော ရှဲ့ကျင်၏ နားလည်မှုရှိသည့်ပုံစံက စူးထောင်အား နည်းနည်းလေးမှ စိတ်သက်သာရာ မရစေပါချေ။

သို့သော်လည်း အခုတော့ သူ့ကိုစကားပြောရန် အချိန်မရှိပေ။ အမှားလုပ်မိသဖြင့် တစ်ချိန်လုံး စိုးရိမ်ပူပန်နေခဲ့သော လက်ထောက်အသစ်လေးကိုသာ ခေါ်ပြောလိုက်သည်။

“ နင်အခု ဘာအမှားလုပ်မိလဲဆိုတာ သိလား ”

သူမကြည့်ရတာ ဆူနေပုံပေါက်ပေမယ့် လေသံက ညင်သာနေဆဲဖြစ်သည်။

လိမ္မာပါးနပ်သော လက်ထောက်လေးက ခေါင်းညိတ်ပြီး မျက်ရည်လေးဝဲကာ သူမကိုယ်သူမ အပြစ်တင်လာခဲ့သည်။

“ ကျွန်မ ဒူးမထောက်ခဲ့သင့်ဘူးဆိုတာ သိပါပြီ၊ တောင်းပန်ပါတယ်နော် မန်နေဂျာစူး။ နောက်တစ်ခါ သေချာအာရုံစိုက်ထားပါ့မယ် “

“ ဘော့စ်၊ ရှောင်ခယ့်က ဒီတစ်ခေါက် တမင်လုပ်တာ မဟုတ်ဘူးလို့ ကျွန်မထင်တယ်၊ အလုပ်သင်ကာလတုန်းက သူမရဲ့လုပ်ဆောင်ချက်တွေက အတော်ကောင်းခဲ့တာပါ “

လီရွှမ်က သူမအထင်အမြင်ကောင်းရှိသော လက်ထောက်လေးရှောင်ခယ့်အတွက် ကူပြောပေးလာခဲ့သည်။

စူးထောင် ခေါင်းညှိမ့်ပြလိုက်သည်။ သူမ လီရွှမ်ရဲ့ အကဲခတ်နိုင်စွမ်းကို ယုံကြည်ပေသည်။

ဒါ့အပြင် ရှောင်ခယ့်က သူမရဲ့ အမှားကို ဝန်ခံလိုစိတ်ရှိသောကြောင့် လေသံဖျော့ဖျော့ဖြင့် သင်ပြပေးခဲ့သည်။

“ ဒီတစ်ခုကို မှတ်ထား ရှောင်ခယ့်၊ ငါတို့က ကင်မရာ နောက်ကွယ်မှာ အလုပ်လုပ်တဲ့သူတွေ။ အနုပညာရှင်ကိုယ်စား ငါတို့အပြစ်တင်ခံရတာက ကိစ္စမရှိဘူး။ ငါတို့ ပြောလိုက်တဲ့စကားလုံးနဲ့ လုပ်လိုက်တဲ့ အပြုအမူတွေက အနုပညာရှင်ကို ဒုက္ခရောက်စေလို့တော့ မဖြစ်ဘူးလေ ”

နောက်ဆုံးမှာ အငိုတိတ်သွားသော ရှောင်ခယ့်တစ်ယောက်မှာတော့ မျက်လုံးနှင့် နှာခေါင်းလေးက နီရဲနေကာ သနားစရာကောင်းနေတော့သည်။

သူမလည်း ခေါင်းညိတ်ကာ စိတ်ရင်းမှန်ဖြင့် ပြန်ပြောလိုက်သည်။

“ ကျွန်မ မန်နေဂျာစူးရဲ့သင်ပြမှုတွေကို မှတ်ထားပါ့မယ်။ ရှင်က ကျွန်မရဲ့ အိုင်ဒေါပါ၊ ကျွန်မ ဒီကုမ္ပဏီကိုလျှောက်ရတဲ့ အကြောင်းအရင်းကလည်း မန်နေဂျာစူး‌ကြောင့်ပါပဲ။ ကျွန်မ ရှင့်ဆီက‌ ရွေးချယ်ခံလိုက်ရတုန်းက အရမ်းစိတ်လှုပ်ရှားခဲ့ရတာ၊ အကောင်းဆုံး လုပ်ပြချင်ပေမယ့် ပထမဆုံးလုပ်ရတဲ့အလုပ်မှာတင် အမှားလုပ်မိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ ကျွန်မ…ကျွန်မတောင်းပန်ပါတယ် ”

ရှောင်ခယ့်တစ်ယောက် ပြောရင်းနှင့်ပင် ငိုရှိုက်သံများပါလာကာ စကားမဆက်နိုင်တော့ပေ။

စူးထောင်ဟာ အမြဲတမ်း နှလုံးသားနူးညံ့ခဲ့သူဖြစ်သည်။ သူမရဲ့နှလုံးသားမှာ ချက်ချင်းဆိုသလို အရည်ပျော်သွားခဲ့ပြီး အပြုံးတစ်ခုဖြင့် လက်ကိုဆန့်ထုတ်ကာ ရှောင်ခယ့်ရဲ့ခေါင်းလေးကို ပုတ်ပေးခဲ့သည်။

“ နောက်တစ်ခေါက် သတိထားရင်ရပါပြီ။ မငိုနဲ့တော့နော် ”

သူမပြောရင်းနဲ့ လီရွှမ် ကမ်းပေးလာသော တစ်ရှူးများဖြင့် ရှောင်ခယ့်ရဲ့ မျက်နှာ‌လေးကို သူမလက်ဖဝါးထဲ ထည့်၍ သုတ်ပေးကာ ခံစားချက်‌တွေ အနည်ထိုင်သွားစေရန် နှစ်သိမ့်ပေးလိုက်သည်။

အငိုရပ်သွားသော ရှောင်ခယ့်မှာ ခေါင်းမော့ကြည့်လိုက်သောအခါ နက်ရှိုင်းသော မျက်ဝန်းတစ်စုံဖြင့် အကြည့်ချင်းဆုံသွားသဖြင့် သူမ အထိတ်တလန့်ဖြင့် နောက်သို့ ခြေတစ်လှမ်း ပြန်ဆုတ်လိုက်မိတော့သည်။

စူးထောင်တစ်ယောက် သူမရဲ့အကြည့်လာရာအတိုင်း လိုက်ကြည့်လိုက်သည်။ သူမ နောက်တွင် ရပ်နေသော ရှဲ့ကျင်မှာ အလျင်စလိုဖြင့် သူ့မျက်နှာအမူအယာကို ဖုံးကွယ်လိုက်ကာ ပြောလာခဲ့သည်။

“ ကိုယ် မင်းဖုန်းခေါ်မှာကို စောင့်နေမယ် ”

ထို့နောက် လှည့်ထွက်သွားခဲ့လေသည်။

အင်တာဗျူးကဏ္ဍပြီးသည်နှင့် ကျန်းချီရဲ့ ဒီနေ့အတွက် အချိန်ဇယားက ပြီးဆုံးသွားခဲ့လေသည်။

သူက အိုင်ဒေါအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် ပွဲထွက်ခဲ့သော်လည်း စာချုပ်သက်တမ်းက တစ်နှစ်သာ ရှိပေသည်။ တစ်နှစ်ပြီးသည်နှင့် အလိုအလျောက် အဖွဲ့ကို ဖျက်သိမ်းသွားမှာ ဖြစ်ပေသည်။

ထိုတစ်နှစ်တာကာလအတွင်း အိုင်ဒေါအဖွဲ့၏ အောင်မြင်ကျော်ကြားမှုကို အမှီပြုလျက် အင်တာတိန်းမန့် ကုမ္ပဏီအသီးသီးက သူတို့ရဲ့ အနုပညာရှင်များအတွက် အရင်းအမြစ်နှင့် အခွင့်အလမ်းကောင်းများကို ဖန်တီးပေးနိုင်လေသည်။

ကျန်းချီသည်လည်း မကြာမှီတွင် ကျန်ရှိနေသော ကျောင်းတစ်နှစ်ကို ဆက်တက်နိုင်မှာ ဖြစ်သည်။

ကားထဲတွင် စူးထောင်မှာ သူ့အတွက်စီမံထားသည့် နောက်တစ်နှစ်လုံးစာအတွက် အလုပ်အချိန်ဇယားများကို ပြောပြနေခဲ့သည်။

ကျန်းချီကို အတန်းထဲတွင် စာလိုက်မမှီတာမျိုး မဖြစ်စေရန်အတွက် ရသစုံရှိုးများနှင့် ကြော်ငြာများကို စီစစ်ရွေးခြယ်ကာ DG မှကမ်းလှမ်းချက်ကိုသာ လက်ခံထားခဲ့သည်။

သူမက သူ့ရဲ့ကျော်ကြားမှုကို ကြော်ငြာများစွာ ရိုက်ကူးရင်းဖြင့်သာ မဖြုန်းတီးလိုပေ။

“ သဘက်ခါကျရင် အဖွဲ့သစ်ရဲ့ အဓိကသီချင်းဗီဒီယိုအတွက် ဖူချန်းချန်းနဲ့ အသံသွင်းရလိမ့်မယ် ”

အဓိကအလုပ်များကို စီစဥ်ပြီးနောက် သူမ ခေါင်းကိုမော့ကာ ကျန်းချီကို ကြည့်လိုက်သည်။

“ ပြီးတော့ တစ်ခုရှိသေးတယ်၊ အခုချိန်ကစပြီး လီရွှမ်က နင့်ရဲ့အေးဂျင့် ဖြစ်သွားပြီ၊ တစ်ခုခုဆိုရင် လီရွှမ်ကို အရင်ဆက်သွယ်နိုင်တယ် “

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ကျန်းချီမှာ ရုတ်တရက် စူးထောင်ကို လှည့်ကြည့်လိုက်သည်။

သူ့ရဲ့ရှည်သွယ်သော မျက်လုံးများက အံ့အားသင့်မှုနှင့်အတူ ဒေါသအနည်းငယ် ရောစွက်နေခဲ့သည်။

“ ဘာကိုဆိုလိုတာလဲ၊ မင်းကိုယ်တိုင် ကိုယ့်ကို သုံးလကြာ တာဝန်ယူဖို့ ပြောခဲ့တာ မဟုတ်ဘူးလား “

လီရွှမ်က အလိုက်တသိဖြင့် ရှောင်ခယ့်ကို ခေါ်ထုတ်သွားသောကြောင့် ကားထဲတွင် ကျန်းချီနှင့် စူးထောင်တို့ နှစ်ယောက်သာ ကျန်ရစ်ခဲ့သည်။

စူးထောင်၏ မျက်လုံးများက ခံစားချက်ကင်းမဲ့စွာဖြင့် ကြည့်ပြီး ပြောလာသည်။

“ ဒါပေမယ့် ငါကိုယ်တိုင် မင်းကို တာဝန်ယူဖို့ မသင့်လျော်တော့ဘူးလေ၊ ဒါက ငါပေးခဲ့တဲ့ ကတိအပေါ်ကိုတော့ သက်ရောက်မှုမရှိပါဘူး။ နင့်ကို ဒီနယ်ပယ်ထဲမှာ ထိပ်ဆုံးထိရောက်အောင် ကူညီပေးမှာပါ “

“ ငါတို့ စာချုပ်ထဲမှာ သုံးလလို့ လက်မှတ်ထိုးခဲ့တာ! “

ကျန်းချီရဲ့ လည်ချောင်းထဲတွင် တင်းကြပ်နေပြီး ကြောက်စရာကောင်းတဲ့ လေသံဖြင့် ပြောလိုက်သည်။

သူ့ရဲ့ တောက်လောင်နေသောအကြည့်က ရှေ့မှာရှိနေသော အေးစက်တဲ့မိန်းမကို လောင်ကျွမ်းစေချင်သည့်အလားပင်။

“ စာချုပ်အကြောင်းပြောချင်တာဆိုရင်…”

စူးထောင် တည်ငြိမ်စွာဖြင့် ဖိုင်တစ်ခုကို ထုတ်ကာ စာမျက်နှာတစ်ရွက် လှန်လိုက်ပြီး ကျန်းချီကို ထောက်ပြလိုက်သည်။

“ ဒီစာကြောင်းကို အရင်ဖတ်ကြည့်လိုက် ”

ကျန်းချီရဲ့ အကြည့်က စူးထောင်ရဲ့မျက်နှာမှတစ်ဆင့် စာချုပ်ပေါ်သို့ ရွေ့လျားသွားသည်။

သူမထောက်ပြသော စာကြောင်းကိုကြည့်ပြီး သူ့ရဲ့ အမူအယာက တောင့်တင်းလာကာ အနည်းငယ် မျက်မှောင်ကျုံ့မိသွားလေသည်။

စာချုပ်ထဲတွင် အောက်ပါအတိုင်း ဖော်ပြထားလေသည်။

[ ဝန်ထမ်းတစ်ယောက်နှင့် အနုပညာရှင်ကြားတွင် ခံစားချက်ပိုင်းဆိုင်ရာများ ရောယှက်လာပါက ကုမ္ပဏီဘက်မှ ထိုဝန်ထမ်းဖြစ်သူကို အနုပညာရှင်၏ သဘောတူညီချက်မလိုဘဲ ဖယ်ရှားနိုင်သည်။ ]

ကျန်းချီရဲ့ အသံရှူနှုန်းမှာ လေးလံလာပြီး ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်ဖြစ်နေခဲ့သည်။

လည်ပင်းပေါ်ရှိ သွေးကြောများကလည်း ဖုဖောင်းတက်လာခဲ့သည်။

သူ့လေသံက ဟန်မဆောင်နိုင်သော စိတ်ပျက်အားလျော့မှု၊ ခါးသက်မှုနှင့်အတူ ကြမ်းရှနေခဲ့သည်။

“ မင်းကိုယ်မင်း ဖယ်ထုတ်ဖို့ ကိုယ့်ဘာသာဆုံးဖြတ်ချက်ချလိုက်တာ ဟုတ်တယ်မလား၊ အစည်းအဝေးပြီးတာနဲ့ ကိုယ့်ကိုရှင်းထုတ်ဖို့ အစောကြီးကတည်းက စီစဥ်ထားခဲ့တာမလား”

“ ဟုတ်တယ် ”

စူးထောင်ရဲ့ လေသံက နူးညံ့ညင်သာမှုတို့ မရှိတော့ဘဲ ပိုလို့တောင် အေးစက်သွားကာ ခံစားချက်မရှိသည့် စက်တစ်ခုအလား။

“ အခြေခံကျကျပြောရရင် ငါက ကျင့်ဝတ်ဆိုတာတွေထက် အကျိုးအမြတ်ကို ပိုတန်ဖိုးထားတဲ့ စီးပွားရေးသမားတစ်ယောက်ပဲလေ၊ နင့်ရဲ့ ငါ့အပေါ်မှာထားတဲ့ ခံစားချက်ဆိုတာတွေက နင်စိတ်ကူးယဥ်နေတဲ့ ပုံရိပ်ယောင်အတုတွေ၊ ငါ့ဘက်က နင့်ကိုတာဝန်ယူပြီး စာချုပ်ချုပ်ခဲ့တယ်ဆိုတာကလည်း နင့်ကိုသုံးပြီး ပိုက်ဆံရှာမလို့ပဲလေ၊ ပုံမှန်အားဖြင့် နင့်ကိုယ်နင် တန်ဖိုးလျော့ကျအောင်လုပ်နေရင် ငါ့ဘက်ကလည်း နင့်အပေါ်မှာ အချိန်ကုန်ခံနေမှာ မဟုတ်ဘူး ”

စူးထောင်ရဲ့ စကားလုံးတွေက အသည်းနှလုံးမရှိသကဲ့သို့ ရက်စက်လှသဖြင့် ကျန်းချီရဲ့ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်နှက်လာစေခဲ့သည်။

သူ့ရှေ့က အမျိုးသမီးကို ထုံထိုင်းစွာ ကြည့်နေခဲ့ပြီး ကမ်းခြေပေါ်မှာ တွေ့ခဲ့တဲ့ နူးညံ့ညင်သာသော မိန်းကလေးနှင့် ဆက်စပ်၍ မရနိုင်အောင် ဖြစ်နေခဲ့သည်။

“ ကျန်းချီ၊ နင်လိုချင်နေတဲ့ ကမ္ဘာကြီးကို တုန်လောက်သွားလောက်စေတဲ့ အချစ်မျိုး တစ်နေ့မှာ နင်ရရှိမှာပါ၊ ဒါပေမယ့် ငါ့ဆီကတော့ မဟုတ်ဘူး “

လွန်လေခဲ့ပြီးသော မှတ်ဥာဏ်များကို ပြန်တွေးနေသကဲ့သို့ စူးထောင်ရဲ့ အကြည့်က တဖြည်းဖြည်း ဝေးကွာလာခဲ့သည်။

“ ငါ့အတွက်တော့ အချစ်မှာ အရေးအကြီးဆုံးအရာက 'အပေးအယူ’ ဆိုတာပဲ၊ အဲဒါကို နင်ဘယ်တော့မှ နားလည်လာမှာမဟုတ်ဘူး “

သုံးစက္ကန့်အတွင်းမှာပဲ စူးထောင်တစ်ယောက် သူမရဲ့မှတ်ဉာဏ်တွေဆီမှ ပြန်လည်ရုန်းထွက်လိုက်သည်။

ကျန်းချီလက်ထဲမှ စာချုပ်ကို ယူကာ သူ့ရဲ့မျက်ရည်များဖြင့် ပြည့်နေသော မျက်လုံးတစ်စုံကို ရည်ရွယ်ချက်ရှိရှိ လစ်လျူရှုခဲ့သည်။

ထို့နောက် ကားတံခါးကိုဖွင့်ကာ တုံ့ဆိုင်းမှုမရှိ ထွက်သွားလေသည်။

ကျန်းချီတစ်ယောက် မျက်လွှာချလိုက်ရာ သူ့မျက်တောင်ပေါ်တွင် ခိုတွဲနေသော မျက်ရည်စက်များက ပါးပြင်ထက်သို့ ကျဆင်းသွားခဲ့သည်။ သူအရင်က ဝဋ်လည်တယ်ဆိုတာကို မယုံခဲ့ပေမယ့် အခုယုံကြည်သွားလေပြီ။

အတိတ်မှာတုန်းက မိန်းကလေးများကို ကစားခဲ့သည့်အတွက် သူနဲ့ထိုက်တန်သည့် အပြစ်ပေးမှုကို ပြန်ခံရခြင်းသာ ဖြစ်ပေလိမ့်မည်။

သူ့အလိုကျ အလိုက်တသိနေပေးကာ သူထားသွားမှာကို ကြောက်ရွံ့နေခဲ့သော၊ သူ့ကို ခေါင်းမာစွာနှင့် ကပ်တွယ်ထားခဲ့သော မိန်းကလေးများ၏ မျက်နှာများကို ရုတ်တရက် ပြန်မြင်ယောင်လာမိသည်။

သူတို့က အခုချိန်တွင် သူဖြစ်နေသည့်ပုံစံနှင့် တော်တော်တူပေသည်။

အတိတ်မှာတုန်းက ထိုမိန်းကလေးများသည် ကိုယ့်ကိုကိုယ်လေးစားမှုကင်းမဲ့နေကြသဖြင့် ပျင်းဖို့ကောင်းသည်ဟု ခံစားခဲ့ရသည်။ သူ့ဘက်က ပြတ်ပြတ်သားသား ငြင်းပယ်နေတာတောင် သူတို့ကဘာလို့ ခေါင်းမာမာနဲ့ ဆက်ပြီးကပ်တွယ်နေခဲ့ရတာလဲ။

အခု သူနားလည်သွားလေပြီ။ ခံစားချက်တွေကို တစ်ကြိမ်လေး ရင်းနှီးမြုပ်နှံလိုက်မိပါက နှလုံးသားကို ထိန်းချုပ်လို့ မရနိုင်တော့ပေ။

အပေးအယူ ဆက်ဆံရေးတဲ့လား။

သူလည်း အပေးအယူလုပ်နိုင်တာပဲ။

စူးထောင်မှာ ပေချန်၌ ကားတစ်စီး မရှိသောကြောင့် စူးယန်ရှင်းက အလိုက်တသိဖြင့် သူ့ရဲ့ကားကို အရင် ငှားပေးခဲ့သည်။ စူးထောင်က သူ့အတွက် မုန့်ဝယ်လာသဖြင့် အလွန် ထိရှသွားပုံ ရသည်။

စူးထောင် မငြင်းပယ်ခဲ့ပါဘူး။ ပေချန်၌ သူမမှာ များစွာသော ပရိုဂျူဆာများ၊ ဘရန်းပါတနာများနှင့် ချိန်းဆိုမှုများ ရှိသဖြင့် ကားတစ်စီးရှိထားတာက ပို၍ လွယ်ကူသက်သာစေလိမ့်မည်။

လျောင်တန်၏ ဆက်ဆံရေးမှတစ်ဆင့် ပေချန်ရှိ တီဗီဌာနတစ်ခုတွင် ထုတ်လွှင့်နေသော ရသစုံရှိုး၏ ပရိုဂျူဆာတစ်ယောက်နှင့် ရွှယ်ရှင်းဇီရဲ့ ရှိုးအတွက် တွေ့ဆုံဆွေးနွေးရန် စီစဥ်ထားခဲ့သည်။

စူးယန်ရှင်းရဲ့ကားဟာ စူးမိသားစုဗီလာမှာ ပါကင်မထိုးထားပဲ မြေအောက်ကားပါကင်တွင် ရပ်ထားလေသည်။

ကားဆီသို့ ရောက်သွားသောအခါ ထိုကားက သူမရဲ့ အဖြူရောင် သစ်ရွက်လေးခု ကလိုဗာလေးဖြစ်နေတာကို တွေ့လိုက်ရသည်။ ရင်းနှီးနေသော ကားကိုကြည့်ကာ စူးထောင်မှာ စက္ကန့်အနည်းငယ်လောက် အံ့အားသင့်ပြီးနောက် ကားထဲဝင်ဖို့ လုပ်လိုက်သည်။

ရုတ်တရက်ဆိုသလို တောက်ပသော အဖြူရောင် အလင်းတစ်ခုက စူးထောင်ရဲ့မျက်လုံးများဆီသို့ ရောက်လာရာ သူမလက်ကို အလင်းရောင်မှ ကာထားလိုက်သည်။

ဆန့်ကျင်ဘက်ဆီမှ ကားတစ်စီးသည် ဖြည်းဖြည်းချင်း မောင်းနှင်လာပြီး ကားရှေ့မီးသီးများကို မပိတ်ခင် သူမဘေးတွင် ရပ်လိုက်လေသည်။ ကားထဲမှ လိမ္မော်ရောင် ဘေ့စ်ဘောဦးထုပ် ဆောင်းထားသော ခပ်ဝဝ လူတစ်ယောက် ထွက်လာလေသည်။ စူးထောင် လွန်ခဲ့သောတစ်နှစ်က ကျန်းဝမ်၏ အေးဂျင့်ကို မြင်ဖူးခဲ့ပေသည်။

“ စူးထောင်လား၊ တကယ်ကို မင်းပဲ “

ဝူစီတာ၏ အသံက ဒေါသတို့ပါဝင်နေပြီး သိသိသာသာကို မဖော်ရွေပေ။

စူးထောင် တိတ်တဆိတ် ကားတံခါးကို ဖွင့်လိုက်သည်။ သေချာပေါက် ဒီလူက သူမနဲ့စကားကောင်းကောင်းပြောရန် ရောက်လာခြင်း မဟုတ်နိုင်ပေ။ ဝူစီတာက သူ့ရဲ့တြိဂံပုံစံ မျက်လုံးများဖြင့် သူမကိုစိုက်ကြည့်ကာ အော်လာခဲ့သည်။

“ တစ်စုံတစ်ယောက်ရဲ့ ထမင်းအိုးကို ရိုက်ခွဲရင် မိုးကြိုးပစ်လိမ့်မယ်ဆိုတာ မသိဘူးလား! “

စူးထောင်၏ ခြေထောက်တစ်ဖက်က ကားထဲသို့ ရောက်နေပြီဆိုပေမယ့် သူမတည်တည်ငြိမ်ငြိမ် ပြောလိုက်ပါသေးသည်။

“ ကျွန်မက တရားဥပဒေအတိုင်းပဲ လုပ်ခဲ့တာ၊ ရှင့်ဘက်က မကျေနပ်ရင် တိုက်ရိုက်တရားစွဲနိုင်တယ် “

စူးထောင် မြေအောက်ကားပါကင်တွင် ယောကျ်ားတစ်ယောက်နှင့် စကားမများချင်ပေ။ ထိုသို့ပြောပြီးသည်နှင့် ခပ်မြန်မြန်ပဲ ကားထဲဝင်ကာ ဝူးခနဲ မောင်းထွက်သွားတော့သည်။

ကားပါကင်မှ ထွက်ရန် အခကြေးငွေကောက်ခံခြင်း ရှိသောကြောင့် ဝူစီတာ၏ ကားက သူမကိုလိုက်မှီသွားခဲ့တာကို ကားနောက်ကြည့်မှန်မှ မြင်နေရလေသည်။

စူးထောင် အခကြေးငွေရှင်းပြီးသည်နှင့် ကားပါကင်မှ မောင်းထွက်လာခဲ့သည်။ သူမ ဒီကားကို မမောင်းဖြစ်သည်မှာ တစ်နှစ်ကြာခဲ့လေပြီ။ ကလိုဗာလေးမှာ အလွန်ကောင်းသည့် အင်ဂျင်တစ်ခုရှိသော်လည်း ဗဟိုလမ်းမပေါ်တွင် သူမ မဆင်မခြင် မမောင်းရဲပါချေ။

ဝူစီတာရဲ့ ကားက အနောက်တွင် နီးကပ်စွာပါလာပြီး အလျော့မပေးခဲ့ပေ။ ကောင်းကင်က အနည်းငယ်အုံ့မှိုင်းကာ ဆောင်းဦးမိုးရွာမည့်ပုံပေါ်နေသည်။ စူးထောင်သည် အမူအယာ မပြောင်းလဲဘဲ ကျွမ်းကျင်သော ကားမောင်းစွမ်းရည်ဖြင့် ဝိုက်ကာကွေ့လိုက်သည်။

All Chapters