အခန်း (၅၉)
Vol. 6 Ch. 59
ဒါပေမယ့် မမျှော်လင့်ထားဘဲ ဝူစီတာ၏ ကားမောင်းစွမ်းရည်ကလည်း မဆိုးလှချေ။ သူ့ကားက သူမအနောက်မှ ကပ်ပါလာသည်။
နောက်ဆုံးမှာတော့ မီးနီတစ်ခုတွင် ဝူစီတာက အရှိန်တင်ကာ စူးထောင်ရဲ့ကားရှေ့သို့ ကျော်တက်နိုင်ရန် အစွမ်းကုန် လုပ်နေသည်။ သူ့ကားက သူမကားကို ကပ်တွယ်ထားသဖြင့် အကြိမ်ပေါင်းများစွာ ပွတ်တိုက်ကာ ခြစ်မိနေတော့သည်။
နောက်ဆုံးတွင် အကွေ့တစ်ခုသို့ရောက်သောအခါ ဝူစီတာက မဆင်မခြင် သူမဆီကို တိုးဝင်လာသဖြင့် ကလိုဗာရဲ့ရှေ့မီးများကွဲကာ လမ်းဘေး၌ ရပ်သွားခဲ့ရသည်။
စူးထောင်ရဲ့ မျက်နှာအမူအယာမှာ မဲမှောင်နေပြီး စိတ်တည်ငြိမ်စေရန် သူမ မျက်လုံးကိုမှိတ်ထားသည်။ ကားမှန်ကို လာခေါက်သည့်အသံ ထွက်ပေါ်လာသည်။
“ ဒေါက် ဒေါက် ဒေါက် “
ပြတင်းပေါက်အပြင်ဘက်တွင် ဝူစီတာက ဒေါသအပြည့်ဖြင့် အော်ပြောနေသည်။
“ စူးထောင်၊ ထွက်လာခဲ့စမ်းပါ! အထဲမှာ ပုန်းမနေနဲ့၊ မင်းအခုပုန်းလို့ ရပေမယ့် တစ်သက်လုံး ပုန်းနိုင်မှာတဲ့လား! “
ကားအက်စီးဒန့်ကြောင့် အခြေအနေကို လာကြည့်ကြသူတို့မှာ ဝူစီတာရဲ့ အသွင်အပြင်ကြောင့် ခြေလှမ်းများ ရပ်တန့်သွားကြသည်။ စူးထောင် ကားတံခါးကိုဖွင့်ကာ ဝူစီတာရဲ့ခြေထောက်ကို ကန်ပြီး အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
“ ဘေးဖယ်စမ်းပါ၊ ရှင်က တံခါးကိုကွယ်ထားတော့ ကျွန်မ ဘယ်လိုထွက်ရမှာလဲ “
ဝူစီတာက သူမကိုဆူဆဲဖို့တောင် မေ့သွားကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်ပေးလိုက်ရသည်။ စူးထောင်က ကွဲသွားခဲ့သော ကားရှေ့မီးသီးကိုကြည့်ရင်း ဒေါသထွက်လာခဲ့သည်။
“ ဝူစီတာ…ရည်ရွယ်ချက်ရှိရှိ ထိခိုက်နာကျင်စေမှုနဲ့ ရှင့်ကို တရားစွဲနိုင်တယ်နော်၊ ဒါမှမဟုတ် လူသတ်ရန်ကြံစည်တဲ့ အမှုများလား “
ဝူစီတာက ဒေါသူပုန်ထနေတုန်းဖြစ်သည်။ သူက အပေါ်ယံတွင် နူးညံ့ညင်သာပုံပေါ်သော်လည်း တကယ်က စိတ်ဆတ်ပေသည်။
“ ကြိုက်သလို တရားစွဲလိုက်စမ်းပါ၊ တရားရုံးမှာ တိုက်ခိုက်ဖို့အတွက် ငါ့မှာ ရှေ့နေတွေ မရှိဘူးလို့များ ထင်နေလား၊ အရမ်းကောင်းတယ်၊ မမျှတစွာ ယှဥ်ပြိုင်မှုအတွက် ငါလည်း မင်းကိုတရားစွဲပြမယ်ကွ! အခြားအေးဂျင့်ရဲ့ အနုပညာရှင်ကို အချောင်နှိုက်ခဲ့တာ အားလုံးသိသွားအောင် ပြရမယ်လေ၊ မင်းကို ဒီနယ်ပယ်ထဲမှာ ဆက်ရှင်သန်လို့မရအောင် လုပ်နိုင်တယ်ဆိုတာ ယုံလား “
စူးထောင် သူမဖုန်းတွင် တိတ်တဆိတ် အသံသွင်းထားခဲ့သည်။ ထို့နောက် သူမက တည်ငြိမ်စွာ ပြောလိုက်သည်။
“ ကျွန်မက ဘယ်လိုမျိုး မမျှမတ ယှဥ်ပြိုင်ခဲ့လို့လဲ “
“ အရင်ဆုံး ကျန်းချီကို ချဥ်းကပ်ပြီး နောက်တော့ ကျန်းဝမ်ကို အချောင်နှိုက်ခဲ့တယ်လေ၊ မင်း ငါ့ကို တမင်သက်သက် ပစ်မှတ်ထားနေတာများလား၊ မင်းတော့ လူရွေးမှားပြီကွ! မင်းရဲ့အနောက်မှာ ရှဲ့ကျင် ရှိတယ်ဆိုပြီး လုပ်ချင်တိုင်းလုပ်လို့ရမယ်လို့ မထင်နဲ့!။ ငါ…ဝူစီတာက မကြောက်ဘူးကွ! ငါပြုတ်ကျလို့ကတော့ မင်းကိုပါဆွဲခေါ်သွားမှာ! “
စူးထောင် ခေါင်းအသာညိတ်လိုက်သည်။ အခု သူမရဲ့ ခံစားချက်များက ထိန်းချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိသွားလေပြီ။ သူမက သူအော်လို့ပြီးတာကိုစောင့်နေခဲ့ရင်း သူမလက်ထဲရှိ အသံသွင်းတဲ့ဘောပင်ကို လှုပ်ပြလိုက်သည်။
“ ကောင်းပြီ၊ အခုခြိမ်းခြောက်တဲ့ အမှုပါထပ်တိုးသွားပြီ၊ ကျွန်မရဲ့ရှေ့နေဆီက စာကိုသာ စောင့်နေလိုက်တော့ “
“ ပြီးတော့ ကျန်းချီကို စာချုပ်မချုပ်နိုင်ခဲ့တာက ရှင့်မှာ စွမ်းဆောင်ရည်မရှိလို့လေ၊ ကျန်းဝမ် ထွက်သွားဖို့ လုပ်နေတာကလည်း ရှင့်ရဲ့ကိုယ်ပိုင် ပြသာနာပဲ၊ ကျွန်မ သူမကို စာချုပ်မချုပ်ရင်တောင် အခြားတစ်ယောက်က ချုပ်မှာပဲ၊ ဘာလို့ရှင့်ကိုယ်ရှင် ပြန်ပြီးမဆင်ခြင်ကြည့်တာလဲ၊ ဘာကြောင့် ရှင့်ရဲ့အနုပညာရှင်တွေကို မထိန်းထားနိုင်ရလဲ ဆိုတာကိုပေါ့ “
“ မင်းက ဘာသိလို့လဲ! ”
သေချာတာပေါ့၊ လျိုဝမ်ထောင်နဲ့ အဆက်အသွယ်ရှိတဲ့လူတိုင်းက ဦးနှောက်မှာ ပြသာနာတစ်ခုခု ရှိနေကြပုံပဲ။
“ အေးဂျင့်တစ်ယောက်အနေနဲ့ စီးပွားရေးလုပ်မယ်ဆိုရင် ရွှေဥဥပေးနိုင်တဲ့ ငန်းကို သေချာ ဂရုတစိုက်နဲ့ မမွေးဘဲ မျက်စိရှေ့က အကျိုးအမြတ် နည်းနည်းလေးအတွက်နဲ့ သတ်ပစ်မိတာက အကြီးမားဆုံးအမှားတစ်ခုပဲ ”
“ ရှင့်မှာ ကျန်းဝမ်အတွက် ရေရှည် အစီအစဥ်တွေလုပ်ပေးထားတာ ရှိလို့လား၊ ပိုက်ဆံမြန်မြန်ရှာဖို့ပဲ တွေးနေခဲ့တာမလား ”
ဝူစီတာ စိတ်လွှင့်နေတာကို အခွင့်ကောင်းယူ၍ ရဲကို ဖုန်းခေါ်လိုက်ပြီး ကားအက်စီးဒန့်၏ နောက်ဆက်တွဲ ဖြေရှင်းစရာများကို ကိုင်တွယ်ရန်အတွက် လီရွှမ်ကို ဆက်သွယ်လိုက်သည်။
တီဗီပရိုဂျူဆာနှင့် ချိန်းထားသော အချိန်က နီးကပ်လာလေပြီ။
“ ဘာလို့ ငါက မင်းပြောတာကို နားထောင်ရမှာလဲ “
ဝူစီတာက ရုတ်တရက် စူးထောင်ရဲ့ စကားပရိယာယ် လှည့်ကွက်ကြားမှ လွတ်မြောက်လာပုံရသည်။
“ ငါက အမြဲတမ်း ဒီနည်းလမ်းကို သုံးခဲ့တာလေ၊ ပြီးတော့ ကုမ္ပဏီက ဒီနေ့လိုအခြေအနေကို ရောက်လာနိုင်တာကလည်း ငါ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ မကင်းဘူးကွ! အနုပညာရှင်ရဲ့ တန်ဖိုးကို အတတ်နိုင်ဆုံး အမြင့်ဆုံးထိဆွဲတင်တာ ဘာမှားနေလို့လဲ၊ အနုပညာရှင်တစ်ယောက်ရဲ့ ရွှေရောင်ကာလဆိုတာ နှစ်အနည်းငယ်ပဲရှိတာ! သူတို့က တစ်သက်လုံး နာမည်ကျော်နေမယ်လို့ ဘယ်သူက အာမခံနိုင်မှာလဲ၊ ကုမ္ပဏီက သူတို့အနားယူသွားရင်တောင် ပင်စင်ခပေးပြီး ဆက်ထောက်ပံ့နေရဦးမှာလား ”
ဝူစီတာက ဆက်ပြောလိုက်သည်။
“ အမျိုးသမီး အနုပညာရှင်တစ်ယောက်အတွက် သူတို့တောက်ပနေတုန်းမှာ တတ်နိုင်သလောက် ပိုက်ဆံများများရှာထားတာက အကောင်းဆုံးပဲလေ၊ အဲဒါမှ သူတို့ အသက်အရွယ်ရလာပြီး သိပ်ကြည့်မကောင်းတော့တဲ့အချိန်မှာ ကြိုးစားပမ်းစား အလုပ်ဆက်လုပ်ဖို့ မလိုမှာပေါ့! ငါလုပ်တာ ဘယ်နေရာမှားနေလို့လဲ “
စူးထောင် - “ ပိုက်ဆံရှာတာနဲ့ ပိုက်ဆံမြန်မြန်ရှာတာက မတူဘူး၊ ရှင့်ရဲ့ပိုက်ဆံရှာတဲ့ နည်းလမ်းက အနုပညာရှင်ရဲ့ ကိုယ်ရောစိတ်ပါ ထိခိုက်စေတဲ့အပြင် ဂုဏ်သတင်းကိုပါ ပျက်စီးစေတယ်၊ ရှင်က အနုပညာရှင်ရဲ့ပုံရိပ်ကို ဖျက်စီးနေတာပဲ ”
“ သောက်ကျိုးနည်း မင်းဘာမှမသိဘူးကွ! “
အက်စီးဒန့်ဖြစ်သောနေရာမှာ မြို့လည်ခေါင်ရှိ မီးပွိုင့်နားတွင်ဖြစ်သောကြောင့် လီရွှမ်တစ်ယောက် ဆယ်မိနစ်အတွင်း ရောက်လာခဲ့သည်။ စူးထောင်မှာ ဒီလိုလူမျိုးနှင့် အကျိုးအကြောင်း ဆက်ပြောနေရလောက်သည်အထိ စိတ်ရှည်သည်းခံမှုတို့ ရှိမနေပါဘူး။
သူမ လီရွှမ်ကို ရဲများနှင့်စကားပြောရန် ညွှန်ကြားခဲ့ပြီး ဝူစီတာကို လစ်လျူရှုကာ ကားထဲမှ ဖိုင်များကိုယူ၍ ထွက်သွားရန်ပြင်နေခဲ့သည်။
“ မင်းမသွားရဘူး! ”
မထင်မှတ်ထားဘဲ ဝူစီတာက လိုက်လာခဲ့ပြန်သည်။ သူက စူးထောင်ရဲ့ပုခုံးအား လက်တစ်ဖက်ဖြင့် ဖမ်းဆွဲကာ ခြိမ်းခြောက်လာခဲ့သည်။
“ အလျင်လိုနေတယ်ပေါ့ ဟုတ်လား၊ ငါစိတ်သက်သာရာ မရရင် မင်းလည်း သက်တောင့်သက်သာ နေရမယ်မထင်နဲ့! ငါ့ကို တရားစွဲမယ်ဟုတ်လား။ သတ္တိရှိရင် စွဲလိုက်စမ်းပါ ”
“ သူမကို လွှတ်လိုက် ”
တင်းမာသော အသံတစ်ခုက ဝူစီတာရဲ့နားစည်ထဲသို့ ဖောက်ဝင်လာခဲ့သည်။
ထို့နောက် သူ့ရဲ့လက်မောင်းက တစ်ရာ့ရှစ်ဆယ်ဒီဂရီ နောက်သို့လိမ်ချိုးကာ ချုပ်ထားခံလိုက်ရသဖြင့် နာကျင်မှုကြောင့် စူးရှစွာ အော်ဟစ်နေရသည်။ ဘန်းခနဲမြည်သံနှင့်အတူ ဝူစီတာရဲ့ အဆီရစ်နေသော မျက်နှာက ကားခေါင်မိုးပေါ်သို့ ဖိကပ်ခံလိုက်ရပြန်သည်။
သေလောက်အောင် နာကျင်မှုက သူ့ရဲ့အာရုံကြောများကို လှုံ့ဆော်နေတာကြောင့် ခွင့်လွှတ်ပေးရန်အော်ကာ တောင်းပန်လာတော့သည်။
“ လွှတ်ပေး၊ လွှတ်ပေးပါ… စကားကောင်းကောင်း ပြောရအောင်လေ ”
ရုတ်တရက် ကောင်းကင်ထက်မှ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။ မဲမှောင်လာသော ကောင်းကင်နှင့်အတူ လျှပ်စီးများက လမ်းပေါ်တွင် ရပ်ကြည့်နေကြသော လူများကို အချိန်မရွေး ရွာချလာနိုင်သည့် မိုးအတွက် ခိုလှုံဖို့နေရာရှာရန် ထွက်သွားစေခဲ့သည်။ မိုးခြိမ်းသံကဲ့သို့ အလားတူ ကြောက်ဖို့ကောင်းသော အသံက ဝူစီတာကို ကျောချမ်းစေလေသည်။
“ သူမကို ထိရဲတဲ့နေ့က မင်းရဲ့ ဘဝအဆုံးသတ်မယ့် ဖြစ်သွားလိမ့်မယ် ”
ရှဲ့ကျင်က သူ့လက်ကိုအားထည့်ကာ ဝူစီတာရဲ့လည်ပင်းကို ညှစ်ထားလေသည်။
“ ရှဲ့ကျင်…သူ့ကို လွှတ်ပေးလိုက်တော့ ”
ဝူစီတာမှာ သေမင်းတမန်ကို သွားတွေ့ရလုနီးပါး ဖြစ်နေတဲ့အချိန် နတ်သမီးတစ်ပါးရဲ့အသံကို ကြားလိုက်ရသလိုပင်။ ထိုအသံက နွေဦးလို ကြည်လင်နေပြီး သူ့ရဲ့ဝိညာဥ်ကို သန့်စင်ပေးသည်။ သူသာ ဒီနေ့အသက်ရှင်ခဲ့ရင် သေချာပေါက် လူကောင်းဖြစ်အောင် လုပ်တော့မယ်!
ဝူစီတာတစ်ယောက် ထိုသို့တွေးလိုက်သည့်အချိန်တွင် ရုတ်တရက် သူ့နှာခေါင်းထဲသို့ အောက်စီဂျင်များ အလုံးအရင်း ဝင်ရောက်လာခဲ့သည်။
သူ မသေတော့ဘူး!
မိုးစရွာလေပြီ……။
Maybach ကားထဲ၌ စူးထောင် အချိန်မှီ ကားထဲဝင်ပြီး တံခါးပိတ်လိုက်နိုင်သဖြင့် မိုးရေစိုခြင်းမှ ကင်းလွတ်သွားလေသည်။ တံခါးပိတ်ပြီးနောက် အပြင်ဘက်ရှိ ဝူစီတာကိုကြည့်ကာ ရှဲ့ကျင်ရဲ့လက်ကို ဖမ်းကိုင်ထားသည်။
ဝူစီတာတစ်ယောက် သူ့မျက်နှာပေါ်ရှိ မိုးရေများကို သုတ်ကာ ပြန်လည်သက်သာလာပုံကို မြင်ရသဖြင့် စူးထောင် စိတ်အေးသွားခဲ့သည်။
အခုလေးတင် ရှဲ့ကျင် တော်တော်ကြောက်ဖို့ ကောင်းခဲ့တာ။ သူ့မျက်လုံးက လူသတ်ချင်စိတ် အပြည့်ဖြစ်နေခဲ့ပြီး သူမရဲ့အော်ပြောတဲ့ အသံကိုတောင် ကြားပုံမရဘဲ ဝူစီတာကို သတ်ဖို့ပဲ လုပ်နေတာလေ။
နောက်ဆုံးအခိုက်အတန့်တွင် သူ့ကိုနောက်ကျောဘက်မှ မဖက်ခဲ့မိလျှင် ဝူစီတာကို လွတ်မြှောက်ခွင့် ပေးမည်မဟုတ်ပါချေ။ သူမရဲ့လက်ဖဝါးကို ကုပ်ခြစ်ခံလိုက်ရသောကြောင့် ဝူစီတာဆီမှ အကြည့်လွှဲလိုက်ရသည်။
သူမခေါင်းကို လှည့်လိုက်သည့် အချိန်တွင် သူမနှုတ်ခမ်းအား အေးစက်သော နှုတ်ခမ်းတစ်စုံက ထိကပ်လာခဲ့သည်။ သူမ ရှောင်ဖို့လုပ်သော်လည်း နေရာလွတ်မရှိပါပေ။
ရှဲ့ကျင်ရဲ့ ခန္ဓာကိုယ်တုန်ယင်နေတာကို စူးထောင်ခံစားနေရသည်။ သူမရှေ့တွင်ရှိသော ထိုလူ၏ အေးစက်ခံ့ညားသည့် မျက်နှာကို ကြည့်လိုက်သည်။ သူ့ရဲ့မျက်လုံးများကို တင်းတင်းကြပ်ကြပ် ပိတ်ထားပြီး မျက်တောင်ရှည်များက အနည်းငယ် လှုပ်ခတ်နေခဲ့သည်။
အစပိုင်းတွင် အနမ်းက သားကောင်ကို အမဲဖြတ်နေသကဲ့သို့ ရန်လိုနေလေသည်။
သူမရဲ့ နူးညံ့သောလက်နှစ်ဘက်ကို သူ့ရဲ့ပါးပြင်များပေါ်တွင် တင်လိုက်ပြီး ရှဲ့ကျင်ရဲ့ မျက်နှာကို အနွေးဓါတ်ပေးနေလေသည်။ တဖြည်းဖြည်း သူ့နှုတ်ခမ်းကပါ ပူနွေးလာခဲ့ပြီး အနမ်းကလည်း ပို၍ ညှင်သာလာခဲ့သည်။
ရှဲ့ကျင် နောက်ဆုံးတော့ သူမနှုတ်ခမ်းကို လွှတ်ပေးခဲ့သည်။ နဖူးချင်းကပ်လျက် အသိစိတ်ကို ပြန်ထိန်းနေပုံရကာ အသက်ရှူသံ တည်ငြိမ်လာခဲ့သည်။ သူ့ရဲ့ မျက်လုံးများကိုဖွင့်ပြီး သူမကို နက်ရှိုင်းစွာ စိုက်ကြည့်လာသည်။
“ ရှောင်ထောင်ဇီကို ကိုယ် လန့်အောင်လုပ်မိခဲ့တာလား ”
“ အင်း…ငါ့ကိုတကယ် လန့်သွားစေခဲ့တယ် ”
စူးထောင်တစ်ယောက် ရှဲ့ကျင်အသိစိတ်လွတ်သွားတာကို မမြင်ရသည်မှာ အချိန်ကြာပြီဖြစ်သည်။ လတ်တလော သူ့ရဲ့ပြောင်းလဲမှုများကြောင့် ဒီလူက ဒေါသထွက်လာရင် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာကို မေ့သွားစေခဲ့သည်။
စူးထောင် -“ အိုး…ဟုတ်သားပဲ၊ နင်ဘာလို့ ဒီကိုရောက်နေရတာလဲ ”
ရှဲ့ကျင်ရဲ့အမူအယာက တောင့်တင်းသွားရပြီး အစောပိုင်းက ပုံစံနှင့် အလွန်ကွာခြားပေသည်။ သူ့ခါးကိုမတ်လျက် ကျိုးကြောင်းဆီလျော်စွာ ရှင်းပြလာခဲ့သည်။
“ ဒီနားကဖြတ်သွားရင်း လမ်းကြုံလို့ပါ၊ ကိုယ်မလိမ်ဘူး ကျိန်ရဲတယ်နော်! ကိုယ်က မင်းဖုန်းဆက်လာတာကို လိမ်လိမ်မာမာ စောင့်နေတာလေ၊ နောက်ယောင်ခံလိုက်နေတာ မဟုတ်ရပါဘူး၊ တကယ်ပြောတာ! ”
သူမ မယုံကြည်မှာကို ကြောက်နေသည့်အလား လက်သုံးချောင်းထောင်၍ ကျိန်ပြကာ စူးထောင်ကို သူဘယ်လောက်လိမ္မာလဲဆိုတာ သက်သေပြနေလေရဲ့။
" ငါ နင့်ကိုနောက်ယောင်ခံလိုက်နေတယ်လို့ ပြောလို့လား"
စူးထောင်မှာ သူ့ရဲ့ အလွန်အမင်း သတိထားနေသော ပုံစံကြောင့် အနည်းငယ် ကူကယ်ရာမဲ့နေခဲ့ရသည်။
သူမ အချိန်ကို တစ်ချက်ကြည့်ကာ ထိုင်ခုံခါးပတ် ပတ်ပြီးနောက် ပြောလိုက်သည်။
“ ငါ့ကို တစ်နေရာလောက် လိုက်ပို့ပေးနိုင်မလား၊ အလုပ်ပြီးရင် နင့်ကို တစ်ဝိုင်း ဒကာခံမယ် “
ရှဲ့ကျင် ချက်ချင်းဆိုသလို တက်ကြွသွားကာ တစ်စက္ကန့်လေးတောင် အချိန်မဖြုန်းဘဲ ကားကို ချက်ချင်း စက်နှိုးလိုက်တော့သည်။
Mercedes ကားလေးက ဇောင်းမှ လွှတ်လိုက်သည့် မြင်းရိုင်းတစ်ကောင်အလား အရှိန်ပြင်းစွာ ပြေးထွက်သွားခဲ့သည်။ ရှဲ့ကျင် တတ်နိုင်သလောက် အရှိန်တင် မောင်းခဲ့သော်လည်း စူးထောင် ချိန်းထားခဲ့သည့် အချိန်ထက် နောက်ကျနေဆဲပင် ဖြစ်သည်။
မူလက ပထမဆုံးတွေ့ဆုံမှုတွင် အထင်အမြင်ကောင်း ရရှိစေရန်အတွက် ဆယ်မိနစ်စောရောက်နေရန် ရည်ရွယ်ထားသော်လည်း အခုတော့ ချိန်းထားသည့်အချိန်ထက်တောင် နောက်ကျသွားခဲ့ရသည်။
ကားပါကင်၌ ချောမွေ့စွာ ကားရပ်တန့်သွားသည်နှင့် စူးထောင်တစ်ယောက် အလျင်စလိုဆင်းကာ ပြေးသွားရသဖြင့် ရှဲ့ကျင်ကိုတောင် နှုတ်ဆက်စကားတစ်ခွန်း ပြောဖို့ အချိန်မရှိခဲ့ပါချေ။
သူမ စားသောက်ဆိုင်ထဲ ဝင်သွားပြီးနောက် သီးသန့်အခန်းတစ်ခုဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။ ထိုအခန်းထဲတွင် မုတ်ဆိတ်အနည်းငယ်ရှိသော အသက်လေးဆယ်အရွယ် အမျိုးသားတစ်ယောက် ထိုင်နေ၏။
သူ့ပုံစံမှာ စိတ်ရှည်သည်းခံနိုင်စွမ်း ကုန်ဆုံးနေပုံရပြီး မြောက်ဘက်မြို့တော်တွင် ရှိနေသော လျောင်တန်ကို ဖုန်းခေါ်ကာ မကျေနပ်ချက်များ ဖွင့်ဟနေလေသည်။
“ မစ္စလျောင်…ဘယ်လိုပဲ မင်းမိတ်ဆွေရဲ့ အဆက်အသွယ်က ကောင်းနေဦးတော့၊ အနည်းဆုံး ချိန်းထားတဲ့ တစ်ဖက်လူကို လေးစားမှုလေး ထားပေးသင့်တယ် မဟုတ်ဘူးလား ! မင်းပြောတဲ့ အဆက်အသွယ်ကြောင့်သာ မဟုတ်ရင် ငါသူမကို…”
ထိုအချိန်မှာပင် စူးထောင် အလျင်စလို ဝင်လာလိုက်ပြီး အားနာနေသော အပြုံးတစ်ခုကို ချိတ်ဆွဲလျက် စိတ်ရင်းမှန်ဖြင့် တောင်းပန်ခဲ့သည်။
“ ချွေ့မင်လောင်ရှီးလား မသိဘူးရှင့်၊ ကျွန်မက စူးထောင်ပါ၊ နောက်ကျသွားတဲ့အတွက် ကျွန်မ တကယ်ကို တောင်းပန်ပါတယ်…”
ထိုအသံကိုကြားသောအခါ ချွေ့မင် ချက်ချင်း မော့ကြည့်လိုက်သည်။ လှပသောမျက်နှာလေးနှင့် အပြုအမူကောင်းရှိပုံရသော သူ့ရှေ့က မိန်းကလေးငယ်လေးကို မြင်တော့ သူ့လက်ကို ဝေ့ရမ်းလိုက်ကာ လေသံက အနည်းငယ် ညှင်သာသွားရသည်။
“ ရှိပါစေတော့…ငါတို့က ဒီကို တူညီတဲ့အကျိုးအမြတ်တစ်ခု အတွက် အဆက်အသွယ်တစ်ခု တည်ဆောက်ဖို့ လာခဲ့တာပဲလေ၊ ဒီနယ်ပယ်မှာက အဆက်အသွယ်တွေရှိဖို့က အရေးအကြီးဆုံးပဲမလား၊ အဆက်အသွယ်ကောင်းတစ်ခုသာရမယ်ဆို ကျန်တဲ့ကိစ္စတွေ မေ့ထားလို့ရပါတယ် “
စူးထောင်မှာ ချွေ့မင်ရဲ့ မြောက်များလှစွာသော‘အဆက်အသွယ်တွေ’ ကြောင့် စိတ်ရှုပ်ထွေးသွားရကာ သူဘာကိုပြောချင်မှန်း မသိတော့ပါချေ။
“ စားချင်တာ မှာလိုက်ပါ၊ ငါဒကာခံမယ်၊ ရော့…ဒီမှာ မီနူးကတ် ”
“ ချွေ့လောင်ရှီး…ကျွန်မကမှ ဒကာခံပေးရမယ့်သူပါ…ကျေးဇူးပြုပြီး မှာပါရှင့် ”
စူးထောင်က မီနူးကတ်ကို သူ့ဆီသို့ ပြန်တွန်းပို့ပေးလိုက်သည်။
“ ဟေး…အဲ့လောက်ယဥ်ကျေးနေစရာမလိုပါဘူး၊ မင်းမှာလိုက်ပါ…ငါက စကားပြောတာပေါ့ ”
သူမထက် အသက်အရွယ်ပိုကြီးသော ချွေ့မင်ကိုယ်တိုင်က ထိုသို့ပြောလာသောကြောင့် စူးထောင်မှာ မငြင်းနိုင်တော့ပေ။ ချွေ့မင်သည် စီးပွားရေးသမားတစ်ယောက်ရဲ့ အပြုံးမျိုး ပြုံးပြလာကာ ခေါင်းတခါခါဖြင့် စပြောလာ၏။
“ မင်းရဲ့ အေဂျင်စီက အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်နေတယ်ဆိုတာ ငါမြင်နိုင်ပါတယ်…စူးလောင်ရှီး၊ မင်းရဲ့အနုပညာရှင်တွေ အကုန်လုံးက အရမ်းထူးချွန်ကြတယ်နော်၊ ကျန်းချီနဲ့ ရွှယ်ရှင်းဇီ နှစ်ယောက်လုံးကလည်း ပါရမီရှင်တွေ၊ ရွှယ်ရှင်းဇီရဲ့ တေးရေးစွမ်းရည်ကိုတော့ တကယ် အသိအမှတ်မပြုဘဲ မနေနိုင်ဘူး “
သူမရဲ့ အနုပညာရှင်တွေ ချီးကျူးခံနေရသောကြောင့် စူးထောင်မှာ မိခင်တစ်ယောက်ကဲ့သို့ ဝမ်းသာပီတိဖြစ်ကာ ဂုဏ်ယူမိနေပြီး စောစောက စိတ်ရှုပ်ထွေးမှုတွေတောင်မှ ချက်ချင်းပျောက်ကွယ်သွားရတော့သည်။
“ ချွေ့လောင်ရှီးကတော့ ကျွန်မကို မြှောက်နေပြန်ပါပြီ၊ ဒါပေမယ့် သူတို့ကိုယ်တိုင်ကိုက တကယ်အလုပ်ကြိုးစားကြလို့ပါ “
“ မင်းက အရမ်းနှိမ့်ချနေတာပဲ၊ သူတို့ ဒီလိုထူးချွန်နေတာကလည်း မင်းရဲ့သင်ကြားလမ်းညွှန်မှုကြောင့်ပဲလေ ”
ချွေ့မင်က သူမရဲ့အမူအယာကို အကဲခတ်ရင်း စူးထောင်အတွက် လက်ဖက်ရည်တစ်ခွက် လောင်းထည့်ပေးကာ ထပ်ပြောလာခဲ့သည်။
“ စူးလောင်ရှီး…မင်းနဲ့ ဥက္ကဌရှဲ့တို့ ဘယ်အချိန်လောက် အားမလဲမသိဘူးနော်၊ ငါ တစ်ရက်လောက် မင်းတို့နှစ်ယောက်လုံးကို ထမင်းဖိတ်ကျွေးလို့ ရမလား “