← Chapters

အခန်း (၆၀)

Vol. 6 Ch. 60

အခန်း (၆၀)

Vol. 6 Ch. 60

လက်ဖက်ရည်ခွက်ကို ကိုင်ထားသော စူးထောင်ရဲ့လက်မှာ ရပ်တန့်သွားခဲ့ရသည်။ သူမ မျက်နှာပေါ်ရှိ အပြုံးကလည်း အလားတူ အေးခဲသွားလေသည်။ နောက်ဆုံးတော့ ချွေ့မင်ရဲ့ မြောက်များလှစွာသော ‘အဆက်အသွယ်တွေ’ရဲ့ ဆိုလိုရင်းကို သူမနားလည်သွားလေပြီ။

“ ချွေ့လောင်ရှီး၊ ဥက္ကဌရှဲ့နဲ့ ကျွန်မက ပရိုဂရမ်အတွက် ရှိုးလုပ်ခဲ့ကြရုံပါ၊ ပရိုဂျူဆာအဖွဲ့က မတူညီတဲ့အချိန်ကာလက သတင်းအပိုင်းအစတွေကို ပြန်ပေါင်းပြီး ဇာတ်လမ်းတစ်ပုဒ်ဖြစ်အောင် တည်းဖြတ်ခဲ့တာ၊ ရှင်လည်း ရသစုံရှိုးတွေနဲ့ မစိမ်းတဲ့လူဆိုတော့ ဒါကို နားလည်မှာပါ ”

ချွေ့မင်ရဲ့ အပြုံးက တောင့်တင်းသွားရပြီး မယုံကြည်နိုင်စွာ စောဒဂတက်လာခဲ့သည်။

“ ဒါပေမယ့် မင်းတို့နှစ်ယောက်က ဆိုရှယ်မီဒီယာပေါ်မှာတောင် ရေပန်းစားခဲ့ကြတာလေ၊ ဥက္ကဌရှဲ့က မင်းကို ဖွင့်ပြောခဲ့တယ် မဟုတ်ဘူးလား ”

“ အဲဒါတွေက သူ့ကိစ္စပါ၊ အခု ကျွန်မတို့မှာ ဘာအဆက်အသွယ်မှ မရှိတော့ဘူး၊ အဲဒါကြောင့် ကျွန်မ သူ့ကို ရှင့်ဆီ ခေါ်မလာနိုင်ဘူး ထင်ပါရဲ့ ”

အင်တာတိန်းမန့်လောကသည် အဆက်အသွယ်များနှင့် လည်ပတ်နေခြင်းကို စူးထောင် နားလည်ပေသည်။ ရှဲ့ကျင်၏ အရှိန်အဝါကို အသုံးချနိုင်ပါက သူမအတွက် အရာအားလုံးက ပိုမို လွယ်ကူလာပေလိမ့်မည်။

တကယ်တော့ သူမဆီကတစ်ဆင့် ရှဲ့ကျင်နှင့် အဆက်အသွယ်ရရန် ပြုလုပ်ခြင်းမှာ သူမ လျောင်တန်မှတစ်ဆင့် ချွေ့မင်ကို သိကျွမ်းအောင် ပြုလုပ်ခြင်းနှင့် ဆင်တူပေသည်။ ဒါပေမယ့် ဒီတစ်ခုကတော့ သူမ မကူညီနိုင်ပေ။

“ အာ…မင်းတို့နှစ်ယောက်က…”

‘ ပြတ်သွားကြပြီလား ‘ ဟူသောစကားလုံးကို ချွေ့မင် ဆက်မပြောခဲ့ပေ။ ခုတော့ သူနားလည်သွားပြီ! တွေးကြည့်ရင် သိပ်တော့မထူးဆန်းပါဘူး။ ရှဲ့ကျင်လို အဆင့်အတန်းနဲ့ ယောကျ်ားတစ်ယောက်က စူးထောင်ကို တစ်သက်တာအတွက် ရည်ရွယ်ပြီး စိတ်ဝင်စားခဲ့တာ မဟုတ်လောက်ဘူး။

အဲဒီရုပ်ချောပြီး အဆင့်အတန်းမြင့်မားတဲ့ ယောကျ်ားတွေက တစ်လလောက်ကြာတာနဲ့ ရိုးသွားကြတာလေ။ သူတို့ အပျော်သက်သက် ကစားခဲ့တဲ့ မိန်းကလေးတစ်ယောက်ကို အိမ်ထောင်ဖက်အဖြစ် လက်ထပ်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး။

သူ စူးထောင်ကို အရမ်းအထင်ကြီးမိသွားပုံပဲ။ ထိုသို့တွေးမိကာ ချွေ့မင်ရဲ့ အပြုံးက ပျောက်ကွယ်သွားပြီး သူ့ရဲ့ဝံ့ကြွားတဲ့ပုံစံအမှန်ကို ထုတ်ဖော်ပြသ လာခဲ့သည်။ သူ့ခေါင်းကို ခါလိုက်ကာ အငယ်တစ်ယောက်ကို သင်ခန်းစာ ပို့ချပေးသည့်လေသံဖြင့် ပြောလာ၏။

“ အဲဒီရှဲ့ကျင်ဆိုတဲ့ တောင်ကြီးက တကယ်ကို တက်ဖို့ခက်တာပဲ၊ ဒါပေမယ့် ကောင်မလေးရေ…ယောကျ်ားတစ်ယောက်ကိုတောင် မထိန်းထားနိုင်ရင် အစကတည်းက ဒီလမ်းကို မလျှောက်သင့်ဘူးနော်! သစ်ပင်ရဲ့ အရိပ်အာဝသအောက်မှာ ပျော်မွေ့ရတာကို နှစ်သက်တာက မကောင်းတာမျိုး မဟုတ်ပေမယ့် မင်းက ငယ်ပါသေးတယ်၊ နောက်ထပ် နှစ်အနည်းငယ်လောက် လေ့ကျင့်လိုက်ဦး “

ထိုစကားလုံးများက စူးထောင်ကို စိတ်အနှောက်အယှက် ဖြစ်သွားစေ၏။ သူမ မှုန်မှိုင်းစွာဖြင့် ကြည့်ကာ လေးလေးနက်နက် ပြောလိုက်တော့သည်။

“ သင်ကြားပြသပေးတဲ့အတွက် ကျေးဇူးပါ ချွေ့လောင်ရှီး၊ ဒါပေမယ့် ကျွန်မအသက်ရှင်ဖို့အတွက် ရှဲ့ကျင်ကို မှီခိုစရာမလိုဘူးလေ…ဟုတ်တယ်မလား။ ကျွန်မက ဒီနယ်ပယ်မှာ လုပ်သက် သိပ်မကြာသေးပေမယ့် အေးဂျင့်တစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို အကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ ထင်တယ်၊ ရှင့်ရဲ့မျက်နှာနှစ်ခုကို ကျွန်မရှေ့မှာ လာပြစရာမလိုပါဘူး ”

ထိုသို့ပြောပြီးနောက် စူးထောင်မှာ ထင်ထားသလို စိတ်သက်သာရာမရသွားဘဲ ပိုလို့တောင် စိတ်ရှုပ်လာကာ သူမ ဒီလိုစကားမျိုးတွေ ပြောမိသည်ကိုတောင် နောင်တရလာခဲ့သည်။

ပုံမှန်အားဖြင့် စူးထောင်ဟာ သူမရဲ့ခံစားချက်တွေကို ထိန်းချုပ်တဲ့နေရာမှာ အလွန်တော်ပေသည်။ ဒါဆို သူမဘာလို့ ရှဲ့ကျင်နဲ့ပတ်သက်လာတဲ့ အရာတိုင်းမှာ ထိန်းချုပ်မှု ကင်းမဲ့သွားခဲ့တာလဲ။

အရင်တစ်ခေါက်က ချင်ရွှယ်ရှီး ပေါ်လာတော့ သူမ ကျန်းချီကို မဆီမဆိုင် အပြစ်ပေးခဲ့မိသည်။ ဒီတစ်ခေါက်လည်း ရှဲ့ကျင် နာမည်ပါလာတာနဲ့ လာရင်းကိစ္စကိုတောင် မေ့သွားခဲ့တယ်။ သူမရဲ့ မျက်လုံးများကို ပိတ်ကာ စိတ်ခံစားချက်များကို တည်ငြိမ်ရန် ကြိုးစားနေလေသည်။ စိတ်ခံစားချက်တွေရဲ့ ထိန်းချုပ်တာကို ခံနေရတာက အတော်လေး စိတ်ပျက်ဖို့ကောင်းတယ်!

“ ကောင်းပြီလေ၊ မင်းက အရမ်းကို လုပ်နိုင်စွမ်းတွေ ရှိနေမှတော့ ငါစကားထပ်ပြောဖို့ မလိုတော့ဘူး၊ ငါလည်း လျောင်တန်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပြီးပြီဆိုတော့ ဒီမှာတင် နှုတ်ဆက်ပါတယ် ”

ချွေ့မင် လေကုန်မခံတော့ဘဲ မတ်တပ်ရပ်လိုက်၏။ ထို့နောက် စူးထောင်ကို မထီမဲ့မြင်ကြည့်ကာ ထွက်သွားဖို့ အသင့်ဖြစ်နေခဲ့သည်။ ချွေ့မင် တံခါးနားသို့ မော့ကြည့်လိုက်မိသောအခါ ရှည်သွယ်ပြီး တော်ဝင်ဆန်သော ပုံရိပ်တစ်ခုက ဖိုင်အိတ်ကိုကိုင်ကာ စားသောက်ဆိုင်ထဲ ဝင်လာတာကို မြင်လိုက်ရသည်။

သူ့ရဲ့ ခြေလှမ်းများ တုံ့ဆိုင်းသွားရသည်။

ရောက်လာသူကတော့ ရှဲ့ကျင် ဖြစ်သည်။ သူ့ရဲ့ခြေတံရှည်များဖြင့် သူတို့ဆီသို့ လျှောက်လာပြီး ချွေ့မင်အရှေ့တွင် ရပ်သွားခဲ့လေသည်။ ချွေ့မင်နှင့် အကြည့်ချင်းစုံသွားသောအခါ အေးစက်စွာ ပြန်ကြည့်လာပြီးနောက် စူးထောင်ဘက်သို့ လှည့်သွားခဲ့သည်။

သူက စူးထောင်ရဲ့အရှေ့မှာ ဖိုင်အိတ်ကို ထားလိုက်ပြီး သူမထိုင်နေသော ကုလားထိုင်နောက်မှီအပေါ် လက်တစ်ဖက်တင်ကာ သူမဆီသို့ အနည်းငယ် ငုံ့ကိုင်းပြီး ပြောလာခဲ့သည်။ သူ့လေသံက တည်ငြိမ်ပြီး နူးညံ့မှုအရိပ်အယောင်တို့ ပါဝင်နေသည်။

“ ကားထဲမှာ ဖိုင် ကျန်ခဲ့လို့ လာပေးတာ ”

စူးထောင် မော့ကြည့်လိုက်ပြီး သူမအလျင်စလိုထွက်လာရသဖြင့် ဖိုင်တစ်ခုလုံး မေ့ကျန်ခဲ့သည်ကို သဘောပေါက်သွားသည်။ ချွေ့မင်တစ်ယောက် မှင်သက်စွာဖြင့် မျက်တောင်ခတ်လိုက်သည်။

“ ဥက္ကဌရှဲ့လား ”

ရှဲ့ကျင်မှာ စူးထောင်အနားတွင် ပေါ်လာသော အထီးသတ္တဝါမှန်သမျှကို အလိုအလျောက် ငြင်းပယ်လေသည်။ ချွေ့မင်ကို ပြန်မဖြေဘဲ အေးစက်သည့် အကြည့်တစ်ချက်သာ ပေးလိုက်သည်။

“ ကျွန်တော်က မြောက်ဘက်မြို့တော်ရဲ့ တီဗီဌာနက ချွေ့မင်ပါ၊ ဥက္ကဌရှဲ့နဲ့တွေ့ဆုံရဖို့ စီစဥ်ထားပေမယ့် မတွေ့နိုင်ခဲ့ဘူးဗျာ၊ ကျွန်တော့်ရဲ့ ရသစုံရှိုးအသစ်မှာ ရင်းနှီးမြုပ်နှံဖို့ ကိစ္စ……”

“ အတွင်းရေးမှူးကို ဆက်သွယ်လိုက်ပါ “

ရှဲ့ကျင်မှာ သူ့စကားကို နားထောင်ပေးရန် စိတ်မဝင်စားသဖြင့် အေးစက်စွာ ဖြတ်ပြောလိုက်သည်။ သူ့ရဲ့အကြည့်က စူးထောင်မျက်နှာပေါ်တွင်သာ စွဲမြဲနေခဲ့ပြီး စကားပြောရာတွင်လည်း ချက်ချင်းလေသံပြောင်းသွားခဲ့သည်။

“ ကိုယ် ကားပါကင်မှာစောင့်နေမယ်၊ မင်းရဲ့အလုပ်ကိစ္စပြီးရင် ဖုန်းဆက်လိုက်နော် ”

စူးထောင်မှာ သူမရဲ့အကြည့်ကို ရှဲ့ကျင်ဆီမှ ပြန်ရုတ်သိမ်းလိုက်တော့သည်။ ချွေ့မင်ကို ဖိုင်ကမ်းပေးသောအခါ သူမ မျက်နှာအမူအယာက မပျော်ရွှင်နေခဲ့ပါဘူး။

“ ချွေ့လောင်ရှီး…ဒါက ရွှယ်ရှင်းဇီရဲ့ အချက်အလက်တွေပါ၊ သူမကိုယ်တိုင်ရေးထားတဲ့ သီချင်းအချို့ရဲ့ demo တွေလည်း ပါတယ် ”

“ အိုး…ရွှယ်ရှင်းဇီကို သိတာပေါ့! အရည်အချင်းရှိတဲ့ မိန်းကလေးပဲ! ရသစုံရှိုးအတွက် သူ့ကိုဖိတ်ခေါ်ချင်နေတာ ကြာပေါ့ဗျာ၊ အခု ဒီအချက်အလက်တွေ သိမ်းထားလိုက်မယ်။ စာချုပ်အကြမ်းပြင်ဆင်ပြီးတာနဲ့ မင်းကိုဆက်သွယ်လိုက်မယ်နော် “

ချွေ့မင်၏ သဘောထားက တစ်ရာ့ရှစ်ဆယ်ဒီဂရီ ပြောင်းလဲသွားသည်။ ရွှယ်ရှင်းဇီမှာ ပြိုင်ဘက်ကင်း ဂျီးနီးယပ်စ်ဖြစ်ပြီး သူ မဖမ်းဆုပ်နိုင်ပါက အကြီးအကျယ်ဆုံးရှုံးမှုကြီးဖြစ်လာနိုင်သကဲ့သို့ ပြုမူနေလေသည်။

ဒီအပြောင်းအလဲက စူးထောင်ကို မပျော်ရွှင်စေခဲ့ပါချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမရဲ့စိတ်အခြေအနေက ပိုလို့တောင် ဆိုးဝါးလာတော့သည်။ ချွေ့မင်ကို နှုတ်ဆက်ပြီးနောက် စူးထောင်တစ်ယောက် Mercedes ပေါ်ရှိ ခရီးသည်ထိုင်ခုံနေရာ၌ ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ တစ်ဖက်မှာ စိုးရိမ်ပူပန်နေသူကတော့ ရှဲ့ကျင်ဖြစ်သည်။ သူမကို ဝမ်းနည်းအောင် သူဘာအမှားလုပ်မိခဲ့တာလဲ။

“ မင်း ခုနက မစားခဲ့ရဘူးမလား၊ ဘာစားချင်လဲ၊ သွားစားကြမယ်လေ ဟုတ်ပြီလား ”

ရှဲ့ကျင်က အရိပ်အကဲကြည့်ပြီး မေးလိုက်သည်။ စူးထောင်ဆီမှ တုံ့ပြန်မှုတစ်ခု ရဖို့ရန် အချိန်အတော်ကြာ စောင့်ဆိုင်းလိုက်ရသည်။ သူမရဲ့ လေသံက မထူးခြားနားဖြစ်နေကာ စိတ်မပါပုံပေါ်ပေမယ့် ရှဲ့ကျင်ကတော့ ကျေနပ်ပျော်ရွှင်နေခဲ့တယ်။

“ မင်းဘာစားချင်လဲ၊ ကိုယ်ချက်ကျွေးမယ်လေ ”

ရှဲ့ကျင်ရဲ့ မျက်လုံးနက်နက်လေးများက ဘလင်းဘလင်းဖြစ်ကာ တောက်ပနေပြီး အားတက်သရော မေးလာခဲ့ပြန်သည်။

“ ဒါမှမဟုတ် မင်းကိုယ်တိုင်ပဲ ချက်ချင်လား ”

“ ကောင်းပြီ ”

ရှဲ့ကျင်တစ်ယောက် ပေါ့ပေါ့ပါးပါး အိမ်တွင်းအဝတ်အစားများဖြင့် မီးဖိုချောင်တံခါးဝတွင် ရပ်ကာ သူ့ဖုန်းကိုကိုင်လျက် ဗီဒီယိုမှတ်တမ်းတင်နေသည်။ ဒီနေ့က သူ့အတွက် အပျော်ဆုံးနေ့ပဲ! သူ့ရဲ့ မက်မွန်သီးလေးက အိမ်ပြန်လာပြီ!

မီးဖိုချောင်ထဲရှိ ကြော်ချက်နေသော အသံများ၊ အိုးအဖုံးဖွင့်လိုက်သောအခါ ထွက်ပေါ်လာသော ငါးစွပ်ပြုတ်ရဲ့ ကြွယ်ဝသော မွှေးရနံနှင့် အေပရွန်တစ်ခုဖြင့် မီးဖိုချောင်ထဲ အလုပ်ရှုပ်နေသော ပုံရိပ်လေးက သူအိပ်မက်ထဲတောင် ထည့်မမက်ရဲခဲ့သည့် မြင်ကွင်းလေး ဖြစ်ပေသည်။

စူးထောင် မီးဖိုမီးကို ပိတ်ပြီး အိုးအဖုံးဖွင့်ကာ ငါးစွပ်ပြုတ်ကို ပန်းကန်ထဲထည့်ပြီး သယ်လာသည့်အချိန်တွင် တံခါးဝမှာ ပိတ်ရပ်နေသော ရှဲ့ကျင်ကို တိုက်မိလုနီးပါး ဖြစ်သွားရသည်။

“ နင်ဘာလုပ်နေတာလဲ ”

သူမအံ့အားသင့်စွာ မေးလိုက်သည်။

“ မအိပ်ခင် ကြည့်လို့ရအောင် ဗီဒီယိုလေးသိမ်းထားချင်လို့ “

ရှဲ့ကျင်ရဲ့ အသံက အရမ်းကို နူးညံ့ညင်သာနေသဖြင့် သေချာအာရုံစိုက်ပြီး နားမထောင်ပါက သူဘာပြောလဲဆိုတာတောင် မကြားနိုင်လောက်ပေ။ ဒါပေမယ့် စူးထောင်ကတော့ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသောကြောင့် မနေနိုင်စွာဖြင့် မျက်လုံးပင့်ကြည့်လိုက်သည်။

စူးထောင်မှာ ရှဲ့ကျင်နှုတ်ခမ်းပေါ်တွင် ဖျော့တော့သော အပြုံးလေး ရှိနေသော်လည်း သူ့မျက်လုံးများက အနည်းငယ် အနီရောင်သန်းနေတာကို မြင်လိုက်ရသောကြောင့် နှစ်စက္ကန့်မျှ ကြက်သေသေသွားရသည်။ ထို့နောက် အေပရွန်ကိုချွတ်ကာ စားသောက်ဖို့ ထိုင်လိုက်သည်။

ရှဲ့ကျင်က ဆယ်စုနှစ်သက်တမ်းရှိသော အနီရောင်ဝိုင်ပုလင်းကို ရွေးခြယ်ကာ ဖန်ခွက်နှစ်ခွက်ထဲသို့ လောင်းထည့်ပြီး စူးထောင်ကို ကမ်းပေးလာခဲ့သည်။ စူးထောင် တိတ်တဆိတ် စားသောက်နေခဲ့သည်။ စားလို့ပြီးခါနီးအချိန်၌ တူကိုချကာ သူမရဲ့ဝိုင်ခွက်ကို မြှောက်လိုက်သည်။

“ ဒီတစ်ခွက်ကို နင့်အတွက် သောက်ပေးမယ် ”

ဖန်ခွက်နှစ်ခွက်ကို တိုက်လိုက်ရာ 'ချလွမ်’ ဟူသော မြည်သံထွက်ပေါ်လာခဲ့သည်။ စူးထောင်တစ်ယောက် သူမရဲ့ခေါင်းကိုမော့ကာ ဝိုင်တစ်လုတ်စာ သောက်လိုက်လေသည်။

ရှဲ့ကျင်က သူမကိုကြည့်နေခဲ့ပြီး သူ့ရဲ့ အနက်ရောင်မျက်ဝန်းထဲတွင် သူမရဲ့မျက်နှာက ရောင်ပြန်ဟပ်နေခဲ့သည်။ သူမရဲ့ မျက်နှာက ထုံးစံအတိုင်း အမူအယာမဲ့နေပေမယ့်လည်း ရှဲ့ကျင်က သူမစိတ်အခြေအနေ မကောင်းတာကို ခံစားမိလေသည်။

“ Sea wave 2 ရိုက်ကူးရေးကနေ စပြီး ကောင်းယန်ယန်ရဲ့ တီဗီစီးရီး၊ ကျန်းချီရဲ့ သတင်းနဲ့ မဲပေးမှုရလဒ်တွေ ပြီးတော့ ခုလေးတင်တွေ့လာခဲ့တဲ့ ချွေ့မင်အထိ နင် ငါ့ကိုအများကြီး ကူညီပေးခဲ့တာပဲ၊ တကယ် ကျေးဇူးတင်ပါတယ် ”

ပြောပြီသည်နှင့် စူးထောင် နောက်တစ်လုတ်သောက်လိုက်သည်။

ရှဲ့ကျင်ရဲ့ အမူအယာမှာလည်း သိပ်မကောင်းတော့ချေ။ သူ့ရဲ့လက်ချောင်းများက ဖန်ခွက်ကို ရစ်ပတ်ဆုပ်ကိုင်ထားသော်လည်း မြှောက်လိုက်ရန် တုံ့ဆိုင်းနေခဲ့သည်။ သူ့ရဲ့မျကလုံးထဲတွင် စိုးရိမ်မှုရဲ့ အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။

“ ရှောင်ထောင်ဇီ၊ ဘာလို့ ကိုယ့်ကို ရုတ်တရက်ကြီး ကျေးဇူးတင်နေရတာလဲ ”

စူးထောင် သူမရဲ့ဝိုင်ခွက်ကို ချလိုက်သည်။ သူမ၏ ကြည်လင်သောမျက်လုံးများက အနည်းငယ် ဝါးတားနေပြီး ပါးပြင်နှစ်ဖက်က မက်မွန်သီးတစ်လုံးကဲ့သို့ ပန်းရောင်သန်းနေတော့သည်။

“ ဘာလို့လဲဆိုတော့ ငါက တော်တော်လေး အသုံးမကျလို့လေ ”

စူးထောင်ရဲ့ မျက်နှာသေးသေးလေးက ငိုချင်နေသော်လည်း မငိုမိအောင် သူမကိုယ်သူမ တွန်းအားပေးနေပုံပေါ်သည်။ သူမ ဝိုင်ခွက်ကိုမြှောက်ကာ လက်ကျန်ဝိုင်များကို တစ်လုတ်ထဲနှင့် အပြတ်ရှင်းလိုက်သည်။

ထို့နောက် ဝိုင်ပုလင်းကို လှမ်းယူလိုက်ရာ ရှဲ့ကျင်က မတားဘဲ ငြိမ်ငြိမ်လေး ထိုင်ကြည့်နေခဲ့သည်။ စူးထောင် ဝိုင်နောက်တစ်ခွက်ထည့်ကာ လေးပုံသုံးပုံကို ဆက်တိုက်သောက်ချလိုက်သည်။

“ ငါ နင့်ကို အမြဲတွန်းထုတ်နေခဲ့တာ ဘာကြောင့်လဲဆိုတော့…နင့်ကိုမြင်တိုင်း ငါ့ကိုယ်ငါ လွန်ခဲ့တဲ့တစ်နှစ်က အချိန်ကို ပြန်ရောက်သွားသလို ခံစားနေရလို့၊ အရာအားလုံးမှာ နင့်ကိုပဲ မှီခိုနေရတဲ့ ဘဝမျိုးလေ၊ နင်မရှိရင် ငါက ဘာမှမဟုတ်သလိုပဲ၊ ငါ့ရဲ့အားစိုက်ထုတ်မှုနဲ့ ကြိုးစားခဲ့တဲ့ရလဒ်တွေက အသိအမှတ်ပြု မခံရဘူး ။ ငါ့ကိုချီးကျူး မြှောက်ပင့်ကြတဲ့လူတွေရဲ့ ရည်ရွယ်ချက်ကလည်း နင်ပဲ၊ ငါဆိုတဲ့ စူးထောင်က ရှဲ့ကျင်ရဲ့ မိန်းကလေးဆိုပြီး နာမည်တပ်မခံချင်တော့ဘူး!”

“ ကိုယ်နားလည်ပါပြီ၊ အားလုံးက ကိုယ့်ရဲ့အမှားတွေပါ”

ရှဲ့ကျင်က စူးထောင်ရဲ့လက်ကို ဆွဲကိုင်လျက် ညှင်သာစွာ ချော့လိုက်သည်။ သူမက အရက်မူးနေချိန်တွင် ချစ်ဖို့ကောင်းသော်လည်း သူမ ဝမ်းနည်းသည့် အချိန်မျိုးမှာသာ အရက်သောက်ရတာကို ကြိုက်ပေသည်။ သူမရဲ့ ဒီအလေ့အကျင့်က သိပ်မကောင်းပါချေ။

“ နင်ဘာမှ နားမလည်ပါဘူး! “

စူးထောင် ဝိုင်ခွက်ကို ဆောင့်ချလိုက်သည်။ သူမရဲ့နှုတ်ခမ်းထောင့်စွန်းနားတွင် အနီရောင်ဝိုင်စက်တို့ စွန်းပေနေကာ မျက်ရည်များပြည့်နေသော မျက်ဝန်းတစ်စုံဖြင့် သူ့ကိုကြည့်လာခဲ့သည်။

“ ငါက နင့်အပေါ်ပဲ မှီခိုပြီး နင်ယူလာပေးတဲ့ အရာတွေကို ပျော်မွေ့နေခဲ့တာ! ဒါတောင် တစ်ချိန်တည်းမှာပဲ နင့်ကို ခါးခါးသီးသီး တွန်းထုတ်နေသေးတယ်၊ ငါက အရှက်မရှိတဲ့ လက်ဖက်စိမ်းမပဲ! “

ရှဲ့ကျင်မှာ သူ့ရဲ့နှုတ်ခမ်းများကို ဖိကပ်ကာ ရယ်ချင်နေတာကို ထိန်းလျက် သူမကို ဆက်ချော့နေခဲ့သည်။

“ မဟုတ်ပါဘူးကွာ၊ အဲဒါက ကိုယ့်အမှားပါ၊ ရှောင်ထောင်ဇီက အရမ်းကို တော်တာပေါ့၊ ကိုယ်မရှိဘဲလည်း အများကြီး လုပ်နိုင်နေတာ၊ ကိုယ်ကမှ မင်းကို ပြသာနာတွေ အများကြီးဖြစ်စေခဲ့တာပါ ”

စူးထောင်က သူမရဲ့ခေါင်းကို ပြင်းထန်စွာ ခါလိုက်သည်။

“ မဟုတ်ဘူး၊ အဲဒါက ငါ့အမှားပဲ၊ ငါ့မှာအရည်အချင်းမရှိပေမယ့် အဲဒါကို လက်မခံနိုင်ဖြစ်နေခဲ့တာ! နင့်အပေါ်မှီခိုဖို့လိုနေတယ်လို့ ပြောတဲ့ အခြားသူတွေဆီက စကားလုံး အနည်းငယ်လောက် ကြားရုံနဲ့တင် စိတ်ဆိုးသွားခဲ့တာ။ ငါက ဘာကိုစိတ်ဆိုးနေရတာလဲ…နင့်ကိုမှီခိုနေတာ အမှန်ပဲဟာကို! ”

ရှဲ့ကျင်တစ်ယောက် စူးထောင်ရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ အနည်းငယ်တုန်ယင်လာကာ ချက်ချင်းဆိုသလို သူ့မျက်လုံးများထဲတွင် မျက်ရည်များဖြင့် ပြည့်နှက်လာတော့သည်။ သူမကို လေးနက်ခိုင်မာစွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။

“ မင်းက……ကိုယ် မင်းကို ရှာမတွေ့စေချင်ခဲ့တာလား ”

စူးထောင်ရဲ့ မျက်လုံးများက ဝေဝါးနေခဲ့သည်။ ရှဲ့ကျင်ပြောသော စကားလုံးများကို ရှင်းရှင်းလင်းလင်း ကြားနိုင်သော်လည်း သူမရဲ့ဦးနှောက်က လက်ခံရရှိသော အချက်အလက်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတော့သဖြင့် စိတ်ထဲရှိသလို ရေရွတ်လိုက်သည်။

“ အွန်း…ငါ့ကို လာမရှာနဲ့……”

ရှဲ့ကျင် ထရပ်ကာ စူးထောင်ရဲ့ အရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူ့ရဲ့လက်နှစ်ဖက်လုံးဖြင့် သူမမျက်နှာလေးကို ကိုင်ထားပြီး သူ့မျက်လုံးထဲရှိ မျက်ရည်များကို မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အဝေးသို့ဖယ်ရှားလိုက်သည်။

“ မင်းကို လိုက်ရှာခွင့်မပြုဘူးလို့ မပြောပါနဲ့လား ”

စူးထောင်ရဲ့ မျက်ခွံများက အောက်သို့ ငိုက်စိုက်ကျနေကာ ထိုစကားတစ်ခွန်းကိုပဲ စက်တစ်လုံးကဲ့သို့ ထပ်ကာထပ်ကာ ပြောနေခဲ့သည်။

“ ငါ့ကို မရှာနဲ့…လာမရှာနဲ့…ခွင့်မပြုဘူး ”

ရှဲ့ကျင်မှာ သူမရဲ့ပိတ်နေသော မျက်လုံးများကိုကြည့်နေခဲ့ပြီး သူမရဲ့ခေါင်းကို ဘယ်ညာရမ်းနေသဖြင့် စားပွဲခုံနှင့် တိုက်မိလုနီးပါး ဖြစ်နေသည်။ သူမခေါင်းကို ကာပေးပြီးနောက် ရှဲ့ကျင် မျက်ရည်များကို သုတ်ကာ တွေးလိုက်သည်။

မူးနေတဲ့ ချစ်သူကောင်မလေးနဲ့ သူက ဘာအတွက် ပြိုင်ငြင်းနေရတာလဲဆိုတာ မသိတော့ပေ။ သူမကို ကောက်မကာ အပေါ်ထပ်ရှိ အိပ်ခန်းဆီသို့ ခေါ်သွားလိုက်တော့သည်။

ရင်းနှီးနေသောအခန်းနှင့် သူ့လက်မောင်းထဲမှာ ရင်းနှီးနေသော အမျိုးသမီးလေးရှိနေသည်။ အဆုံးမရှိသည့် စိတ်ကျေနပ်နှစ်ခြိုက်မှုကို ခံစားရပါသည်။ သူမရဲ့နှုတ်ခမ်းထက်သို့ အနမ်းတစ်ပွင့် စိုက်ပျိုးပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်သည်။

“ မင်းလေးကို မင်းသမီးလေးတစ်ပါးလို လုံလောက်အောင် အလိုမလိုက်ပေးခဲ့မိတဲ့ ကိုယ့်ရဲ့အမှားပါကွာ ”

သူ့ရဲ့အသံနိမ့်နိမ့်က နှစ်သက်မြတ်နိုး အလိုလိုက်မှုတို့ ပျော်ဝင်နေခဲ့သည်။

“ မင်းရဲ့ အပြုအမူတွေက လက်ဖက်စိမ်းဆန်နေတယ်ဆိုရင်တောင် ဘာဖြစ်လဲကွာ၊ အဟက်…ကိုယ်သဘောကျရင် ကိုယ့်ရဲ့လက်ဖက်စိမ်းမလေးပဲပေါ့ ”

ရှဲ့ကျင် အချိန်အတန်ကြာ သူ့ကိုယ်သူ စကားပြောနေခဲ့ပေမယ့် စိတ်အခြေအနေက ပုံမှန်ထက် ပိုပွင့်လင်းလာခဲ့တယ်။ သူ နောက်ဆုံးတော့ နားလည်သွားရပြီ။ ရှောင်ထောင်ဇီက သူ့အပေါ် တစ်ခါတလေ နွေးထွေးပြီး တစ်ခါတလေကျ အေးစက်နေရတဲ့ အကြောင်းအရင်းကိုပေါ့။

All Chapters