← Chapters

အခန်း (၆၁)

Vol. 6 Ch. 61

အခန်း (၆၁)

Vol. 6 Ch. 61

ကြည့်ရတာ အတွေးလွန်နေခဲ့တဲ့ တစ်ယောက်က သူဖြစ်နေပုံပဲ။ အခု အကြောင်းပြချက်ကို သိပြီဆိုတော့ ဘာဆက်လုပ်ရမလဲဆိုတာကို သိသွားပြီ!

နောက်တစ်ရက်တွင် စူးထောင် အိပ်ယာနိုးသောအခါ ကောင်းမွန်စွာအနားယူခဲ့ရသဖြင့် ခေါင်းထဲ ရှင်းလင်းနေခဲ့သည်။

သူမရဲ့ ဖုန်းကို ယူရန် လက်ဆန့်ထုတ်လိုက်ချိန်တွင် ဖုန်းကို ရှာမတွေ့ဘဲ နွေးထွေးသည့် လက်တစ်ဖက်ကိုသာ တွေ့လေသည်။ သူမ မျက်လုံး ဖွင့်ကြည့်လိုက်သည်။

ရှဲ့ကျင်က ကိုယ်တစ်ပိုင်းဗလာဖြင့် လက်တစ်ဖက်အပေါ် ခေါင်းတင်လျက် သူမရဲ့ဘေး၌ လှဲကာ သူမအား နက်ရှိုင်းစွာ ကြည့်နေခဲ့သည်။ ဒီလို ကိုယ်ဟန်အနေအထား၊ အသွင်အပြင်နှင့် အကြည့်တို့က အလွန်ရင်းနှီးနေလေသည်။

ပြီးခဲ့တဲ့တစ်ခေါက် အပူပိုင်းမိုးသစ်တော ဟိုတယ်မှာတုန်းက အခြေအနေနှင့် အတိအကျ တူညီနေလေသည်။ စူးထောင်မှာ သူမရဲ့ထင်မြင်ချက်ကို အတည်ပြုရန်အတွက် သူမကိုယ်သူမ ငုံ့ကြည့်လိုက်သည်။

သူမရဲ့ အဝတ်အစားများက သပ်သပ်ရပ်ရပ် ရှိနေတာကို မြင်သွားပြီးနောက် မနေ့ညက မှတ်ဉာဏ်များ သူမခေါင်းထဲသို့ ပြန်ဝင်လာတော့သည်။ မနေ့ညက သူမ စိတ်အခြေအနေ မကောင်းတဲ့အပြင် ရှဲ့ကျင်ကိုလည်း ကျေးဇူးတင်ချင်လို့ ဝိုင်နည်းနည်းသောက်ခဲ့တာလေ။

ပြီးတော့ ဘယ်လိုဖြစ်ပြီး အပြန်အလှန် တောင်းပန်ကြတဲ့ အဖြစ်ကို ကူးပြောင်းသွားရတာလဲ။ ဘုရားရေ! မနေ့ညက သူမ ဘာပေါက်ကရတွေ လျှောက်ပြောခဲ့မိတာလဲ။

အဲဒီ ကလေးဆန်တဲ့ အတွေးတွေကိုတောင် ထုတ်ပြောခဲ့မိတာလား!

ပထမဆုံးအကြိမ်အဖြစ် စူးထောင်တစ်ယောက် အရက်ကို ဝေးဝေးက ရှောင်ရန် တွေးမိလာသည်။ သူမရဲ့ မျက်နှာကို ဖုံးအုပ်ကာ ရှဲ့ကျင်ရဲ့မြင်ကွင်းထဲမှ ပျောက်ကွယ်သွားချင်နေတော့သည်။

ဒါပေမယ့် သူမလက်က ရှဲ့ကျင်ရဲ့လက်ကို ကိုင်ထားဆဲ ဖြစ်ကြောင်း သတိထားမိသွားသဖြင့် ရှက်ရွံ့စွာဖြင့် လွှတ်ချလိုက်လေသည်။ ရှဲ့ကျင်မှာ ရယ်ချင်နေသော်လည်း တစ်ယောက်သောသူလေး ရှက်ရွံ့ပြီး စိတ်ဆိုးသွားမှာကို စိုးရိမ်သဖြင့် အမူအယာမဲ့နေသော မျက်နှာကို ခက်ခက်ခဲခဲ ဆက်ထိန်းထားရလေသည်။

အိမ်ယာပေါ်က ထပြီးနောက် စူးထောင်လည်း ပြန်လည်တည်ငြိမ်သွားခဲ့သည်။ ဧည့်သည်ခန်းထဲ၌ ပြင်ဆင်ကာ သူမရဲ့ပစ္စည်းများကို စုဆောင်း၍ ထွက်ခွာရန် ပြင်ဆင်နေလေသည်။

ရှဲ့ကျင်သည်လည်း အထုပ်ပြင်ထားလေသည်။ လှပသော အရိုးအဆစ်များရှိနေသည့် လက်ကောက်ဝတ်ပေါ်တွင် နာရီတစ်လုံးကို ဝတ်ဆင်ပြီးနောက် သူမရဲ့ ခြေလှမ်းများနောက်မှ ထပ်ကြပ်မကွာ လိုက်လာခဲ့သည်။

စူးထောင်မှာ ထိုလူဆက်မလိုက်လာစေရန် ငြင်းပယ်ဖို့ နည်းလမ်းကို တွေးနေခဲ့ခြင်းဖြစ်သည်။

“ ပေချန်မှာ လုပ်စရာ အလုပ်တွေလည်းပြီးပြီဆိုတော့ ဒီနေ့ ကျန်းချန်ကို ပြန်တော့မယ် “

ရှဲ့ကျင်က ရိုးရှင်းစွာဖြင့် ခေါင်းညိတ်ကာ အပြင်သို့ ဦးဆောင်ကာ ထွက်ရင်း ပြန်ပြောလာသည်။

“ အွန်း၊ သွားကြစို့ ”

စူးထောင် စိတ်ရှုပ်ထွေးစွာဖြင့် သူ့ကိုကြည့်လိုက်သော်လည်း တံခါးမှထွက်ကာ သူ့အနောက်သို့ လိုက်သွားခဲ့သည်။ ရှဲ့ကျင် ကားကို ရီမုကွန်ထရိုးဖြင့် လော့ခ်ဖွင့်လိုက်ပြီး စူးထောင်ကို လှည့်ကြည့်ကာ အေးတိအေးစက် ပြောလာလေသည်။

“ မနေ့ညက မင်းပြောခဲ့တာတွေကို နားထောင်ပြီး ကိုယ်အလင်းပွင့်သွားခဲ့ပြီ။ အခုချိန်ကစပြီး မင်းဖြစ်ချင်တဲ့အတိုင်း လိုက်လျောပေးဖို့ ဆုံးဖြတ်လိုက်ပြီ ”

စူးထောင် - "?"

ထို့နောက် သူက ယာဥ်မောင်းခုံတွင် ဝင်ထိုင်လိုက်ကာ ခပ်မိုက်မိုက်ပုံစံဖြင့် ကားမှန်ချပြီး ပြောလာပြန်သည်။

“ ဒီနေရာမှာ တက္ကစီငှားဖို့ မလွယ်ဘူး၊ တစ်စီးလာဖို့ကို အနည်းဆုံး တစ်နာရီလောက် စောင့်ရမှာ၊ တကယ်လို့ ကိုယ့်ကို လေဆိပ်အထိ မောင်းပို့ပေးစေချင်ရင်တော့ ဂတ်စ်ဖိုးပြန်ပေးရမယ် ”

စူးထောင် - "..."

အဲ့လောက်ထိ ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် အကန့်ခွဲထားစရာ တကယ်မလိုဘူးလေ။

အနက်ရောင် Maybach သည် လေဆိပ်ဂိတ်တွင် ရပ်လိုက်သည်။ စူးထောင်သည် ရှဲ့ကျင်ပို့လိုက်သော WeChat ငွေပေးချေခြင်းကုဒ်ကို တစ်ချက်ကြည့်လိုက်ရင်း ကူရာမဲ့စွာဖြင့် သူမနှုတ်ခမ်းများကို မဲ့လိုက်သည်။ ထို့နောက် ကျသင့်ငွေကို စကန်ဖတ်ကာ ပေးချေဖို့ ဖုန်းကိုထုတ်လိုက်တော့သည်။

“ကိုယ့်မှာ မပြီးပြတ်သေးတဲ့ အလုပ်တွေရှိသေးတယ်၊ အဲ့တော့ ရက်အနည်းငယ်အတွင်းမှာပဲ ကျန်းမြို့ကို ကိုယ်ပြန်သွားရလိမ့်မယ်”

ရှဲ့ကျင်မှ ဖြည်းဖြည်းလေး ပြောလိုက်သည်။

စူးထောင်ကတော့ ကျန်းမြို့ကို သူပြန်သွားရမည်ဆိုသည့် ပုံမှန်ဖြစ်နေကျစကားကို အတိုက်အခံလုပ်ပြီး ပြောမနေတော့ပေ။

“ဒါပေါ့.. မင်းကိုယ့်ကို ရက်နည်းနည်းလောက်စောပြီး ပြန်လာစေချင်တယ်ဆိုရင်...”

ရှဲ့ကျင်သည် သူ့မျက်နှာကို လှည့်လိုက်ကာ ရှေ့ကို နည်းနည်းကိုင်းလိုက်ပြီး သူ့နှုတ်ခမ်းကို ပုတ်ပြလိုက်သည်။

“အနမ်းလေးတစ်ပွင့်ပေးရမှာပေါ့.. ဒါဆိုရင် တစ်ရက်စောပြီး ပြန်လာခဲ့မယ်လေ”

စူးထောင် - “ထားလိုက်ပါ.. တာ့တာ”

စူးထောင် ကားပေါ်ကဆင်းရန် တံခါးကိုဖွင့်လိုက်သည့်အချိန်တွင် သူမလက်ကို ရုတ်တရက် လှမ်းဆွဲတာ ခံလိုက်ရတော့သည်။ လက်ဖဝါး နွေးနွေးလေးတစ်ခုက သူမ၏ လက်သေးသေးလေးကို ဆုပ်ကိုင်ထားကာ ရှည်လျားသေးသွယ်သော လက်ချောင်းများက သူမ၏ လက်ချောင်းထိပ်လေးများကို ပွတ်သပ်နေပေသည်။

ရှဲ့ကျင်သည် သူ့လက်နောက်တစ်ဖက်ကို မြှောက်လိုက်ပြီး သူ့ပါးလေးကို ထိပြလိုက်ကာ သူအပေးအယူလုပ်ထားသည့်အတိုင်း သူ့မျက်လုံးနက်နက်လေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြနေတော့သည်။

“ပါးကိုပဲ နမ်းလည်း ရပါတယ်လေ”

စူးထောင် - “...”

သူမသည် လက်ကို တိတ်တိတ်ဆိတ်ဆိတ်သာ ပြန်ရုတ်သိမ်းလိုက်ပြီး ကားထဲကနေ ထွက်လာခဲ့သည်။ သူမ၏ ကျက်သရေရှိရှိ ထွက်ခွာနေသော နောက်ကျောလေးကိုသာ ရှဲ့ကျင် ကြည့်နေရတော့သည်။

“အနမ်းက မလိုအပ်ပါဘူး၊ တစ်ခုခုပဲပြောစေချင်တာ”

စူးထောင်တစ်ယောက် ထွက်သွားနေချိန်မှာပဲ ရှဲ့ကျင်၏ စိတ်ပျက်လက်ပျက် အသံတိုးတိုးလေး ပေါ်ထွက်လာတော့သည်။ သူ့ဟာသူ ရေရွတ်နေခြင်းပင်။

“တစ်ခုခုသာပြောလိုက်တာနဲ့.. အခုချက်ချင်းပဲ ကိုယ်မင်းနဲ့အတူတူ သွားမှာကို”

လီရွှမ်နှင့် ရှောင်ခယ့်တို့ကတော့ သီချင်းဗီဒီယိုရိုက်ကူးနေသည့် ကျန်းချီကို အဖော်ပြုပေးနေကြသည်။ လီရွှမ်၏ တင်ပြချက်အရဆိုလျှင် ကျန်းချီသည် အလုပ်တွင် အတော်လေး ပူးပေါင်းဆောင်ရွက်ပေးသည်ပင်။ အဲ့တော့လည်း စူးထောင်တစ်ယောက် အတော်လေး ကျေနပ်ရတော့တာပေါ့။

သို့သော်လည်း ထိုစိတ်ကျေနပ်ရမှုများမှာ နေ့တစ်ဝက်သာ ခံပေသည်။ ကျန်းချီတစ်ယောက် ရုတ်တရက်ကြီး နာမည်ကြီး ရှာဖွေမှုများစာရင်းထဲ ပါလာ၍ပင်။

#ကျန်းချီ ဖုချန်းချန်း ချိုမြိန်သောတုံ့ပြန်မှု ဆိုသည့် hashtag မှာ တစ်ခဏလေးအတွင်းမှာတင် နာမည်ကြီးရှာဖွေမှုများ ထိပ်တန်း၁၀ခုထဲသို့ ထိုးဖောက်ဝင်ရောက်လာတော့သည်။

စူးထောင်လည်း ဟိုဟိုဒီဒီကြည့်လိုက်ပေရာ ပါပါရာဇီများမှ ရိုက်ထားသည့် ဓာတ်ပုံနှင့် ဗီဒီယိုများကို တွေ့လိုက်ရသည်။

ကြည့်ရတာတော့ ရိုက်ကူးရေးလုပ်နေတုံးက မဖြစ်နိုင်လောက်ဘူး။ ဘာလို့လဲဆိုတော့ ဖုချန်းချန်းက ကျန်းချီကို သူမလက်မောင်းတွေနဲ့ ရစ်ပတ်ထားတာကြောင့်လေ။ သူမသည် ခြေဖျားထောက်ရပ်နေကာ သူ့နား,နားကို တစ်ခုခု တီးတိုးပြောနေပုံရလေသည်။ သူတို့နှစ်ဦးစလုံးမှာလည်း ရယ်မောနေကြသည်ပင်။

ဓာတ်ပုံများကတော့ ပို၍ပင် ဟိုလိုလိုဒီလိုလိုဖြစ်နေလေ၏။

ဖုချန်းချန်းသည် ကျန်းချီ၏ ပခုံးပေါ်သို့ မှီထားကာ၊ ကျန်းချီကတော့ သူမ၏ခေါင်းပေါ် ပြန်မှီထားလေသည်။

နှစ်ဦးစလုံးသည် တစ်ယောက်နှင့်တစ်ယောက် ချိုမြိန်စွာ ကြည့်နေကြသည်ပင်။

လက်များကိုလည်း ကိုင်ထားပြီးတော့ပေါ့။

ရိုက်ကူးရေးလုပ်တုံးကလား ဘာလားဆိုတာကတော့ အတော်ကို မသေမချာ ဖြစ်နေလေ၏။ လူတိုင်းထင်ချင်ရာထင်လိုက်နိုင်သည့် အနေအထားပင်။

ဖန်တွေကတော့ သူတို့၏ ဖန်ကလပ်များတွင် ဖွင့်ဟဆွေးနွေးရင်း ဆင်ခြင်တုံတရားတွေပါ ပျောက်ဆုံးကုန်ကြတော့သည်။

အဓိကကတော့ ဖုချန်းချန်းက ဝေ့ပေါ်တွင် တင်လိုက်သောအရာကြောင့်ပင်။ ရေပန်းစားနေသောအကြောင်းအရာကဏ္ဍတွင် ထိပ်တန်းနံပါတ်၅နေရာအထိတောင် ထိုးတက်သွားခဲ့သည်။

ဖုချန်းချန်း - “ဒါကျွန်မရဲ့ ပထမဆုံးသော စုံတွဲသီချင်းဗီဒီယို ရိုက်ကူးခြင်းပဲဖြစ်ပါတယ်။ အနည်းငယ် ပင်ပန်းပေမယ့်လည်း အရမ်းကို ပျော်ဖို့ကောင်းခဲ့ပါတယ်။ လုပ်ငန်းခွင်ထဲမှာ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ လှည့်ကွက်လေးတစ်ချို့ကို ကျွန်မ မျှဝေပေးချင်ပါတယ်။ သင့်ရဲ့ နှလုံးသားကို အလုပ်မှာပဲ အပြည့်အဝမြှုပ်နှံထားပါ၊ ဒီလိုဆိုရင် ဘယ်လောက်ပဲ စိတ်ပင်ပန်းဖို့ကောင်းနေပါစေ မောပန်းမိမှာ မဟုတ်ပါဘူး”

ပုံ - ဖုချန်းချန်းသည် မျက်လုံးမှိတ်ထားရင်း ခေါင်းကိုအနောက်ဘက်သို့ စောင်းထားသည်။ ကျန်းချီကတော့ နီးနီးကပ်ကပ်လေး ကိုင်းညွတ်နေလေသည်။ သူတို့၏ နှုတ်ခမ်းများမှာ တစ်စင်တီမီတာလောက်သာ ကွာနေတာဖြစ်သည်။

‘နှလုံးသားကိုမြှုပ်နှံထားပါ’ ဆိုတာ ဘာကိုဆိုလိုချင်တာလဲ?

ဒီပုံက အရမ်း မရေရာမပြတ်သားတာပဲ..။ ဒါသူတို့သမီးရည်းစားဆက်ဆံရေးကို တရားဝင်ချပြတဲ့ ထုတ်ပြန်ချက်လား?

ကျန်းချီ၏ မိန်းကလေးပရိသတ်အများစုသည် ဖုချန်းချန်း၏ ဝေ့ပေါ်စာမျက်နှာပေါ်တွင် အုတ်အော်သောင်းနင်းဖြစ်ကုန်ကြတော့သည်။ မှတ်ချက်များကတော့ ဆူပူမှုများ အပြည့်ဖြင့်ပင်။ ပရိသတ်များ၏ ခံစားချက်များကလည်း ဟိုဘက်ကတစ်မျိုး ဒီဘက်ကတစ်မျိုးဖြင့် အတော်ဆိုးဆိုးကို အုပ်စုနှစ်ခြမ်းကွဲနေတော့သည်။

စျေးကွက်ဆိုင်ရာ လှုပ်ရှားမှုအကောင့်များမှာလည်း သူတို့နှစ်ဦး၏ ဆက်ဆံရေးကို ထင်ကြေးအမျိုးမျိုးပေးကာ ကိစ္စကြီးအောင် လုပ်နေကြပေသည်။

လေ့ကျင့်ရေး စခန်းကာလတုံးက သူတို့နှစ်ဦးကြားက အပြန်အလှန် ဆက်ဆံမှုများအထိပါ နောက်ကြောင်းပြန်ဖော်ကြတော့သည်။ တည်းဖြတ်ထားသော ဗီဒီယိုအပိုင်းအစလေးများထဲတွင် နဂိုက သာမန်ဆက်ဆံမှုလေးများမှာ တည်းဖြတ်လိုက်မှုကြောင့် ဇာချဲ့သလို ဖြစ်ကုန်ကြလေသည်။

ကြားနေလူအများစုကလည်း သူတို့နှစ်ဦးတကယ်တွဲနေကြတယ်လို့ စတင်ယုံကြည်လာကြတော့သည်။

ကျန်းချီ၏ ဖန်များသည် စူးထောင်၏ ဝေ့ပေါ်စာမျက်နှာထက်တွင်ပါ တရားဝင်ငြင်းဆိုကြောင်းစာထုတ်ပေးဖို့ ဆူပူနေကြတော့သည်။

ထိုအချိန်တွင် စူးထောင်ကတော့ လူမှု့ဆက်ဆံရေးနှင့် နည်းပညာဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေရသောကြောင့် အလုပ်ရှုပ်နေလေသည်။ သူမ၏ မီဒီယာအဆက်အသွယ်များကို အသုံးချကာ သူတို့နှစ်ယောက်၏ ပါပါရာဇီဓာတ်ပုံနှင့် ဗီဒီယိုများကို တန်ကြေးအမြင့်ကြီးပေးပြီး ပြန်ဝယ်နေရပေသည်။

ဖန်ကလပ် မန်နေဂျာများနှင့်လည်း ပြန်လည်ခုခံဖို့ တုန့်ပြန်ချက်များကိုပါ စီစဉ်နေရသည်။ စျေးကွက်ဆိုင်ရာလှုပ်ရှားမှုအကောင့်များကို ဒီကိစ္စအားထပ်ပြီး ကိုယ်ကျိုးရှာ အမြတ်မထုတ်တော့ရန်ပင်။

ဖုချန်းချန်း၏ ဝေ့ပေါ်ပို့စ်မှာ အတော်လေးမရေမရာပုံစံဖြစ်နေသောကြောင့် စူးထောင်သည် ဒါဟာ သီချင်းဗီဒီယိုအတွက် ကြော်ငြာခြင်းသာဖြစ်ကြောင်း ပြန်ပြောနိုင်တော့သည်။ ဒါတွေဟာ ဖန်တွေရဲ့ စိတ်ကူးယဉ်ထင်မြင်ချက်များသက်သက်ဆို၍ပင်။

ထိုအချိန်တွင် ကုမ္ပဏီနာမည်နှင့် ရှင်းလင်းချက်တစ်ခုထုတ်ပေးဖို့ကလည်း စူးထောင်အတွက် မသင့်တော်နေပေ။

အရင်ဆုံး ဖုချန်းချန်း၏ ကုမ္ပဏီနှင့် တွေ့ဆုံညှိနှိုင်းပြီး သူတို့၏ ရည်ရွယ်ချက်များကို နားလည်အောင်လုပ်ရဦးပေမည်။

သီချင်းဗီဒီယိုသည် ချုံကျင်းတွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ စူးထောင်သည် ဖုချန်းချန်း၏ အေးဂျင့်ကို ဖုန်းကနေတစ်ဆင့်သာ ဖြေရှင်းစေချင်နေသည်။ သို့သော်လည်း သူတို့ဘက်ကတော့ ချုံကျင်းတွင် လူချင်းတွေ့ဖို့ကိုသာ ခေါင်းမာနေခဲ့သည်။ တစ်ခုခုမှားနေပြီဆိုတာကို အာရုံခံမိသောကြောင့် စူးထောင်လည်း ချုံကျင်းကိုသွားဖို့ လေယာဉ်လက်မှတ်ကိုသာ ဝယ်လိုက်လေတော့သည်။

ချုံကျင်းကို ရောက်သည်နှင့် လီရွှမ်သည် သူမကိုကြိုဖို့ရောက်နေပြီဖြစ်ကြောင်းနှင့် ကားကို ပါကင်မှာထိုးထားကြောင်းပြောဖို့ ဖုန်းခေါ်လိုက်လေသည်။

စူးထောင်လည်း ကားကိုတွေ့ပြီးသည်နှင့် ကားတံခါးကိုလည်း ဖွင့်လိုက်ရော အထဲကနေ မိန့်မိန့်ကြီးထိုင်ကာ ဟစ်ဟော့အဝတ်အစားများ ဝတ်ဆင်ထားပြီး ကြည်လင်တောက်ပသော မျက်ဝန်းများဖြင့် သူမကို မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကြည့်နေသော ကျန်းချီကို တွေ့လိုက်ရလေတော့သည်။

စူးထောင်တစ်ယောက် မျက်နှာအမူအရာမကောင်းဖြစ်သွားတော့သည်။ သူမသည် ကားထဲကို ချက်ချင်းဝင်လိုက်ကာ လီရွှမ်ကို မေးခွန်းထုတ်လိုက်သည်။

“ဒီလောက် ဆတ်ဆတ်ထိမခံဖြစ်နေတဲ့အချိန်မှာ ဘာလို့ ကျန်းချီကို ခေါ်လာရတာလဲ?”

လီရွှမ်ကတော့ ကျန်းချီကိုသာ လှမ်းကြည့်လိုက်ပြီး ဘာမှပြန်မပြောချေ။ တိတ်တိတ်လေးသာနေပြီး သူမအမှားကို ဝန်ခံလိုက်ပေသည်။

“တောင်းပန်ပါတယ်ဘော့စ်.. အဲ့လောက်ထိ စေ့စေ့စပ်စပ်မတွေးလိုက်မိလို့ပါ”

“ဒါလီရွှမ်ရဲ့အမှား မဟုတ်ပါဘူး။ ကျွန်တော်ကသာ အတင်းလိုက်လာတာပါ”

ကျန်းချီမှ ဘွင်းဘွင်းလင်းလင်းသာ ရှင်းပြလိုက်သည်။ လီရွှမ် တစ်ယောက်တည်းကိုပဲ အပြစ်မပုံချပေ။

စူးထောင်ကတော့ သူ့ကို အေးတိအေးစက်ပြန်ကြည့်လိုက်ကာ “ငါဖုချန်းချန်းရဲ့ အေးဂျင့်နဲ့တွေ့မှာ။ နင်သာ ငါနဲ့အတူတူ အတွေ့ခံလိုက်မယ်ဆိုရင် လူတွေကြားမှာ ပိုပြီးတောင် ပြောစရာဖြစ်လာလိမ့်မယ်။ ခဏနေရင် ကားထဲကထွက်ဖို့ရော နင့်မျက်နှာကိုပြဖို့ရော နင့်မှာအခွင့်မရှိဘူး။ ဆက်ပြီးခေါင်းမာနေဦးမယ်ဆိုရင် ငါ...”

“သိပါတယ်”

ကျန်းချီကတော့ တည်တည်ငြိမ်ငြိမ်နှင့်သာ သူမစကားကို ဖြတ်ပြောလိုက်သည်။ သူ၏ကြည်လင်သော မျက်ဝန်းများထဲတွင်သော ကူရာမဲ့မှုများ ပြေးလွှားနေပြီး လိမ်လိမ်မာမာနှင့် စကားနာခံတတ်မှုတို့သာ ကျန်ရှိနေခဲ့သည်။

“ဒီကားထဲကလည်း မထွက်သလို မျက်နှာကိုလည်း မပြပါဘူး။ ဒီမှာပဲ စောင့်နေပါ့မယ်”

စူးထောင်ကတော့ ဘာမှပြန်မပြောပေမယ့် သူ့ကို မယုံသင်္ကာသလိုတော့ ကြည့်လိုက်သေးသည်။ သူမ၏ မျက်နှာထားကတော့ တင်းမာနေဆဲပင်။

“ကိုယ်နဲ့ဖုချန်းချန်းကြား ဘာမှမဖြစ်ခဲ့ဘူး။ အထင်မမှားနဲ့ဦးနော်”

ကျန်းချီသည် စူးထောင်၏ မပျော်မရွှင်ဖြစ်နေသော မျက်နှာလေးကိုကြည့်ကာ ပြောလိုက်သည်။

“အွန်လိုင်းပေါ်ကဟာတွေ အများစုက ရိုက်ကူးရေးအတွက် လိုအပ်လို့ လုပ်ခဲ့တာတွေချည်းပဲ။ ဒါရိုက်တာက နမ်းတဲ့ဇာတ်ဝင်ခန်းကိုတောင် ပြင်ဆင်ထားခဲ့တာ။ ဒါပေမယ့် ကိုယ်သဘောမတူခဲ့ဘူး”

စူးထောင်သည် သူမ၏မျက်လုံးများကို မှေးလိုက်ရင်း ကျန်းချီကိုကြည့်လိုက်သည်။

“သဘောမတူခဲ့ဘူး? နင်ဘာလို့ သဘောမတူခဲ့တာလဲ? ဒါရိုက်တာတွေမှာက ရိုက်ကူးရေးအတွက် သူတို့ကိုယ်ပိုင်အတွေးတွေ ရှိပြီးသား။ အနမ်းခန်းတွေကလည်း သရုပ်ဆောင်တွေအတွက် အခြေခံကျတဲ့ အလုပ်တစ်ခုပဲ။ အိုင်ဒေါလ်တွေလည်းပဲ အလုပ်မှာ ပရော်ဖက်ရှင်နယ်ဆန်ဖို့လိုတယ်။ ဒါတောင်မှ နင်က ပရော်ဖက်ရှင်နယ် သရုပ်ဆောင်တစ်ယောက် ဖြစ်လာချင်သေးတယ်ပေါ့လေ”

စူးထောင်၏ စကားများသည် ကျန်းချီကို ခဏလောက် အတော်လေး ဆွံ့အသွားစေခဲ့သည်။ သူမကို ငေးကြည့်နေရင်းပင် သူ့မျက်ခုံးများက ဖြည်းဖြည်းချင်းစီ ကျုံ့လာတော့သည်။ မျက်ဝန်းများထဲတွင်တော့ နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းကြေကွဲမှုနှင့် စိတ်ပျက်မှုများ ရှိနေပေသည်။

သူဘာမှပြန်မပြောခဲ့ပါ။ သူ့ခေါင်းကိုသာ အဝေးကိုလှည့်လိုက်ပြီး ဝတ်ထားသော ဦးထုပ်ကို အောက်ကိုနိမ့်ချလိုက်ကာ သူ့မျက်လုံးများကို အုပ်လိုက်တော့သည်။ ကျသွားသော မျက်ရည်နှစ်စက်ကိုတော့ စူးထောင်အား မြင်တွေ့ခွင့်မပေးခဲ့ချေ။

ကားကတော့ ချိန်းဆိုထားသည့် သီးသန့်ကလပ်ဆီသို့ ချောချောမွေ့မွေ့ မောင်းနှင်သွားခဲ့သည်။

စူးထောင်သည် လီရွှမ်ကိုတော့ မီတင်ဆီခေါ်သွားလိုက်ကာ ရှောင်ခယ့်ကိုတော့ ထားခဲ့လိုက်သည်။ ကျန်းချီကို အဖော်ပြုပေးပြီး သူ့ကိုမျက်ခြည်မပြတ်စောင့်ကြည့်ဖို့အတွက်ပေါ့။

ကြိုတင်နေရာယူထားပြီးဖြစ်သော သီးသန့်အခန်းထဲသို့ စူးထောင်ရောက်သည့်အချိန်တွင် စားပွဲတစ်ဝက်လောက်က လူတွေအပြည့်ဖြစ်နေတာကို တွေ့လိုက်ရတော့သည်။ ထိုထဲတွင် ဖုချန်းချန်းလည်း ထိုင်နေတာဖြစ်သောကြောင့် သူမစိတ်ပူနေသည့်အရာများဟာ အမှန်ဖြစ်ကြောင်း ထောက်ခံလိုက်သလို ဖြစ်သွားတော့သည်။

ဒီလိုအချိန်တွင် သူတို့ဘက်က ဖုချန်းချန်းကို စူးထောင်နှင့် တွေ့ဖို့ခေါ်လာသည်ဆိုသည် ဆိုကတည်းက သူတို့ရည်ရွယ်ချက်က အသိသာကြီးပင်။ သူတို့ CP (အတွဲ) ကို ကြော်ငြာဆင်းရန်သာ ဖြစ်ပေသည်။

ဖုချန်းချန်း၏ စီမံခန့်ခွဲရေးအသင်းထဲက လူတိုင်းနီးပါး ဒီမှာရှိနေသည်ပင်။ စူးထောင်နှင့် လီရွှမ်အပေါ်ကိုလည်း အတော်လေး ပျူဌာပြနေလေသည်။ စူးထောင်သည် သူတို့နောက်ကိုလိုက်ဖို့ ပါပါရာဇီများကိုပါ ခေါ်လာသလားဟုပင် သံသယဝင်နေလေ၏။

သူမသည် တည်ငြိမ်သောမျက်နှာထားကို ထိန်းထားဆဲဖြစ်သော်လည်း ရှောင်ခယ့်ကိုတော့ တိတ်တိတ်လေး စာပို့လိုက်လေသည်။ ကင်မရာမှာ မိမသွားအောင် ကျန်းချီကို ကားနှင့်အမြန်ပြန်ခေါ်ပြီး ထွက်သွားဖို့ ပြောလိုက်ခြင်းပင်။

သုံးဆောင်နေချိန်အတွင်းမှာတော့ ဒီနယ်ပယ်ထဲတွင် ကောလဟာလများကိုဖွကာ သတင်းများတွင် ပွအောင် လုပ်တတ်သဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားသော ဖုချန်းချန်း၏ အေးဂျင့် လီယောင်မှာ ကျန်းချီနာမည်ကို ခဏခဏထည့်ပြောနေတော့သည်။ နောက်ဆုံးတွင်တော့ သူတို့၏ အကြံဖြစ်သည့် ဒီ CP ကို လူရှေ့ထုတ်ကာ တရားဝင်ကြော်ငြာဖို့နှင့် ဒီလိုလုပ်ရသည့်အတွက် ပြန်ရလာမည့် အကျိုးအမြတ်များကို ကတိပေးပြောဆိုလေတော့သည်။

ထိုအရာများထဲတွင် စပ်တူကြေငြာများ၊ ပရောဂျက်များကို ရိုက်ကူးခြင်းများနှင့် အခြားအရာများစွာ ပါဝင်လေသည်။ စူးထောင်သာ သဘောတူမည်ဆိုလျှင် ဒီအရာများအားလုံးကို ကျန်းချီနှင့် ချက်ချင်းပင် အတူတူလုပ်ဆောင်နိုင်မှာ ဖြစ်ပေသည်။

All Chapters