အခန်း (၆၂)
Vol. 6 Ch. 62
စူးထောင်သည် ဖုန်းကိုအောက်ချလိုက်ရင်း မျက်လွှာကိုပါ ချလိုက်ပြီးတော့မှ ခေါင်းပြန်မော့လာလိုက်သည်။ သူမ၏ မျက်ဝန်းများကတော့ ဆောင်းဦး၏ ရေလေးများပမာ ကြည်လင်နေလှသည်။
“အစ်မယောင်ရဲ့ ကြင်နာမှုတွေအတွက်တော့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျန်းချီက အခုချိန်မှာတော့ CP တစ်ခု ရှာဖွေနေတာမဟုတ်ပါဘူး”
လီယောင်၏ မျက်လုံးပြူးပြူးများသည် သူမ၏ မျက်နှာဝိုင်းဝိုင်းထက်တွင် ပေါ်ထွက်လာတော့သည်။ သူမသည် စူးထောင်အား မကျေမနပ်ပုံစံဖြင့် ပြန်ကြည့်ကာ ပြောလိုက်သည်။
“စူးထောင်.. ဒီနယ်ပယ်ထဲမှာ ထိပ်တန်းအဆက်အသွယ်တွေ အများကြီးရှိတယ်နော်။ သေချာစဉ်းစားပါဦး”
စူးထောင်သည် အပြုံးဖျော့ဖျော့လေးတစ်ခုပြုံးကာ ဖြည်းဖြည်းလေး ပြန်ပြောလိုက်သည်။
“ထိပ်တန်းအဆက်အသွယ်တွေ.. ကျွန်မမှာလည်း မရှိတာမဟုတ်ပါဘူး အစ်မယောင်”
DG သည် လက်ရှိအချိန်မှာတော့ ကျန်းချီအတွက် အကောင်းဆုံး စီးပွားရေးတစ်ခု ဖြစ်ပေသည်။ သူမပြောခဲ့တဲ့ တီဗီပရိုဂရမ်တွေအားလုံးက ရေပန်းစားနေတဲ့ IP တွေကို ပြန်ဖန်တီးထားတဲ့ အိုင်ဒေါဒရမ်မာတွေပဲလေ။ စူးထောင် အရမ်းကြီး အထင်အမြင်မကြီးတဲ့ဟာတွေပေါ့။
လီယောင်၏ မျက်နှာထားမှာ ပြောင်းလဲသွားကာ သူမ၏ စကားလုံးများသည်လည်း ထေ့ငေါ့သံများပါလာလေသည်။
“စူးထောင်.. ပြောရတာတော့ ကသိကအောက် ဖြစ်စရာပဲ။ ဒါပေမယ့် မင်းရဲ့အစ်မကြီးတစ်ယောက်အနေနဲ့တော့ ဒါကိုပြောမှဖြစ်မယ်။ သူတစ်ပါးရဲ့ ကြင်နာမှုကို အသိအမှတ်ပြုပေးဖို့ မကျရှုံးမိပါစေနဲ့”
စူးထောင်၏ မျက်နှာထားမှာလည်း လုံးဝသုန်မှုန်သွားတော့သည်။ သူမသည် အိတ်ကိုကောက်ကိုင်လိုက်ကာ မတ်တပ်ထရပ်လိုက်လေသည်။ သူတို့တွေနဲ့ နောက်ထပ်ဘာစကားမှ ပြောချင်စိတ်မရှိတော့ချေ။
“အစ်မယောင်... ရှင်က ကျွန်မရဲ့ စီနီယာပါ။ ဒါကြောင့် ကျွန်မ ရှင့်ကို လေးစားပါတယ်။ အရေးတယူလုပ်ပေးတာတွေကိုလည်း အသိအမှတ်ပြုပါတယ်။ ပြီးတော့ ရှင့်ဘက်ကတောင် ကျွန်မကို မထောက်ထားဘူးဆိုရင် ကျွန်မကရော ဘာလို့ ခြိမ်းခြောက်ခံနေရမှာလဲ။ ကျွန်မတို့ သွားရာလမ်းတွေက မတူညီတာမို့လို့ ကျွန်မကိုအရင် သွားခွင့်ပြုပါဦး”
“စူးထောင်!”
စူးထောင်တစ်ယောက် တံခါးနားကို ရောက်ခါနီးတော့ လီယောင်၏ အသံစူးစူးတစ်ခုက အနောက်ကနေ ထွက်ပေါ်လာတော့သည်။
“နင်ပူးပေါင်းသည်ဖြစ်စေ မပူးပေါင်းသည်ဖြစ်စေ ငါ့မှာ နင့်ကုမ္ပဏီကို ဆွဲချဖို့နည်းလမ်းတွေ အများကြီးရှိတယ်။ နင်သေသေချာချာစဉ်းစားဖို့ ငါအကြံပေးချင်တယ်”
စူးထောင်သည် ချက်ချင်း နောက်ပြန်လှည့်လိုက်ကာ ကြည်လင်နေသော သူမမျက်ဝန်းထဲက စူးရှတောက်ပနေသော အကြည့်များဖြင့် လီယောင်ကို ပြန်ကြည့်လိုက်သည်။ သူမ၏အကြည့်မှာ တစ်ခြားလူတွေကို တစ်ချက်လောက် တွန့်သွားစေလောက်တဲ့အထိပင်။
စူးထောင်၏ အသံမှာ တည်ငြိမ်လှပြီး ကြည်လင်သော နွေဦးလေးကဲ့သို့ပင် ခိုင်မာသောသဘောထားရှိဟန်ကို ညွှန်ပြနေလေသည်။
“အစ်မယောင်.. ကျွန်မ ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်မယ်။ ကျန်းချီနဲ့ ဖုချန်းချန်းကြားမှာ ထပ်ပြီးကောလဟာလတွေ ရှိလာခဲ့မယ်ဆိုရင် ကျွန်မကတော့ တရားဥပဒေအရပဲ ဖြေရှင်းရလိမ့်မယ်”
သီချင်းဗီဒီယိုသည် ချုံကျင်းမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ယင်းဖန်ဗီဒီယို ပလက်ဖောင်းကလည်း ‘ယင်းဖန်ည’ ဆိုသည့် ပွဲတစ်ခုကို ချုံကျင်းမှာ ကျင်းပနေပေသည်။
ပရိုဂရမ်အဖွဲ့ဖြစ်သည့် ချန်းထွမ်ကျီလုသည် ထိုပွဲတွင် ဖျော်ဖြေရန်အတွက် အခွင့်အရေးပေးခံထားရတာဖြစ်သည်။ ဒါသည် အဖွဲ့ဖွဲ့ပြီးနောက် ပထမဆုံးဖျော်ဖြေရမှာ ဖြစ်ပေသည်။ သို့သော်လည်း ရောက်နေပြီးသား ကျန်းချီနှင့် ဖုချန်းချန်းမှလွဲ၍ ကျန်အဖွဲ့သားများသည် နိုင်ငံအနှံ့ကနေ ချုံကျင်းကို အပြေးလာရတော့ပေသည်။
ကံကောင်းစွာဖြင့် ဖျော်ဖြေမှုမှာ သူတို့ရသစုံလင်ရှိုးတွင် လုပ်ခဲ့ပြီးသားဖြစ်သော အရာသာဖြစ်ပေသည်။ ထို့ကြောင့် မတိုင်ခင် ကြိုပြီး အစမ်းလေ့ကျင့်စရာ မလိုခဲ့ပေ။ သဘက်ခါတွင် ပြုလုပ်မည့်ပွဲမတိုင်ခင်မှာသာ နည်းနည်းလောက် အကပြန်တိုက်လိုက်ပြီး နောက်ထပ်၂မျိုးလောက် ထပ်ထည့်လိုက်ရင်ဖြင့် အတော်လေးကို ကောင်းမွန်တာထက် ပိုနေမှာပင်။
သို့သော်လည်း လက်တလော ဖြစ်ပေါ်နေသော ကောလဟာလကြောင့် စူးထောင် တစ်ယောက်ကတော့ စိတ်အေးလက်အေးမနေနိုင်ပေ။ အထူးသဖြင့် ပွဲစီစဉ်သူများသည် ကျန်းချီနှင့် ဖုချန်းချန်းကို ဟိုတယ်တစ်ခုတည်းတွင် စီစဉ်ပေးထားလေသည်။ တစ်ခြားအဖွဲ့သားများလည်း မရောက်ကြသေးသောကြောင့် စူးထောင်သည် ကျန်းချီ၏ ဟိုတယ်ကို ပြောင်းချင်နေခဲ့သည်။
ဟိုတယ်ပြောင်းရုံနဲ့လည်း မလုံလောက်သေးဘူးလေ။ ကြည့်ရတာ အရမ်းသိသာနေမယ့်ဟာကို။ သို့သော်လည်း ဖြစ်ချင်တော့ ကုယိယန်က ဒီကနေ ၂နာရီလောက်သာဝေးသော လျူကျန့်မြို့အနီးတွင် ဟွားချွမ်ကျန်း ရိုက်ကူးနေသော ရုပ်ရှင်ကို ရိုက်ကူးနေပေသည်။ ဒီလိုဖြင့် စူးထောင်သည် ကုယိယန်၏ ရိုက်ကွင်းနေရာသို့ ကျန်းချီကို ခေါ်သွားရန် ဆုံးဖြတ်လိုက်ပေသည်။
စူးထောင်နှင့် အခြားသူများ ရောက်တော့ ည၈နာရီတောင် ကျော်နေပြီဖြစ်သည်။ ထိုနေ့တွင် ကုယိယန်ကလည်း ညဘက်ရိုက်ကူးရေး မရှိနေပေ။ ထို့ကြောင့် သူတို့ကို ဟိုတယ်အပြင်ဘက်တွင် စောင့်နေပေ၏။
“အစ်မ”
ကုယိယန်သည် သူမ၏ သွားဖြူဖြူလေးများဖြင့် စူးထောင်ကို အပြုံးလှလှလေး ပြုံးပြလိုက်သည်။
စူးထောင်သည် ကုယိယန်၏ ပခုံးလေးကို ပုတ်ပေးလိုက်ပြီး ညင်ညင်သာသာလေး ပြုံးပြလိုက်ကာ“အနားယူနေတာကို ဒီလောက်နောက်ကျနေမှ နှောင့်ယှက်ရလို့ ဆောရီးပါနော်”
“အစ်မ ရိုက်ကူးရေးကို လာလည်လို့ အရမ်းပျော်နေမိတာ”
ကားပေါ်ကနေ ဆင်းလာသော ကျန်းချီအား အောက်သိုးသိုးနှင့် စိုက်ကြည့်လိုက်ရင်း “ဂျူနီယာမောင်လေး ကျေးဇူးကြောင့်ပေါ့”
ကုယိယန်သည် ဟိုဟိုဒီဒီကို မသင်္ကာသလို ကြည့်လိုက်ပြီး စူးထောင်နားကိုကိုင်းကာ တီးတိုးပြောလိုက်သည်။
“ဒီနားမှာ ပါပါရာဇီတွေ ရှိတယ်”
စူးထောင်၏ မျက်နှာထားကတော့ တင်းမာသွားပေသည်။ အေဂျင်စီရဲ့ ဝန်ထမ်းတွေက သူတို့ကို ဒီအထိလိုက်ခိုင်းထားတာဖြစ်ကြောင်း စူးထောင်သိလိုက်သည်။ သို့သော်လည်း ကုယိယန်ပြောပုံအရဆိုရင် ပါပါရာဇီများသည် ချောင်းပြီးစောင့်နေကြတာ ဖြစ်ပေလိမ့်မည်။
သေချာပေါက်ကို တစ်ယောက်ယောက်က သတင်းဖြန့်လိုက်တာပင်။
ကုယိယန်တစ်ယောက် လျူကျန့်မှာ ရိုက်ကူးရေးလုပ်နေတာကတော့ လျို့ဝှက်ချက်မဟုတ်ပေ။ သို့သော်လည်း ဖုချန်းချန်းနှင့် ဟိုတယ်တစ်ခုတည်း နေရမှာနှင့် ကောလဟာလတွေကို ရှောင်ချင်တာကို သိတာက လီယောင်ပဲလေ။
စူးထောင်သည် သူမ၏မျက်လုံးများကို အောက်ချလိုက်ပြီး လီယောင် လုပ်လောက်မည့်အရာများကို ခန့်မှန်းနေမိသည်။ သူမခန့်မှန်းမိသလောက်ဆိုရင် ဖုချန်းချန်းလည်း ဒီဟိုတယ်ကို လာနိုင်လောက်ပေသည်။
လီယောင်က တကယ်ကို တွေးထားတာထက် အတိုင်းမဆမရှိ လုပ်တတ်တာပဲ။ တကယ်ကို အတောမသတ်နိုင်ပေဘူး။
ကျန်းချီကို သူ့အတွက် အခန်းနေရာချပေးပြီးနောက်မှာတော့ စူးထောင်သည် ကုယိယန်၏ အခန်းထဲကို သွားလိုက်သည်။
သူမသည် ကုယိယန်၏ လေသာဆောင်တွင် ဘာဘီကျူးပါတီလုပ်ရန်အတွက် လီရွှမ်နှင့် ရှောင်ခယ့်အား အသားသွားဝယ်ခိုင်းလိုက်ပေသည်။
ကသိကအောက်နိုင်စရာ စုစည်းကြမှုဆိုသော်ငြားလည်း ကျန်းချီနှင့် ကုယိယန်တို့ နှစ်ယောက်လုံးသည် အကသမားများ ဖြစ်ပေသည်။ ထို့ကြောင့် စကားပြောရာတွင် သူတို့အချင်းချင်းကြား၌ ဘုံတူညီမှုများ ရှိခဲ့လေသည်။
သူတို့နှစ်ဦးသည် အတူတူသီချင်းဆိုကာ ကခုန်ခဲ့ကြသည်။ စူးထောင်၊ လီရွှမ်နှင့် ရှောင်ခယ့်တို့ကတော့ သူတို့အတွက် အသားကင်ပေးခြင်းနှင့် အားပေးခြင်းတို့ကို တာဝန်ယူထားပေးကြသည်။ သူတို့အားလုံး အချိန်ကောင်းလေးတစ်ခုကို ပိုင်ဆိုင်နေကြခြင်းပင်။
သူတို့ပျော်နေကြတုံးမှာပဲ စူးထောင်သည် ဟိုတယ်ဝင်ပေါက် လှေကားနားက လှုပ်ရှားမှုများ၊ လမ်းတစ်လျှောက်နှင့် ဘေးချင်းကပ်အခန်းများကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့သည်။
လီရွှမ် တိတ်တိတ်လေး ပါဝင်ထားသော ဖန်ဂရုအနည်းစုကတင်ထားသည့် ဓာတ်ပုံနှင့် ဗီဒီယိုများကို မြင်ပြီးမှသာ စူးထောင်တစ်ယောက် သက်ပြင်းချနိုင်တော့ပေသည်။
စူးထောင်သည် ဖုချန်းချန်းနှင့် ပတ်သတ်သော သတင်းများ၊ သူမ၏ အချို့ဖန်ဂရုများကိုလည်း အနီးကပ် စောင့်ကြည့်ကာ နားစွင့်ထားလေသည်။
သေချာတာပေါ့.. ဖုချန်းချန်းလည်း ဒီဟိုတယ်တစ်ခုတည်းကို ဝင်သွားတာကို ဓာတ်ပုံရိုက်ခံထားရတယ်လေ။
စူးထောင်လည်း တစ်ချက်သရော်ပြုံးပြုံးလိုက်ပြီး လီရွှမ်အား သူမ၏ နောက်အကောင့်ကို သုံးခိုင်းကာ ဒီဟိုတယ်မှာ ဖုချန်းချန်းနေနေသည့်အကြောင်းအား ကျန်းချီ၏ ဖန်ဂရုများဆီ ဖြန့်ခိုင်းလိုက်တော့သည်။
အကွက်ချထားသည့်အတိုင်းပင် ထိုတိတ်တခိုးပုံနှင့် ဗီဒီယိုများသည် ကျန်းချီ၏ ထိပ်တန်းအကြောင်းအရာဖိုရမ်ပေါ်တွင် ၅မိနစ်အတွင်း ပြန့်သွားတော့သည်။ ဤသည်မှာ ကျန်းချီနှင့် ကုယိယန်တို့၏ ဓာတ်ပုံများပင် ဖြစ်ပေသည်။ သူတို့နှစ်ဦး အတူတူသီချင်းဆိုနေကြသည့် အသံဖိုင်ပင် ပါသေး၏။
ထို့ကြောင့် ကျန်းချီသည် သူ့စီမံခန့်ခွဲရေးအသင်းနှင့်အတူ ကုယိယန်နှင့် အတူရှိနေတာဖြစ်ပြီး ဖုချန်းချန်းနှင့် ဘာအဆက်အဆံမှ မရှိနေဘူးဆိုတာကို ရှုထောင့်ပေါင်းစုံမှ ထောက်ပြနေပေတော့သည်။
ဖန်များလည်း ဒေါသငြိမ်းသွားကြကာ ကျန်းချီ၏ သူ့ကိုယ်သူသက်သေပြသည့်ပုံစံအား ထောက်ခံအားပေးကြတော့သည်။ ဖန်များမှာ ဒီလောက်နောက်ကျနေတာတောင် သူ့မှာအနားမယူနိုင်သေးတာကိုလည်း စိတ်မကောင်းဖြစ်ပေးနေကြပြီး သူတို့၏အိုင်ဒေါလ်ကို ဘယ်တော့မှ သံသယမဝင်တော့ဖို့ ကတိများ ပေးနေကြတော့သည်။
ကျန်းချီနှင့် ဖုချန်းချန်းအပေါ် လူတိုင်း၏ အာရုံရောက်နေချိန်တွင် မှောင်မိုက်သောမျက်နှာထားဖြင့် ရှိနေသူကတော့ ရှဲ့ကျင်ပင်။ တိတ်တဆိတ် ရိုက်ကူးခံထားရသော ဓာတ်ပုံအား အကြည့်စူးစူးများဖြင့် စိုက်ကြည့်နေလေသည်။ ထိုပုံထဲမှာတော့ စူးထောင်က ကျန်းချီနှင့် ဘေးချင်းယှဉ်ကာ လမ်းလျှောက်နေတာပင်။
ကျင်းချွေ့ဝမ်ကလည်း အခုတလော အရမ်းအလုပ်များနေတာမို့လို့ သူ့မှတ်ဉာဏ်တွေတောင် ယိုယွင်းလာသလို ခံစားနေရပေသည်။
ဘယ်ဘက်လက်ကို ရံဖန်ရံခါများများ အသုံးပြုပေးခြင်းက မှတ်ဉာဏ်ကို တိုးတက်စေတယ်လို့ သူကြားဖူးသည်။ ထို့ကြောင့် သူ့ဘယ်လက်ကို အသုံးပြုကာ သစ်ကြားသီးများကို အခွံခွာလေ့ကျင့်ဖို့ စီစဉ်နေတော့သည်။
အလုပ်ကိစ္စများ အစီရင်ခံပြီးသည်နှင့် ကျင်းချွေ့ဝမ်က ထွက်သွားပြီး ဘော့စ်၏ စားပွဲပေါ်တွင် သစ်ကြားသီးများကို မေ့ကျန်ခဲ့လေသည်။
လာသိမ်းဖို့ ပြန်လာသည့်အချိန်မှာတော့ သူ့ဘော့စ်တစ်ယောက် သစ်ကြားသီးတစ်ခုကို လက်ဗလာဖြင့် သိပ်တောင်အားမစိုက်ရဘဲ ချေမွလိုက်တာကို တွေ့လိုက်ရပေသည်။
သူ့သစ်ကြားသီးလေးတွေ...
ကျင်းချွေ့ဝမ်တစ်ယောက် သွေးတက်လာတာကို ပြန်မကုစားနိုင်ခင်မှာပဲ ဘော့စ်၏ အေးစက်လှသော စကားများကြောင့် လက်တွေ့ဘဝကို ပြန်ဆွဲခေါ်ခံလိုက်ရတော့သည်။
“ချုံကျင်းကို လေယာဉ်လက်မှတ်တစ်စောင်ဖြတ်လိုက်။ အစောဆုံး ရောက်နိုင်မယ့်လက်မှတ်ကိုဖြတ်”
ကောလဟာလများကို ပြန်လည်ချေပရန် ရည်ရွယ်ချက်ဖြစ်သည့် ညတွင်းချင်း စုစည်းမှုကတော့ ညသန်းခေါင်တွင် ပြီးဆုံးသွားခဲ့လေသည်။
ကုယိယန်၏ နောက်နေ့ ရိုက်ကူးရေးကို နှောင့်နှေးစေမည် စိုးရိမ်တာကြောင့် စူးထောင်သည် ကျန်းချီအား သူမအခန်းထဲတွင် ညလုံးပေါက် ပေးမနေခဲ့ပါ။
သူမသည် လီရွှမ်သည် ကျန်းချီအား သူ့အခန်းကို ပြန်ပို့ပေးလိုက်ပြီး သူ့အတွက် လိုက်ကာများ ချပေးခဲ့ကာ ချက်ချင်းပြန်မထွက်သွားခဲ့ပေ။ ဖုချန်းချန်းတစ်ယောက် သူ့တံခါးကိုလာခေါက်မည်အား စိတ်ပူသောကြောင့်ပင်။
ဒီလောက်ထိ လာခဲ့ပြီးမှတော့ လီယောင်ရဲ့စတိုင်က ပြဿနာကို ပတ်မွှေကိုမွှေမည့်ပုံစံပင်။
ကျန်းချီ ရေချိုးနေတုံးတွင်တော့ စူးထောင်သည် ဟိုတယ်အပြင်ဘက်က အသံမှန်သမျှကို သေချာနားစွင့်၍ စောင့်ပေးနေလေသည်။ အသံလေး နည်းနည်းကြားလိုက်ရင်တောင် သူမပြေးသွားကာ အပေါက်သေးသေးလေးကနေ အပြင်ကို ချောင်းကြည့်နေတာပင်။
“ကြည့်ရတာ သည်းထိတ်ရင်ဖိုစပိုင်ကား ရိုက်နေတဲ့အတိုင်းပဲ”
ကျန်းချီ၏ အသံနက်နက်ကလေးထဲတွင် သူမကို စနောက်သော အရိပ်အယောင်လေးများ ပါဝင်နေပေသည်။
ဘာကိုမှ လွတ်မသွားစေရအောင် သတိကပ်ထားပြီး စူးထောင်သည် နောက်လှည့်ကြည့်လိုက်သည်။ ကျန်းချီသည် ဟိုတယ်ရေချိုးခန်းသုံး ဝတ်ရုံကို ဝတ်ဆင်ထားကာ သူ့ရင်ဘတ်လေးကို ဖွင့်ဟထားပြီး ရေချိုးဆပ်ပြာဂျယ်နံ့လေးကလည်း မွှေးကြိုင်နေပေသည်။
သူ့ဆံပင်များမှာ ရေစိုနေဆဲဖြစ်ပြီး အခြောက်မခံရသေးပေ။ ထို့ကြောင့် သူအသာအယာပုတ်လိုက်သည်နှင့် ရေစက်ကလေးများမှာ သူ့မျက်တောင်ရှည်ရှည်လေးများမှတစ်ဆင့် တစ်စက်ချင်း ကျနေပေတော့သည်။
“အရင်နားလိုက်တော့၊ ငါနဲ့ လီရွှမ်နဲ့ ဒီမှာနည်းနည်းလောက် ကြာကြာနေလိုက်ဦးမယ်။ ဘာလှုပ်ရှားမှုမှ မရှိဘူးဆိုမှ ငါတို့ထွက်သွားတော့မယ်”
အစကတော့ စူးထောင်သည် တံခါးအရှေ့တွင် စောင့်နေချင်ခဲ့တာဖြစ်သည်။ သို့သော်လည်း အဲ့လိုမျိုး သူမကိုယ်သူမ လူရှေ့ထွက်ပြမည်ဆိုပါက နောက်ကနေ ပုန်းနေတဲ့သူတို့အတွက် သူမထွက်သွားတာနဲ့ ဂွင်ဖြစ်သွားမှာလေ။
ထို့အပြင် တစ်ညလုံးလည်း ရပ်စောင့်နေနိုင်မှာ မဟုတ်တာကြောင့် အခန်းတွင်းကနေသာ ဖုချန်းချန်း၏ မဟုတ်တာလုပ်လာမည်များကို စောင့်ကြည့်ဖို့ ရွေးချယ်လိုက်ခြင်းပင်။
တစ်ချက်ဝေ့ကြည့်လိုက်တော့ လီရွှမ်တစ်ယောက် ထိုင်ခုံပေါ်တွင် အိပ်ငိုက်နေပြီဖြစ်ကြောင်း စူးထောင် တွေ့လိုက်ရသည်။
သူမလည်း ဒီနေ့အတော်ကို ပင်ပန်းနေပြီဖြစ်သည်။ ထို့ကြောင့် စူးထောင်လည်း သူမကို မနှိုးတော့ဘဲ ထွက်သွားခါနီးမှသာ ဖြေရှင်းမည်ဟု တွေးလိုက်သည်။
ရုတ်တရက်ဆိုသလို သူမအမြင်ကို ကွယ်ခံလိုက်ရသည်။ ကျန်းချီတစ်ယောက် သူမမျက်စိရှေ့တွင် လာရပ်နေခြင်းပင်။ ကြည်လင်တောက်ပသော သူ့မျက်ဝန်းများမှာ ရဲရဲတောက်သောအပူများဖြင့် တစ်ဖန်ထပ်ပြီး တောက်လောင်နေပြန်သည်။ လက်နှစ်ဖက်စလုံးကို တံခါးမှာ မှီထားလိုက်ပြီး စူးထောင်အား သူနှင့်တံခါးကြားတွင် ပိတ်ထားလိုက်တော့သည်။ သူ့ခေါင်းကတော့ ဖြည်းဖြည်းချင်း အနားကိုတိုးလာနေပေ၏။
ဒီလိုမျိုး ကျန်းချီတစ်ယောက် သူမကို နံရံနှင့်ကပ်ထားသဖြင့် စူးထောင်တစ်ယောက်လည်း ပါးများပင် နီရဲလာပေသည်။ ရေချိုးပြီးခါစမို့ ထုတ်လွင့်နေသော ကိုယ်ယောင်ကိုယ်ဝါများမှာလည်း အပူလှိုင်းတစ်ခုလိုပင်။
“ကျန်းချီ နင်လုပ်ရဲတယ်ပေါ့”
စူးထောင်သည် သူအနားကပ်လာသဖြင့် မျက်နှာကိုရှောင်လွဲလိုက်ကာ သူ့ကိုတားရန် စူးရှရှအော်လိုက်တော့သည်။
ကျန်းချီ၏ နှုတ်ခမ်းများကတော့ စူးထောင်၏ ပါးများကိုထိရန် တစ်စင်တီမီတာအလိုတွင် တန့်သွားလေ၏။ အဆုံးတွင်တော့ သူမလုပ်ရဲခဲ့ပေ။
အသက်ကိုသေချာပြန်ရှုလိုက်ပြီး စူးထောင်၏ နားနားကို သိမ်မွေ့စွာဖြင့် တီးတိုးပြောလိုက်သည်။
“မင်းပြောသမျှကို ကိုယ်နားထောင်မှာပါ။ ကိုယ့်ကိုအခွင့်အရေးလေး တစ်ခုပေးပြီးတော့ ကိုယ်မင်းကို ကြိုက်ခွင့်ပြုနိုင်မလား”
စူးထောင်သည် မျက်လုံးများကို အောက်ချလိုက်ကာ သက်ပြင်းအပျော့လေးချလိုက်သည်။ သူမတစ်ခုခုပြောတော့မလို့ လုပ်လိုက်ချိန်တွင် ကျန်းချီသည် သူ့လက်ချောင်းများဖြင့် သူမနှုတ်ခမ်းကို တားခဲ့ပေသည်။
“တစ်ယောက်ယောက်ကိုချစ်ရတာ ဒီလောက်ထိ နာကျင်ရမယ်မှန်း သိခဲ့ရင် အဲ့နေ့က ကမ်းခြေမှာ နေဝင်ချိန်တုံးက ကိုယ် မင်းကို ကျိန်းသေပေါက် စကားစပြောခဲ့မှာ”
ကျန်းချီ၏ အသံတွင် ရှိုက်သံလေးများ ပါဝင်နေပေသည်။ အခု ကျဆင်းနေရသော သူ့မျက်ရည်များသည် အတိတ်တုံးက နှလုံးသား၏အကြွေးများပင် ဖြစ်ပေသည်။
“ကိုယ်ရေးထားတဲ့ သီချင်းလေးဆိုပြတာကို နားထောင်ပေးပါလား။ ဒီသီချင်းကိုဆိုပြီးသွားရင် ကိုယ် မင်းကို မကြိုက်တော့ဘူးလို့ ကတိပေးမယ်”
ကျန်းချီ၏ နှုတ်ခမ်းထောင့်လေးများ ပင့်တက်သွားပြီး အပြုံးလေးတစ်ခုကို ဖော်ဆောင်လိုက်ပေသည်။ သူ့မျက်ဝန်းထဲက မျက်ရည်များကြောင့်သာ မဟုတ်ဘူးဆိုရင် ပိုပြီးတောင် လက်ခံယုံကြည်စရာကောင်းနေပေလိမ့်မည်။
သူဝေ့မနေတော့ဘဲ မျက်ရည်များကို သုတ်လိုက်ကာ အပြုံးလေးကို ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် လီရွှမ်ဆီကို လျှောက်သွားလိုက်ပြီး သူမခြေဖဝါးကို အသာလေးကန်လိုက်တော့သည်။
“ရေဘူးတစ်ဘူးလောက် သွားဝယ်ပေးပါလား”
လီရွှမ်သည် မှုန်ဝါးနေသော သူမမျက်လုံးများကို ပွတ်သပ်လိုက်ပြီး စူးထောင်ကို တစ်ချက်ကြည့်လိုက်ကာ ခွင့်ပြုချက်ရပြီးနောက် ထွက်သွားလိုက်သည်။
ကျန်းချီသည် အိပ်ရာထောင့်လေးတွင် သူ့ဂစ်တာလေးကိုဖက်ပြီး ထိုင်လိုက်ကာ ခေါင်းလေးကိုတော့ ငုံံ့ထားပေသည်။ သူ့ရှေ့ဆံပင်လေးများမှာ သဘာဝအတိုင်းပင် သူ့နဖူးလေးပေါ်သို့ ဝဲကျနေပေသည်။ ရှည်လျားသေးသွယ်လှသော လက်ချောင်းလေးများဖြင့် ဂီတာကြိုးများကို တီးလိုက်သည့်အခါမှာတော့ သာယာနာပျော်ဖွယ် သီချင်းလေးတစ်ပုဒ် ထွက်လာပေတော့သည်။
“ကိုယ်တို့ပထမဆုံး တွေ့ဆုံခဲ့တဲ့ ပင်လယ်ကမ်းခြေဘေး.. နေဝင်ချိန်လေးက မင်းမျက်နှာပေါ် တောက်ပနေ၊
အရမ်းလှပတယ်၊ အရမ်းချိုမြိန်တယ်။
ကိုယ်တို့ ဒုတိယအကြိမ်တွေ့ဆုံခဲ့တဲ့ အဲ့နေ့လေး.. မင်းရဲ့အပြုံးလေးက မျက်ဝန်းလေးတွေအထိ တက်နေလေရဲ့၊
သိပ်ကို တောက်ပတယ်၊ သိပ်ကို မိန်းမောစေတယ်။
...
ဘယ်အချိန်ကစပြီး မင်းရဲ့ မက်ဆေ့ချ်တွေကို ဂရုစိုက်ခဲ့မိလဲ ကိုယ်မသိဘူး၊
ဘယ်အချိန်ကစပြီး မင်းကိုနေ့တိုင်း တွေ့ရဖို့ ရှာနေခဲ့လဲ ကိုယ်မသိဘူး၊
...
ကိုယ့်မိန်းကလေးရေ.. မင်းကို ကိုယ့်ဘေးနားမှာ ထားချင်မိတယ်.. မင်းရဲ့မျက်နှာလေးကို အမြဲတမ်း ငေးကြည့်နေချင်မိတယ်။
ကိုယ့်ကောင်မလေးရေ.. အဲ့နေ့ကိုသာ ပြန်သွားလို့ရခဲ့မယ်ဆိုရင် ကျိန်းသေပေါက် ကိုယ်မင်းကို နှုတ်ဆက်စကားပြောခဲ့မိမှာ မဟုတ်ဘူး”
သိမ်မွေ့ ကြည်လင်သော အသံလေး တိုးတိုးလေးမှာ တိတ်တခိုး ခံစားချက်များကို ပြောပြနေသည့်အတိုင်းပင်။ နားထောင်သူတိုင်း၏ ရင်ထဲကို ခံစားရအောင် ထိုးဖောက်နေပေသည်။
ကျန်းချီတစ်ယောက် တကယ်ကို အလေးအနက်ဖြင့် သီချင်းဆိုကာ ဂီတာတီးနေတာလေးကိုကြည့်ရင်း စူးထောင်သည် ကျန်းချီက ဒီလိုလေးတွဲ့တွဲ့ဆိုရသည့် အချစ်သီချင်းမျိုးနှင့် အလွန်လိုက်ဖက်ကြောင်း သတိထားမိလိုက်လေသည်။
ဒီဟာကိုသာ ထုတ်လွင့်ခဲ့မည်ဆိုလျှင် ဒီသီချင်းသည် သေချာပေါက်ကို နာမည်ကြီးကာ ဟုန်းဟုန်းတောက်သွားမည်ပင်။