← Chapters

အခန်း (၆၅)

Vol. 6 Ch. 65

အခန်း (၆၅)

Vol. 6 Ch. 65

“ကိုယ်တို့ ကျန်းမြို့မှာ အိမ်ဝယ်ဖို့က လောဖို့မလိုပါဘူး။ ဒီနေ့က နောက်တောင်ကျနေပြီဆိုတော့ မနက်ဖြန်မှ သွားကြတာပေါ့။ အခုကိုယ်တို့ စိတ်အပူရဆုံးဖြစ်သင့်တဲ့အရာက ကိုယ်တို့ကလေးအတွက် မွေးလနဲ့ ဂြိုလ်နက္ခတ်ပဲ။ ပြောကြတာကတော့ နက္ခတ္တဗေဒ သင်္ကေတတွေက လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို အတော်လေး ကြီးကြီးမားမား သက်ရောက်မှုရှိတယ်တဲ့...”

စူးထောင်ကတော့ ရှဲ့ကျင်တစ်ယောက် သူ့စိတ်ကူးယဉ်ကမ္ဘာထဲ နစ်မြှုပ်နေတာကို တိတ်တိတ်လေး ကြည့်နေမိလိုက်သည်။

သူ့ကြည့်ရတာ ကလေးကို ဘယ်လိုပျိုးထောင်မယ်၊ ဘယ်မူလတန်းကျောင်းမှာထားမယ်၊ အနာဂတ်မှာ ဘယ်တက္ကသိုလ်တက်မယ်အထိ စဉ်းစားထားပြီးပုံ ရလေသည်။

“ရှဲ့ကျင်.. ခဏလောက် ရပ်ပါဦး”

စူးထောင်သည် သူ၏အတောမသတ်နိုင်သော စကားများကို ဖြတ်သာပြောလိုက်တော့သည်။ သူ့ကိုပန်းကန်ပြားတစ်ချပ် လက်ထဲထည့်ပေးရင်း “စတိတ်ကို ယူလာခဲ့။ ထိုင်ပြီးတော့မှ သေချာလေး ဆွေးနွေးကြတာပေါ့”

ရှဲ့ကျင်လည်း ဂရုတစိုက်နှင့် လေ့လာရဦးမည့် အရာတွေ အများကြီး ရှိသေးတယ်ဆိုတာကို ခံစားမိလေသည်။ ထို့ကြောင့် သူမစကားကို နာခံရင်း ပန်းကန်ကို ထမင်းစားပွဲသို့ ယူသွားကာ သူမနှင့် အစီအစဉ်များဆွဲရန် ပြင်ဆင်လိုက်သည်။

သူနားလည်မှုလွဲနေတာတွေကို ရှောင်ကြင်နိုင်ဖို့ စူးထောင်သည် မဆိုင်းမတွသာ ပွင့်ပွင့်လင်းလင်း ရှင်းလင်းပေးလိုက်သည်။

“ငါတောင်းပန်ပါတယ်။ နင့်ကို အရင် မတိုင်ပင်ဘဲနဲ့ နင့်ကို လူသားဒိုင်းကာလို အသုံးချခဲ့မိတယ်”

ရှဲ့ကျင်တစ်ယောက် ချက်ချင်းဆိုသလိုပင် သူ့စိတ်ကူးယဉ်ကမ္ဘာထဲက ပြန်ဆွဲခေါ်ခံလိုက်ရသဖြင့် အပြုံးများမှာ တန့်ကုန်တော့သည်။ ဖြည်းဖြည်းချင်း မလှုပ်မယှက်ဖြစ်လာသည်မှာ ပန်းချီကားတစ်ချပ်လိုပင်။

အကြာကြီး တိတ်ဆိတ်နေပြီးသည့်နောက်မှ သူ့မျက်တောင်ရှည်လေးများသည် ပြန်၍ ပုတ်ခတ်ပုတ်ခတ်ဖြစ်လာပြီး၊ သူ့နှုတ်ခမ်းထောင့်လေးသည်လည်း အောက်သို့ ကျဆင်းသွားလေသည်။ အနက်ရောင်မျက်ဝန်းများသည်လည်း မှောင်မည်းကာ ထုံထိုင်းနေပြီး မျက်ခုံးနှစ်ဖက်ကိုလည်း ကြုံ့ထားလေသည်။ စူးထောင်ကို ကြည့်လိုက်ကာ သူမအား စကားကို တစ်ခွန်းချင်း မေးလိုက်သည်။

“လူသားဒိုင်းကာလား?”

စူးထောင်သည် တောင်းပန်သည့်အနေဖြင့် ပန်းကန်ပေါ်က စတိတ်များကို အပိုင်းသေးသေးလေးတွေ ဖြတ်လိုက်ကာ သူတို့ပန်းကန်များကို လဲလိုက်သည်။ သူမကိုယ်သူမ အပြစ်မကင်းသလို ခံစားနေရင်းမှာပင် စတိတ်အား ဆက်လက်၍ လှီးဖြတ်နေခဲ့သည်။

“အဲ့တုံးက အခြေအနေက အတော်ကို အရေးပေါ်ဖြစ်နေတာ။ လီယောင်က ကောလဟာလတွေကို ဆက်တိုက်လွင့်နေတာလေ။ အဲ့ဒါကြောင့် ဖန်တွေစိတ်ချသွားစေနိုင်မယ့် အကြောင်းပြချက်ကောင်းတစ်ခု လိုအပ်ခဲ့တယ်။ ငါတို့မတော်တဆ စျေးဗန်းခင်းပေးခဲ့တဲ့ CP က နာမည်မကြီးသွားပါလေဘူးလား? အဲ့ဒါကြောင့် ငါလည်း အဆင်ပြေမယ်ထင်ပြီး အသုံးချလိုက်မိတာ...”

ရှဲ့ကျင်၏ အသက်ရှုသံမှာ အတော်လေးမြင့်နေပြီး သူဖြည်းဖြည်းချင်း မျက်မှောင်ကြုံ့လာလေသည်။

“ဘယ်အချိန်တုံးက ကိုယ်ကမင်းနဲ့ CP ကို လုပ်ကြံခဲ့တာမို့လဲ? ကိုယ်ဝေ့ပေါ်မှာ တင်ခဲ့သမျှအကုန်လုံးက အမှန်တရားတွေချည်းပဲ"

စတိတ်ကိုလည်း အကုန်ဖြတ်ပြီးသွားလေပြီ။ စူးထောင်လည်း သူမအပြစ်ရှိစိတ်ကို သက်သာစေဖို့ ဘာဆက်လုပ်ရမလဲ မသိတော့ချေ။ ထို့ကြောင့် သူမလက်နှစ်ဖက်အား ဆုပ်ကိုင်လိုက်ပြီး လက်သည်းများကိုသာ ကိုက်နေတော့သည်။ အက်နေပြီဖြစ်သော လက်သည်းတစ်ချောင်းကတော့ သူမအားနှင့် ကိုက်လိုက်မိသဖြင့် လုံးဝပဲ့ထွက်သွားကာ လက်သည်းအသားမာကိုပါ ပြဲသွားစေတော့သည်။

“အိုး!”

စူးရှသော နာကျင်မှုသည် စူးထောင်အား အသက်ရှုတောင် ရပ်သွားစေတော့သည်။

ရှဲ့ကျင်ကတော့ သူမလက်အား ချက်ချင်းဆွဲယူလိုက်ပြီး သွေးများစီးကျနေသော သူမလက်ညိုးအား ကြည့်နေလေသည်။ ထိုးစိုက်ခံလိုက်ရသလို နာကျင်မှုတစ်ခုကလည်း သူ့ရင်ထဲကို စိုက်ဝင်သွားပြီး ရှဲ့ကျင်မနေနိုင်တော့ဘဲ ငြီးတွားလိုက်တော့သည်။

“ကိုယ်ပြောပါတယ် ကယ်လဆီယမ်အားဆေးတွေ သောက်ပါဆိုတာကို မင်းက ဘယ်တော့မှ နားမထောင်ဘူး။ ကယ်လဆီယမ်လည်း မသောက်ဘူး၊ ပင်လယ်စာလည်း မစားဘူး၊ နို့သောက်ရတာကိုလည်း မကြိုက်ဘူး... အတော်ကို ဂျေးထူတာ..."

ရှဲ့ကျင်လည်း သူ့မှာ သူမကိုဆူဖို့ အခွင့်အာဏာမရှိသေးဘူးဆိုတာကို ချက်ချင်းပြန်သတိထားမိလိုက်သည်။ သူမက သူ့ကို လူသားဒိုင်းကာတစ်ခုအနေနဲ့သာ အသုံးချခဲ့တာလေ.. သူနဲ့ပြန်တွဲချင်လို့မှ မဟုတ်တာ။ အခုချိန်မှာ သူတို့က ဘာဆက်ဆံရေးမှ ဟုတ်မနေဘူးလေ။

လေးလံသော ကျောက်တုံးကြီးတစ်ခုက သူ့နှလုံးသားကို တက်ဖိထားသလိုပင်။ ဒီလိုနှင့် တိတ်တဆိတ်သာ ထသွားကာ ဆေးသေတ္တာကို သွားရှာလိုက်ပြီး သူမအနာကိုထည့်ပေးဖို့ ပိုးသတ်ဆေးတစ်ချို့ကို ထုတ်လိုက်သည်။ ထို့နောက် ပတ်တီးစည်းပေးလိုက်သော်လည်း စကားကတော့ တစ်ခွန်းမှ မပြောတော့ပေ။

စူးထောင်ကတော့ သူ့မျက်နှာအမူအရာကို သေချာလေး အကဲခတ်နေခဲ့ကာ ပေါ့ပေါ့ပါးပါး စကားတစ်ချို့ပြောဖို့ ကြိုးစားကြည့်လိုက်သည်။

“နင်အားစိုက်ထုတ်ရတာတွေအတွက် သင့်တင့်တဲ့ လျှော်ကြေးလိုချင်တယ်လို့ နင်မပြောခဲ့ပါဘူးလား? ငါနင့်ကို ဘယ်လောက်ပြန်ပေးရမလဲဆိုတာ နင်တွက်လိုက်လို့ရတယ်လေ”

ရှဲ့ကျင်သည် သူ့မျက်လုံးများကို အောက်ချထားကာ သူမအား ဘာမှမပြောဘဲ ပတ်တီးကိုသာ ပတ်နေလေသည်။ အကြာကြီး တိတ်ဆိတ်နေခဲ့ပြီးတော့မှ ဖြည်းဖြည်းချင်း အကြည့်လေးနှင့် ပြန်ကြည့်လိုက်သည်။

“သင့်တင့်တဲ့လျှော်ကြေးဆိုတာ အလိမ်တွေကို အမှန်တရားအဖြစ် ပြောင်းလဲဖို့အတွက်ပဲ”

စူးထောင် - “...”

ရှဲ့ကျင်သည် သူမထိုင်ခုံနေရာသို့ ထသွားကာ အဲ့ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ သူမ၏ မျက်နှာအား နီးနီးကပ်ကပ်ကြည့်နိုင်ရန်အတွက် ဆောင့်ကြောင့်ကလေး ထိုင်ချလိုက်သေးသည်။ သူ၏မှောင်မည်းနက်ရှိုင်းလှသော မျက်ဝန်းလေးများမှာ သူမမျက်နှာကို အလင်းရောင်ပြန်ဟပ်နေစေနိုင်သည့် ရေကန်ငယ်လေးတစ်ခုလိုပင်။

“ထောင်ထောင်လေး.. ကိုယ် ဒါကိုမေးဖို့ အမြဲတမ်းကြောက်ရွံ့နေခဲ့မိတာ။ ကိုယ်တို့နှစ်ယောက်ရဲ့ လက်ရှိစည်းချက်လေးကို ပျက်သွားမှာစိုးလို့လေ။ ဒါပေမယ့် ဒီနေ့က ပွင့်ပွင့်လင်းလင်းပဲ ပြောနေကြတာဆိုတော့ ကိုယ်အဖြေတစ်ခု လိုချင်ပြီ။ မင်းကိုယ့်ကို ခွင့်လွှတ်ပေးပြီးပြီလား?”

စူးထောင်သည် သူ့အကြည့်ကို ပြန်ကြည့်လိုက်ကာ ချက်ချင်းခေါင်းငြိမ့်ပြလိုက်သည်။

“ငါ နင့်ကို ခွင့်လွှတ်ပေးပြီးပါပြီ”

ဒါတွေက သူအထင်လွဲနေတာတွေပဲဖြစ်စေ၊ သူ့အပြုအမူတွေနဲ့ ဆန့်ကျင်နေတာပဲဖြစ်စေ အခု သူတကယ်ကို ပြောင်းလဲသွားခဲ့ပြီပဲလေ။

ခွင့်လွှတ်ပေးတယ်ဆိုတာကလည်း လွှတ်ချလိုက်ခြင်း တစ်မျိုးပါပဲ။ အခုချိန်မှာ သူမရဲ့ အားအင်တွေ အကုန်လုံးကို အသက်မွေးဝမ်းကြောင်းမှာပဲ မြှုပ်နှံထားချင်တယ်လေ.. သူမရဲ့ ရည်မှန်းချက်တွေ ဖြစ်မြောက်လာစေဖို့ပေါ့။ တစ်ခြားအရာတွေပေါ်မှာ သူမဘယ်အပို အာရုံကိုမှ မစိုက်ချင်ဘူးလေ။

“ဒါဆိုရင် ကိုယ်တို့အစကနေ ပြန်စလို့ရနိုင်မလား”

ရှဲ့ကျင်သည် သူအမြဲတမ်း မေးချင်နေခဲ့သော မေးခွန်းလေးအား မေးလိုက်သည်။ သူ့မျက်ဝန်းများကတော့ သူလိုချင်နေသော အဖြေကို ကြားရနိုးနိုးဖြင့် မျှော်လင့်ချက် အရိပ်အယောင်များ အပြည့်ဖြစ်နေပေသည်။

စူးထောင်လည်း အကြည့်လေး ဖျတ်ခနဲ လက်သွားပေသည်။ ဖြည်းဖြည်းချင်း သူမမျက်လုံးလေးကို အောက်ချကာ ရှည်လျားသော မျက်တောင်များဖြင့် သူမမျက်လုံးများအား အုပ်ထားပြီး သူမ၏ ခံစားချက်များကို ဖုံးကွယ်နေပေသည်။

“အခုချိန်မှာတော့ ငါရည်းစားမထားချင်သေးဘူး”

ရှဲ့ကျင်၏ မျက်ဝန်းထဲက အလင်းရောင်လေးများမှာ မှိန်ကျသွားတော့ကာ မဖုံးကွယ်ထားနိုင်သည့် စိတ်ပျက်မှုများလည်း အပြည့်ဖြစ်လာတော့သည်။ သူ့ရင်ဘတ်ထဲတွင်လည်း နာကျင်မှုဖျော့ဖျော့လေး ရှိနေလေပြီး ထိုအရာသည် သူ့အား အပ်ပေါက်သေးသေးများနှင့် ဖောက်ထွင်းနေသည့်အလားပင်။ သေစေနိုင်တာတော့ မဟုတ်ပေမယ့် အတော်ကို နှိပ်စက်ညှင်းပန်းခံနေရခြင်းပင်။

စူးထောင်သည် ပန်းကန်ပြားနှစ်ချပ်ကို ကြည့်လိုက်သည်။ တစ်ခုကတော့ လုံးဝကို မထိမကိုင်ရသေးတာဖြစ်ပြီး သူတို့နှစ်ယောက်ကြားမှာတော့ လေထုက အေးစက်နေပေတော့သည်။ သူမသည် ထရပ်လိုက်ပြီး ရှဲ့ကျင်ကိုဖြတ်၍ ဧည့်ခန်းဆီသို့ လျှောက်သွားပေသည်။ ထို့နောက် ဆိုဖာပေါ်တွင် ခွေလိုက်ကာ သူမဖုန်းကို ကလိနေပေသည်။

သူ့ကိုယ်သူ အသိကပ်အောင် လုပ်ပြီးသည့်နောက်မှ ရှဲ့ကျင်လည်း ထလိုက်ပြီး သူ့စိတ်ခံစားချက်များကို တည်ငြိမ်သွားအောင်လုပ်ဖို့ အသက်ကိုပြင်းပြင်းရှုချလိုက်သည်။ စတိတ်များကို ကောက်ကိုင်ကာ မီးဖိုချောင်ထဲကို ဝင်သွားလိုက်ပြီး အေးသွားပြီဖြစ်သည့် အသားများကို မီးနွေးနွေးလေးဖြင့် ပြန်နွေးလိုက်သည်။ ပြီးတော့မှ ခက်ရင်းကိုယူကာ စတိတ်ကို ဧည့်ခန်းထဲသို့ ယူသွားလေသည်။

စူးထောင်ဘေးနားတွင် ထိုင်လိုက်ပြီး အသားစလေး သေးသေးလေး လှီးလိုက်ကာ သူမပါးစပ်နားကို ကပ်ပေးလိုက်သည်။

စူးထောင်သည် ဖုန်းသုံးနေရင်း သူ့ကိုတစ်ချက်ငေးကြည့်လိုက်သည်။ ထို့နောက် ခက်ရင်းကိုယူကာ ရှဲ့ကျင်သူမကို ခွံကျွေးမှာကို ရှောင်တိမ်းလိုက်သည်။ ရှဲ့ကျင်ကတော့ စတိတ်ကို သူမပါးစပ်နား ပြန်ယူလိုက်ကာ တိုက်ရိုက်အမိန့်ပေးလိုက်တော့သည်။

“ပါးစပ်ဟ”

သူမနှလုံးသားထဲက အပြစ်ရှိစိတ်သည် စူးထောင်အား သူ့ကိုကြည့်၍ နာနာခံခံနဲ့သာ ပါးစပ်ဟကာ စတိတ်ကို စားစေခဲ့သည်။

ရှဲ့ကျင်သည် တစ်ပန်းကန်လုံး ကုန်သည်အထိ စူးထောင်အား နည်းနည်းချင်းစီ ဖဲ့ကျွေးလိုက်သည်။ ထို့နောက် နောက်တစ်ပန်းကန်ကို မီးပူပေးဖို့ ထွက်သွားပြန်လေသည်။

စတိတ်ကို အပူပေးနေရင်းမှာပဲ ရှဲ့ကျင်သည် ဧည့်ခန်းထဲက စူးထောင်အသံကို ယဲ့ယဲ့ကို ကြားလိုက်ရသည်။ ကြည့်ရတာ WeChat ကနေ တစ်ယောက်ယောက်နှင့် စကားပြောနေပုံပေါ်လေသည်။

စတိတ်များကို အပူပြန်ပေးနေရင်း သူမဘာပြောနေသည်ကို နားစွင့်နေလိုက်သည်။

“ငါ့ကိုတစ်ခုရှာပေး.. စျေးကတော့ ကိုယ့်ဟာကိုယ်သတ်မှတ်လိုက်လို့ရတယ်.. အင်း ငါဝေ့ပေါ်မှာ ရှင်းလင်းဖို့အတွက်ပါပဲ.. မြန်မြန်လေး.. ကောင်းပြီ ဖြစ်နိုင်ရင်ဒီညပေါ့”

မီးအပူကို ပိတ်လိုက်ပြီး ရှဲ့ကျင်သည် စူးထောင်နားကို မှောင်မည်းနေသော မျက်နှာအမူအရာဖြင့် လျှောက်သွားလိုက်သည်။ စားပွဲပေါ်တွင် ပန်းကန်ကို ဆောင့်ကြီးအောင့်ကြီးတင်ချလိုက်ပြီး သူ့မကျေမနပ်ဖြစ်နေပုံကို ဖော်ထုတ်ပြနေလေသည်။

“ဘာကိုရှာရမှာလဲ?”

အသံတိုးတိုးလေးနှင့် သူမေးလိုက်သည်။ အေးစက်စက်သူ့အကြည့်များကတော့ သူမဖုန်းပေါ်သို့ ကျရောက်နေတော့သည်။ သူမသာ ဝန်မခံဘူးဆိုလျှင် လုယူလိုက်ဖို့ကို အဆင်သင့်ဖြစ်နေသည့်အလားပေ။

စူးထောင်ကတော့ သူ့ကိုဖုံးကွယ်ထားဖို့ မရည်ရွယ်ထားတာကြောင့် ပွင့်ပွင့်လင်းလင်းသာ ဝန်ခံလိုက်သည်။

“နင့်ရဲ့အခြေအနေတွေကို ငါမဖြည့်ဆည်းပေးနိုင်ဘူး။ အဲ့ဒါကြောင့် ခဏနေရင် ဝေ့ပေါ်မှာ ကိစ္စတွေကို ရှင်းလင်းဖို့ CP ပါတနာအသစ်တစ်ယောက်ကို ဟန်ဆောင်ခိုင်းမလို့”

ရှဲ့ကျင်တစ်ယောက် အသက်ရှုပင် ရပ်သွားမလိုဖြစ်သွားပြီး သူ့ရင်ဘတ်ထဲတွင်လည်း ရုတ်ချည်းဆိုသလို မွန်းကြပ်သွားပေတော့သည်။ လက်ခြေများမှာလည်း အေးစက်လာပြီး ရင်ခုန်သံများမှာလည်း မူမမှန်ဖြစ်လာတော့သည်။

“CP ပါတနာအသစ်လား?”

ရှဲ့ကျင်သည် သူ့ရင်ဘတ်ကို ဆုပ်ကိုင်ထားရင်း သူဒေါပွနေတာကို အတော်လေး ဖိနှိပ်ထားလေသည်။

“ဒီလိုကိစ္စမျိုးကို စျေးမှာ ဟင်းသီးဟင်းရွက်ဝယ်သလိုမျိုး ပြောနေတာလား? အခုပဲ ငါက မင်းရဲ့လက်ရှိရည်းစားပါဆိုပြီး ဝေ့ပေါ်မှာတင်တယ်.. တစ်ညတောင် မကုန်သေးဘူး ချက်ချင်းနောက်တစ်ယောက် ပြောင်းတော့မယ်ပေါ့?”

စူးထောင်၏ သိမ်မွေ့ညင်သာသော အသံကလေးမှာ ရှဲ့ကျင်၏ ထိန်းချုပ်မှုကင်းမဲ့ဖို့ လက်တစ်ကမ်းအလိုသာ ရှိတော့ကာ ဒေါသထွက်နေပုံနှင့် ယှဉ်လိုက်လျှင်တော့ ဝါဂွမ်းလေးကို ထိုးနှက်လိုက်သလို ဖြစ်နေပေတော့သည်။

အဆုံးမှာတော့ ရှဲ့ကျင်သည် လက်သီးကို တင်းတင်းဆုပ်ထားရင်းကနေ အရှုံးပေးသည့် သက်ပြင်းတစ်ခုချလိုက်လေတော့သည်။ အက်ကွဲပြာဝင်နေသော သူ့အသံလေးကတော့ သူ၏အကူအညီမဲ့နေမှုတို့ကို အပြည့်အဝ ဖော်ကြူးနေတော့သည်။

“ဘယ်လောက်က သင့်တော်မလဲဆိုတာကို တွက်လိုက်.. ပြီးရင် မင်းရဲ့လူသားဒိုင်းကာဖြစ်ပေးဖို့ အဲ့လောက်ပမာဏကို ကိုယ်ပေးမယ်”

စူးထောင်သည် သူ့ကို အံ့အားသင့်စွာဖြင့်ကြည့်ရင်း မေးလိုက်သည်။

“တကယ်လား?”

“ဒါပေမယ့် ကိုယ့်မှာလည်း နောက်အခြေအနေတစ်ခုရှိတယ်”

ရှဲ့ကျင့် ရုတ်တရက်ကြီး အနည်းငယ်နောင်တရလာသော်လည်း ကြိုးစားပြီး စျေးတော့ ဆစ်ကြည့်လိုက်သေးသည်။

“ကိုယ်မင်းနဲ့အတူ အိပ်ချင်တယ်.. ဒီအတိုင်း အိပ်ရာကို ဝေမျှပြီး ရိုးရိုးသားသားအိပ်တာကိုပဲ ပြောတာ.. တစ်ခြားဟာတွေ အထင်မမှားနဲ့"

စူးထောင်ကတော့ သူ့ကို မယုံသင်္ကာအကြည့်တစ်ခု ပေးလိုက်သည်။ ဘယ်သူက အတွေးတွေမှားနေတာလဲ? ဒီလို တဏှာလမ်းကြောင်းကို အမြဲပြောတာက သူပဲလေ။

သူ့အခြေအနေက နည်းနည်းတော့များတယ်လို့ သူမခံစားလိုက်မိသည်။ ဘယ်လောက်ပဲ ရိုးသားမယ်ဆိုပါစေ ဒါက ယောင်္ကျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် တစ်ခုတင်ထဲမှာ အိပ်ကြတာပဲလေ.. အတွဲမဟုတ်တဲ့ ဘယ်သူတွေကများ ဒီလိုလုပ်လို့လဲ?

“ဒါဖြင့်လည်း တစ်ယောက်ယောက်ကိုရှာဖို့ ပိုက်ဆံသာ ဖြုန်းလိုက်တော့မယ်”

ရှဲ့ကျင်သည် စူးထောင်၏ နဖူးလေးကို တောက်လိုက်ကာ တစ်ခြားလူကိုရှာမယ်လို့ သူမထပ်ပြောရဲရင် သူမနောင်တရအောင် ရှင်းရှင်းလင်းလင်းကို လုပ်လိုက်ချင်နေပေသည်။

သူထပ်ပြီး အပေးအယူလုပ်ကြည့်လိုက်သည်.. တစ်ခြား တောင်းဆိုမှု တစ်ခုနဲ့ပေါ့။

“ဒါဖြင့်ရင် မင်း နေ့တိုင်း ကိုယ်အစားစားတာကို အဖော်ပြုပေးရမယ်။ ကိုယ်တို့ တစ်နေရာစီရောက်နေကြရင် ဗီဒီယိုကောလ်နဲ့ အတူတူစားကြတာပေါ့”

စူးထောင်လည်း နည်းနည်းတွေးကြည့်လိုက်သည်။ ဒီအခြေအနေက သိပ်ပုံမှန်မဟုတ်သေးသော်လည်း အတူတူအိပ်တာထက် စာရင်တော့ ပိုပြီးလက်ခံနိုင်စရာရှိပေသည်။ သူမသည် ခေါင်းငြိမ့်ပြလိုက်ပြီး အပေးအယူကို သဘောတူခဲ့လေတော့သည်။

ရှဲ့ကျင်၏ အပေးအယူကြောင့် စူးထောင်သည် သူမ၏ လုပ်ဖော်ကိုင်ဖက်ကို အသံမက်ဆေ့ချ် လှမ်းပို့လိုက်တော့သည်။ သူမအတွက် တစ်ယောက်ယောက်ကို ထပ်ရှာပေးရန် မလိုတော့ကြောင်းပေါ့။

သူတို့နှစ်ဦး၏ အတည်ပြုစာ စာပြန်မှ ရှဲ့ကျင်လည်း စိတ်အေးသွားရတော့သည်။

စူးထောင်သည် သူမ၏ဖုန်းအား ရှေ့ကင်မရာကို ဖွင့်လိုက်ပြီး ရှဲ့ကျင်၏ ဘေးတွင် တက်တက်ကြွကြွလေး ဝင်ထိုင်လိုက်သည်။

“ငါ့ကို ဆယ်လ်ဖီကူဆွဲပေးဦး.. ငါတို့နှစ်ယောက် အဆက်အဆံမလုပ်ရင် ဖန်တွေက မေးခွန်းထုတ်ကြလိမ့်မယ်”

“ဒါကတော့ အပိုထပ်ဆောင်း ပေးရမှာနော်”

ရှဲ့ကျင်တစ်ယောက် အေးတိအေးစက် ပြန်ပြောလိုက်သော်လည်း သူ့ကြည့်ရတာ အသိသာကြီးကို ဝမ်းနည်းနေဆဲပင်။

“စျေးကညှိလို့ရပါတယ်”

စူးထောင်သည် သူမ၏မျက်လုံးလေးများကို မှေးလိုက်ကာ တိတ်တခိုး အပြုံးလေးပြုံးလိုက်သည်။ ဆယ်လ်ဖီစခရင်ပေါ်တွင် ပေါ်နေသော မျက်နှာလေးနှစ်ခုကို ပြရန် သူမလက်မောင်းကို ဆန့်ထုတ်လိုက်သည်။

ရှဲ့ကျင့်၏ မျက်နှာမှာ အတော်ကို ဓာတ်ပုံစားလှသည်။ ထို့ကြောင့် စူးထောင်လည်း သူ့ထက် သူမက ပိုပေါ်လွင် ပိုထင်းနေစေမည့် ရှုထောင့်ကိုသာ အားကိုးလိုက်တော့သည်။

ရှဲ့ကျင်လည်း ရုတ်တရက်ကြီး ဘာအကြောင်းပြချက်မှမရှိဘဲ ပြိုင်ဆိုင်လိုစိတ်ပြင်းလာသော စူးထောင်အား စိုက်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်လေးများမှာလည်း ဖွဖွကလေး ကွေးတက်သွားတော့သည်။ သူမကတော့ ပြီးပြည့်စုံသည့် ရှုထောင့်ကို ရှာတွေ့သည်နှင့် ခလုတ်ကို တန်းနှိပ်ချလိုက်တော့သည်။ ရှဲ့ကျင်သည် ကိုယ်ကိုညွတ်လိုက်ကာ သူမမျက်နှာကို နမ်းလိုက်ပေလေသည်။

ထို့နောက် သူဘာမှမလုပ်သလိုပင်။

“ချစ်ကြောင်းကြိုက်ကြောင်း ပြချင်တာဆိုရင် ဓာတ်ပုံတွေကို ဒီလိုရိုက်သင့်တယ်လေ.. မဟုတ်ရင် ဘယ်သူက ယုံမှာလဲ?”

စူးထောင်ကတော့ သူ့အား အံ့ဩခြင်းအပြည့်ဖြစ်နေသည့် မျက်လုံးဝိုင်းဝိုင်းကလေးများနှင့် ကြည့်လိုက်သည်။

ရှဲ့ကျင်သည် မျက်ခုံးကိုပင့်လိုက်ကာ စီးပွားရေးဆန်ဆန် စကားပြောလိုက်ပြီး လေသံမှာတော့ မာကြောခက်ထန်နေပေသည်။

“မင်းဘာတွေ လာကြည့်နေတာလဲ? ဒီလိုအပြန်အလှန် အဆက်အဆံလုပ်နေတဲ့ ပုံတွေလိုသာဆိုရင် အပိုပေးရမှာ။ မင်းပေးမယ့်ကတ်ထဲကို ချက်ချင်းပေါင်းထည့်ထားလိုက်မယ်”

စူးထောင် - “...”

စူးထောင်လည်း မနေ့ကရိုက်ခဲ့သည့် ချစ်ကြည်နူးတစ်တီတူးနေသည့် ပုံကို တင်လိုက်တော့သည်။ ဝိုင်းဝန်းဂုဏ်ပြုပေးနေကြသော ကွန်မန့်အများအပြားထဲတွင် နာမည်အကြီးဆုံးဖြစ်သောကြောင့် ထိပ်ဆုံးရောက်နေသော ကွန်မန့်က ပြောထားသည်ကတော့..

“ရှဲ့ကျင်က ဒီလိုချစ်ကြောင်းကြိုက်ကြောင်းတွေကို ထုတ်ဖော်ပြရတာ ကြိုက်တဲ့လူမျိုးလား?”

အောက်တွင်တော့ ပြန်လည်ချေပနေသော ကွန်မန့်များနှင့် သဘောတူသော ကွန်မန့်များ နှစ်မျိုးလုံး ရှိနေပေသည်။

ပြန်လည်ချေပသူများက ပြောသည်ကတော့

“ရှိုးကို မကြည့်ခဲ့ဘူးလား? စူးထောင်က အကြည့်တစ်ချက်လွှတ်လိုက်တာနဲ့ ရှဲ့ကျင်က ကုပ်သွားတော့တာပဲ။ သူစူးထောင်အတွက် မလုပ်နိုင်စရာ ဘာရှိလို့လဲ?”

သဘောတူထောက်ခံသူများ ပြောသည်ကတော့

“ဒါသေချာပေါက်ကို ရှဲ့ကျင်က စူးထောင်ကို အရမ်းကြိုက်လို့ပဲ။ အဲ့ဒါကြောင့် ကျန်းချီနဲ့သူရဲ့ ကောလဟာလကို ရှင်းလင်းဖို့ ရှဲ့ကျင်ရဲ့ ခံစားချက်တွေကို အခွင့်ကောင်းယူနေတာ မဖြစ်နိုင်ဘူးလား? ပြောရမယ်ဆိုရင် ဒီလိုဓာတ်ပုံမျိုး ရိုက်ဖို့ကလည်း အရမ်းလွယ်ကူတာပဲလေ”

လူတွေကတော့ နှစ်ဖက်စလုံးမှာ ရှိနေကြသည်ပင်။ သို့သော်လည်း အများစုကတော့ စူးထောင်နှင့် ရှဲ့ကျင်တို့ တကယ်ပဲ တွဲနေတယ်ဆိုတာကို မယုံကြပေ။ ပြောရမယ်ဆိုရင် စူးထောင်က လူမြင်ကွင်းရှေ့မှာ ရှဲ့ကျင်အပေါ် ဘာချစ်ကြောင်းကြိုက်ကြောင်းမှ ပြခဲ့ဖူးတာ မဟုတ်ဘူးလေ။

စူးထောင်သည် ပြည်သူလူထုဆီက ကွန်မန့်များကို ရှာဖွေဖတ်ကြည့်နေကာ အနည်းငယ် စိုးရိမ်လာမိသည်။ ပြောရမယ်ဆိုရင် ကွန်မန့်တွေကို ပိတ်ပစ်လိုက်တာက ပြဿနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းနိုင်မှာလည်း မဟုတ်ဘူးလေ။ အခု သူမလိုအပ်နေတာက အတော်ကို ပါဝါပြင်းတဲ့ သက်သေတစ်ခုပဲ။

All Chapters