← Chapters

အခန်း (၆၇)

Vol. 7 Ch. 67

အခန်း (၆၇)

Vol. 7 Ch. 67

သို့သော်လည်း စူးထောင်ကတော့ ရှဲ့ကျင် သူမနောက်လိုက်ဖို့လုပ်သည့်အချိန်တွင် ပြန်ထိုင်ခိုင်းလိုက်သည်။ ထိုင်ခုံမှာ အတင်းနေရာချထားပေးခဲ့ပြီး သူမနောက်ကို သူ့အား လိုက်မလာစေပေ။ သူ့ပခုံးကို ပုတ်လိုက်ကာ နေခဲ့ပြီး တစ်ပွဲဆော့ထားဖို့ အချက်ပြလိုက်သေးသည်။

ရှဲ့ကျင်လည်း အတော်ကိုမှ မလုပ်ချင်ဘူးဆိုသော်လည်း သူမစကားကို နာနာခံခံနဲ့သာ သူထိုင်ချလိုက်တော့သည်။

စူးထောင်ထွက်သွားပြီးနောက် ရှဲ့ကျင်သည် သူ့အရှိန်အဝါကို ဆက်ပြီးမဖုံးကွယ်ထားတော့ပေ။

ကောင်းကင်ကြီးမှာ နက်မှောင်နေပြီး ပတ်ပတ်လည်မှာတော့ ရောင်စုံမီးလုံးများကို ထွန်းညှိထားပေသည်။ ထို့အပြင် သူ၏ မျက်ဝန်းနက်နက်လေးများအပေါ် ဖြာကျနေသော သက်တံမီးရောင်လေးတွေကတော့ ချစ်ကြည်နူးစရာ ဘာအရိပ်အယောင်မှ ရှိမနေပေ။ အဲ့အစား သူတို့ကို ပိုလို့တောင် ခြောက်ခြားစေသည့် ငြိမ်ဆိမ်သောပုံစံတစ်ခုက ပေါ်နေလေသည်။

သူ့ဘေးမှာထိုင်နေသော လျူရှန်းယီကတော့ မနေနိုင်တော့ဘဲ အဝေးကိုထွက်ပြေးလေတော့သည်။ ဒီအန္တရာယ်များသော အရာကြီးထံက ထိပါးမခံရရေးအတွက် တတ်နိုင်သလောက် ဝေးဝေးရောက်အောင် ကြိုးစားနေပေတော့သည်။

“ဆော့ကြတာပေါ့”

အေးစက်သောအသံလေးက ပျင်းရိပျင်းတွဲဖြင့် ဆိုလာခဲ့ခြင်းပင်။

လူတိုင်းသည်လည်း အမိန့်တစ်ခုကို နာခံနေရသည့်အလား စကားကိုလိုက်နာလိုက်ကြပြီး သူ့ရှေ့ကို လှည့်ဘီးအား ချပေးလိုက်လေသည်။

ရှဲ့ကျင်ကတော့ စိတ်မပါတပါဘဲ လက်ဆန့်ထုတ်လိုက်ပြီး ခလုတ်ကိုဖိလိုက်သည်။ အထဲမှာတော့ အံစာတုံးလေး ၃တုံးက လှိမ့်နေလေသည်။ နောက်ဆုံးတွင်တော့ စုစုပေါင်း ၈မှတ်၌ ရပ်သွားတော့သည်။

လူတိုင်းလည်း ၈မှတ်၏ အပြစ်ဒဏ်ကို ကြည့်လိုက်ကြသည်။

ထိုအရာကတော့ ရှက်စရာကောင်းတဲ့ ဆယ်လ်ဖီတစ်ခုကို တင်ရခြင်းပင်။

ရှဲ့ကျင်၏ မှုန်သုန်သောအကြည့်များက ထိုစကားလုံးငါးလုံးကို စိုက်ကြည့်နေလေသည်။ ထို့နောက် ဖြည်းဖြည်းချင်း သူ့မျက်လုံးကို ပင့်တင်လိုက်ကာ လူတိုင်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ပြောလိုက်သည်။

“တင်လိုက်သင့်လား?”

လူတိုင်းကတော့ ချက်ချင်းဆိုသလို လုပ်ဖို့မလိုကြောင်း လက်များကို ခါရမ်းပြကြတော့သည်။

“မလိုပါဘူး.. မလိုပါဘူး.. မလိုပါဘူး...”

“မလိုဘူးလား?”

ရှဲ့ကျင်သည် စားပွဲပေါ်က စူးထောင်ချန်ခဲ့သော ရှန်ပိန်ခွက်ကို လှမ်းယူလိုက်သည်။

“ဒါဖြင့်ရင် ဒီဟာဆော့ရတဲ့ အကြောင်းအရင်းက ဘာလဲ?”

တမင်လုပ်လိုက်တာလား မတော်တဆလားဆိုတာကိုတော့ ဘယ်သူမှမသိပါ။ သို့သော်လည်း ရှန်ပိန်ထည့်ထားသည့် ဖန်ခွက်က ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ကွဲသွားလေတော့သည်။

ရှဲ့ကျင်ကတော့ ကြမ်းပြင်ပေါ်က အပိုင်းအစလေးများကို ကြည့်လိုက်လေသည်။ သူ့နှုတ်ခမ်းများထက်တွင်လည်း လှည့်ဖြားတတ်သော အပြုံးလေးတစ်ခု၏ အရိပ်အယောင်က ပေါ်ထွက်လာတော့သည်။ ထို့နောက် အစီအစဉ်တစ်ခုကလည်း ထွက်ပေါ်လာလေသည်။ ထိုဖန်ကွဲစများကို ကောက်ဖို့ လက်ကိုအောက်ချလိုက်သည်နှင့် ချက်ချင်းပင် သူ့လက်ညိုးကို ရှမိသွားတော့သည်။

သို့သော်လည်း ရှဲ့ကျင်၏ မျက်နှာထားကတော့ ခပ်တည်တည်သာဖြစ်နေလေသည်။ ထို့အပြင် အောက်ချထားသော သူ့လက်ကိုမြှောက်လိုက်သည့် အချိန်တွင်လည်း သူ့ကြည့်ရတာ အတော် ကျေနပ်နေပုံရသည်။ ထို့နောက် သူ့လက်ဖဝါးကနေ စီးကျနေသော ဒဏ်ရာမှ သွေးများကို ကြည့်နေလေသည်။

သူ့မျက်ဝန်းများထဲက ထိုအမှတ်တမဲ့ သွေးဆာလောင်နေသော အကြည့်က လူတိုင်းကို ကြောက်လန့်သွားစေခဲ့သည်။

သူ့မျက်နှာအမူအရာကလည်း အရမ်းကို ကို့ရို့ကားယားနိုင်ပြီး ကျောချမ်းစရာကောင်းနေပေသည်။ ကြောက်တတ်သော အမျိုးသမီး အနုပညာရှင်တစ်ချို့ကတော့ ထတောင်ရပ်နှင့်နေပြီး သူ့ကိုကျောပေးထားကာ သူတို့၏ ပါးစပ်များကို အုပ်ထားလေသည်။

သို့သော်လည်း ရှဲ့ကျင်ကတော့ သူလူတွေကို ခြောက်လန့်မိပြီဆိုတာကို သတိမထားမိပေ။ သူ့အတွက်တော့ သူ့မက်မွန်သီးလေး ဒီနေရာကနေ ထွက်သွားအောင် ဒဏ်ရာကို အသုံးချဖို့ပင်။ အဲ့လိုဆိုရင် လုံးဝကို သဘာဝဆန်ပြီး ရလာမယ့်အကျိုးကလည်း များတယ်လေ။ သူတို့ဘာလို့ ကျောပေးကုန်ကြလဲဆိုတာ သူကတော့ မသိပေ။

ထို့အချိန်မှာပဲ စူးထောင် ပြန်ရောက်လာလေသည်။ သူမရှေ့ကဖြစ်ပျက်နေသော မြင်ကွင်းကိုကြည့်ပြီး သူမသည် ရှဲ့ကျင်ဘေးကို အမြန်ပြေးသွားလိုက်ကာ မေးလိုက်တော့သည်။

“ဘာဖြစ်တာလဲ?”

ရှဲ့ကျင်သည် သူ့မျက်နှာအမူအရာကို ချက်ချင်းပြောင်းလိုက်လေသည်။ သွေးထွက်နေသည့် သူ့လက်လေးအား စူးထောင်ကို ကိုင်ခိုင်းထားလိုက်ပြီး စော်ကားခံရသလို မခံချိမခံသာဖြစ်နေပုံနှင့် ငြီးတွားပြလေသည်။

“သူတို့ ကိုယ့်ကိုအနိုင်ကျင့်တယ်”

လူတိုင်း - “…”

စူးထောင်လည်း သူ့လက်ကနေတစ်ဆင့် အင်္ကျီလက်ပေါ်သို့ စီးကျနေသော သွေးများကို မြင်လိုက်သည်နှင့် မျက်မှောင်ကျုံ့သွားတော့သည်။ ချက်ချင်းဆိုသလို တစ်ရှူးတစ်ချို့ကို လှမ်းဆွဲလိုက်သည်။ သို့သော်လည်း ခဏလောက်နေတော့ တစ်ရှူးတွေအကုန်လုံးမှာ အနီရောင်သွေးများနှင့် စွန်းထင်းကုန်တော့ပြီး သွေးထွက်တာကလည်း မရပ်ပေ။

“ဘာလို့ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် လုပ်လိုက်တာလဲ?”

စူးထောင်သည် ကြောက်လန့်စရာ သွေးများကို ကြည့်လိုက်ရင်း သူမအသံမှာ မသိမသာ မြင့်တက်လာလေသည်။ သူမ၏ မျက်ဝန်းကြည်ကြည်လေးများမှာလည်း အစိုဓာတ်လေးများ တဖိတ်ဖိတ်တောက်လာပေသည်။

ရှဲ့ကျင်ကလည်း စူးထောင်တစ်ယောက် ဒီလိုမျိုး ပြန်တုန့်ပြန်လိမ့်မယ်လို့ မမျှော်လင့်ထားပေ။ သူတွေးထားတာက သူမဆီက သနားတာခံရဖို့ အားနည်းပျော့ညံ့ချင်ယောင်ဆောင်လိုက်မယ်လို့လေ။

သူကိုယ်တိုင်လည်း နည်းနည်း ခြေမကိုင်မိလက်မကိုင်မိ ဖြစ်လာတော့ပြီး သူမကို စိတ်သက်သာရာရစေရန်အတွက် စူးထောင်၏ လက်ကို ဆွဲလိုက်တော့သည်။

“ဘာမှမဖြစ်ပါဘူး။ ဂိမ်းဆော့နေရင်း ကိုယ်ထိမိသွားတာပါ”

စူးထောင်သည် လည်ဘီးရပ်နေသောထိပ်ကို ကြည့်လိုက်ပြီး ထို့နောက် ဘေးဘီက လူများကိုပါ ကြည့်လိုက်သည်။ ပုံမှန်ဆို တည်ငြိမ်လှတဲ့ သူမလေသံလေးက အခုတော့ ဒေါသထွက်၍ စပ်ဖျဉ်းဖျဉ်းဖြစ်နေသည့် လေသံအရိပ်အယောင်လေး ပါဝင်နေပေသည်။

“ဂိမ်းလေးတစ်ပွဲဆော့တာကို ဘယ်လိုလုပ်ပြီးများ လက်ကိုဒီလောက်ဆိုးဆိုးရွားရွား ထိခိုက်ကုန်တာလဲ?”

မတော်တဆမှုကို တွေ့၍ လူတိုင်းလည်း ပတ်ပတ်လည်တွင် ဝိုင်းအုံ၍ လာကြည့်ကြတော့သည်။ နာကျန်းလိုင်လည်း ချက်ချင်းပင် အိမ်တော်ထိန်းကို ခေါ်လိုက်ပြီး ဆေးသေတ္တာယူလာဖို့ ပြောလိုက်သည်။ ဂိမ်းဆော့နေကြသော အနုပညာရှင်များကိုလည်း မေးခွန်းမေးလိုက်သေး၏။

“မင်းတို့တွေ ဘယ်လိုဖြစ်ပြီး ဥက္ကဌရှဲ့ရဲ့လက်ကို ဒီလိုထိခိုက်သွားအောင် လုပ်နိုင်ကြတာလဲ?”

ရှဲ့ကျင်သည် စူးထောင်အား သူ့ကိုပတ်တီးပတ်စေလိုက်ပြီး သူ့လက်နောက်တစ်ဖက်နှင့် သူ့ကိုယ်သူ သဘောထားကြီးသူလိုလို လက်ကိုခါရမ်းပြလိုက်သည်။

“ထားလိုက်ပါ.. ကိုယ်သူတို့ကို အပြစ်မတင်ပါဘူး”

အနုပညာရှင်များ - .....

ဒါ အစကတည်းက သူတို့နဲ့မှ မဆိုင်တာ..။

နောက်ဆုံးတော့ စူးထောင်လည်း သွေးတိတ်သွားအောင် လုပ်ခဲ့ပြီး၊ ရှဲ့ကျင်၏ လက်ညိုးအား ပတ်တီးပတ်ပေးလိုက်လေသည်။ စောနတုံးက ထိန်းချုပ်မှုကင်းမဲ့သွားသော သူမစိတ်ကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့လေပြီ။

အခုတော့ တည်ငြိမ်ကာ ဆင်ခြင်တုံတရားရှိသော စူးထောင်က ငှက်ကုလားအုပ်လေးတွေလို အနုပညာရှင်များအား ကြည့်လိုက်သည်။ ထို့နောက် ကြမ်းပြင်ပေါ်က ကျကွဲနေသော ဖန်ခွက်ကို ကြည့်လိုက်ပြန်သည်။ အဲ့ဒီနောက် သူမတစ်စုံတစ်ခုကို နားလည်သွားသလို ရှဲ့ကျင်ကို စဉ်းစဉ်းစားစားနှင့် စိုက်ကြည့်လိုက်လေသည်။

သူမသည် စိုးရိမ်နေသော နာကျန်းလိုင်အား ပြောလိုက်သည်။

“စိတ်မပူပါနဲ့ ဒါရိုက်တာနာ။ ကျွန်မသူ့ကို မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးဖို့ ဆေးရုံကို ခေါ်သွားလိုက်ပါမယ်။ သူအဆင်ပြေသွားမှာပါ”

ပူပန်နေကြသော လူတိုင်း၏ အကြည့်အောက်တွင် သူတို့နှစ်ဦးသည် ကားနှင့် ထွက်သွားခဲ့ကြသည်။

စူးထောင်သည် အခုထိ ပျော့ညံ့သလို ဟန်ဆောင်ပြနေသော ရှဲ့ကျင်ကို စိုက်ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း မေးလိုက်သည်။

“အဲ့တော့ တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ?”

ရှဲ့ကျင်လည်း သူ့အလိမ်တွေနဲ့ သူ့ရှူးသူပြန်ပက်မိလေတော့သည်။

“ကိုယ်ပြောခဲ့သလိုပဲလေ.. အဲ့တုံးက ကိုယ်တို့ ဂိမ်းဆော့နေကြတာ။ သူတို့က ကိုယ့်ကို ရှက်စရာကောင်းတဲ့ပုံတစ်ပုံ ဝေ့ပေါ်မှာ တင်ခိုင်းတယ်။ ဒါပေမယ့် ကိုယ်မလုပ်ချင်ဘူး။ စကားများနေတုံးမှာပဲ ဖန်ခွက်က သူ့ဟာသူကျကွဲသွားတာ.. အဲ့ဒါနဲ့ပဲ ကိုယ့်လက်ကို မတော်တဆ ရှမိသွားတော့တာပဲ”

“နင်သာ မလုပ်ချင်ဘူးဆိုရင် ဘယ်သူကများ နင့်ကို ဖိအားပေးပြီး တင်ခိုင်းနိုင်မှာတဲ့လဲ? အဲ့ဖန်ခွက်ကို နင့်ဟာနင် ခွဲလိုက်တာလေ ဟုတ်တယ်မလား? ငါ့ကို နင်နဲ့အတူ ထွက်လာအောင်လို့လေ”

ရှဲ့ကျင်၏ အလိမ်အညာများကို ညှာတာထောက်ထားမှုမရှိဘဲ ဖော်ထုတ်လိုက်ပြီးနောက်မှာတော့ စူးထောင်သည် သက်ပြင်းအပျော့စားလေးတစ်ခုကို ချလိုက်တော့သည်။

“နင် ငါ့ကို စောစောပြန်စေချင်ရင် ငါ့ကိုတိုက်ရိုက်ပြောလိုက်လို့ ရတာပဲ။ ဘာလို့ ဒီလိုမျိုး လက်ကိုလုပ်လိုက်ရတာလဲ?”

“ကိုယ်မင်းကို ပြောပါတယ်.. ဒါပေမယ့် မင်းမှမသွားချင်သေးတာ..”

သူမကို အမြန်ပြန်ဖို့လည်း သူ မလောရဲပေ။ သူမကို ကုတ်အင်္ကျီလေး ထပ်ဝတ်ပေးလိုက်တာတောင်မှ ဒူးထောက်တောင်းပန်ရမတတ် ဖြစ်ပြီးပြီလေ။ အဲ့ဒါကို ထပ်ပြီး ပြန်ဖို့သွားလောပြလိုက်ရင် ဒူးထောက်တောင်းပန်တာတောင် လုံလောက်မှာ မဟုတ်ဘူးလို့ သူတွေးကြောက်မိတယ်လေ။

“မင်း.. စောနတုံးက ကိုယ့်ကို စိုးရိမ်နေတာလား?”

စောနတုံးက သူမ၏ သောကရောက်နေသော ပုံစံလေးကို ပြန်စဉ်းစားလိုက်တော့ ရှဲ့ကျင်၏ မျက်ဝန်းနက်လေးများထဲတွင် အပြုံးလေးတစ်ခု တွားသွားဝင်ရောက်လာခဲ့သည်။

စူးထောင်ကတော့ သူ့ကိုလစ်လျူရှုပြီး ဆေးရုံကိုသာ တန်းမောင်းသွားခဲ့လေသည်။

သူမ၏ စကတ်ကိုမကာ၊ ရှဲ့ကျင်၏ အပေါ်ထပ်ဝတ်စုံကြီးနှင့် စာရင်းသွင်းရန် အပေါ်အောက်ပြေးလွှားနေတော့သည်။ ထို့နောက် စောင့်ကြည့်ကာ အထင်ကြီးနေကြသော မျက်လုံးများအောက်မှာပဲ ဆေးဖိုးဝါးခတွေကို ရှင်းလင်းကာ ဆေးဝယ်ရတော့သည်။

သူမ၏ သူမတူထူးကဲသော ပုံစံလေးနှင့် လှပသည့် ဝတ်စုံလေးကြောင့် လူအများစုသည် သူမကို ဓာတ်ပုံရိုက်ရန် ဖုန်းများပင် ထုတ်ခဲ့ကြလေသည်။

လုပ်ငန်းစဉ်များအားလုံး ပြီးဆုံးသွားသည့်နောက်မှာတော့ စူးထောင်သည် ရှဲ့ကျင်အား ဗီလာသို့ ပြန်မောင်းပို့ခဲ့သည်။ သွားနေတဲ့လမ်းမှာတော့ အနောက်တိုင်းစားသောက်ဆိုင်တစ်ခုကို ဖြတ်မိသဖြင့် သူတို့နှစ်ယောက်လုံး ညစာစားရန် ပါဆယ်ဝင်ဆွဲခဲ့လေသည်။

သူလက်နာနေတာကို အခွင့်ကောင်းယူပြီး ရှဲ့ကျင်ကတော့ စူးထောင်၏ အသေးစိတ်ဂရုစိုက်ပေးမှုတွေကို ပျော်ပျော်ကြီး ကျေနပ်နေပေတော့သည်။

သူ့ကို ညစာကျွေးပြီးနောက် ရှဲ့ကျင်က ရုပ်ရှင်ကြည့်ရန် ပြောလာလေသည်။ စူးထောင်သည် အသီးတစ်ချို့ကို ဆေးကြောလိုက်ပြီး သူစားဖို့ ယူသွားပေးလိုက်သည်။

ဆိုဖာပေါ်တွင် သက်တောင့်သက်သာ ဇိမ်ခံနေရင်း ရှဲ့ကျင်သည် သူထိခိုက်သွားသောလက်ကို ထပ်ခါထပ်ခါ ကြည်နူးနေတော့သည်။ ဒီလိုဉာဏ်နီဉာဏ်နက်မျိုး ထွက်လာလောက်တဲ့အထိ ဉာဏ်ကောင်းလိုက်တဲ့ သူပါလားပေါ့။ ဒူးထောက်တောင်းပန်ရမှာကို ရှောင်လိုက်နိုင်ရုံတင်မကဘဲ ဒီလိုအထူးစောင့်ရှောက်မှုကိုပါ ခံနေရတယ်တဲ့လေ။

သူ့ဘေးတွင် ဝင်ထိုင်လိုက်ပြီး စူးထောင်လည်း ရုပ်ရှင်အတူတူကြည့်ခဲ့လေသည်။ စတော်ဘယ်ရီစားရန် သူမကောက်ကိုင်လိုက်သည့်အခါမှာတော့ ရှဲ့ကျင်သည် ကိုယ်ကိုကိုင်းကာ သူမလက်ထဲကဟာကို လှမ်းကိုက်လိုက်လေတော့သည်။ သူ့လျှာလေးက သူမ၏ လက်ချောင်းလေးများကို အသာအယာလေး ပွတ်တိုက်သွားတော့သည်။

သူထိလိုက်သော လက်ချောင်းလေးကို ကိုင်ထားရင်း စူးထောင်သည် သူ့ကိုကြည့်လိုက်သည်။ ထို့နောက် တည်ငြိမ်စွာနှင့်ပင် တစ်ရှူးကို ထုတ်လိုက်ကာ သုတ်ပစ်လိုက်တော့သည်။

“မင်း.. ဒီညအိမ်မပြန်သင့်ဘူး။ ကိုယ်ဘာမှမလုပ်နိုင်နေတဲ့ အခြေအနေမှာ တစ်ခုခုဖြစ်ခဲ့ရင် ကိုယ့်ကိုကူညီဖို့ ဘယ်သူမှ ရှိမှာမဟုတ်ဘူး”

ရှဲ့ကျင်သည် သူမနေခဲ့ဖို့အတွက် ပေါက်ပန်းလေးဆယ် အကြောင်းပြချက်များကို ပြောဆိုနေတော့သည်။ သူ့မျက်ဝန်းများထဲတွင်တော့ မျှော်လင့်ချက်များလည်း အပြည့်ပင်။

“အင်း”

စူးထောင်က တိုးတိုးလေးသာ ရေရွတ်ပြီး ပြန်ပြောလိုက်တာဆိုသော်လည်း ရှဲ့ကျင်၏ စိတ်ထဲတွင်တော့ အောင်ပွဲခံသည့် နောက်ခံတီးလုံးက ချက်ချင်းထွက်ပေါ်လာတော့သည်။ နှစ်ကူးကို ဆင်နွှဲနေသလို မီးပန်းတွေလည်း ပေါက်နေရင်းပေါ့။

သူထိခိုက်သွားသော လက်ကို နောက်တစ်ခေါက် ထပ်အထင်ကြီးနေမိပြီး သူ့မျက်ခုံးလေးကို ပင့်လိုက်သည်။ ထို့နောက် သူ၏ ကောက်ကျစ်သော အကြည့်လေးဖြင့် တစ်ခြားလက်ချောင်းများကိုပါ ကြည့်လိုက်သည်။ ထိုအရာများကိုလည်း အချိန်မရွေး အနစ်နာခံခိုင်းနိုင်သည့် အလားပင်။

နောက်ဆုံးတော့ ရှေးခေတ်နိုင်ငံခြား အနုပညာကားကို ကြည့်လို့ပြီးသွားကြပေသည်။ ရှဲ့ကျင်တွင် ကသိကအောက်ဖြစ်စရာ စရိုက်ရှိသော်ငြားလည်း သူသည် ဒီလိုရုပ်ရှင်များကို ကြိုက်နှစ်သက်ပေသည်။ စူးထောင်ကတော့ သူ့အကြိုက်ကို ဘယ်တော့မှ နားလည်နိုင်မည် မဟုတ်ပေ။ တစ်ဝက်လောက် ရောက်ကတည်းက သူမသည် အိပ်ငိုက်လာပြီး ဆိုဖာပေါ်တွင် မှီနေလေပြီဖြစ်သည်။ သူမအတွက်ကတော့ သားချော့တေးတစ်ခုကို နားထောင်နေသည့်အတိုင်းပင်။

ရုတ်တရက်ဆိုသလို သူမနှုတ်ခမ်းအား တစ်ခုခုဖိလိုက်တာကို ခံစားမိလိုက်၍ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့သည်။ သူမရှေ့တွင် မျက်နှာတစ်ခုက ရှိနေပြီး သူကတော့ မျက်လုံးများကို မသက်မသာပိတ်ထားလေသည်။ ရှည်လျားသော မျက်တောင်များက အနည်းငယ် ပုတ်ခတ်ပုတ်ခတ်ဖြစ်နေကာ သူမ၏ မျက်တောင်များကို လာတိုက်မိနေတော့သည်။

ရှဲ့ကျင် သိလိုက်သည့်အချိန်တွင် သူမနှုတ်ခမ်းများကို ထိရုံသာထိလိုက်ရပေသည်။ အသက်ရှုသံတွေကတော့ ရပ်တန့်တော့မည့်အလားပေ။

ဘာပဲဖြစ်ဖြစ် အရိုက်ခံရမှာကို သိနေတော့လည်း သူမကို အတည်ပေါက်သာ တစ်ချက်နမ်းရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။ စူးထောင်ကတော့ မျက်မှောင်ကြုံ့ကာ

“နင်...”

“ကိုယ်မှားသွားပါတယ်”

ရှဲ့ကျင်၏ တောင်းပန်ခြင်းများသည် အခုတော့ အလွယ်တကူပင် ထွက်လာနေပေပြီ။ အဲ့အပြင် တစ်စုံတစ်ယောက်၏ နှလုံးသားကို နာကျင်သွားနိုင်အောင် လုပ်နိုင်စွမ်းကလည်း ရှိနေလေပြီ။

အခုချိန်မှာ စူးထောင်လည်း အနည်းငယ် ပြန်နိုးကြားသွားတော့သည်။ သူ့ကိုတွန်းဖယ်လိုက်ရင်း ပျင်းရိပျင်းတွဲနှင့် အကြောဆန့်လိုက်သည်။ ထို့နောက် အပေါ်ထပ်က ဧည့်ခန်းတွင် အိပ်ရန်အတွက် ငမ်းဝေရင်း ထသွားပေသည်။

ဒီနေရာနှင့် ရင်းနှီးနေသောသူ ဖြစ်တာကြောင့် သူမသည် ရေချိုးခန်းတွဲရက်ပါသော အခန်းကို ရွေးချယ်လိုက်လေသည်။ သို့သော်လည်း နောက်မှ သူမ ဘာမှယူမလာမိဘူးဆိုတာကို သတိရမိတော့သည်။

စူးထောင်သည် မာစတာအိပ်ခန်း၏ လမ်းလျှောက်အဝတ်ခန်းကို သွားလိုက်ကာ လှည့်ပတ်ကြည့်လိုက်သည်။ ပန်းရောင်နှင့် ပတ်သတ်တာ ဘာတစ်ခုမှ မတွေ့နိုင်ခဲ့ပေ။

သို့သော်လည်း သူမဟာ အကုန်လုံး ပျောက်နေတာတော့ မဟုတ်ပါ။

သူမ၏ ညဝတ်အင်္ကျီဟောင်းတစ်စုံကို တွေ့သဖြင့် ခါကာ ယူလာလိုက်သည်။ အံ့ဩစရာကောင်းတာက ဖုန်လေးတစ်မှုန်တောင် ရှိမနေတာပေ။ ကြည့်ရသလောက်တော့ ပုံမှန် လျှော်ဖွပ်ထားပုံရသည်။

သူမသည် အဝတ်တန်းထဲက သဘက်အသစ်ကိုလည်း ယူလိုက်သေး၏။ လှည့်ပတ်ကြည့်လိုက်ချိန်မှာတော့ စိန်လက်ကောက်က လက်ဝတ်ရတနာစင်၏ အလယ်တွင် ထားထားဆဲဖြစ်ကြောင်းကို သူမတွေ့လိုက်ရပေသည်။

လက်ကောက်ကို အသာအယာလေး ကိုင်လိုက်ရင်း စူးထောင်သည် ရှဲ့ကျင်၏ ဆောက်တည်ရာမရဖြစ်နေသော အသံအား ပြန်စဉ်းစားလိုက်မိသည်။

“ဒါသူ့အမေရဲ့ အမှတ်တရပစ္စည်းပဲ။ အနာဂတ်ချွေးမကို ပေးဖို့ဆိုပြီး သိမ်းထားတာလို့ ပြောခဲ့တာ”

သူမအတွေးများကို ပြန်လည်စုစည်းပြီးနောက်မှာတော့ သူမသည် လက်ကောက်အောက်က အံဆွဲထဲတွင် မိတ်ကပ်များရှိကြောင်း သတိရသွားသည်။ တစ်နှစ်လောက်နဲ့တော့ သက်တမ်းမကုန်လောက်သေးပါဘူး ဟုတ်တယ်မလား?

အံဆွဲကို ဖွင့်လိုက်ချိန်တွင် သူမအမြင်ကို ပထမဆုံး ဖမ်းစားသွားသည့်အရာက မိတ်ကပ်ဟုတ်မနေပေ။ ဖုန်းကတ်၊ မှတ်စုလေးနှင့် အဖြူရောင်စာအိတ်လေးပင် ဖြစ်ပေသည်။

မှတ်စုထဲတွင် ရေးထားသည်ကတော့

“ငါထွက်သွားပြီ။ ငါ့ကို မရှာပါနဲ့”

မှတ်စုအောက်တွင်တော့ အဲ့နှစ်က သူမထားခဲ့သည့် နှုတ်ထွက်စာပင် ဖြစ်သည်။

စူးထောင်သည် နှုတ်ထွက်စာကို ထုတ်ကြည့်လိုက်သည်။ စာအိတ်ကတော့ အနည်းငယ် ကျေမွနေကာ ရေစိုထားသော ပြောက်ကျားကွက်လေးများလည်း ရှိနေပေသည်။ ဖွင့်ကြည့်လိုက်သည့်အခါမှာတော့ အထဲက စာစောင်၏ စာရွက်အသားမှာ ပိုလို့တောင် တွန့်နေပေသည်။ ကြည့်ရတာ လုံးချေထားခဲ့ပြီးမှ ပြန်ဖြန့်ထားသလိုပင်။ အဲ့မှာတော့ ရေစိုအကွက်များက ပိုတောင်များသေး၏။

ရှဲ့ကျင်သည် နှုတ်ထွက်စာကို ခဏခဏထုတ်ကြည့်ရင်း ဖတ်သည့်အချိန်တိုင်းမှာ ငိုခဲ့တာကို သူမမျက်လုံးထဲ မြင်လုနီးနီးပင်။

စူးထောင်သည် စာကို သပ်သပ်ရပ်ရပ်လေး ပြန်ခေါက်လိုက်ပြီး ပြန်ထည့်ပေးလိုက်ကာ မိတ်ကပ်ဖျက်ဆေးကို ထုတ်လိုက်သည်။ သူမအံဆွဲကို ပိတ်လိုက်ပြီးနောက် အမှတ်တမဲ့ဆိုသလို ဒုတိယအလွှာကို ဖွင့်ကြည့်လိုက်မိသည်။ ထိုထဲတွင်တော့ သူမဆေးပုလင်းများစွာကို တွေ့ခဲ့လေတော့သည်။

အရင်တုံးက ဒီအံဆွဲကို ဆေးတွေထည့်ဖို့ သုံးတာမဟုတ်ဘူးလေ။ ပြီးတော့ ဆေးပုလင်းတွေ ကြည့်ရတာ အကုန်လုံးက တစ်ပုံစံတည်းတွေချည်းပဲ။

တစ်ပုလင်းကို ထုတ်ကြည့်လိုက်သည့်အခါမှာတော့ အဖုံးမဖွင့်ရသေးဘဲ အပြည့်ဖြစ်နေပေသည်။ ဆေးနာမည်ကိုတော့ သူမသတိမထားမိပေ။ ထို့နောက် ပုလင်းပေါ်တွင် ရိုက်ထားသည့် စာသေးသေးလေးကို သူမကြည့်လိုက်သည်။

ဆေးညွှန်း - ဒီထုတ်ကုန်သည် ဆိုးရွားပြင်းထန်သော အိပ်မပျော်ခြင်းရောဂါများအတွက်သာ သင့်တော်ပေသည်။ ပြတ်တောင်းပြတ်တောင်းအိပ်စက်ခြင်း၊ ခဏသာ အိပ်စက်နိုင်ခြင်းတို့ အတွက်ပင်။

စူးထောင်၏ ရင်ထဲတွင် ဗြောင်းသတ်သွားတော့သည်။ ဒါတွေက... အိပ်ဆေးတွေလား?

သူမသည် အံဆွဲထဲက ဆေးပုလင်းများကို ထပ်ကြည့်လိုက်သည်။ ကြည့်ရတာ အဖုံးမဖွင့်ရသေးသည်က အနည်းဆုံး ၁၀ခုလောက် ရှိပေသည်။

All Chapters