အခန်း (၆၈)
Vol. 7 Ch. 68
သူဘာလို့ အိပ်ဆေးတွေ ဒီလောက်အများကြီးကို စုထားရတာလဲ?
အရင်တုံးက သူ့မှာ အိပ်မပျော်တဲ့ရောဂါ မရှိပါဘူး။
အိပ်ဆေးပုလင်းတစ်ခုကို ကိုင်ကာ စူးထောင်သည် ရှဲ့ကျင်ကို ရှာရန် ဧည့်ခန်းထဲ ဆင်းသွားလိုက်သည်။ သို့သော်လည်း သူ့ကို ရှာမတွေ့ခဲ့ပေ။ မီးဖိုချောင်ကိုရော၊ ထမင်းစားခန်းကိုရော၊ စာကြည့်ခန်းထဲကိုရော ရှာပေမယ့် မတွေ့တာကြောင့် သူမစတင်၍ ပူပန်မိလာတော့သည်။
အရင်တုံးက သူမကို သူရှာမတွေ့နိုင်ခဲ့တုံးကလည်း ဒီလိုမျိုး အခန်းတိုင်းကို သူလိုက်ရှာခဲ့လားဆိုတာကို သူမ,မသိခဲ့ပါ။ အခန်းတစ်ခန်းကို ဝင်ကြည့်တိုင်း ပိုပိုပြီး စိတ်ဓာတ်ကျလာတာမျိုးလေ။
နောက်ဆုံးတော့ သူမသည် ရှဲ့ကျင်အား သူမနေဖို့ရွေးထားသည့် ဧည့်သည်ခန်းထဲတွင် တွေ့လိုက်ရတော့သည်။
သူကတော့ အိပ်ရာပေါ် မျက်နှာကပ်၍ လှဲနေလေပြီ။ မျက်လုံးများကိုလည်း ပိတ်ထားကာ သူ့ကြည့်ရတာ အိပ်ပျော်နေပုံရသည်။ သို့သော်လည်း သူ့မျက်တောင်များကတော့ ဆက်တိုက်ကို ဖွဖွလေး ပုတ်ခတ်ပုတ်ခတ်ဖြစ်နေလေသည်။ ကြည့်ရတာ အိပ်သာအိပ်နေတယ် သိပ်ပြီးသက်သက်သာသာ မရှိလှပုံပဲ။ ချောင်းလေးဖွဖွ ဟန့်လိုက်ရင်တောင် သူနိုးလာမည့်အနေအထားတွင် ရှိသည်။
သို့သော်လည်း သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတတ်သူတစ်ယောက် ဆိုတာကို သူမ မှတ်မိပါသေးသည်။
တစ်စုံတစ်ခုကို အိပ်မက်မက်နေသည့်အလား ရှဲ့ကျင်၏ မျက်ခွံများက သဲကြီးမဲကြီး လှုပ်ခတ်နေတော့သည်။ သူ့နှုတ်ခမ်းများကလည်း ဆက်တိုက် တုန်ခါနေပြီး သူ့လက်ချောင်းများကတော့ တစ်ခုခုကို ကိုင်ဆွဲထားသလို ထင်ရသည်။ ထို့နောက် ရုတ်တရက်ကြီး သူအိပ်မက်ကနေ နိုးထလာလေတော့သည်။
သူ၏ အက်ကွဲနေသော အသံကတော့ တစ်ခုတစ်ခုကို မပီပသအော်နေခဲ့သည်။ မျက်လုံးများကို အကျယ်ကြီး ဖွင့်ချလိုက်ပြီး မျက်ရည်ပေါက် ကြီးငယ်များမှာလည်း အပြည့် ကျဆင်းလာပေတော့သည်။
စူးထောင်လည်း ချက်ချင်းဆိုသလို သူ့လက်ကို ဆွဲကိုင်လိုက်ပြီး ညင်သာသိမ်မွေ့စွာ မေးလိုက်သည်။
“အိပ်မက်ဆိုးမက်နေတာလား?”
ရှဲ့ကျင်သည် သူ့မျက်လုံးများထဲက မျက်ရည်များကိုဖယ်ရန် မျက်တောင်ခပ်ချလိုက်သည်။ သူ့ရှေ့ကလူကို ရှင်းရှင်းလင်းလင်း မြင်နေရသောကြောင့် ၂စက္ကန့်လောက်တော့ သူတုပ်တုပ်မလှုပ်နိုင် ဖြစ်သွားခဲ့လေသည်။ ထို့နောက်မှာပဲ ချက်ချင်းပင် စူးထောင်၏ လက်ကောက်ဝတ်လေးကနေ တင်းတင်းကြပ်ကြပ် ဆွဲကိုင်လိုက်ကာ သူမရင်ခွင်ထဲသို့ သူ့ခေါင်းကို အပ်ချလိုက်လေတော့သည်။ ဒီလိုနှင့် ရှဲ့ကျင်တစ်ယောက် ပြိုလဲမျက်ရည်များ ကျဆင်းလာပေသည်။
စူးထောင်လည်း သူ့ခံစားချက်များကို ဖြေသိမ့်ပေးဖို့နှင့် သူ့ကိုချော့ရန် ဆံပင်လေးများကို ဖြည်းဖြည်းချင်း သိမ်မွေ့စွာ ပွတ်သပ်ပေးလိုက်သည်။
သူမ၏ လက်မောင်းများထက်က အမျိုးသားလေးကတော့ ဖြည်းညင်းစွာဖြင့် စိတ်ပြန်တည်ငြိမ်လာခဲ့သည်။
“ဘာတွေ အိပ်မက်မက်နေတာလဲ?”
အိပ်ဆေးများကို ကိုင်ထားရင်းပင် စူးထောင်သည် သူအိပ်မရသည့်ပြဿနာက အတိအကျ ဘာလဲဆိုတာကို သိချင်စိတ်ပြင်းပြနေခဲ့သည်။
ရှဲ့ကျင်သည် သူမရင်ဘတ်ထက်တွင် သူ့ခေါင်းလေးကို သူ့ဟာသူ ပွတ်သပ်လိုက်ပြီးနောက် အပ်ထားသော မျက်နှာလေးကို ဘေးသို့စောင်းလိုက်ကာ လတ်လတ်ဆတ်ဆတ်လေလေးကို ရှုရှိုက်လိုက်သည်။ သူ့အသံကတော့ သဲသဲကွဲကွဲမကြားရချေ။
“ဘာမှမဟုတ်ပါဘူး”
စူးထောင်သည် ဆေးပုလင်းအား မြှောက်လိုက်ပြီး သူ့ရှေ့တွင် လှုပ်ပြလိုက်သည်။
“ဒီအိပ်ဆေးတွေက နင်အိပ်မက်ဆိုးတွေမက်လို့ သောက်နေတာလား ဒါမှမဟုတ် အိပ်မပျော်လို့လား?”
ရှဲ့ကျင်သည် ချက်ချင်းဆိုသလို သူ့ခေါင်းကို မော့လိုက်ပြီး သူမအား နီရဲနေသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ ထို့နောက်မှ အက်ကွဲနေသော အသံပြာပြာဖြင့် ပြန်မေးလိုက်တော့သည်။
“အဲ့ဒါတွေကို ဘယ်ကနေ ရှာတွေ့လာတာလဲ?”
“အံဆွဲထဲက.. ပုလင်းတွေ တစ်ဒါဇင်လောက် ရှိတယ်။ မကြာခဏ အိပ်မက်ဆိုးတွေ မက်နေတာလား? အိပ်မက်ဆိုးတွေကြောင့် နင်အိပ်မပျော်တာလား? နင်အရင်တုံးက အိပ်မက်ဆိုးမက်တာရော အိပ်မပျော်တာရော မရှိခဲ့တာကို ငါမှတ်မိပါသေးတယ်။ ဘယ်အချိန်ထဲက စဖြစ်နေတာလဲ?”
စူးထောင်သည် သူ့အား မေးခွန်းများ တရစပ်မေးနေတော့သည်။ သို့သော်လည်း ရှဲ့ကျင်ကတော့ သူ့မျက်လုံးကို အောက်ချထားပြီး ခံစားချက်များကို ဖုံးကွယ်ထားလေသည်။ သူပြောရမလား မပြောရဘူးလားဆိုတာကို စဉ်းစားနေသည့်အတိုင်းပင်။
“ရှဲ့ကျင်”
စူးထောင်သည် သူ့မျက်နှာလေးကို သူမ၏ လက်နှစ်ဖက်စလုံးဖြင့် ကိုင်လိုက်ပြီး ညိုးငယ်နေသော သူ့မျက်နှာလေးပေါ်က မျက်ရည်များကို သုတ်ပေးလိုက်သည်။ သူ့မျက်နှာပေါ်မှာ အသားမရှိတော့သလားတောင် ခံစားရပေသည်။ ထို့နောက် သူမသည် သိမ်မွေ့ညင်သာစွာ ပြောလိုက်သည်။
“ငါသိချင်တယ်.. ငါ့ကိုပြောပြပါလား”
ရှဲ့ကျင်လည်း ဒီလိုသိမ်မွေ့ညင်သာနေသော စူးထောင်ပေါက်လေးကို မလွန်ဆန်နိုင်ပါ။ သူ့အသံလေးကို နားထောင်ရတာ ပိုပြီး သက်တောင့်သက်သာဖြစ်စေရန် သူ့ကိုယ်သူ နည်းနည်းကြိုးစားလိုက်ပြီးမှ ပြောလိုက်သည်။
“တစ်ခါတစ်လေမှပဲ နည်းနည်းသောက်တာပါ။ သောက်ရင်လည်း အတော်နည်းပါတယ်”
“မအိပ်ခင်မှာ ဘယ်ဆေးကိုသောက်ဖို့ လိုတာလဲ?”
စူးထောင်သည် ကြည်လင်သောမျက်ဝန်းများဖြင့် သူ့အား နီးနီးကပ်ကပ် ကြည့်လိုက်သည်။ သူမကြည့်ရတာ သူ့စကားများထဲက အမှန်တရားကို ရှာဖွေဖို့ ကြိုးစားနေပုံပေါက်လေသည်။
“၂လုံး ၃လုံးပါပဲ”
ရှဲ့ကျင်ကတော့ ပမာဏကို တတ်နိုင်သမျှ လျော့ပြောလေသည်။
“ဘယ်အချိန်ထဲကလဲ?”
“...သိပ်မကြာခင်ကပဲ.. အလုပ်ဖိအားက အရမ်းများလို့...”
“အမှန်အတိုင်းပြော”
ရှဲ့ကျင်သည် ဖြည်းဖြည်းချင်း အသက်ကိုရှုထုတ်လိုက်ပြီး စူးထောင်၏ ကြည်လင်တောက်ပသော မျက်ဝန်းများကို ငေးကြည့်လိုက်သည်။ အချိန်အကြာကြီး တွန့်ဆုတ်နေပြီးသည့်နောက်မှ နူးနူးညံ့ညံ့လေး ပြန်ပြောလာတော့သည်။
“လွန်ခဲ့တဲ့တစ်နှစ်.. မင်းထွက်သွားတဲ့နေ့က”
“ငါထွက်သွားပြီးတော့ နင်အိပ်မပျော်နိုင်ဘူးလား?”
“ကိုယ်မအိပ်နိုင်တာ မဟုတ်ဘူး။ အဲ့ဒါက ကိုယ်အိပ်မောကျသွားတာနဲ့ ကိုယ့်အိပ်မက်တွေက မင်းထွက်သွားတဲ့ပုံရိပ်တွေနဲ့ပဲ ပြည့်နေတာ။ အိပ်ဆေးတွေကို သောက်ပြီးတဲ့နောက်ကျတော့ ကိုယ်တို့ရဲ့ အတိတ်က ပျော်ရွှင်စရာလေးတွေကို အိပ်မက်မက်နိုင်တယ်။ အဲ့လိုနဲ့ပဲ ကိုယ်တဖြည်းဖြည်းနဲ့ ဆေးစွဲလာတာ”
စူးထောင်၏ မျက်ခုံးများကတော့ ကျုံ့ထားသည်ထက်ကို ပိုပို၍ ကျုံ့လာပေတော့သည်။ သူမ နားမလည်နိုင်စွာဖြင့် ဆက်မေးလိုက်သည်။
“ငါ့ဆီက သနားခံရဖို့ နင့်ခြေဖဝါးနဲ့လက်က ဒဏ်ရာတွေကို လိမ်တာကျတော့ ဘာလို့ ထည့်မပြောတာလဲ?”
ရှဲ့ကျင်သည် တစ်ခဏလောက် တွန့်ဆုတ်သွားပြီး သူ့မျက်လုံးများကို အောက်ချလိုက်ကာ သိမ်မွေ့စွာ ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ အဲ့ဒါတွေက တကယ်မို့လေ”
အဲ့ဒါတွေက တကယ်ဖြစ်တာမို့ သူဘာမှမပြောနိုင်ပေ။
ခြေဖဝါးနဲ့လက် ဒဏ်ရာများသည် သူမ နားနေနိုင်ဖို့ ဆင်ခြင်များသက်သက်သာ ဖြစ်ပေသည်။ သူမကို တကယ်ပဲ ဝမ်းမနည်းစေချင်သလို စိတ်မကောင်းလည်း မဖြစ်စေချင်ဘူး။
တံတားပေါ်မှာ သူမ ပထမဆုံးတွေ့ခဲ့သော အမျိုးသားငယ်လေးနှင့် မူးပြီးအိပ်ခဲ့သည်လို့ ပြောသည့်အချိန်မှစ၍ စူးထောင်သည် သူ့ကိုချစ်နေဆဲဆိုတာကို သူသိလေသည်။
အဲ့ဓာတ်ပုံထဲက အထင်လွဲမှုများနှင့် သူမ၏ အပြစ်ရှာလွယ်သော ခံစားချက်များကြောင့်သာ သူ့ကို သူမ ပြန်လက်မခံနိုင် ဖြစ်နေခြင်းပင်။
သူနဲ့ပတ်သတ်ပြီး သူမ တကယ်ကို ဘာဆိုဘာမှ မလုပ်ချင်တော့ဘူးဆိုရင် အရက်မူးနေတုံးက သူမရဲ့ ခံစားချက်အမှန်တွေကို ထုတ်ဖော်ပြခဲ့မှာ မဟုတ်ဘူးလေ။
အဲ့ဒါကြောင့် သူဘယ်လိုလုပ် သူမကို သူ့ရဲ့တကယ့်နာကျင်မှု အစစ်အမှန်တွေကို ပြောပြနိုင်မှာတဲ့လဲ.. မဟုတ်ရင် သူမငိုမှာပေါ့။
သူမက လွတ်လပ်မှုကို လိုလားတယ်လေ.. ပြီးတော့ သူကလည်း သူမကို ထောက်ခံအားပေးတယ်။
သူမသာ အချစ်ရေးကိစ္စတွေ မလိုချင်ဘူးဆိုရင် သူစောင့်နိုင်ပါတယ်။
သူမရဲ့ ဒိုင်းကာနေရာမှာတောင် လိုလိုလားလားနေပေးဖို့ သူ့မှာ ဆန္ဒရှိတာပေါ့။
သူမရဲ့ သံသယတွေကို လွှတ်ချလိုက်ဖို့ ဆန္ဒရှိပြီး သူ့ကိုပြန်လက်ခံမယ့် အချိန်ထိ သူမကို သူတုန်နေအောင်ချစ်နေဦးမှာ ဆိုတာကိုလည်း သူ့ကိုယ်သူ ယုံကြည်မှုရှိတယ်လေ။
“ကိုယ် မင်းကို ရှာတွေ့ကတည်းက အများကြီး ပိုကောင်းလာပါပြီ။ အထူးသဖြင့် ကိုယ်တို့ တစ်အိမ်တည်းမှာ အိပ်နေတဲ့အချိန်ပေါ့။ ဆေးတစ်လုံးက ကိုယ့်ကိုအိပ်မက်ဆိုးတွေ မမက်အောင်ပဲ တားပေးနိုင်တာ။ မင်းဘေးနားမှာ ကိုယ်အိပ်ရရင်တော့ ဘာဆေးမှ မလိုပါဘူး။ အခု ကိုယ်အများကြီး ကောင်းနေပါပြီ”
ရှဲ့ကျင်သည် သူမကို စိတ်သက်သာရာ ရစေချင်လို့သာ ဒီလိုတွေ ပြောလိုက်တာဆိုသော်လည်း ဒီစကားများက စူးထောင်ကို ပို၍တောင် ပူပင်သောကဖြစ်သွားစေတော့သည်။
အဲ့တော့ သူမနဲ့ အတူတူရှိနေချိန်တိုင်း အိပ်ချင်နေခဲ့တယ်ဆိုတာက သူမနဲ့ဆိုရင် သူအိပ်ဆေးတွေ သောက်ဖို့မလိုလို့ပဲကိုး။
ကြည်လင်သော စူးထောင်၏ မျက်ဝန်းလေးများတွင် ရီဝေသော မျက်ရည်လေးများ ဝဲတက်လာတော့သည်။ ထို့နောက် ရွှန်းစိုနေသော မျက်ရည်ပေါက်လေးက သူမမျက်နှာထက်တွင် လှိမ့်ဆင်းလာကာ ရှဲ့ကျင်၏ လက်ဖဝါးလေးပေါ်သို့ပါ ကျဆင်းသွားတော့သည်။
ကမ္ဘာ့မြေလွှာအောက်ရှိ ကျောက်ရည်ပူလေးနှင့်တူသည့် နွေးထွေးသော မျက်ရည်လေးမှာ ရှဲ့ကျင်အတွက်တော့ သူ့လက်ပေါ်၌ ရေနွေးပူလောင်သွား သကဲ့သို့ပင်။
သူ့ကိုလောင်သွားစေသည် ဆိုသော်လည်း ရှဲ့ကျင်သည် ကျဆင်းနေသော သူမမျက်ရည်များကို ဖမ်းဆုပ်ရန် လက်ကို ချက်ချင်း ဆန့်ထုတ်လိုက်တော့သည်။ သူ့အတွက်တော့ တန်ဖိုးမဖြတ်နိုင်သည့် ရတနာလေးများကို ပိုက်ထားသည့်အလား မျက်ရည်လေးတစ်စက်တောင်မှ မြေကြီးပေါ်သို့ မကျစေလိုနေပေ။
“စူးထောင်လေးက လိမ္မာပါတယ်.. မငိုနဲ့နော်။ ကိုယ် ဒါတွေအကုန်လုံးကို မဖမ်းနိုင်ဘူး။ ဘေစင်သွားယူမှ ရမယ်ထင်တယ်”
ရှဲ့ကျင်၏ စကားများသည် စူးထောင်အား မျက်ရည်ပေါက်ကြီးငယ်ကြားတွင် အပြုံးလေးတစ်ခုကို ဖြတ်ဝင်လာစေတော့သည်။ သို့သော်လည်း မျက်ရည်များကတော့ ပို၍ပင် သည်းကြီးမည်းကြီး စီးဆင်းလာခဲ့သည်။ တစ်ချိန်တည်းမှာပဲ ရယ်လည်းရယ်၊ ငိုလည်းငိုနေတာကြောင့် သူမ၏ မျက်နှာအမူအရာမှာ အတော်လေးကို ရှုပ်ထွေးနေတော့သည်။
ရှဲ့ကျင်၏ မျက်ဝန်းများထဲတွင်လည်း မျက်ရည်များက စို့တက်လာတော့သည်။ သို့သော်လည်း သူမကို ဒီလိုမျိုး မြင်နေရသည့်အတွက် သူလည်း အကျယ်ကြီး ထရယ်မိလေသည်။ ဖုန်းကိုထုတ်လိုက်ကာ သူမ၏ ရယ်စရာလည်းကောင်း၊ သနားစရာလည်းကောင်းသော ပုံစံလေးကို မှတ်တမ်းတင်ထားလိုက်သည်။
“ဘာလို့ဗီဒီယို ရိုက်နေတာလဲ?”
စူးထောင်သည် သူ့ဖုန်းကို ဆွဲလုရန် လက်ကိုဆန့်ထုတ်လိုက်သည်။ သို့သော်လည်း ရှဲ့ကျင်ကတော့ စွေ့ခနဲပဲ ရှောင်လိုက်တော့သည်။
“မင်း ဒီလိုငိုလိုက်ရယ်လိုက် ဖြစ်နေတာလေးက အီမိုဂျီလေးတွေလုပ်ဖို့ အကောင်းဆုံးပဲလေ”
ရှဲ့ကျင်၏ မျက်နှာပေါ်တွင် မျက်ရည်လေးများ ကျဆင်းနေဆဲ ဖြစ်ပါသော်လည်း သူလည်း ရယ်ကာ သူမကို စနောက်နေပေတော့သည်။
စူးထောင်သည် သူမ၏ မျက်ရည်များကို သုတ်လိုက်ကာ နှုတ်ခမ်းထော်လိုက်သည်။ ထို့နောက် စားပွဲပေါ်က မိတ်ကပ်မှန်အသေးလေးကို ကောက်ကိုင်လိုက်ပြီး သူ့မျက်နှာရှေ့မှာ ကိုင်ထားပြလိုက်သည်။
“ကိုယ့်မျက်နှာကိုယ်လည်း ပြန်ကြည့်ပါဦး.. ပိုပြီးတောင် သင့်တော်သေးတယ်”
အချင်းချင်း စကာနောက်ကာဖြင့် နောက်ဆုံးတော့ နှစ်ယောက်လုံး အငိုရပ်သွားကြတော့သည်။ နည်းနည်းချင်းစီ စိတ်ပြန်တည်ငြိမ်လာကြပြီးသည့်နောက် အနည်းငယ်တော့ နေရထိုင်ရခက်လာကြလေသည်။
ရှဲ့ကျင်သည် သူ့ဖုန်းကို အဝေးမှာထားလိုက်ပြီး အကြိမ်အနည်းငယ်လောက် ချောင်းဆိုးလိုက်လေသည်။ စောနတုံးက သူ့ပုံစံကို နည်းနည်းပြန်ပြုပြင်သည့်အနေဖြင့်
“အင်း.. မင်းစောစောအိပ်သင့်တယ်။ ကိုယ်အရင်သွားနှင့်တော့မယ်”
စူးထောင်သည် သူ့ကိုခဏစောင့်ရန် လှမ်းခေါ်လိုက်သည်။
“ခဏနေဦး.. နင်အိပ်ဆေးတွေ ထပ်သောက်မလို့လား?”
ရှဲ့ကျင်ကလည်း ရိုးရိုးသားသားသာ ခေါင်းငြိမ့်ပြလိုက်သည်။
“အခုတော့ ဆေးတစ်ခြမ်းလောက်ပဲ လိုတာပါ”
စူးထောင်သည် သူမနှုတ်ခမ်းများကို စိလိုက်ရင်း အနည်းငယ် နီရဲနေသော မျက်လုံးလေးများက ပုတ်ခတ်ပုတ်ခတ် ဖြစ်နေတော့သည်။ ထို့နောက် သူမမေးလိုက်သည်ကား
“ဆေးဆိုတာ ၃ပုံ၁ပုံက အဆိပ်ပဲ။ ဆေးတစ်ခြမ်းဆိုလည်း ခန္ဓာကိုယ်ကို အနည်းငယ်တော့ ထိခိုက်စေနိုင်သေးတာပဲ မဟုတ်ဘူးလား”
သေချာတာပေါ့.. သူမသွယ်ဝိုက်ပြီး ပြောနေတာကို ရှဲ့ကျင် နားမလည်ပါ။ ထို့နောက် သူမကို စိတ်ချရအောင် ဆက်ပြောလိုက်သေး၏။
“အဆင်ပြေပါတယ်။ ဆရာဝန်က တစ်နေ့တစ်လုံးသောက်ဖို့ ပြောထားတာ..လေ့ကျင့်ခန်းလည်း အချိန်မှန်လုပ်ခိုင်းတယ်။ ကျန်းမာရေးကို မထိခိုက်ပါဘူး”
စူးထောင်သည် စိတ်ရှည်လက်ရှည်ဖြင့် နောက်တစ်ကြိမ် အရိပ်အမြွက်ပေးလိုက်သည်။
“ဒါဖြင့် ဆေးမသောက်ဘဲ အိပ်လို့ရတဲ့ နည်းလမ်းတွေ ရှိနေတာကို ဘာလို့ ခေါင်းမာမာနဲ့ ဆက်သောက်နေရတာလဲ?”
ဒီအခိုက်အတန့်တွင်တော့ ရှဲ့ကျင်တစ်ယောက် သံခေါင်းရှိနေပုံရသည်။ သူမ ဆိုလိုချင်တာကို အခုထိ နားမလည်နိုင်သေးပေ။
“မဟုတ်ပါဘူး။ ကိုယ်လည်း ဆေးတွေမသောက်ချင်ပါဘူး။ ဒါပေမယ့် ပြဿနာက မင်းနဲ့အိပ်တာကလွဲရင် ဆေးမသောက်ဘဲ အိပ်ဖို့က တစ်ခြားနည်းလမ်းမှ မရှိတာ”
စူးထောင်သည် ကြည်လင်သောမျက်ဝန်းများဖြင့် သူ့ကိုကြည့်လိုက်ရင်း
“အင်း အဲ့တော့...”
ရှဲ့ကျင်သည် သူ၏ဘမျက်ဝန်းနက်နက်တစ်စုံကို မျက်တောင်ခတ်လိုက်ရင်း“အဲ့တော့.. ဆေးတစ်ခြမ်းဆို ရပါပြီ”
စူးထောင် - “...”
စူးထောင်တစ်ယောက် နီရဲနေသော မျက်နှာလေးကနေ ဖြူဖတ်ဖြူရော်တောင် ဖြစ်သွားတော့သည်။ အရေးကြီးတဲ့အချိန်တွေဆိုရင် တည့်ကြီးသာတွေးတတ်တဲ့လူကို သူမဘာမှ ဝေ့ဝိုက်ပြောနေလို့ မရဘူးဆိုတာ သူသိသွားလေသည်။
သူမ၏ ဘယ်ဘက်လက်က လက်ညိုးဖြင့် သူ့အား လက်ယပ်ခေါ်လိုက်သည်။ ထို့နောက် သူမ၏ ညာဘက်လက်ဖြင့် သူမဘေးနားက အိပ်ရာကို အာဏာပါဝါအပြည့်ဖြင့် ထိုးပြလိုက်ရင်း “လာလှဲ.. အိပ်မယ်”
ရှဲ့ကျင်သည် အချိန်အတော်ကြာအောင် ငူငူငိုင်ငိုင်ကြီး ငေးကြည့်နေလေသည်။ သူ့နှုတ်ခမ်းထောင့်လေးများကလည်း ကွေးတက်နေပေတော့သည်။ နံရံမီးရောင်အောက်လေးတွင် သူ၏ အရပ်ရှည်သော ပုံပန်းသွင်ပြင်လေးမှာ အရိပ်အရှည်ကြီးအဖြစ် ဆန့်နေပေလေသည်။
အရိပ်လေးမှာ ရှေ့ကိုတိုးလာပြီး နောက်အရိပ် ပိန်ပိန်ရှည်ရှည်လေးကို လုံးဝ ဖုံးအုပ်ပစ်လိုက်တော့သည်။
“ကိုယ့်ကို မင်းနဲ့အိပ်ဖို့ ပြောနေတာလား?”
ရှဲ့ကျင်သည် စူးထောင်ရှေ့တွင် မတ်တပ်ရပ်နေပြီး သူ့မျက်ဝန်းနက်လေးများမှာတော့ တဖျက်ဖျက် လင်းလက်နေပေတော့သည်။ သူ့နှာခေါင်းထိပ် နီတာရဲလေးမှာ စောနတုံးက သူငိုထားတာကို ညွှန်ပြနေပေသည်။ သူ၏ အသားအရည် ဖျော့ဖျော့လေးမှာလည်း အနီရောင် သမ်းနေလေကာ သူ့အား သိမ်မွေ့နူးညံ့သော ပုံစံအဖြစ် ပြုလုပ်ပေးနေလေသည်။
စူးထောင်လည်း မနေနိုင်တော့ဘဲ ထိုချောမွေ့နေသော အသားအရည်လေးကို ညှစ်ကြည့်လိုက်တော့သည်။ သူဒီလောက် မအိပ်တာတောင်မှ ဘာလို့ ဒီလောက်တောင် အသားအရည်က ကောင်းနေရတာလဲဆိုတာကို သူမတွေဝေနေမိသည်။
“အင်း.. အိပ်ကြရအောင်။ ငါ မိတ်ကပ်သွားဖျက်လိုက်ဦးမယ်”
အရင်ဆုံး ရှဲ့ကျင်သည် သူ့လက်ကြယ်သီးများကို စိတ်ပြေနပြေ ဖြုတ်လိုက်ပြီး နာရီကို ချွတ်လိုက်သည်။ ပြီးတော့မှ ဖြည်းဖြည်းချင်း သူ့အင်္ကျီကော်လံကို ဖြေချလိုက်သည်။ ဘာလို့လဲဆိုတော့ သူအခန်းထဲကနေ ထွက်မသွားချင်ဘူးလေ..။ သူထွက်မသွားခင်မှာ သူမဆေးကြောတာပြီးတဲ့အထိ သူစောင့်နေချင်သေးလို့ပင်။
သို့သော်လည်း ရေချိုးခန်းထဲက ရေသံများထွက်လာသည်နှင့် ရှဲ့ကျင်၏ နှလုံးသားမှာ စိတ်မရှည် ဖြစ်လာရတော့သည်။ မြန်မြန်ဆန်ဆန်ပဲ ချွတ်စရာရှိတာချွတ်လိုက်ကာ အိပ်ရာပေါ်၌ လှဲချလိုက်ပြီး ပျော်ရွှင်ခြင်း၏ အရသာကို ကြိုတင်ခံစားနေလိုက်သည်။
သူ့ကိုယ်သူ ဂွမ်းကပ်စောင်နှင့် ပတ်လိုက်ပြီး ရေချိုးခန်းထဲက ရေသံကို နားထောင်နေလိုက်သည်။ ရေချိုးဆပ်ပြာနှင့် ရှန်ပူနံ့လေးမှာ အခန်းထဲသို့ တိုးဝင်ဖြတ်သန်းလာခဲ့သည်။ သူတို့ခမျာ စူးထောင်၏ ကိုယ်သင်းနံ့လေးကို သယ်ဆောင်လာပေးသည့်အလားပင်.. ဒီလိုဖြင့် ရှဲ့ကျင်၏ နှာခေါင်းကို လာရောက် ကလူကျီစယ်နေတော့သည်။
သူ့မက်မွန်သီးလေးက ဒီအခန်းထဲမှာ ရှိတယ်ဆိုတာကို သူသိတယ်လေ..။ မကြာခင်မှာပဲ သူမကို ကိုင်ထားနိုင်ပြီး သူမနှင့် အိပ်နိုင်တော့မှာ။ ဒီလို စိတ်သက်သာရာရစေခြင်းက ရှဲ့ကျင်၏ မျက်ခွံများကို စတင်၍ လေးလံလာစေတော့သည်။
ရေချိုးခန်းထဲက ရေသံလေးသည် တစ်နည်းနည်းဖြင့် တံတားအောက်က စီးဆင်းနေသော ရေလေးနှင့်အတူ လေသံလေးအဖြစ် ပြောင်းလဲသွားပေတော့သည်။
သူသည် တံတားပေါ်က လူသွားလျှောက်လမ်းလေးတွင် မတ်တပ်ရပ်နေပြီး လေကို မျက်နှာမူထားကာ အဝေးက မြစ်ရေလေးကို ငေးကြည့်နေလေသည်။ သူ့နောက်က တဝှီဝှီသွားလာနေကြသော ယာဉ်များမှာ သူ့အတွက်တော့ ဆူပူရှုပ်ရှုက်ခတ်နေသည့် နောက်ခံအသံတစ်မျိုးပင်။ ခါတိုင်းလိုပဲ ဆူညံနေကာ စိတ်ရှုပ်ထွေးစရာကောင်းလွန်းလှသည်။ ဒီကမ္ဘာကြီးပေါ်တွင် သန့်ရှင်းစင်ကြယ်ပြီး လှပနေသေးတာ ဘယ်နေရာမှ မရှိတော့ပါဘူးလား..။
၂၄ နှစ်အရွယ်တွင် သူသည် လူသားများကြားက ဆက်ဆံရေးများ၏ အေးစက်ခြင်း အရသာမျိုးစုံကို ခံစားခဲ့ရသည်။ ထို့အပြင် ဆိုးရွားကြမ်းကြုတ်ခြင်း၊ ညစ်ညမ်းပေရေခြင်းများ အားလုံးကိုလည်း သူတွေ့ကြုံခဲ့ရတယ်လေ။ နောက်ဆုံးတော့ သူလူတိုင်းကို ခြေထိုးခံခဲ့ပြီး သူလိုချင်တာအားလုံးကို ရရှိခဲ့တာပေါ့။
သို့သော်လည်း ရုတ်တရက်ဆိုသလိုပင်.. သူ့ရည်ရွယ်ချက်များနှင့် လမ်းကြောင်းများကို ပျောက်ဆုံးခဲ့ရလေသည်။ သူဘာလို့များ အသက်ရှင်နေရသေးတာလဲ?
သူ့စိတ်နှင့် ခန္ဓာကိုယ်သည် ဒီကမ္ဘာကြီးကဲ့သို့ ညစ်ညမ်းလှပေသည်။ သူက ဒီရေထဲမှာ မြှုပ်နှံခံနေသင့်တာလေ။ ကမ္ဘာကြီးနဲ့ သမုဒ္ဒရာကြီးတွေအတွက် အာဟာရဓာတ်လေး ဖြစ်လာပေးပြီးတော့ပေါ့.. ဘာလို့လဲဆိုတော့ သူအသက်ရှင်နေစဉ်ကာလတုံးက အလင်းရောင်ကို သူ မမြင်နိုင်ခဲ့ဘူးလေ။