← Chapters

အခန်း (၇၀)

Vol. 7 Ch. 70

အခန်း (၇၀)

Vol. 7 Ch. 70

သူမ၏ ကြည်လင်သော မျက်ဝန်းများက စွန်းရှောင်ကျဲ၏ လန့်သွားသော မျက်နှာကို တည်တည်ငြိမ်ငြိမ်လေး ကြည့်ပေးလိုက်သည်။ စိတ်ဓာတ်ကျနေသော တုံမင်ရွှမ်းကလည်း သူ့ထိုင်ခုံကို ဆုပ်ကိုင်ထားမိလေတော့သည်။ စူးထောင်မှ စွန်းရှောင်ကျဲကို လှမ်းပြောလိုက်သည်။

“အခု ထွက်သွားပေးပါတော့”

စူးထောင်၏ မူမမှန်သော မျက်နှာထားကိုကြည့်ရင်း စောနတုံးက သူမပြောတာတွေကို စူးထောင်ကြားသွားမှန်း သတိထားမိလိုက်လေသည်။ သူမ ရှင်းပြချင်သော်လည်း ဘာပြောရမယ်မှန်းမသိပေ။ တံခါးနားမှာ ရပ်နေသော လက်ထောက်ကိုသာ ဒေါသတကြီးဖြင့် ပြန်ကြည့်နိုင်တော့သည်။

“ဘာလို့အသံမပေးတာလဲ?”

စူးထောင်သည် စွန်းရှောင်ကျဲကို စိုက်ကြည့်လိုက်သည်။ သူမ၏ တည်ငြိမ်သော အသံလေးက ကြည်လင်လှသည်။

“အရင်ဆုံး.. နင်ပဲ တံခါးကိုကျအောင် သေချာပိတ်မထားတာ။ အဲ့ဒါကို သူများကြားသွားတာ အပြစ်တင်ချင်သေးတာပေါ့။ ကြားတဲ့လူက ငါဖြစ်နေလို့ နင်ဝမ်းသာသင့်တယ်။ ဒုတိယအနေနဲ့ နင့်အမှားတွေကို ငါတို့နောက်မှ ဖြေရှင်းကြမယ်။ အခုတော့ ထွက်သွားလိုက်တော့”

စူးထောင်လည်း သူမအထဲမှာ တွတ်ထိုးပြောမှာတွေကို သူမအား မကြားစေချင်ပါ။

စွန်းရှောင်ကျဲနှင့် လက်ထောက်တို့ ထွက်သွားသည်နှင့် စူးထောင်သည် တုံမင်ရွှမ်းနှင့် မျက်နှာချင်းဆိုင် ခုံတွင်ထိုင်လိုက်သည်။ ထို့နောက် သူ့ခုံကို ဆွဲနေတာကို တားဖို့ သူ့လက်မောင်းကို လှမ်းပြီးဖမ်းဆုပ်လိုက်သည်။

“နင်နဲ့ချင်ချင်က တက္ကသိုလ်တက်တုံးက အတန်းဖော်တွေလား?”

စူးထောင်ကတော့ ပြသနာမရှာဘဲ အေးအေးဆေးဆေးသာ စကားကိုစပြောလိုက်ပြီး၊ ဖြည်းဖြည်းချင်း မေးလိုက်သည်။

တုံမင်ရွှမ်းကလည်း စူးထောင်တစ်ယောက် သူနဲ့ချင်ချင်၏ အတန်းဖော်ဖြစ်ခဲ့သည့်အကြောင်း သိနေတာကို အံ့ဩမိလေသည်။ နောက်ဆုံးတော့ စူးထောင်ကို တည့်တည့်ကြည့်ပြီး ခေါင်းသာငြိမ့်ပြလိုက်တော့သည်။

စူးထောင်၏ အသံကတော့ တည်တည်ငြိမ်ငြိမ်နှင့် မလောနေပေ။ သူ့အပေါ် ဘာဖိအားမှလည်း မပေးချေ။

“ဘာလို့လူရှေ့ထုတ်ပြချင်နေရတာလဲ? ချင်ချင်က နင်တို့နှစ်ယောက် တိတ်တိတ်လေးတွဲနေဖို့ကိုပဲ မျှော်လင့်တာမဟုတ်ဘူးလား? မှန်လား?”

စောနတုံးက စွန်းရှောင်ကျဲနှင့် ရင်ဆိုင်ခဲ့ရတုံးကလို ပြင်းထန်တဲ့ စိတ်အစွဲမရှိတော့ချေ။ ဒီလိုနှင့် တုံမင်ရွှမ်တစ်ယောက် သေချာလေး ရှင်းပြပေးလိုက်သည်။

“အရင်တုံးက ကျွန်တော့်အသက်မွေးဝမ်းကျောင်းကြောင့် ချင်ချင့်ကို ကျွန်တော် တန်ဖိုးမထားမိခဲ့ဘူး။ သိပ်မကြာခင်တုံးက သူ ကျွန်တော်နဲ့ လမ်းခွဲချင်ခဲ့တယ်။ နောက်ဆုံးမှ ကျွန်တော်သူ့ကို ခက်ခက်ခဲခဲနဲ့ ပြန်ရထားတာ။ ပြီးတော့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို လူရှေ့ဖွင့်ချပြီး သူ့ကိုစိတ်လုံခြုံမှုပေးပါ့မယ်လို့ ကျွန်တော်ကတိပေးခဲ့တယ်။ ကျွန်တော် သူမကို ထပ်ပြီး မဆုံးရှုံးချင်ဘူး”

အမှန်အတိုင်းပြောရမည်ဆိုလျှင် စူးထောင်တစ်ယောက် တုံမင်ရွှမ်း၏ ခံစားချက်များကို တိတိကျကျနားလည်ပေသည်။ ထို့ကြောင့် သူမလည်း သိမ်မွေ့ညင်သာစွာသာ ပြန်ပြောလိုက်သည်။

“နင်လူသိရှင်ကြားလုပ်မှာကို ငါထောက်ခံပါတယ်”

တုံမင်ရွှမ်းတစ်ယောက် ကြက်သေသေသွားကာ၊ သူနားကြားမှားသည်ထင်၍ ထပ်မေးကြည့်လိုက်သည်။

“အစ်မထောင်.. ကျွန်တော် လူသိရှင်ကြားလုပ်မှာကို ထောက်ခံတယ်တဲ့လား?”

“ဟုတ်တယ်။ နင်သာတကယ်ပဲ ရှင်းရှင်းလင်းလင်းလည်း စဉ်းစားပြီးပြီ၊ ထုတ်ပြဖို့ သတ္တိလည်းရှိပြီဆိုရင် ငါ နင့်ကို ထောက်ခံပေးပါမယ်”

စူးထောင်သည် အစတုံးက ဝမ်ကုမ္ပဏီနှင့် လက်မှတ်ထိုးထားသော စာချုပ်ကို ယူလိုက်သည်။ ထို့နောက် သူ့ကိုပြပြီး ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။

“ဒီကားအတွက် စာချုပ်က နင်ဘယ်သူနဲ့မှ ရည်းစားထားလို့မရဘူး ဆိုတာပဲ။ နင်သာ ဆက်ဆံရေးကို ဖွင့်ချလိုက်မယ်ဆိုရင် ထုတ်လုပ်ရေးအသင်းနဲ့ ငါတို့တွေ စာချုပ်ကို ရပ်ဆိုင်းဖို့လိုတယ်။ ပြီးတော့ ဒီဒရမ်မာက နင့်ကို တတိယမင်းသားနေရာကနေ ဒုတိယမင်းသားနေရာရောက်အောင် တွန်းပို့ပေးဖို့အတွက်ပဲ။ နင်သာ ဒီအခွင့်အရေးကို အဆုံးရှုံးခံပြီး၊ နင်တို့ရဲ့ဆက်ဆံရေးကို လူသိရှင်ကြားလုပ်မယ်ဆိုရင် ငါနင့်အတွက် အစီအစဉ်တွေကို ပြောင်းရမယ်။ သရုပ်ဆောင်စွမ်းရည်ပိုင်းကို အလေးထားမယ့် လမ်းကြောင်းမျိုးပေါ့”

ဒါပေမယ့် နင့်ရဲ့လက်ရှိအဆင့်အရတော့ အဲ့လောက်ထိ မရသေးဘူး။ နင်ရေရှည်တိုးတက်ဖို့အတွက်ဆိုရင် ငါနင့်အတွက် သရုပ်ဆောင်အတန်းတွေ စီစဉ်ပေးမယ်။ ပြီးရင် ပြဇာတ်ပိုင်းနဲ့လည်း ဆက်သွယ်ပြီးတော့ပေါ့။ နင့်ရဲ့ဂုဏ်သတင်းနဲ့ စွမ်းရည်တွေ တိုးတက်လာပြီဆိုရင် ငါနင့်ကို နင့်သရုပ်ဆောင်စွမ်းရည်တွေ ပြသနိုင်လောက်မယ့် ရုပ်ရှင်နဲ့ ဒရမ်မာတွေမှာ ဇာတ်ကောင်ယူပေးမယ်”

စူးထောင်ကတော့ တုံမင်ရွှမ်းအတွက် လက်တွေ့ကျကျ ပြောဆိုပေးနေတော့သည်။

“အတွေ့အကြုံကို ရှာမှီးဖို့ အသုံးချမယ့်အချိန်ကတော့ နင့်ပေါ်ပဲ လုံးလုံးမူတည်တယ်။ ၂နှစ်၊ ၃နှစ်လောက်ပဲဖြစ်နိုင်သလို ၁၀နှစ်လောက်အထိလည်း ကြာသွားနိုင်တယ်။ ငါအနုပညာရှင်အသစ်တွေကို အများကြီးရှာနိုင်တယ်။ ဘယ်တော့မှ အိုင်ဒေါတစ်ယောက်ကို ပိုက်ဆံအတွက် ငါတွန်းအားပေးလိမ့်မှာ မဟုတ်ဘူး။ နင့်ရဲ့ကိုယ်ရေးကိုယ်တာ ဆန္ဒတွေနဲ့ ထိရောက်တဲ့ တိုးတက်မှု ဒီ၂ခုစလုံးကို ငါမျှမျှတတလေး ဖြစ်စေချင်တယ်”

“အခုကတော့.. ဘာရွေးချယ်မလဲဆိုတာ နင့်ပေါ်မှာပဲ မူတည်တယ်”

စူးထောင်ကလည်း အလျင်မလိုနေပေ။ ကိစ္စများကို သူမ အရှင်းလင်းဆုံး ပြောပြပြီးလေပြီ။ တုံမင်ရွှမ်းကို သူနောင်တရနိုင်မည့် ဆုံးဖြတ်ချက်မျိုးကို အလောတကြီး ချလိုက်ဖို့ကိုလည်း သူမ မလိုချင်ပေ။

သူဘာကိုပဲ ရွေးချယ်ပါစေ စူးထောင်ကတော့ အဲ့ဆုံးဖြတ်ချက်ကို လေးစားမည်ပင်။

“အချိန်ခဏလောက်ယူပြီး စဉ်းစားထားလိုက်ပါ။ မဟုတ်ရင် ချင်ချင်နဲ့ ဆွေးနွေးကြည့်ပေါ့။ ငါအဖြေကို အလောတကြီး မလိုပါဘူး”

စူးထောင်သည် ထရပ်လိုက်ပြီး၊ ထွက်ဖို့ ပြင်လိုက်သည်။

“အော် ဟုတ်သားပဲ။ စွန်းရှောင်ကျဲက နင့်ရည်းစားအကြောင်းကို ကြိုသိနေသေးလား?”

တုံမင်ရွှမ်းသည် ခေါင်းမငြိမ့်ခင် ခဏလောက် တွန့်ဆုတ်နေမိပေသည်။

“အရင်တုံးက ကျွန်တော် မန်နေဂျာလျူ လက်အောက်မှာကတည်းက အစ်မစွန်းကို ပြောပြီးသား။ ဘာလို့လဲဆိုတော့ အဲ့အချိန်တုံးက ကျွန်တော် ချင်ချင်နဲ့ ပြတ်မလိုဖြစ်နေတာလေ။ အဲ့ဒါကြောင့် အစ်မစွန်းက ကုမ္ပဏီကို ပေးမသိတော့တာ”

စူးထောင်သည် ခေါင်းငြိမ့်လိုက်ပြီး ထပ်မေးလိုက်သည်။

“စွန်းရှောင်ကျဲက နင့်ကို ဒီလိုမျိုးပဲ မကြာခဏ တွန်းအားပေးလေ့ရှိလား? တစ်ခြားမန်နေဂျာတစ်ယောက် ပြောင်းဖို့ စဉ်းစားချင်လား?”

ဒီတစ်ကြိမ်မှာတော့ တုံမင်ရွှမ်းတစ်ယောက် ပိုလို့တောင် တွန့်ဆုတ်နေမိတော့သည်။ သူက ဘယ်တုံးကမှလည်း ဆုံးဖြတ်ချက်ပြတ်သားသူ မဟုတ်ခဲ့ချေ။

သို့သော်လည်း သူ့မျက်နှာထားမှတစ်ဆင့် စူးထောင်နားလည်လိုက်ပေသည်။ သူ့ပခုံးကို ပုတ်ပေးလိုက်ပြီး သူမကတော့ အဝတ်လဲခန်းကနေ ထွက်လာခဲ့လိုက်တော့သည်။

စွန်းရှောင်ကျဲကတော့ အပြင်နားမှာ ရပ်စောင့်နေပေသည်။ သူမ စူးထောင်ကို မြင်လိုက်သည်နှင့် မျက်နှာထားမှာ ချက်ချင်းအေးစက်သွားတော့သည်။ သူမ၏ ပုံမှန်လို ညင်သာမှုနှင့် သည်းခံမှုတို့ကတော့ တစ်ခုမှ ရှိမနေတော့ပေ။ သူမသည် တိုက်ရိုက်သာ ပွင့်ပွင့်လင်းလင်းပြောလိုက်လေသည်။

“၁အချက်.. အနုပညာရှင်ရဲ့ သမီးရည်းစားဆက်ဆံရေးကို ဖုံးပေးထားပြီး အစီရင်မခံတာက အကြီးမားဆုံး ကျူးလွန်မှုဖြစ်တယ်။

၂အချက်.. အနုပညာရှင်တွေကို မကြာခဏ တွန်းအားပေးတာက သူတို့ကို ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတွေကို ရစေနိုင်တယ်။

၃အချက်.. နမော်နမဲ့နိုင်မှု၊ အလုပ်ကို ဂရုမစိုက်မှု၊ စီးပွားရေးလုပ်နိုင်စွမ်း အားနည်းမှု။

ဒီအချက်တွေအားလုံးကြောင့် နင့်ကိုအလုပ်ထုတ်လိုက်ပြီ။ ကုမ္ပဏီကို ပြန်သွားပြီးတော့ အလုပ်ထွက်တဲ့ လုပ်ငန်းစဉ်ကို ပြီးအောင်ဆက်လုပ်လိုက်ပါ”

စွန်းရှောင်ကျဲကတော့ နေရာမှာပင် ကြက်သေသေနေတော့သည်။ စူးထောင်တစ်ယောက် သူမကို အလုပ်ဖြုတ်သည့်အပေါ် ဒီလောက်ထိ ပြတ်သားလိမ့်မယ်လို့ သူမတစ်ခါမှ မမျှော်လင့်ထားပေ။

စူးထောင်၏ အေးစက်သောအကြည့်အောက်တွင် သူမဘာကိုမှ ပြန်ခံမပြောနိုင်တော့ပေ။ ထွက်သွားသော စူးထောင်၏ ကျောပြင်ကိုသာ ကူရာမဲ့စွာဖြင့် ကြည့်နေရင်း ကြမ်းပြင်ပေါ်သို့ ပျော့ခွေ့ကျသွားတော့သည်။

အဝတ်လဲခန်းမှ ထွက်လာပြီးသည့်နောက် ရိုက်ကူးရေး ဒါရိုက်တာနှင့် ထုတ်လုပ်သူတို့ကို ကိစ္စများဖြေရှင်းဖို့အတွက် ရက်တစ်ရက်လိုကြောင်း အကြောင်းကြားလိုက်တော့သည်။ အခုတော့ ကောလဟာလတွေကို ဖိနှိပ်လို့ ပြီးသွားလေပြီ။ စာချုပ်ချိုးဖောက်သည့်အတွက် ဘော့စ်ဝမ်ကိုသာ သူမ သေချာဆွေးနွေးရမည်ဖြစ်ပြီး၊ ဖြစ်လာသမျှ ဆုံးရှုံးမှုတိုင်းသည်လည်း သူမပခုံးပေါ် ကျရောက်လာပေလိမ့်မည်။

ကိစ္စများအားလုံးကို ယာယီဖြေရှင်းပြီးသည့်နောက် စူးထောင်တစ်ယောက် ရိုက်ကူးရေးနေရာမှ ထွက်လာခဲ့လိုက်သည်။ ကျုံးစီဝေ၏ ကားကတော့ ထင်ထားသည့်အတိုင်း အပြင်ဘက်မှာ ထိုးထားဆဲပင်။

စူးထောင်သည် အနီးနားက စားသောက်ဆိုင်တစ်ခုကိုရှာ၍ ကျေးဇူးတင်သည့်အနေနှင့် သူ့အား ထမင်းလိုက်ကျွေးလိုက်သည်။

စူးထောင်ကတော့ စားသောက်ဆိုင်၏ အနေအထားနှင့် မီနူးကို ဂရုမစိုက်ပါ။ သူမ ကျေးဇူးတင်ကြောင်းသာ ပြချင်ပြီး၊ မြန်မြန်ပြန်ကာ အလုပ်ကိစ္စများကို ကိုင်တွယ်ချင်နေပေသည်။

သို့သော်လည်း ကျုံးစီဝေကတော့ ဒီနေ့လယ်စာနှင့် ပတ်သတ်ပြီး အတော်ကို အလေးအနက်ရှိနေပေသည်။ ထို့အပြင် စူးထောင်အား စားကောင်းလား မကောင်းလားကို ဆက်တိုက်မေးနေခဲ့ခြင်းပင်။

တစ်ဖက်က စူးထောင်ကတော့ ရှဲ့ကျင်၏ WeChat စာများကို ဆက်တိုက်ပြန်ဖြေနေပေသည်။

ရှဲ့ကျင် - “အလုပ်ပြီးသွားပြီလား? အားလုံး ချောချောမွေ့မွေ့ရှိရဲ့လား?”

စူးထောင် - “အင်း၊ အခုတော့ အလုပ်ပြီးသွားပြီ။ ငါဆက်ပြီး ကိုင်တွယ်ရမှာလေး တစ်ချို့တော့ ကျန်သေးတယ်။ ငါဒီရက်ပိုင်းတော့ ကျန်းချန်ကို ပြန်လာနိုင်မှာမဟုတ်ဘူး”

ရှဲ့ကျင်သည် ရုတ်တရက်ဆိုသလို အီမီဂျီတွေ ပို့လာတော့သည်။ အစကတော့ ငိုနေသည့် GIF လေးဖြစ်ပြီး၊ ထို့နောက် မနေ့ညက စူးထောင်ရယ်နေသည့် GIF လေးပင်။ စာတန်းကတော့ - ငိုတယ် ငိုတယ်.. ပြီးတော့ ရယ်တယ် - ဆို၍ပင်။

စူးထောင် - ....

သူတကယ်ကြီး အဲ့ဒါကို အီမိုဂျီလုပ်ထားတာပဲ။

ဒါအရမ်းရှက်ဖို့ကောင်းလိုက်တာ..။

စူးထောင် - “ဖျက်လိုက်”

ရှဲ့ကျင် - “မဖျက်ပါဘူး”

သူတို့နှစ်ယောက်လုံး အီမိုဂျီလေးကြောင့် ငြင်းခုံကြတော့သည်။ ဒီဘက်မှာတော့ ကျုံးစီဝေတစ်ယောက်က စူးထောင်၏ မျက်လုံးရှေ့တွင် လက်ကိုခါရမ်းလိုက်ပြီး မေးလေသည်။

“စူးထောင်.. စူးထောင်.. cappuccinos ကြိုက်လား caramel macchiatos ကြိုက်လား?”

“အမေရိကာနို”

စူးထောင်ကတော့ သတိလက်လွတ်သာ ပြန်ဖြေလိုက်သည်။ ရှဲ့ကျင်ကိုသာ အီမိုဂျီကိုဖျက်ဖို့ သဲကြီးမဲကြီး ပြောနေသည်ပင်။

စူးထောင် - “မဖျက်ဘူးဆိုရင် ဒီည ကိုယ့်ဟာကိုယ် ညစာချက်”

ရှဲ့ကျင် - “မက်မွန်သီးလေး.. အခု ကိုယ့်ကိုခြိမ်းခြောက်နေတာလား?”

ကျုံးစီဝေ - “မင်းအစပ်စားနိုင်လား”

စူးထောင် - “အင်း”

စူးထောင် - “ဟုတ်တယ် ငါနင့်ကို ခြိမ်းခြောက်နေတာ။ ဖျက်လိုက်”

ရှဲ့ကျင် - “ကောင်းပါပြီ။ ခြိမ်းခြောက်တာ အောင်မြင်ပါတယ်။ ကိုယ်ဖျက်လိုက်ပါပြီ”

စူးထောင် - “ရှိသေးလား?”

ရှဲ့ကျင် - “မပြောပါဘူး”

စူးထောင်တစ်ယောက် အခုချိန်ဖြစ်နေမည့် ရှဲ့ကျင်မျက်နှာကို ခန့်မှန်းကြည့်လို့ရလေသည်။ သူမအတော်ကို ဒေါပွလာသည်ပင်။

ကျုံးစီဝေ - “စူးထောင်.. မင်း ဒါစားချင်လား...”

ရှဲ့ကျင်အပေါ် စိတ်ကွက်နေသမျှ စူးထောင်တစ်ယောက် ကျုံးစီဝေ၏ အတောမသတ်သော မေးခွန်းများကိုပါ စိတ်မရှည်ဘဲ ပြန်ပြောလိုက်တော့သည်။

“ကြိုက်တယ်။ နင်ကြိုက်သမျှ ငါလည်းကြိုက်တယ်။ မှာစရာရှိတာသာ မှာလိုက်.. မမေးနဲ့...”

စူးထောင်တစ်ယောက် ကျုံ့သွားတော့သည်။

သူမ chatbox ကိုကြည့်လိုက်တော့ စောနတုံးက ပေါက်ကွဲလောင်မြိုက်ပြီးပြောလိုက်တာကို သူ့လက်ချောင်းတွေကလည်း အမြန်လိုက်ရိုက်မိသွားပြီး ပို့မိသွားခြင်းပင်။

စူးထောင် - ကြိုက်တယ်

စူးထောင် - နင်ကြိုက်သမျှ ငါလည်းကြိုက်တယ်

ရှဲ့ကျင် - ?

ရှဲ့ကျင် - ??

စူးထောင် - “လူမှားပြီးပို့မိတာ...”

ရှဲ့ကျင် - “ဒါပေါ့..ကိုယ်သိတာပေါ့ လူမှားပြီးပို့မိတယ်ဆိုတာ။ မေးချင်တာက.. ဒီစာကြောင်းနှစ်ကြောင်းက ဘယ်သူ့အတွက်လဲ?”

စူးထောင်တစ်ယောက် ရှင်းပြလိုက်သော်လည်း ရှဲ့ကျင်ထံကတော့ ဘာတုန့်ပြန်မှုမှ ပြန်မရတော့ပါ။ အဲ့အစား ဗီဒီယိုကောလ်သာ တိုက်ရိုက်ဝင်လာခဲ့တော့သည်။

ကျုံးစီဝေတစ်ယောက် သူမ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေတာကိုမြင်တော့ သူမရှင်းပြလေလေ ကိစ္စကပိုဆိုးလေလေ ဖြစ်တော့မယ်ဆိုတာကို စူးထောင်ခံစားမိလိုက်သည်။ သို့သော်လည်း သူမ ဗီဒီယိုကောလ်ကိုတော့ ပြန်ဖြေလိုက်သည်။

ဖုန်းကို သူ့မျက်နှာတည့်တည့်တွင် ကိုင်ထားသောကြောင့် ရှဲ့ကျင်၏ မျက်နှာအကြီးကြီးက ဖုန်းစခရင်အပြည့် ဖြစ်နေလေသည်။ သူ့ပထမဆုံးမေးခွန်းကတော့ လေသံမာမာနှင့်သာ ဖြစ်သည်။

“ဘယ်သူနဲ့ ထမင်းစားနေတာလဲ?”

ထိုစကားကိုကြားသည်နှင့် စားပွဲတစ်ဖက်က ကျုံးစီဝမ်တစ်ယောက် ဘာမှထပ်မမှာတော့ပေ။ ဖုန်းစခရင်ပေါ်က ချောမောသော်လည်း အေးတိအေးစက်နိုင်သော မျက်နှာကိုကြည့်ဖို့ သူ့ကိုယ်ကို ညွတ်လိုက်လေသည်။ အနေရခက်စွာပဲ သူနှုတ်ဆက်လိုက်ပြီး၊ သူ့ထိုင်ခုံမှာ ချက်ချင်းပဲ သွားပြန်ထိုင်လိုက်သည်။

“သူက ဘယ်သူလဲ?”

ရှဲ့ကျင်သည် စကားလုံးတစ်ခွန်းချင်းစီကို ပြတ်ပြတ်သားသား ရေရွတ်ပြောလိုက်သည်။ သူ့ခေါင်းကတော့ မြက်ခင်းစိမ်းလေးတွေလို အစို့အညှောင့်ထွက်နေပေတော့သည်။

“သူက ငါ့အတန်းဖော် ကျုံးစီဝေ။ ဒီနေ့ နင့်ကားက ဂတ်စ်ကုန်သွားတယ်။ အနီးအနားမှာလည်း ဂတ်စ်ဆိုင်ကို ရှာမတွေ့ဘူး။ ကံကောင်းလို့ ငါ ကျုံးစီဝမ်နဲ့ တွေ့လာတာ။ သူကငါ့ကို ရိုက်ကူးရေးနေရာအထိ လိုက်ပို့ပေးတယ်လေ။ အဲ့ဒါကြောင့် ကျေးဇူးတင်တဲ့အနေနဲ့ ငါ သူ့ကို ထမင်းပြန်ကျွေးနေတာ”

စူးထောင်ကတော့ အကျိုးအကြောင်းသင့်စွာပဲ အပြီးပြည့်စုံဆုံး ရှင်းပြချက်ပေးလိုက်သည်။ သို့သော်လည်း ရှဲ့ကျင်၏ မျက်နှာထားကတော့ လုံးဝကြည်လင်မလာပေ။ သိမ်မွေ့စွာသာ သူသက်ပြင်းချလိုက်ပြီး၊ နူးနူးညံ့ညံ့လေး ပြန်ပြောလိုက်သည်။

“စားပါ။ ကိုယ့်ကို လိပ်စာပို့လိုက်။ ပြီးရင် ကိုယ်လာကြိုမယ်”

စူးထောင်တစ်ယောက် ဖုန်းချလိုက်သည်နှင့် ကျုံးစီဝေကလည်း ချက်ချင်းကို မေးပေတော့သည်။

“အခု ဗီဒီယိုကောလ်ထဲက တစ်ယောက်က ရှဲ့ကျင်မဟုတ်လား?”

စူးထောင်သည် သူ့ကိုကြည့်ရန် သူမမျက်လုံးကို ပင့်တင်လိုက်ကာ ခေါင်းကိုငြိမ့်လိုက်သည်။

ကျုံးစီဝေ - “မင်းတို့နှစ်ယောက်က တကယ်ပဲ တွဲနေကြတာလား?”

စူးထောင်သည် သူမ၏ ကော်ဖီကို ကောက်ကိုင်လိုက်ပြီး တစ်ငုံသောက်လိုက်ပြီးမှ ခေါင်းကို ထပ်ငြိမ့်ပြလိုက်သည်။

“ငါခန့်မှန်းရသလောက်တော့ နင်ဖျော်ဖြေရေးသတင်းတွေကို မသိဘူးထင်တယ်”

ကျုံးစီဝေကြည့်ရတာ တစ်နည်းနည်းဖြင့် စိတ်ထိခိုက်သွားပုံရလေသည်။ သူ့လေသံထဲတွင် နောင်တတစ်ချို့ ကပ်ပါနေပြီး

“ငါတကယ်ကို မသိဘူး။ ဒါပေမယ့် မင်းကြောင့်မို့လို့ ငါအထူးတလည် အာရုံတော့စိုက်ပါတယ်။ မင်းတို့နှစ်ယောက် တွဲနေတယ်ဆိုတဲ့ သတင်းကို ငါတွေ့လိုက်တယ်။ ဒါပေမယ့် ငါထင်လိုက်တာက မင်းနဲ့ ဆယ်လီကောင်လေးအကြောင်း ကောလဟာလတွေ ပျောက်သွားအောင်လို့ ဒီအတိုင်း သတင်းလွှင့်လိုက်တယ်ပဲထင်တာ။ တကယ်မဟုတ်ဘူးပဲ ထင်နေတာပေါ့”

စူးထောင်တစ်ယောက် ကော်ဖီတောင် ပါးစပ်ထဲက ထွက်ကျတော့မလို ဖြစ်သွားတော့သည်။

သူ့ရဲ့ ဆင်ခြင်သုံးသပ်နိုင်စွမ်းက အတော်လေး ကောင်းတာပဲ။

ကျုံးစီဝေကတော့ စူးထောင်၏ တုန့်ပြန်ချက်ကို သတိထားမိလိုက်ပုံ မရပါ။ သူကတော့ သူ့ကမ္ဘာလေးထဲမှာသူ ဆက်ပြီးမြောနေလေသည်။

“ငါတို့ကျောင်းမှာတုံးကဆို ငါမင်းကို အတော်လေး နူးညံ့သိမ်မွေ့ပြီး တည်ငြိမ်အေးချမ်းတယ်လို့ ခံစားခဲ့ရတာ။ မင်းအခုလိုမျိုး ဒီလောက်ထိ လုပ်နိုင်စွမ်းတွေရှိလာပြီး စည်းစနစ်တကျ ဖြစ်လာလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ အရင်တုံးကနဲ့ လုံးဝတစ်ခြားစီ ဖြစ်သွားတာပဲ။ ငါ မင်းရဲ့တက္ကသိုလ်ကိုလာပြီး မင်းကိုလာရှာခဲ့တာကိုရော မှတ်မိသေးလား? အဲ့တုံးကအချိန်ကို ငါတကယ်ပဲ နောင်တရမိတယ်။ ဒါပေမယ့်လည်း ငါ့မာနက ကြီးလွန်းခဲ့တယ်လေ။ ငါ မင်းကိုတွေ့တုံးက မင်းက ငါ့ကို တည်တည်ငြိမ်ငြိမ်လေးပဲ ပြန်နှုတ်ဆက်ခဲ့တာ။ ငါ့ကိုတစ်ချက်တောင် စိုက်မကြည့်ခဲ့ဘူး။ အဲ့လိုနဲ့ပဲ ငါတို့နှစ်ယောက်လွဲခဲ့ကြတာပဲပေါ့။ သူများတွေပြောကြတာကတော့ ငါ့ရဲ့အခုကောင်မလေးက အရင်တုံးက မင်းပုံစံနဲ့တူတယ်တဲ့။ အဲ့အချိန်တုံးက ငါသာပိုပြီး ရင့်ကျက်ခဲ့မယ်ဆိုရင် အခုငါတို့တွေ တစ်ခုခုများ ပြောင်းလဲနေခဲ့မလား?”

သူ့စကားတွေကို စူးထောင် နားထောင်လေလေ သူမ၏ မျက်နှာထားက ပိုပိုပြီး မကောင်းဖြစ်လာလေပေ။ သူမ၏ အသံက သိမ်မွေ့နေဆဲ ဆိုပေမယ့်လည်း သူမစိတ်ထဲတော့ ထည့်ပုံမပေါ်ပေ။

“ပထမဆုံးအနေနဲ့ ငါပြောချင်တာက ငါတို့ကြားမှာ ဘာမှလွဲသွားတာ မရှိဘူး။ ငါ နင့်ကို ဘယ်တုံးကမှ မကြိုက်ခဲ့ဘူးလေ။ အဲ့ဒီရည်းစားစာက ငါရေးထားတာ မဟုတ်ဘူး။ ငါနင့်ကို ဘယ်နှခါပြောရမှာလဲ? ဒုတိယအနေနဲ့က နင့်မှာရည်းစားရှိနေပြီလေ။ ဒီလိုအရာတွေ ပြောနေတာ နင့်ကိုယ်နင် မရွံရှာမိဘူးလား? တတိယအနေနဲ့ ငါပြောချင်တာက တစ်ယောက်ယောက်ကို ကြိုက်တာနဲ့ ချစ်တာက ဘာလဲဆိုတာရော နင်သိရဲ့လား?”

ကျုံးစီဝေလည်း စူးထောင်တစ်ယောက် သူ့ကို ဒီလောက်ခပ်ပြတ်ပြတ်ကြီး ပြန်ပြောလိမ့်မယ်လို့ မထင်ထားပေ။ ဒီလိုနှင့် သူခဏလောက် ကြက်သေသေသွားတော့သည်။

စူးထောင်ကတော့ သူ့ကို ဘာလှည့်ကွက်မှလုပ်ခွင့် မပေးပေ။ သူမ၏ လေသံကလည်း စောနကလို မညင်သာနေတော့ဘဲ သိသာတဲ့ အေးတိအေးစက်နိုင်မှုသာ ကျန်ခဲ့လေသည်။

All Chapters