အခန်း (၇၁)
Vol. 7 Ch. 71
“တစ်ယောက်ယောက်ကို ချစ်တယ်ဆိုတာက.. နင်ဒီလောကကြီးကို အရောင်မဲ့တယ်လို့ ခံစားရနေရချိန်မှာ အဲ့လူတစ်ယောက်တည်းက အရောင်လေး ရှိနေတာပဲ။ နင် ငါ့အတွက် အသောမသတ်နိုင်တဲ့ ကတိတွေပေးနိုင်လား? ငါနင့်ကို ဘယ်လောက်ပဲ အေးတိအေးစက် ဆက်ဆံပါစေ နင် ငါ့စကားကို နားထောင်နိုင်မလား? ငါ့အတွက် သတင်းအချက်အလက်နည်းနည်းလောက် ကူစုံစမ်းပေးလိုက်လို့ ဆုံးရှုံးမှုကြီးကြီးမားမားတွေဖြစ်လာရင် နင်သည်းခံနိုင်မှာလား? ငါနဲ့ညစာလေး စားရဖို့အတွက် နေ့တိုင်း လေယာဉ်ကို ၄,၅နာရီစီးပြီး ကုမ္ပဏီကိုပစ်ထားခဲ့နိုင်မှာလား?”
ကျုံးစီဝေ၏ မျက်နှာကတော့ ရှက်လွန်းလို့ နီရဲနေလေပြီ။ သို့သော်လည်း သူမပြောတာကို ရအောင်တော့ ကန့်ကွက်လိုက်သေးသည်။
“မင်းပြောနေတာတွေက အရမ်းစိတ်ကူးယဉ်ဆန်လွန်းတယ်။ ဘယ်ယောင်္ကျားမှ အဲ့လိုလုပ်နိုင်မှာ မဟုတ်ဘူး”
စူးထောင်သည် သူမ၏ မျက်ဝန်းထောင့်လေးများ ဆွဲဆောင်မှုရှိရှိ အပေါ်သို့ တိမ်းသွားသည်အထိ ပြုံးလိုက်မိသည်။
“ဆောရီးပါ.. တစ်ယောက်ယောက်က လုပ်တောင်လုပ်ပေးပြီနေပြီ”
“ပြီးတော့.. နင့်ခံစားချက်တွေကလည်း နင့်လိုပဲ အပေါစားဆန်တယ်နော်”
နောက်ဆုံးစာကြောင်းကို ရက်ရက်စက်စက် ထည့်ပြောပြီးသည့်နောက်မှာပဲ စူးထောင်တစ်ယောက် ထလိုက်ကာ ဘေလ်ရှင်းရန်အတွက် ရှေ့ကိုထသွားလိုက်တော့သည်။ ထို့နောက် စားသောက်ဆိုင်ကနေ မထွက်ခင် အသက်ကိုပြင်းပြင်းလေး ရှုလိုက်သေး၏။
စူးထောင်သည် ဘေးနားက နို့လက်ဖက်ရည်ဆိုင်တွင် ရှဲ့ကျင် သူမကို လာကြိုတာကို စောင့်နေလိုက်သည်။
သူ့အတွက် ဝယ်ထားသော နို့လက်ဖက်ရည်ကိုကိုင်ကာ သူမ ကားထဲကို ဝင်လိုက်တော့သည်။ ငြိမ်သက်အေးချမ်းသော သူမမျက်နှာပေါ်က အပြုံးလေးက ရှဲ့ကျင်၏ တင်းမာနေသော မျက်နှာထားကို ပြေလျော့သွားစေလေသည်။ တစ်လမ်းလုံး ဒေါသနှင့် မောင်းလာသမျှ သူမအပြုံးလေးကို မြင်သည်နှင့် အားလုံး ပျောက်ကွယ်သွားရတော့သည်။ ကူရာမဲ့စွာသာ နို့လက်ဖက်ရည်ကို လှမ်းယူလိုက်ပြီး သူမကို မေးလိုက်သည်။
“မစားရသေးဘူးလား?”
“ဟင့်အင်း မစားရသေးဘူး။ ငါသူ့ကို ဆူပြီးတော့ ထွက်လာခဲ့တာ”
စူးထောင်သည် သူမ မျက်နှာသေးသေးလေးကို မော့လိုက်ကာ ရှဲ့ကျင်ကို ပြုံးပြလိုက်သည်။
စူးထောင် ဒီလိုမျိုးပြုံးပြတာကို သူတစ်ခါမှ မခံဖူးသေးပေ။ ထိုအရာသည် သူ့နှလုံးသားတစ်ခုလုံး ရွစိရွစိဖြစ်သွားစေတော့သည်။
သူ့ခံစားချက်များကို ဖုံးကွယ်ထားဖို့ ချောင်းဟန့်လိုက်သဖြင့် ရှဲ့ကျင်၏ လည်စလုတ်လေးမှာ အထက်နှင့်အောက် ဆတ်ခနဲလှုပ်ရှားသွားတော့သည်။ ပုံမှန်စကားကို အယောင်ဆောင်ပြောဆိုရင်း သူမေးလိုက်တော့သည်။
“ဘာလို့လဲ? သူက မင်းကို ကူညီခဲ့တာ မဟုတ်ဘူးလား?”
“ကိုယ်ကျင့်တရားမကောင်းဘူး။ သူ့မှာရည်းစားရှိရဲ့သားနဲ့ ငါ့ကိုကြိုက်တယ်လို့ ပြောနေသေးတယ်...”
စူးထောင်သည် ရှဲ့ကျင်၏ မျက်နှာထားကို လှမ်းကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ဆက်ပြောလိုက်သည်။
“ငါပြောခဲ့တာကတော့ အခု ငါ့မှာကောင်လေးရှိနေပြီလို့”
ရှဲ့ကျင်၏ နှလုံးသားမှာ သူမ၏ အကြည့်နဲ့တင် တုန်လှုပ်နေပြီးနေနှင့်ပြီ။ ဆက်ပြီးတော့လည်း စူးထောင်၏ မူမမှန်သော အပြုအမူကို သံသယရှိရှိနှင့် သူတွေဝေနေမိသည်။
ကားကလည်း ရှေ့ကို ပုံမှန်အတိုင်းသာ မောင်းနေပြီး၊ သူမကို သူချီးကျူးမိလိုက်တော့သည်။
“အင်း.. တော်တယ်။ ဒီလို စက်ဆုပ်စရာကောင်းတဲ့လူမျိုးက...”
“ငါဆိုလိုချင်တာကို နင်နားလည်လား?”
စူးထောင်ကတော့ သူသွားပုပ်လေလွင့်ပြောမှာကို ဖြတ်ပြောလိုက်သည်။ ထိုလူဖျင်းကို ဆူတဲ့နေရာမှာ ဝင်မပါစေချင်လို၍ပင်။
ရှဲ့ကျင် စူးထောင်ကို ငေးကြည့်လိုက်သည့် အချိန်မှာတော့ သူမ၏ ကြည်လင်တောက်ပသော မျက်ဝန်းလေးက တလျှပ်လျှပ် ဝင်းလဲ့နေပေကာ သူ့အား မျက်စိကျိန်းနေစေတော့သည်။ ဒီလိုနှင့် သူ့ခေါင်းကို မြန်မြန်လေး ခါရမ်းပစ်လိုက်သည်။ သူမ၏မျက်ဝန်းများထဲ အမှတ်တမဲ့ ပြုတ်ကျသွားမိပါက သူကားလည်း မောင်းနိုင်တော့မှာ မဟုတ်သလို၊ ထိုအထဲမှလည်း ပြန်ထွက်နိုင်တော့မှာ မဟုတ်တာကို သူကြောက်နေမိသည်။
“ကိုယ် နားလည်ပါတယ်”
ရှဲ့ကျင်သည် ဘဝပေးအသိအတိုင်း ပြန်ပြီးဆင်ခြေပေးလိုက်သည်။
“မင်းက ကိုယ့်ကို ဒိုင်းကာတစ်ခုလို အသုံးချနေတာပဲ။ ကိုယ့်ကို အခါအနည်းငယ်လောက် သုံးပြီးသွားပြီဆိုရင် ကိုယ့်အကောင့်ထဲကို စရန်ငွေကို တိုက်ရိုက်ပဲ ထည့်ပေးလိုက်လို့ရတယ်”
စူးထောင်ကတော့ ရယ်မောလျှက် နှာမှုတ်လိုက်လေသည်။ ရှဲ့ကျင်က အခု သူမရေလာမြောင်းပေးနေတာတောင် တကယ်ကို ဘာမှမစိတ်ကူးတတ်တော့ဘူးပဲ..။ ဒီလို ရုတ်တရက် ထထပြီး စိတ်ဖောက်တာလေးက ချစ်ဖို့တော့ ကောင်းပါပေတယ်။
စူးထောင် - “ဒါဆိုရင် ငါ နင့်ကို ပိုက်ဆံမပေးတော့ဘူး”
ရှဲ့ကျင် - “ဘာလို့လဲ? မင်း ဒိုင်းကာတစ်ခု မလိုအပ်တော့ဘူးလား?”
စူးထောင် - “စျေးကြီးလွန်းတယ်။ မတတ်နိုင်ဘူး”
ရှဲ့ကျင်သည် စတီယာတိုင်ကို ကြမ်းကြမ်းတမ်းတမ်း ထိုးလိုက်ပြီး ဘရိတ်ကို ဆောင့်နင်းလိုက်တော့သည်။ ကားကိုတော့ လမ်းဘေးမှာ ထိုးရပ်လိုက်လေသည်။
သူ့လက်များကတော့ စတီယာတိုင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး၊ မျက်ခုံးများမှာလည်း ကျုံ့နေပေတော့သည်။
သူတို့တွေ ပြန်ပြေလည်လုနီးပါး ဖြစ်နေပုံပေါ်လို့ သူ့ခမျာ နောက်ဆုံးတစ်ဆင့်ပဲ လိုအပ်နေတော့တာလို့ သူတွေးနေမိတာလေ။ သူတို့တွေ ပြန်အဆင်ပြေလိမ့်မယ်လို့ သူခံယူထားတာကို..။ ဘာလို့ သူမက ရုတ်တရက်ကြီး သူနဲ့လမ်းခွဲချင်နေရတာလဲ?
ဒီတစ်မနက်လုံး အကောင်းကြီး ရှိနေသေးတာကို..။ အဲ့လူဖျင်းကောင်နဲ့ တွေ့ပြီးတော့ ဘာလို့ ရုတ်တရက်ကြီး သူ့ကိုမလိုချင်ရတော့တာလဲ?
“ဘာလို့ ထပ်ပြီးမလိုတော့တာလဲ?”
ရှဲ့ကျင်ခမျာ မြန်မြန်ဆန်ဆန်ပဲ သူ့ကိုယ်သူ ပြန်သုံးသပ်နေမိတော့သည်။ သူ့အသံတောင်မှ ကြားရတာ အက်ကွဲပြီးပြာလာလေသည်။
“ကိုယ် မင်းကို တအားကြီး ဝင်စွက်ဖက်မိနေလို့လား? ဒီနေ့ ကိုယ် မင်းကို လာကြိုတာက မင်းသူများတွေနဲ့ ထမင်းစားတာကို ပိတ်ပင်ချင်လို့ မဟုတ်ပါဘူး။ မင်း ပြန်မရောက်မှာကိုပဲ ကိုယ်စိုးရိမ်မိလို့ပါ"
သူ၏ ပြာယာခတ်နေသော ပုံစံလေးကို ကြည့်ရတာ တစ်မျိုးတစ်ဖုံလေး ချစ်စရာကောင်းသည်ဟု စူးထောင် ထင်မိသည်။ သူမသည် နို့လက်ဖက်ရည်ထဲကို ပိုက်ထည့်လိုက်ကာ သူ့ပါးစပ်နားကို ကပ်ပေးလိုက်သည်။
“ဘာမှပြာယာခတ်မနေပါနဲ့။ လည်ချောင်းကို အစိုဓာတ်လေးရသွားအောင် အရင်လုပ်လိုက်ဦး”
ရှဲ့ကျင်လည်း စကားနားထောင်စွာနဲ့ပဲ နို့လက်ဖက်ရည်ကို တစ်ငုံစုပ်လိုက်သည်။ အရသာကတော့ အရမ်းလည်းမချိုသလို၊ ပြစ်ပြစ်လေးနှင့် ခရင်မ်များသဖြင့် အတော်လေး သောက်လို့ကောင်းလှသည်။
ရှဲ့ကျင်သည် နို့လက်ဖက်ရည်ကို ဆတ်ခနဲဆွဲဖယ်လိုက်သည်။ သူ့မိန်းမက သူ့ဆီကနေ ထွက်သွားဖို့လုပ်နေတာကို သူဘယ်လိုလုပ်ပြီး အပူအပင်မရှိဘဲ နေရမှာတဲ့လဲ... ဘယ်လိုလုပ်ပြီး နို့လက်ဖက်ရည်သောက်နေဖို့ မုဒ့်ပါရှိနေရမှာလဲ?
“မက်မွန်သီးလေး.. ကိုယ့်ကို စိတ်မကျေနပ်တာရှိရင် ကျေးဇူးပြုပြီး ကိုယ့်ကိုပြောပါ။ စျေးကြီးတယ်လို့ ထင်ရင်လည်း ကိုယ် မင်းကို နှစ်စဉ်ပက်ကေ့ချ်စျေး ပေးနိုင်ပါတယ်”
စူးထောင်လည်း တခစ်ခစ် ရယ်လိုက်မိတော့သည်။ အခုရှဲ့ကျင်က သူမ ပစ်သွားတာခံရမှာကို အတော်လေး ကြောက်နေတာပဲ.. နည်းနည်းလေးတောင် စိတ်ကူးမမှားရဲတော့ဘူးလေ။ သူ၏ ရုတ်တရက် အရူးထမှုလေးက တကယ်ကို ချစ်စဖွယ်ကောင်းလှပါပေတယ်။
စူးထောင် - “တစ်သက်လုံးက ကြာလွန်းတယ်။ ငါအဲ့လောက်ထိ စိတ်မနှစ်နိုင်ဘူး”
ရှဲ့ကျင်ကတော့ ဘာမှမစဉ်းစားဘဲ ပြန်တုန့်ပြန်လိုက်ပုံ ရလေသည်။
“တစ်သက်လုံးစာသာ နှစ်မြှုပ်မယ်ဆိုရင် ကိုယ် မင်းကို ဒစ်စကောင့်ပေးမယ်လေ...”
ပြောနေရင်း ရုတ်တရက်ကြီး တစ်ခုခုကို နားလည်သွားဟန်ဖြင့် အလယ်တွင် သူရပ်လိုက်လေသည်။
ဒီလိုနှင့် သူခဏလောက် စိတ်လွင့်နေခဲ့တော့သည်။ ကြွေထည်လေးလို ဖြူဖွေးနေသည့် စူးထောင်၏ မျက်နှာလေးအပေါ်တွင် သူ၏နက်မှောင်သော မျက်ဝန်းများကတော့ ရောင်ပြန်ဟပ်နေခဲ့လေသည်။ တွန့်ဆုတ်တွန့်ဆုတ်ဖြင့်သာ ပါးစပ်ကို ဖွင့်လိုက်ပြီး
“အာ.. တစ်သက်လုံးလား?”
စူးထောင်၏ နက်မှောင်ပြီး အဖြူရောင် မျက်ဆံလေးတွေကလည်း ရှဲ့ကျင်၏ မျက်နှာပေါ်တွင် ရောင်ပြန်ဟပ်နေပေတော့သည်။ သူမ၏ စိတ်ရင်းစကားများကတော့ စသလိုနောက်သလို ဖြစ်နေပေတော့သည်။
“အင်း.. တစ်သက်လုံးစာ..။ ဒါပေမယ့် ငါ့မှာပိုက်ဆံမရှိဘူး။ နင်အရင်ကပေးတဲ့ ရွေးချယ်မှုကိုပဲ ငါရွေးလိုက်လို့ရလား.. အတုအယောင်ကို အစစ်အမှန်အဖြစ် ပြောင်းလဲတာလေ?”
နေရောင်ခြည်လေးသည် ကားမှန်လေးကို ထိုးဖောက်ဝင်ရောက်လာကာ သူ့ဆံပင်လေးကို ရွှေအိုရောင် သမ်းနေစေတော့သည်။ နေရောင်ခြည်နွေးနွေးလေးအောက်တွင် သူ၏ စူးရှသော ရှုထောင့်များမှာ နူးညံ့လာဟန် ထင်ရပေသည်။ သို့သော်လည်း သူ့မျက်နှာထားကတော့ တုန်လှုပ်ခြောက်ခြားမှုကြောင့် ဆွံအနေဆဲပင်။
“ဒါပေါ့.. ရတာပေါ့”
သူ၏ ရူးနှမ်းနှမ်း ကြောင်တောင်တောင်နိုင်မှုလေးများ၊ မထင်ထားစရာ ချစ်ဖို့ကောင်းမှုလေးများကိုမြင်တော့ စူးထောင်တစ်ယောက် သူ့ပါးပိန်ပိန်လေးများကို ဆွဲမညှစ်ဘဲ မနေနိုင်တော့ချေ။ သူမသည် ဆွဲဆောင်မှုအပြည့်ဖြင့် ပြုံးလိုက်ပြီး
“မောင်းတော့”
ရှဲ့ကျင်လည်း စကားကို နာနာခံခံသာ ကားကိုပြန်မောင်းလိုက်လေသည်။ မီတာအနည်းငယ်လောက် နည်းနည်းခရီးရောက်ပြီးသည့်နောက်မှာတော့ သူကားကို ထပ်ရပ်လိုက်ပြန်သည်။
သူမကို တည့်တည့်ကြည့်ဖို့ ကိုယ်ကိုလှည့်လိုက်ပြီး သူ့မျက်ခွံများနှင့်ပါ မျက်တောင်ရှည်ကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ ထို့နောက် အာရုံကို အပြည့်စိုက်ထားပြီး သူမေးကြည့်လိုက်တော့သည်။
“ကိုယ်တို့ အခု ပြန်ပြေလည်သွားပြီ.. ဟုတ်တယ်မလား?”
စူးထောင်ကလည်း သူမ၏ ကြည်လင်သော မျက်ဝန်းလေးများကို မျက်တောင်ခတ်လိုက်သည်။
“ဘာများဖြစ်နိုင်သေးလို့လဲ?”
ရှဲ့ကျင် - “အရမ်းရုတ်တရက်ဆန်လွန်းတယ်။ ကိုယ်အဆင်သင့်ဖြစ်အောင် မပြင်ဆင်ရသေးဘူး”
သူထင်ထားတာက သေရေးရှင်ရေးတို့လို တကယ့်အရေးကြီးကိစ္စတွေမှသာ သူတို့ ရုတ်တရက်ကြီး ပြန်ပြေလည်ကြလိမ့်မည်ဟုပင်။ အဲ့ကျမှသာ မက်မွန်သီးလေးက သူ့ကိုခွင့်လွှတ်ပေးပြီး ပြန်လက်ခံပေးလိမ့်မည်ပေါ့။
ဒါမှမဟုတ် ဖြစ်နိုင်တာက.. သူက သူမဘဝနဲ့ ပတ်သတ်ပြီး သေးသေးလေးကအစ ထိုးဖောက်စိမ့်ဝင်ထားနိုင်ပြီလို့လေ။ သူ မရှိဘဲ သူမမနေနိုင်တော့တဲ့အထိ သူမကို အလိုလိုက်ဖြစ်မယ်ပေါ့။ အဲလိုနဲ့ပဲ သူတို့တွေ ပြန်တွဲဖြစ်ကြမယ်ပေါ့လေ။
စူးထောင်၏ မျက်နှာထားကတော့ အေးခဲသွားလေတော့သည်။
အဲ့တော့ သူမ အငြင်းခံလိုက်ရတာလား?
“အိုး.. ဒါဆိုရင်လည်း နင်အဆင်သင့်ဖြစ်တဲ့ အချိန်မှပဲ ပြောကြတာပေါ့”
“မဟုတ်ပါဘူး.. ကိုယ် ဆိုလိုချင်တာ အဲ့လိုမဟုတ်ပါဘူး။ နည်းနည်းလေး မဖြစ်နိုင်ဘူးလို့ ခံစားနေရရုံပါပဲ”
ရှဲ့ကျင်သည် သူ့ကိုယ်သူ ပါးပိတ်ရိုက်လိုက်ချင်မိသည်။ သူဘာတွေပြောနေတာပါလိမ့်?
စူးထောင်ကတော့ ရုတ်တရက်ကြီး ကိုယ်ကိုကိုင်းလိုက်ပြီး သူ့နှုတ်ခမ်းများကို နမ်းလိုက်တော့သည်။ သူမ၏ မျက်ဝန်းဝိုင်းဝိုင်းလေးများက သူ့ကိုအနီးကပ်ကြည့်လိုက်သည်။ ထို့အပြင် အနည်းငယ် လှုပ်ခါနေသော မျက်ခွံလေးများကလည်း နူးညံ့သိမ်မွေ့ကာ အပြစ်ကင်းစင်သော ဆွဲဆောင်မှုလေးတစ်ခုကို ပေါ်လွင်နေစေတော့သည်။ သူ့ကိုစနမ်းလိုက်တာက သူမ မဟုတ်သည့်အတိုင်းလေးပင်။
“အခုရော အမှန်အကန်လို့ ခံစားရပြီလား?”
ရှဲ့ကျင်တစ်ယောက် မိန်းမောနေသေးတာကို ကြည့်ပြီး စူးထောင်သည် သူမ၏ နှုတ်ခမ်းများကို ပိတ်လိုက်သည်။ တည့်ကြီးလုပ်ချလိုက်သည့်အတွက် သူမအနည်းငယ်တော့ ရှက်နေမိသည်။ နောက်တစ်ခဏအတွင်းမှာတော့ သူမ၏လည်တိုင်လေးကို နွေးထွေးကာ ကြီးမားသော သူ့လက်လေးဖြင့် လှမ်းဆွဲခံလိုက်ရလေတော့သည်။ ဒီလိုနှင့် သူမ၏နှုတ်ခမ်းများပေါ်သို့ အနမ်းဖွဖွလေးများ ကျရောက်လာပေတော့သည်။
သူ့အနမ်းများက အတော်ကို ဖွဖွလေးဖြစ်သည့်အပြင်၊ တစ်ခါနမ်းပြီးတိုင်းလည်း သူမအား တစ်ခါကြည့်နေပေသည်။ သူမ၏ ရှက်သွေးဖြာကာ အကြည့်လွဲနေသော မျက်နှာလေးကို မြင်ချင်နေပြီး၊ ထိုအရာလေးတွေကို သူ့အမြင်နှင့် နှလုံးသားထဲတွင် သိမ်းဆည်းထားချင်လို၍ပင်။
နောက်ဆုံးတော့ တဒင်္ဂအနမ်းလေးများမှ တစ်ဆင့် ခံစားချက်ပြင်းပြင်းများ ပါဝင်နေသည့် တက်တက်ကြွကြွ အနမ်းရှည်ကြီးများအဖြစ်သို့ ပြောင်းလဲသွားပေတော့သည်။ သူမ၏ နှုတ်ခမ်းလေးများအား တစ်တိတစ်တိဖြင့် နမ်းရှုံ့ရင်း၊ အချင်းချင်း၏ ခန္ဓာကိုယ်အပူချိန်များကို ဖြည်းဖြည်းချင်း အာရုံခံနေတော့သည်။ ချုပ်ထိန်းထားရသော ခံစားချက်များကို ဝန်ခံရင်းနဲ့ပေါ့..။
စူးထောင်တွင် လုပ်စရာတွေ ရှိနေသေးသည်။ ထို့ကြောင့် သူတို့နှစ်ဦးစလုံး အိမ်ရောက်မှ ညစာစားကြဖို့ သဘောတူလိုက်ကြသည်။ ထို့နောက်တွင်တော့ နှစ်ယောက်သား ကိုယ့်ကိစ္စနှင့်ကိုယ် ခွဲသွားကြတော့သည်။
ရှဲ့ကျင် ကုမ္ပဏီကို ပြန်ရောက်တော့ သူ့ခြေလှမ်းများက ယိုင်တိယိုင်တိုင် ဖြစ်နေပေတော့သည်။ ဝါဂွမ်းပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ သူခံစားနေရပေကာ လမ်းကိုပင် ဖြောင့်ဖြောင့်မလျှောက်နိုင်တော့ချေ။ သူထိန်းသိမ်းလာခဲ့သည့် ဂုဏ်အရှိန်အဝါကိုသာ မှီခိုကာ သူ့ရုံးခန်းမရောက်ခင်အထိ အားလုံးက ပုံမှန်ပဲလို့ ထင်ရအောင် ဟန်ဆောင်ထားရပေတော့သည်။
ကျင်းချွီဗန်ကတော့ သူ့ဘော့စ် တစ်ခုခုတော့ လွဲနေပြီဆိုတာကို သတိထားမိလေသည်။ ရုံးခန်းတံခါးကို ပိတ်လိုက်ပြီးသည့်နောက် သူ့နှလုံးသားကြီး လေးလံနေသလို ခံစားလိုက်ရတော့သည်။ သူ့ဘော့စ်ကို ဒီလိုမိန်းမောတွေဝေနေတာမျိုး သူတစ်ခါမှ မမြင်ဖူးချေ။
ဒါဖြစ်လေ့ဖြစ်ထမရှိဘူးဆိုတာကို သူခံစားမိပေမယ့်လည်း စိုးရိမ်စိတ်ဖြင့်တော့ တွေးနေမိသေးသည်။ ကုမ္ပဏီပဲ ဒေဝါလီခံရတော့မှာလားပေါ့?
“ဘော့စ်...ဘာဖြစ်လာလို့လဲ?”
ကျင်းချွှီဗန်မှ နူးညံ့သိမ်မွေ့စွာ မေးကြည့်လိုက်သည်။
ရှဲ့ကျင်၏ လေလွင့်နေသော အကြည့်လည်း နောက်ဆုံးတော့ အာရုံပြန်ဝင်လာတော့သည်။ သူ့ရှေ့တွင် ကျင်းချွှီဗန် ရပ်နေတာကို တွေ့သဖြင့် သူ့အင်္ကျီလက်များကို ဆွဲတင်လိုက်ကာ သူ့လက်မောင်းများကို ဖော်လိုက်ပြီး ကျင်းချွှီဗန်ရှေ့သို့ လက်ဆန့်ပေးလိုက်သည်။
“ငါ့ကိုဆိတ်ပေးစမ်းပါ”
ကျင်းချွှီဗန်ကတော့ အတော်လေး ကြောက်သွားသဖြင့် နောက်ကို ခြေနှစ်လှမ်းလောက် ဆုတ်သွားပေတော့သည်။
“ဘော့စ်.. ဘာတွေများ ဖြစ်လာတာလဲ? အရာအားလုံးက ဖြေရှင်းလို့ ရပါတယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်လို့မရဘူးလေ”
“မြန်မြန်သာ လုပ်လိုက်စမ်းပါ”
ရှဲ့ကျင်တစ်ယောက် သူ၏ဒေါသအိုးလေသံ ပြနဖြစ်သည့်အခါကျမှ ကျင်းချွှီဗန်တစ်ယောက် ထူးဆန်းစွာပဲ စိတ်သက်သာရာ ရသွားတော့သည်။ သူ့လက်ဖဝါးပေါ်က ချွေးများကို သုတ်လိုက်ရင်း လက်ကိုမဆန့်ခင် သူထပ်မေးကြည့်လိုက်သည်။
“တကယ်ပဲ ဆိတ်ရမှာလား?”
ရှဲ့ကျင်သည် သူ့အား စိတ်မရှည်ကာ မှောင်မိုက်သော အကြည့်များဖြင့် မော့ကြည့်ပေးလိုက်သည်။ ဒီလိုမှသာ ကျင်းချွှီဗန်တစ်ယောက် တွန့်ဆုတ်ခြင်း မရှိတော့ဘဲ ဆိတ်လိုက်နိုင်တော့သည်။ လုပ်ပြီးသည်နှင့် ဘော့စ် သူ့ကိုရိုက်မည်စိုး၍ ထပ်ခါ ထပ်ခါ အနောက်ကိုဆုတ်သွားလေသည်။
ရှဲ့ကျင်ကတော့ နာကျင်နေရင်းမှာပဲ အနည်းငယ် မျက်မှောင်ကြုံ့လိုက်ကာ ပြီးတော့မှ ဖွဖွလေး ရယ်လိုက်တော့သည်။
ကျင်းချွှီဗန်ကတော့ စိတ်ရှုပ်ထွေးနေလေသည်။
ဘော့စ်က ဘယ်လိုလှုံ့ဆော်မှုမျိုးကိုများ ရလာတာပါလိမ့်? သူရူးများသွားပြီလား?
“ဌာနချုပ်က ဝန်ထမ်းတိုင်းအတွက် ဒီနှစ်ဝက်ရဲ့လစာကို ၅၀ရာခိုင်နှုန်း တိုးပေးမယ်လို့ လူတိုင်းကို အသိပေးလိုက်။ အသင်းအလိုက် ဆောင်ရွက်မှုတွေအတွက် ဌာနတစ်ခုချင်းစီကို ရန်ပုံငွေတွေလည်း ခွဲဝေသတ်မှတ်ပေးလိုက်ဦး။ ဒီပိတ်ရက်အတွက်တော့ ဒါကိုစီစဉ်ကြတာပေါ့။ အခုတလော လူတိုင်းက အလုပ်ကြိုးစားနေကြတာပဲ”
ကျင်းချွှီဗန် - “!!!”
ဘော့စ်ကတော့ သရဲပူးခံနေရပြီလား မသိဘူး..။ ဒါအရင်တုံးကလို အကြင်နာကင်းပြီး သွေးအေးတတ်တဲ့ ဘော့စ် မဟုတ်တော့ဘူးပဲ။
“ပြီးတော့.. ငါစဉ်းစားနေတာ တစ်ခုရှိတယ်။ ငါ့ကိုပြောစမ်းပါ.. ငါတို့တွေ ရုံးချုပ်ကို ကျင်းချန်ပဲ ရွေ့လိုက်သင့်လား? ဒါမှမဟုတ် ငါတို့တွေ ကျင်းယန်ကို သိမ်းလိုက်ပြီးတော့ သူတို့ကိုပဲ ပေချန်ကို ရွေ့လိုက်ရမလား?”
ဒါကို ကျင်းချွှီဗန်ကြားသည်နှင့် ဘာတွေဖြစ်နေလဲဆိုတာ သူချက်ချင်းကို နားလည်သွားတော့သည်။ ဒီလိုနှင့် သူစပ်စပ်စုစု မေးကြည့်လိုက်သည်။
“ဘော့စ်နဲ့စူးထောင်နဲ့... ပြန်အဆင်ပြေသွားကြပြီလား?”
ရှဲ့ကျင်သည် ရုတ်တရက်ဆိုသလို သူ့နှုတ်ခမ်းများကို ဖိလိုက်ပြီး၊ သူ့ခေါင်းလေးကို အနည်းငယ် ငုံ့လိုက်သည်။ ထို့နောက် အောက်စိုက်ပြီးပြုံးကာ ရှက်နေပေတော့သည်။ အဲ့လိုဖြစ်ပြနေသည့်အတွက် ကျင်းချွှီဗန်တစ်ယောက် ကြမ်းပြင်ပေါ်တွင် ထိုင်ချမိတော့မလိုတောင် လန့်သွားမိတော့သည်။
စောနက ဘော့စ်ပြုံးလိုက်တာ ဘယ်လိုအပြုံးကြီးလဲ?
ဒီလို လူကြမ်းကြီးဆီက အပြုံးနူးနူးညံ့ညံ့လေးတဲ့လား?
သူ့ကြည့်ရတာ လှပတယ်ဆိုပေမယ့်လည်း တစ်ချိန်လုံး သူ့မျက်နှာမှုန်မှုန်ကြီးကိုပဲ မြင်နေကျ ဖြစ်နေပြီမို့လို့ ဒီလိုအမူအရာမျိုးကို ချက်ချင်းကျင့်သားရဖို့ဆိုတာ ကျင်းချွှီဗန်အတွက်တော့ ခက်ခဲနေပေသည်။
“ဒါဆိုရင်တော့ ဘော့စ် စူးထောင်နဲ့ ဆွေးနွေးကြည့်သင့်တယ်။ ဘော့စ် ကိုယ့်ဟာကိုယ်ပဲ ဆုံးဖြတ်သင့်တယ်လေ။ မတော်လို့များ...”
ကျင်းချွှီဗန်လည်း သူဒီလို တည့်ကြီးပြောသင့်လား မပြောသင့်လား သူ မသိပေ။ သို့သော်လည်း သူသိတာ ဘော့စ်သည် စူးထောင်အတွက် ဆုံးဖြတ်ချက်မချပေးနိုင်ခြင်းကိုပင်။ သူမအတွက်ကိုယ်စား ဆုံးဖြတ်ချက်ချပေးပြီးတော့မှ သူမကို ဝမ်းနည်းအောင် လုပ်မိမယ်ဆိုရင် ဘာဆက်ဖြစ်မှာတဲ့လဲ?
ပြီးတော့.. ရုတ်တရက်ကြီး ကုမ္ပဏီကိုရွေ့ရမယ့်အကြံဆိုတော့ သူအကြံဉာဏ်လည်း ဝင်မပေးရဲပေ။ ဒီလိုနှင့် သူထွက်သွားဖို့သာ ရွေးချယ်လိုက်တော့သည်။