အခန်း (၇၂)
Vol. 7 Ch. 72
နေ့လယ်ခင်းတွင်တော့ ရှဲ့ကျင်တစ်ယောက် မီးဖိုဆောင်ကိုဝင်တော့ သူရုတ်တရက်ကြီး “မိန်းမရယ်..စိတ်မဆိုးပါနဲ့” ဆိုသော အသံဖျော့ဖျော့လေးကို ကြားလိုက်မိသည်။
ချက်ချင်းပဲ သူစိတ်ဝင်စားသွားပြီး တံခါးအပြင်ဘက်တွင်ရပ်ကာ ဖုန်းပြောနေတာကို တစ်လျှောက်လုံး နားထောင်နေခဲ့သည်။
ထွက်လာတဲ့လူကတော့ ကံမကောင်းစွာနဲ့ပဲ သတင်းအချက်အလက်ဌာန၏ ခေါင်းဆောင် ဖြစ်နေပေတော့သည်။
သတင်းအချက်အလက်ဌာန၏ ခေါင်းဆောင်ကတော့ ဘော့စ်တစ်ယောက် တံခါးမှာ ရပ်နေတာကို မြင်မြင်ချင်းမှာပဲ ရုတ်ချည်းဆိုသလို မျက်နှာထားတင်းသွားတော့သည်။ သူသေချာအသိကပ်ကာ ဘော့စ်ကို နှုတ်ဆက်လိုက်ပြီး၊ အမြန်ဆုံးသာ ပြေးထွက်ချင်နေပေတော့သည်။
“ခဏနေဦး”
ရှဲ့ကျင်ကတော့ သူ့ကိုအလျင်မလိုစွာဘဲ လှမ်းပြောလိုက်သည်။ သူ့ရှေ့မှာ လာရပ်ရင်း သူ့လက်ထဲကဖုန်းကို လက်ညှိုးထိုးကာ မေးလိုက်သည်။
“မိန်းမနဲ့ ရန်ဖြစ်နေတာလား?”
သတင်းအချက်အလက်ဌာန ခေါင်းဆောင်ကတော့ သူ့မှာ မိသားစုရေးရာ အဆင်မပြေတာကို သိသွားရင် သူ့လုပ်ငန်းခွင် စွမ်းဆောင်ရည်တွေ ထိခိုက်မယ်လို့ တွေးနေမလားဆိုတာကို သူ မသိခဲ့ပေ။ ဒီလိုနှင့် မြန်မြန်ဆန်ဆန်သာ လက်ကိုခါရမ်းပြလိုက်သည်။
“မဟုတ်ပါဘူး.. ကျွန်တော့်မိသားစုက အတော်လေး အတိုင်အဖောက်ညီပါတယ်”
“ငါအကုန်ကြားလိုက်ပါတယ်။ မင်းက မိန်းမကို ချော့ပြောတဲ့နေရာမှာတော့ အတော်လေး တော်တာပဲ။ နောက်နေ့ကျရင် အဲ့ကျွမ်းကျင်မှုတွေအကြောင်း ဆွေးနွေးကြရအောင်”
ပြောရမယ်ဆိုရင် အခု သူလည်း လက်ထပ်ပြီးသားလူ ဖြစ်နေပြီပဲလေ။
“မင်းတို့နှစ်ယောက် ဘာဖြစ်လို့ ရန်ဖြစ်ကြတာလဲ?”
ရှဲ့ကျင်သည် စာတမ်းတစ်ခု ဖတ်ပြမှာကို စစ်ဆေးဆုံးဖြတ်ပေးတော့မည့်အလား မျက်နှာထားနှင့် ကိုယ်ဟန်အနေအထားကို လုပ်လိုက်တော့သည်။
သတင်းအချက်အလက်ဌာနခေါင်းဆောင် - “...”
သူဒီလိုမိသားစုကိစ္စတွေကို မဆွေးနွေးချင်ပါ။
ဘော့စ်.. ခင်ဗျားက တန်းဝင်ကုမ္ပဏီတစ်ခု၊ ကုမ္ပဏီ ၅၀၀ရဲ့ CEO အပြင်၊ နယ်ပယ်ထဲက ခေါင်းဆောင်တစ်ယောက်လေ။
ဘာလို့ မိန်းမနဲ့ ရန်ဖြစ်တဲ့အကြောင်းတွေကို ဂုဏ်အိန္ဒြေရှိတဲ့ ကုမ္ပဏီမှာ ဆွေးနွေးချင်နေရတာလဲ?
သတင်းအချက်အလက်ခေါင်းဆောင်ခမျာ စိတ်ထဲကကြိတ်ပြီး ညည်းတွားနေမိသော်လည်း သူရိုးရိုးသားသားတော့ ပြန်ဖြေလိုက်သည်။
“ကျွန်တော် သူနဲ့အပြင်သွားတုံးက သူ့ပုံတွေကို ရိုက်ပေးတာမှာ အတော်ရုပ်ဆိုးဆိုးတွေကို ရိုက်ပေးလိုက်မိတာ။ အဲ့ဒါနဲ့ သူစိတ်ဆိုးသွားတာလေ”
ရှဲ့ကျင်သည် ချက်ချင်းဆိုသလို ဟိုဟာသကို တွေးမိသွားပြီး၊ လက်ဖျောက်တီးကာ ကိုယ်ချင်းစာစိတ်အပြည့်ဖြင့် မေးလိုက်သည်။
“သူတို့အားလုံးက အဲ့လိုပုံတွေ အရိုက်ခံရကို မကြိုက်ကြဘူးပေါ့?”
သတင်းအချက်အလက်ဌာနခေါင်းဆောင် - “အင်း.. ဟုတ်ပါတယ်”
ရှဲ့ကျင် - “ဒါပေမယ့် ငါ့မိန်းမနဲ့တော့ ငါရန်မဖြစ်ခဲ့ပါဘူး။ အဲ့ဒါ ဘာဖြစ်လို့လဲ?”
သတင်းအချက်အလက်ဌာနခေါင်းဆောင် - “ဖြစ်နိုင်တာကတော့ ဘော့စ်တို့နှစ်ယောက်က တွဲတာမကြာသေးလို့မလား? ကျွန်တော့်မိန်းမနဲ့ ကျွန်တော်နဲ့က လက်ထပ်ထားတာ ၁၀နှစ်တောင်ရှိနေပြီလေ။ အဲ့တော့ ကျွန်တော်တို့မှာက ဒီလိုအသေးအမွှား ငြင်းခုံတာလေးတွေ ပိုရှိတယ်”
ရှဲ့ကျင်သည် မနာလိုစွာဖြင့်ရော အထင်ကြီးစိတ်ဖြင့်ပါ ပြန်ပြောလိုက်သည်။
“၁၀နှစ်တောင် ရှိသွားကြပြီလား..။ မင်းက ဆက်ဆံရေးတစ်ခုကို ကောင်းကောင်း ထိန်းသိမ်းထားနိုင်တာပဲ။ ဒီလိုမျိုးသာ နေ့တိုင်း ရန်ဖြစ်နေမယ်ဆိုရင်ရော အဲ့လောက်ထိ ကြာကြာခံနိုင်ပါ့မလား?”
သတင်းအချက်အလက် ဌာနခေါင်းဆောင် - “ဘော့စ်.. စုံတွဲတွေကတော့ ရန်ဖြစ်ကြတာပဲလေ။ ဒါက ရှောင်လွဲလို့မရနိုင်တဲ့ ကိစ္စပဲ။ ရန်ပိုဖြစ်လေ ဆက်ဆံရေးတစ်ခုက ပိုကောင်းလာလေပဲလေ။ တကယ်တမ်း ပြတ်စေမှာက တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောဆိုမဆက်ဆံကြတာကပဲ။ စဉ်းစားကြည့်လေဗျာ..။ သူက ဘော့စ်နဲ့ ရန်ဖြစ်ဖို့လေးကိုတောင် ပျင်းနေတယ်ဆိုရင် ဆိုလိုချင်တာက သူ့မှာ ဘော့စ်အတွက် ဘာခံစားချက်မှ ရှိမနေလို့ပဲပေါ့”
ထိုစကားလုံးများသည် ရှဲ့ကျင်ကို အတော်လေး အလင်းပွင့်သွားစေခဲ့သည်။ သူနောက်ဆုံးတော့ နားလည်သွားခဲ့လေပြီ။
အစတုံးက သူနှင့် မက်မွန်သီးလေးက သင့်တင့်လျှောက်ပတ်တဲ့ ပြောဆိုဆက်ဆံရေး အားနည်းခဲ့တယ်လေ။ သူမက စဉ်းစားချင့်ချိန်တတ်ပြီး၊ စကားလည်း နားထောင်ကာ၊ ဘယ်တော့မှ အပိုမလုပ်ပြပေ။
တစ်ခါတုံးက သူမ သူ့ကို မေးခွန်းထုတ်တုံးကလည်း သူဒီအတိုင်း ရိုးရိုးရှင်းရှင်းသာ ပြန်ဖြေခဲ့လေသည်။ ဘာမှရှင်းပြမနေဘဲ ဒီအတိုင်း ရိုင်းပြတဲ့တုန့်ပြန်မှုပဲပေါ့။
ဒီလိုနှင့် အဆုံးမှာတော့ သူမ စတင်ပြီး သွေးအေးလာခဲ့ကာ ထပ်ပြီးမေးချင်စိတ် မရှိတော့ချေ။ ပွင့်ပွင့်လင်းလင်းသာ သူ့ရှေ့ကနေ ပျောက်ကွယ်သွားပြီး၊ သူ့ကိုတစ်ယောက်တည်း ထားခဲ့ခြင်းပင်။
ဒီနေ့လည်း မက်မွန်သီးလေး သူတို့ပြန်တွဲနိုင်တယ်လို့ ပြောခဲ့တုံးက သူအဲ့ဒါကို ရုတ်တရက်ဆန်လွန်းသည်ဟု ခံစားခဲ့ရပေသည်။ စိတ်လုံခြုံမှုအပြည့်အဝ မရှိသေးသောကြောင့်ပင်။
ဘာလို့လဲဆိုတော့ သူကြောက်မိတာက အချိန်သေချာယူပြီး အချင်းချင်း နားလည်မှုရှိအောင်မလုပ်ကြရင် သူမထပ်ပြီး ပျောက်ကွယ်သွားမှာ စိုးလို့ပင်။
အဲ့လိုသာ ထပ်ဖြစ်မယ်ဆိုရင်တော့ သူတကယ်ကို သေသွားတော့မှာလေ။
နှုတ်ခမ်းပေါ်တွင် အပြုံးလေးနှင့် သူ့ရုံးခန်းကို ပြန်သွားနေသည့်လမ်းတွင် ရှဲ့ကျင်တစ်ယောက် စာများကို ပို့နေခဲ့သည်။ ထို့နောက် ကျင်းချွှီဗန်ကို ဖုန်းခေါ်လိုက်ကာ
“ငါ့မှာအရေးတကြီး ပြောစရာရှိတယ်။ အစည်းအဝေးကို ၃နာရီလောက် နောက်ဆုတ်ထားလိုက်...။ တကယ်တော့ ငါပြန်အကြောင်းကြားမှာကိုစောင့်နေ။ ငါတို့တွေ ဒီနေ့ မီတင်မရှိလောက်တော့ဘူး”
ကျန်းချွှီဗန်လည်း ဘော့စ်မျက်နှာပေါ်က အရေးပေါ်အကြည့်ကို တွေ့လိုက်သည်။ ဖုန်းဝင်သွားသည်နှင့် သူ့နှုတ်ခမ်းထောင့်လေးများက သူ့ကိုယ်သူတောင် မသိလိုက်ခင်မှာပဲ ကော့တက်သွားကာ၊ သူ့အသံလေးမှာလည်း ညင်သာသိမ်မွေ့သွားတော့သည်။
“မက်မွန်သီးလေး...”
ဘော့စ်၏ ဒီလိုကျိုးနွံသော အမူအရာကိုကြည့်ခြင်းဖြင့် သူဘယ်သူ့ကို ခေါ်နေလဲဆိုတာကို တန်းသိလိုက်ပေသည်။
ကျင်းချွှီဗန်လည်း သူများအတွဲ ချစ်ကြည်နူးတာကို ဆက်မကြည့်ချင်ပေ။ ထို့ကြောင့် မီတင်ကို နောက်ဆုတ်ကြောင်း အသိပေးဖို့အတွက် ထွက်သွားဖို့ ပြင်လိုက်တော့သည်။ သို့သော်လည်း သူတံခါးကို မရောက်ခင်မှာပဲ ဘော့စ်အသံက ဖြည်းဖြည်းချင်း တိုးလာတာကို သူကြားလိုက်သေးသည်။
“မင်းရဲ့ဟာသပုံနဲ့ ပတ်သတ်ပြီး ကိုယ်မှားသွားပါတယ်... နော်? ဒါပေမယ့် မင်းက စိတ်မဆိုးဘူးလား? ဘာလို့လဲ?... ကိုယ် အဲ့ပုံတွေကို အကုန်မဖျက်ပစ်ခဲ့ဘူး... မင်းရောက်ရင် ဖျက်ပစ်ရမှာလား?... အကယ်၍ ကိုယ်က မင်းကို ပေးမဖျက်ဘူးဆိုရင်ရော?...အိုး အိုး ဟုတ်တာပေါ့... ဒါဆိုရင် ညကျတွေ့မယ်နော်”
ရှဲ့ကျင်တစ်ယောက် ဖုန်းချလိုက်သည်နှင့် သူ့မကျေမချမ်းဖြစ်မှုများ အထွတ်အထိပ်သို့ ရောက်သွားပေတော့သည်။
“ကျင်းချွှီဗန်”
ရှဲ့ကျင်သည် သူ့မျက်လုံးကို အောက်စိုက်ထားပြီး သူ့အကြည့်ကတော့ ဖုန်းကောလ်ပေါ်ကိုသာ စိုက်ရောက်နေသေးသည်။ သူတကယ်ကို နားမလည်နိုင်စွာဖြင့် မေးကြည့်လိုက်တော့သည်။
“မင်းမပြောဘူးလား.. မိန်းမက စိတ်ဆိုးတယ်ဆိုရင် သူ့ကိုချော့ဖို့ခက်တယ်လို့? ငါ၃နာရီလောက် အချိန်ယူဖို့လုပ်ထားပေမယ့် တကယ်တမ်းကျ စက္ကန့်၃၀ပဲ ကြာလိုက်တယ်”
ကျင်းချွှီဗန် - “...”
အဲ့တော့ မီတင်ကို ၃နာရီနောက်ဆုတ်တာက မိန်းမကို ချော့ဖို့ပေါ့လေ?
ရှဲ့ကျင်သည် လက်မလျော့သေးသည့်ပုံစံဖြင့် ဆက်မေးလိုက်သည်။
“အခုကတည်းက သူ ငါနဲ့ စကားများဖို့ကို ပျင်းနေတာတော့ မဖြစ်နိုင်ပါဘူးနော်? ငါတို့ အခုမှ ပြန်တွဲခါစလေ”
စိုးရိမ်ထိတ်လန့်မှုများဖြင့် ရှဲ့ကျင်တစ်ယောက် အိမ်ပြန်လာခဲ့သည်။ တစ်လမ်းလုံးတွင်လည်း မက်မွန်သီးလေး သူနဲ့ပြန်အဆင်ပြေမိတာ နောင်တရနေပြီလားလို့ စိတ်ကူးယဉ်လာမိပြန်သည်။ သူ့ကိုအိမ်မှာ လမ်းခွဲဖို့ပဲ စောင့်နေမလားပေါ့။ ဒါမှမဟုတ်လည်း သူအိမ်ပြန်ရောက်ရင် သူမ မရှိတော့တာလည်း ဖြစ်နေနိုင်တာပဲ။ နောက်တစ်ခေါက်ထပ်ပြီး ပျောက်မသွားခင် စာလေးတစ်စောင်ပဲ ချန်ခဲ့ပြီးတော့လေ”
သူတို့နှစ်ယောက် အဆင်မပြေနေတုံးကတောင် ဒီ့ထက်ပိုကောင်းသေးသည်။ သူမကို ပြန်ရဖို့ သူစိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားပြီး၊ သူ့ကိုယ်သူလည်း ယုံကြည်မှုအပြည့်နဲ့လေ.. သူမကို မနက်ဖြန် ရနိုင်တော့မှာဆိုပြီးတော့လည်း နေ့တိုင်း ခံစားမိနေတာမျိုးပေါ့။
အခုတော့ သေချာပြန်တွေးကြည့်မယ်ဆိုရင် သူမကို မတော်တဆ ဆုံးရှုံးသွားရမှာကို သူအမြဲတမ်း ကြောက်နေခဲ့မိတာပဲ..။
ပြောကြတာကတော့ မင်း တစ်ခုခုကိုရရင် အဲ့ဒါကို ဘယ်လိုတန်ဖိုးထားရမလဲ သိမှာမဟုတ်ဘူးတဲ့။
ဘာဖြစ်လို့ သူမကို ဆုံးရှုံးရမှာကို သူအရမ်းကြောက်နေမိတာလဲ?
အိမ်ထဲကို စိုးရိမ်တုန်လှုပ်စွာဖြင့်သာ ဝင်လာလိုက်တော့သည်။ ထိုစဉ်တွင် ငါးပြုတ်နေသော အနံ့လေးက ထွက်ပေါ်လာခဲ့လေသည်။
သူ့စိုးရိမ်ပူပန်မှုက အလကားပါဆိုတာကို စူးထောင်ခံစားမိသော်လည်း အခုသာ သူမတစ်ခုခုကို မကြိုက်ကြောင်း ပြောမိလိုက်လို့ရှိရင် သူမကိုယ်သူမ ထပ်ပြီးထိန်းချုပ်ထားနိုင်မှာ မဟုတ်တော့ပေ။ သို့သော်လည်း သူ့အတွေးဆိုးများကို ဖယ်ရှားဖို့အတွက်ကတော့ သူမပူးပေါင်းဆောင်ရွက်ရပေဦးမည်။
“အိုခေ.. ငါနင့်ကို ကုမ္ပဏီကို မရွေ့ဖို့ပြောချင်တယ်။ နင်အဲ့နှစ်နေရာကိုပဲ သွားလိုက်ပြန်လိုက် လုပ်နိုင်တယ်”
ရှဲ့ကျင်သည် အသက်ကို ပြင်းပြင်းရှုလိုက်ပြီး စူးထောင်၏ လိုအပ်ချက်ကို သေချာလေး စဉ်းစားကြည့်လိုက်သည်။ အဆုံးမှာတော့ သူနှုတ်ကနေ လွတ်ခနဲထွက်သွားတော့သည်။
“အိုခေ...”
အခုတော့ အံ့အားသင့်ရမှာက ရှဲ့ကျင်အလှည့်ပေ။
မက်မွန်သီးလေးပြောသမျှကို သူအကုန်လိုက်လုပ်ပေးချင်ရုံလေးတင်။
သို့သော်လည်း ဘာစကားမှ မများဖြစ်ခဲ့ပါ။
စူးထောင်သည် သူမ၏လက်များကို ကူရာမဲ့စွာဖြင့် ဖြန့်လိုက်သည်။
သူမ မတ်တပ်ထရပ်လိုက်ပြီး နူးညံ့ညင်သာသော အပြုံးလေးဖြင့် သူ့ဆီကို လမ်းလျှောက်သွားလိုက်သည်။ ထို့နောက် သူ့ပါးလေးကို ဖွဖွလေးနမ်းလိုက်လေသဖြင့် သူမ၏ တောက်ပနေသော မျက်လုံးထောင့်လေးများက မပေါ့်တပေါ်လေး မြင့်တက်သွားပေတော့သည်။
ကြည်လင်လှသော မျက်ဝန်းဝိုင်းလေးများမှာ ညှို့ဓာတ်အပြည့်နှင့်ပင်။ သူမ၏ လက်နုနုလေးများက သူ့လက်နွေးနွေးလေးများကို ကိုင်လိုက်ပြီး သူ့အား လှေကားနားသို့ ခေါ်သွားခဲ့လိုက်သည်။
သူမ၏အသံကတော့ နွေဦးချောင်းတက်လေးသဖွယ် ကြည်လင်နေလှပြီး သွေးဆောင်ဖျားယောင်းမှု အပြည့်ရှိလှပေသည်။
“ခံစားချက်တွေကို ဖွင့်ဟဖို့က နည်းလမ်းတွေ အများကြီးရှိပါတယ်။ စကားများဖို့ မလိုဘူးလေ”
ရှဲ့ကျင်လည်း တံတွေးကို ခပ်ပြင်းပြင်းလေး မြိုချမိလိုက်သည်။ သူ့စိတ်တွေက ရူးမတတ်ဖြစ်နေပေမယ့်လည်း၊ သူ့ခြေထောက်တွေကတော့ ပျော့ခွေပြီး ထုံချင်နေပေပြီ။
“ဒါပေါ့.. ကိုယ်တို့ ဒီ့ထက် ပိုနက်နက်ရှိုင်းရှိုင်း ဖော်ပြလို့ရတာပဲ”
ရှဲ့ကျင်၏ မျက်နှာကတော့ နီရဲနေပေကာ အသက်ကိုလည်း ပြင်းပြင်းရှုနေတော့သည်။ သူ့ခေါင်းလေးကို စောင်းချလိုက်သည်နှင့် ချွေးလုံးလေးများမှာ နားထင်ကတစ်ဆင့် သူ့ပါးပေါ်၊ ထိုမှတစ်ဆင့် သူ့လည်စလုတ်ပေါ်၊ နောက်ဆုံးတွင် သူ့ရင်ဘတ်ပေါ်သို့ လှိမ့်ဆင်းလာပေတော့သည်။
သူ့ကျောပြင်ထက်က တင်းမာသော အကြောများမှာလည်း ဆတ်ဆတ်တုန်ရီလာပြီး၊ ထို့နောက်တွင်တော့ ဟိန်းသံလေးတစ်ခုဖြင့် လုံးဝကို ဖြေလျော့သွားပေတော့သည်။ ထို့နောက်တွင်တော့ လိပ်ပြာစက်ကို ထိန်းချုပ်ထားသော လက်ကိုင်များအားလုံးကို သူလွှတ်ချလိုက်တော့သည်။
ရှဲ့ကျင်တစ်ယောက် စက်ပေါ်ကနေ ထလိုက်ပြီး ချွေးစိုနေသော သူ့ခေါင်းကို ခါလိုက်သည်။ ထို့နောက် ဒူးပေါ်လက်ထောက်လိုက်ကာ ပြေးစက်ပေါ်တွင် ပြေးနေသော စူးထောင်အား နောင်တအပြည့်ဖြင့် လှမ်းကြည့်ကာ မေးလိုက်သည်။
“ကိုယ်တို့ ခံစားချက်တွေကို ဖွင့်ဟချင်တယ်လို့ မင်းမပြောခဲ့ပါဘူးလား? ဘာလို့ ကိုယ့်ကို Gym ဆီဆွဲခေါ်လာတာလဲ?”
စူးထောင်သည် သူမအရှိန်ကို မြှင့်လိုက်ပြီး သူမ၏ အသက်ရှုသံမှာ ဖြည်းဖြည်းချင်း တည်ငြိမ်လာခဲ့သည်။
“အတူတူ လေ့ကျင့်ခန်း လုပ်တာကလည်း ခံစားချက်တွေကို ဖွင့်ဟတာပဲလေ။ ဒါက နင့်ကို ချွေးထဲက အဆိပ်တွေထုတ်ပေးလို့ ကျန်းမာရေးတောင် ကောင်းစေသေးတယ်”
ရှဲ့ကျင်ကတော့ စိတ်ကောက်နေသော မျက်နှာဖြင့် နှုတ်ခမ်းထော်လိုက်သည်။ ထို့နောက် သူ့ဟာသူ အသက်ရှုလိုက်ပြီး သူမ နားကို တစ်လှမ်းချင်းစီ လျှောက်သွားကာ သူမကို မင်းသမီးလေးကို ပွေ့ချီသလို ကောက်ချီလိုက်တော့သည်။
သူမ၏ သေးသွယ်သော ခန္ဓာကိုယ်လေးကတော့ သန်မာသော သူ့လက်မောင်းများကြားတွင် အသုံးမဝင်စွာဘဲ ရုန်းကန်နေပေသည်။ သူမ၏ မျက်လုံးဝိုင်းလေးများ ပြူးကျယ်သွားပြီး
“ငါလေ့ကျင့်ခန်းလုပ်လို့ မပြီးသေးဘူးလေ!”
ရှဲ့ကျင်၏ နှုတ်ခမ်းများကတော့ ညှို့ဓာတ်အပြည့်နှင့် ကော့တက်သွားကာ သူမအား ဆွဲဆောင်မှုရှိရှိ ပြုံးပြလိုက်သည်။ အက်ကွဲနေသော သူ့အသံလေးက သူမ၏ နားစည်များကို တုန်ခါသွားစေတော့သည်။
“ကိုယ် မင်းကို တစ်ခြားလေ့ကျင့်ခန်းလုပ်ဖို့ ခေါ်သွားပေးမယ်လေ”
ဒီလိုဖြင့် အောက်ထပ်ကနေ ဒုတိယထပ်က အိပ်ခန်းဆီသို့ သူမအား ချီမသွားတော့သည်။ ထို့နောက် ခြေထောက်ကို နောက်ပစ်ထိုးလိုက်ပြီး တံခါးကို ပိတ်လိုက်လေတော့သည်။
......
ငါးနံ့လေးမှာ ငရုတ်သီးနံ့ပြင်းပြင်းနှင့်အတူ ပေါ်ထွက်လာတာဖြစ်လို့ ရှဲ့ကျင်ကို ချောင်းတဟွတ်ဟွတ်ဆိုးသွားစေတော့သည်။
ချောင်းဆိုးနေရင်းနဲ့ပဲ သူမီးဖိုချောင်ထဲကို မြန်မြန်လမ်းလျှောက်ဝင်သွားလိုက်သည်။ မီးခိုးငွေ့အဖြူများကြားတွင် ဆွဲဆောင်မှုရှိလှသော ပုံပန်းသဏ္ဍာန်လေးမှာ သူ့နှလုံးကြိုးများကို ဆွဲငင်ယူလိုက်သလိုပင်။
လည်ပင်းထဲတွင် တစ်ဆို့နေသော ကျောက်တုံးက နောက်ဆုံးတော့ သူ့နှလုံးသားအောက်ခြေသို့ ပြန်ကျသွားသည့်အတိုင်းပင်။
စူးထောင်ကလည်း ချောင်းဆိုးရင်း ရှဲ့ကျင်ကို ထင်ထင်ရှားရှားမြင်ရနိုင်ဖို့ သူမခေါင်းလေးကို ပြူကြည့်လိုက်သည်။ လေမှုတ်စက်နှင့် ပြတင်းပေါက်များကို ဖွင့်လိုက်ပြီး မီးခိုးများကို အနည်းငယ် လွင့်ပါးသွားစေလိုက်သည်။
“အဟွတ် အဟွတ် အဟွတ်.. ငါအခုပဲ ဒေါသထွက်နေတာ.. နင်ဘာဖြစ်တာလဲ? အသက်ရှုကြပ်နေတာလား?
ရှဲ့ကျင်၏ မျက်ဝန်းများထဲက မျက်ရည်များကို မြင်တော့ စူးထောင်တစ်ယောက် လက်ကိုဆန့်ထုတ်လိုက်ကာ သူ့မျက်ရည်များကို သုတ်ပေးချင်မိသည်။ သို့သော်လည်း သူမလက်တွေက ငရုပ်သီးမှုန့်တွေ ပေနေသေးတာကို သတိရသွားသောကြောင့် သူ့ကိုတစ်ရှူးပေးဖို့သာ လှမ်းရှာလိုက်တော့သည်။
သို့သော်လည်း ရှဲ့ကျင်ကတော့ သူမကို သူ့လက်မောင်းများထဲတွင် တင်းကြပ်စွာ ဖက်လိုက်ထားလိုက်လေသည်။ သူမကို ရတနာလေးတစ်ခုအလား ကိုင်ထားနေခြင်းပင်။
ညစာစားပြီးတော့ စူးထောင်က ပန်းကန်တွေ တူတွေကို ဆေးကြောဖို့အတွက် ထဖို့ပြင်လိုက်လေသည်။ ထိုအချိန်မှာပဲ ရှဲ့ကျင်ဆီကနေ ထိုင်ခုံဆီကို ပြန်ဆွဲခံလိုက်ရပေသည်။
သူကတော့ တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်သည်။
“မက်မွန်သီးလေး... ကိုယ်ကြားခဲ့တာကတော့ အတွဲတွေကြားမှာ ရန်ဖြစ်လေ သူတို့ခံစားချက်တွေက ပိုကောင်းလာလေပဲတဲ့။ ကိုယ်တို့လိုအပ်နေတာကလည်း ပြောဆိုဆက်ဆံရေးပဲလေ။ မင်းသာ အစကတည်းက ဆန္ဒရှိမယ်ဆိုရင် ကိုယ်မင်းကို လေးလေးနက်နက် ရှင်းပြပြီး ပိုချော့ခဲ့မှာပါ။ စိတ်ထဲခဲထားရလို့ နောင်ကျ စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားချင်လာအောင် လုပ်မယ့်အစားပေါ့။ ကိုယ်တို့တွေ အထင်လွဲမှုလေးတစ်ခုကြောင့်နဲ့ တစ်နှစ်ကျော်တောင် ဝေးသွားခဲ့ရတာ မဟုတ်ဘူးလား? အဲ့တော့ နောင်ကျရင် ကိုယ်တို့ဆက်ဆံရေး ပိုပြီးတိုးတက်လာအောင် ကိုယ်တို့ရန်ဖြစ်ကြဖို့လိုတယ်”
စူးထောင် - “...”
ဘာမှားနေလဲဆိုတာ သူမ မပြောနိုင်ပေ။ သို့သော်လည်း နားထောင်ရတာကတော့ အနည်းနှင့်အများ အကျိုးအကြောင်း သင့်လှသည်။
နောက်ဆုံး အဆုံးသတ်လေးကပဲ နည်းနည်းစိတ်ရှုပ်ထွေးစရာ ဖြစ်နေတာပေါ့။
ရှဲ့ကျင် - “အဲ့တော့ အရင်ဆုံး ရန်ဖြစ်ကြရအောင်”
စူးထောင် - “... ဘယ်လိုရန်ဖြစ်မလို့လဲ? ဘာအကြောင်းနဲ့ စကားများမှာလဲ?”
ရှဲ့ကျင် - “ကိုယ်လုပ်ထားတာ မှားတယ်လို့ မင်းထင်တဲ့ ဘယ်ဟာကိုမဆို အကြင်နာမဲ့မဲ့နဲ့ဆူပြီး ဝေဖန်လိုက်။ လိုအပ်ရင် ပါးချလို့ပါရတယ်”
စူးထောင် - “...ငါကတော့ နင်ဘာအမှားမှ လုပ်ထားတယ် မထင်ပါဘူး”
ခဏလောက် တွေဝေနေပြီးနောက်မှာတော့ ရှဲ့ကျင်တစ်ယောက် သူ့ပေါင်သူ ရိုက်လိုက်ကာ တစ်ခုခုကို တွေးမိသွားလေသည်။
“ကိုယ်ထျန်ကျင်းအုပ်စုရဲ့ ဌာနချုပ်ကို ကျင်းချန်ကိုရွေ့ဖို့ စီစဉ်နေတာ။ ဒါမှမဟုတ် ကျင်းယန်ဖျော်ဖြေရေးကို ဝယ်ပြီး အဲ့ဒါကို ပေချန်ကိုရွေ့ဖို့ပေါ့။ ဘယ်အစီအစဉ်ကို မင်းပိုသဘောကျလဲ?”
သူမ၏ ဆန့်ကျင်သောအမြင်ကို သူထောက်ခံပေးနိုင်သည်။ အဲ့တော့ အတိုက်အခံတွေ ဖြစ်လာနိုင်တယ် မဟုတ်ဘူးလား? ရှဲ့ကျင်ကတော့ သူ့အတွေးနှင့်သူ ကျေနပ်ပီတိ ဖြစ်နေပေတော့သည်။
စူးထောင်ကတော့ မတ်မတ်ထိုင်လိုက်ကာ နားမလည်ဟန်ဖြင့် မေးလိုက်သည်။
“ဘာလို့ ကုမ္ပဏီကို ရွေ့မှာလဲ?”
“ဟုတ်တယ်! ဒါမှန်ကန်တဲ့ စိတ်ခံစားချက်ပဲ”
ရှဲ့ကျင်သည် စားပွဲကို ရိုက်ချလိုက်သည်။ သူ့မျက်လုံးများကတော့ တောက်လောင်နေသည်ပင်။ ကြည့်ရတာ သူမျှော်လင့်ချက်လေးကို တွေ့သွားသည့်အလားပေ။
“ဒီလိုမျိုးသာ ဆက်မေးခွန်းထုတ်လိုက်”
စူးထောင်လည်း သူပြောသလို အသက်ကိုပြင်းပြင်းရှုလိုက်ပြီး လေတွေကို မှုတ်ထုတ်လိုက်သည်။
“ငါမေးခွန်းတွေ ထုတ်နေမှာ မဟုတ်ဘူး။ ငါပြောချင်တာက ကုမ္ပဏီကိုရွေ့စရာ အကြောင်းမရှိဘူး။ နှစ်နေရာစလုံးကို ငါသွားလာနိုင်တယ်။ တစ်ခါတစ်လေမှသာ ငါမီတင်တွေအတွက် ပြန်သွားဖို့လိုတာ။ ပြီးတော့ ငါတို့တစ်ယောက်နဲ့တစ်ယောက် ညှိလို့ရတာပဲ။ နင်လည်းပဲ ကုမ္ပဏီမှာ တစ်ချိန်လုံး နေနေဖို့ မလိုဘူးလေ”
တစ်နည်းတစ်ဖုံဖြင့် စကားများတာကတော့ လုံးဝဖြစ်မလာခဲ့ချေ။ ရှဲ့ကျင်တစ်ယောက် အနည်းငယ်တော့ စိတ်ပျက်မိသွားသည်။
အချိန်အကြာကြီး စဉ်းစားပြီးသည့်နောက် သူနောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်တော့သည်။
“မက်မွန်သီးလေး.. အရာအားလုံးကို လိုက်ညှိမနေနဲ့။ မင်းပိုပြီး ဇွတ်တရွတ်နိုင်မှရမယ်။ နှစ်နေရာကို မင်းသွားလိုက်ပြန်လိုက် မလုပ်နိုင်ဘူး။ အဲ့လိုလုပ်ဖို့ကို မင်းကိုယ့်ကို ပြောရမှာ”
စူးထောင်လည်း မျက်တောင်ခတ်လိုက်ပြီး ရုတ်တရက်ကြီး နားလည်သွားတော့သည်။ သူမခေါင်းကိုငြိမ့်လိုက်ကာ
“နင်ဆိုလိုချင်တာကို ငါသိပြီ။ နင်က တစ်ချိန်ချိန်ကျရင် ငါပင်ပန်းလာလို့ ကိုယ့်ကိုယ်ကိုယ် စတေးခံပြီးတော့ နင့်ဆီက ထွက်သွားမှာကို ကြောက်နေတာပဲ.. ဟုတ်တယ်မလား?”
ရှဲ့ကျင်သည် သူမ၏ ဆံပင်လေးများကို သပ်လိုက်ရင်း
“မက်မွန်သီးလေးက အရမ်းဉာဏ်ပြေးတာပဲ”