← Chapters

(extra 1)

Vol. 7 Ch. 73

(extra 1)

Vol. 7 Ch. 73

မနက်ခင်း နေရောင်ခြည်လေး၏ ပထမဆုံး အလင်းတန်းလေးမှာ လိုက်ကာထူထူလေးများမှတစ်ဆင့် စူးထောင်၏ မျက်ဝန်းများဆီသို့ ကျရောက်လာပေတော့သည်။

သူမ၏ မျက်တောင်ရှည်လေးများက ပုတ်ခတ်ပုတ်ခတ်ဖြစ်နေလေသည်။ ထို့နောက် နူးညံ့ချော့မွေ့နေသော ဂွမ်းစောင်ထဲကနေ သူမ၏ လက်မောင်းလေးကို ဆန့်ထုတ်လိုက်တော့သည်။ သူမ အနည်းငယ်တော့ ချမ်းစိမ့်စိမ့်လေး ဖြစ်သွားတာကို ခံစားလိုက်ရသည်။

သူမ ကိုယ်ကိုလှည့်လိုက်တော့ သူမ၏ နှာခေါင်းနှင့် နဖူးလေးမှာ အသားပြည့်ပြည့်နံရံလေးကို သွားတိုက်မိတော့သည်။

ဒီလိုနှင့် သူမ လုံးဝကို နိုးသွားတော့သည်။

သူမ၏ မျက်လုံးများကို ဖွင့်လိုက်တော့ ပန်းရောင်ပန်းပွင့်လေးများနှင့် အဖြူရောင်နံရံကြီးကို တွေ့လိုက်ရပေသည်။ စူးထောင် သူမ၏မျက်လုံးများကို ပွတ်ကြည့်လိုက်တော့ ရုတ်တရက်ကြီး တစ်ခုခုက မှားနေတယ်ဆိုတာကို သတိထားလိုက်မိသည်။

အနီးကပ်သေချာကြည့်လိုက်တော့မှ အဖြူရောင်နံရံကြီးက ရှဲ့ကျင်၏ ရင်ဘတ် ဖြစ်နေခဲ့တော့သည်။ ထို့နောက် ပန်းရောင်ပန်းပွင့်လေးများကလည်း စတော်ဘယ်ရီသီးလေးများ ဖြစ်နေခဲ့ပြန်သည်။

စူးထောင်သည် သူမ၏ မျက်လုံးများကို ဖုံးအုပ်လိုက်ပြီး တိတ်တိတ်လေး သူမ၏ခေါင်းကို လှည့်လိုက်သည်။ ရှဲ့ကျင်ကတော့ မနေ့ညတုံးက အတော်လေး ထင်ရာစိုင်းခဲ့သည်ပင်။ သူမကို အမြင့်ဆုံး အခြေအနေအထိ ဆွဲခေါ်သွားခဲ့ပြီး သူမကို အနည်းငယ် စိတ်ထိန်းမနိုင်သိမ်းမရ ဖြစ်စေခဲ့လေသည်။

ဒီနေ့တော့ သူမ အဲ့ဒါကို အနည်းငယ် ရှက်မိနေတော့သည်။

“ဟင်? နိုးပြီလား?”

ရှဲ့ကျင်၏ ပျင်းတိပျင်းတွဲ အသံတိုးတိုးလေးက သူ့ရင်ဘတ်မှတစ်ဆင့် တုန်ခါလာခဲ့သည်။ သူ့လက်မောင်းနှင့် ခြေတံရှည်ကြီးများက သူမကို သိုင်းဖက်လိုက်ကာ ကိုလာဝက်ဝံလေးတစ်ကောင်အလား သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားပေသည်။

စူးထောင်သည် အနည်းငယ် အသက်ရှုကြပ်သလို ခံစားလာရသဖြင့် သူ့လက်ကို ဆွဲယူလိုက်ကာ ညင်သာစွာ ပြောလိုက်သည်။

“နင် ငါ့ကို အရမ်းကြီး ညှစ်နေတယ်”

ရှဲ့ကျင်သည် သူ့လက်မောင်းအားကို အနည်းငယ် ဖြေလျော့ပေးလိုက်ကာ သူမ၏ ဆံပင်လေးကို နမ်းရှုံ့လိုက်ပြီး ဆက်အိပ်လိုက်သည်။

စူးထောင်ကတော့ မနက်ခင်းတွင် နိုးလာသည်နှင့် ပြန်မအိပ်တတ်တော့သော လူစားမျိုးဖြစ်သည်။ သူမကတော့ အဲ့မှာပဲ ၁၀ မိနစ်လောက် တိတ်တိတ်ဆိတ်ဆိတ်လေး လှဲလျောင်းနေခဲ့လိုက်သည်။ သို့သော်လည်း သူမ ကြာကြာမနေနိုင်ချေ။

သူမ၏ခေါင်းလေးကို သူ၏ ကြွက်သားအပြည့်နှင့် လက်မောင်းပေါ်မှာ အနားယူထားရတာ သက်တောင့်သက်သာရှိလှသည် ဆိုသော်လည်း သူမ၏ အကျင့်အတိုင်း ထပြီး တစ်ခုခုလုပ်ချင်နေပေသည်။ သူမ လုပ်နေကျအတိုင်း ပြတင်းပေါက် ဘေးနားလေးတွင် ထိုင်တာပဲဖြစ်ဖြစ်ပေါ့။

စူးထောင်တစ်ယောက် ဆက်တိုက်လှုပ်ရှားခဲ့ရလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့တာမို့၊ နောက်ဆုံးတော့ ခန္ဓာကိုယ်၏ တစ်ချို့ဆန်းကြယ်သော နေရာများကို နိုးကြားစေနိုင်ခဲ့ပေသည်။

ရှဲ့ကျင်၏အသံသည် သူမ၏ နားနောက်ကနေ ဖျော့ဖျော့လေး တိုးဝင်လာခဲ့သည်။ သူ့အသက်ရှုသံလေးက သူမ၏ နားသယ်လေးများကို ရိုက်ခတ်နေပေတော့သည်။

“ရှက်လို့ ဆက်ပြီးရှောင်နေဦးမယ်ဆိုလည်း တာဝန်တော့ ယူရမယ်နော်”

စူးထောင်၏ အသက်ရှုသံတောင် ရုတ်တရက်ကြီး ဆွဲတင်သွားတော့သည်။ သူမ၏ ခန္ဓာကိုယ်ကတော့ တောင့်နေပြီး သူမအားပျော့စွာဖြင့်ပဲ ပြန်ပြောလိုက်သည်။

“ဒါဖြင့် ငါ့ကိုလွှတ်ပေးဦး.. ဘာပဲဖြစ်ဖြစ် ငါထတော့မှာ”

“နည်းနည်းလောက် ထပ်အိပ်ပါဦး.. ကိုယ်မလှုပ်တော့ပါဘူး”

စူးထောင်သည် ထိုနေရာမှာပဲ ငြိမ်သက်စွာ လဲလျောင်းနေခဲ့ပြီး တစ်လက်မတောင် မလှုပ်ရဲပေ။ ဒီတိတ်ဆိတ်နေတဲ့ အခိုက်အတန့်လေးကို အခွင့်ကောင်းယူပြီး ဒီနေ့ သူမလုပ်ရမည့် အလုပ်အကြောင်းကို တွေးနေခဲ့လေသည်။

ပြန်အိပ်လို့ မရနိုင်တော့မှန်း သိတာမို့ ရှဲ့ကျင်တစ်ယောက် ပိုပိုပြီး နိုးနိုးကြားကြား ရှိလာတော့သည်။ သို့သော်လည်း သူမကိုတော့ လွှတ်မပေးသေးချေ။ သူ့လက်ချောင်းလေးများက သူမဆံပင်လေးများကို ကစားနေပြီး သူဖြည်းဖြည်းလေး မေးလိုက်သည်။

“မက်မွန်သီးလေး.. ဘာလို့ ရုတ်တရက်ကြီး ကိုယ်နဲ့ပြန်အဆင်ပြေဖို့ သဘောတူလိုက်တာလဲဟင်?”

စူးထောင်၏ စိတ်ထဲတွင်တော့ လုပ်ရမည့်အလုပ်များသာ ပြည့်နှက်နေပြီး သူမ မျက်လုံးကို တိတ်တခိုးလေး မျက်စောင်းထိုးလိုက်လေသည်။ သူမ၏ နူးနူးညံ့ညံ့အသံလေးထဲတွင်တော့ စိတ်မရှည်မှုများ ပါဝင်နေပေသည်။

“နင် ဒီမေးခွန်းကို မနေ့ညတုံးကလည်း ၈ခါလောက် မေးပြီးပြီ။ ငါဘယ်နှခါလောက် ထပ်ဖြေနေရဦးမှာလဲ?”

“မဟုတ်ပါဘူး.. ကိုယ်အများဆုံး ၇ကြိမ်ပဲ မေးတာပါ”

စူးထောင်သည် သူမနှုတ်ခမ်းများကို မနေနိုင်ဘဲ ကိုက်လိုက်မိတော့သည်။ သူမ သူ့ဘက်ကို မျက်နှာလှည့်လိုက်ရင်း အခုမှ နိုးခါစဖြစ်သော သူ၏ နက်ရှိုင်းသော မျက်ဝန်းနက်များကို ငေးကြည့်လိုက်ကာ ပြောလိုက်သည်။

“နင်အဲ့လောက် ခဏခဏမေးနေမှတော့ နင်ကြိုက်တဲ့အဖြေ မရှိသေးလို့ထင်တယ်။ အိုခေ ငါ့ကိုပြော.. နင်ဘယ်လို အဖြေမျိုးကို နားထောင်ချင်တာလဲ.. နင်ပျော်အောင်လို့ ငါအဲ့လိုပြောပေးမယ်လေ”

ရှဲ့ကျင်သည် သူ့ခေါင်းကို ခါရမ်းလိုက်ပြီး

“ကိုယ် မင်းအဖြေကိုပဲ ကြားချင်တာပါ။ မင်းကိုယ့်ကို မနေ့ညတုံးက ၇ခါဖြေပေးပြီးပြီ ဆိုပေမယ့်လည်း အမျိုးအစားက ၃ခုပဲ ရှိတယ်လေ။ ပထမဆုံး အထင်မလွဲခင်တုံးက အရာအားလုံး၊ ဒုတိယက ကိုယ့်ရဲ့ပြောင်းလဲမှုက မင်းကိုပျော်ရွှင်စေတယ်၊ တတိယက မင်း ကိုယ့်ကိုချစ်သေးတယ်”

စူးထောင်သည် သူမ၏ မျက်ခုံးများကို ပင့်လိုက်ရင်း

“အဲ့တော့ ဘာဖြစ်လဲ? အဲ့ဒီအဖြေ၃ခုက မလုံလောက်သေးလို့လား?”

“မလုံလောက်သေးဘူး။ မင်း ကိုယ့်ကို အကြောင်းပြချက် အခု၃၀လောက် ပေးမှရမယ်”

သို့မဟုတ်ပါက သူအမြဲတမ်း စိတ်မလုံမခြုံဖြစ်နေရလိမ့်မည်ပင်။ သူမ အပြောင်းအလဲမြန်ခဲ့ရုံသာ ဖြစ်နေပြီး ရက်ပိုင်းအတွင်း စိတ်ထပ်ပြောင်းသွားမှာကို သူကြောက်နေမိသည်။

စူးထောင်ကတော့ လုံးဝကို ပြောစရာစကားမရှိအောင် ဆွံ့အသွားလေတော့သည်။

“နင် ငါ့ကို အတည်ကြီး အကြောင်းပြချက် အခု၃၀ ပေးစေချင်တာလား? ကောင်းပြီလေ.. စတုတ္ထက ယှဉ်ကြည့်လိုက်ရင် နင်ဘယ်လောက်ထိ ကောင်းတယ်ဆိုတာကို အသိတရားရသွားစေတဲ့ ဟိုလူဖျင်းကောင် ကျေးဇူးပေါ့”

ရှဲ့ကျင်သည် သူ့လက်ညိုးလေးနှင့် သူမ၏နဖူးကို ဖွဖွလေး တောက်လိုက်သည်။ သူ့မျက်နှာက ခက်ထန်နေသော်လည်း သူ့လေသံကတော့ ခွင့်လွှတ်သည့်ပုံစံပင်။

“မင်း မပြောချင်ဘူးဆိုရင်လည်း မပြောပါနဲ့တော့။ ဘယ်လိုလုပ်ပြီး ကိုယ့်ကို အဲ့လူဖျင်းကောင်နဲ့ ယှဉ်နိုင်ရတာလဲ?”

စူးထောင်သည် သူပါးစပ်ပိတ်သွားအောင် သူ့နှုတ်ခမ်းလေးကိုနမ်းဖို့ ကိုယ်ကို ရှေ့သို့ကိုင်းလိုက်သည်။

ရှဲ့ကျင်၏ မျက်ဝန်းများသည် ထိုအနမ်းကို ဆက်နမ်းဖို့ ကြိုးစားလိုက်သည်နှင့် မှောင်လာပေတော့သည်။ သို့သော်လည်း စူးထောင်က အပြုံးဖွဖွလေးဖြင့် သူ့ကိုရှောင်တိမ်းလိုက်ပြီး ဒီနေ့အစီအစဉ်များအကြောင်း သူ့ကိုပြောပြလိုက်သည်။

“ငါဒီနေ့ ရိုက်ကူးရေးနေရာကို သွားရဦးမယ်။ နောက်ရက်အနည်းငယ်လောက်အထိ ဘာမှမဖြစ်ဘူးဆိုရင်တော့ ငါဒီမှာ နေမယ်လေ”

ရှဲ့ကျင်သည် နှုတ်ခမ်းလေးများက ကျေနပ်သောအပြုံးမျိုး ကော့တက်သွားပြီး သူမ၏ စီစဉ်မှုများကို စိတ်ကျေနပ်နေပေတော့သည်။

“ဒါဆိုရင် ကိုယ် အခု မနက်စာသွားလုပ်လိုက်မယ်နော်”

စူးထောင်ကလည်း ဒီနေရာတွင် ဆက်ပြီး မလှဲနေနိုင်တော့ချေ။ သို့မဟုတ်ပါက သူမတစ်ကိုယ်လုံး စက်ဆုပ်သလို ခံစားနေရပေတော့မည်။

သို့သော်လည်း သူမ ထထိုင်ဖို့ ရုန်းကန်လိုက်သည်နှင့် စူးထောင်တစ်ယောက် နွေးထွေးသော လက်အကြီးကြီးများဖြင့် ခေါင်းအုံးပေါ်သို့ ပြန်ဖိချခံလိုက်ရတော့သည်။

“ဆက်အိပ်နေလိုက်ပါဦး.. ကိုယ် မနက်စာသွားလုပ်လိုက်မယ်”

သူ့ကြည့်ရတာ အသိသာကြီးကို အိပ်ချင်နေသေးပေသည်။ ထို့အပြင် စူးထောင်တစ်ယောက် အိပ်ရာပေါ်က ထသွားမှာကို အတော်လေး မလိုလားနေခြင်းပင်။

“နင်ပင်ပန်းနေရင် ဆက်အိပ်လို့ရတယ်လေ။ ငါမနက်စာသွားပြင်လိုက်မယ်”

စူးထောင်ကတော့ တကယ်ကို ထချင်နေလေပြီ။

ရှဲ့ကျင်ကတော့ တရားနည်းလမ်းတကျဖြင့် ပြန်ငြင်းဆိုလိုက်သည်။

“မဟုတ်ဘူး.. အခုတလော မင်းပဲ မနက်စာရော ညစာရော လုပ်နေရတာလေ။ မင်းဒီဘဝကြီးကို ငြီးငွေ့သွားရင် ဘယ်လိုလုပ်ကြမလဲ? မင်းကိုယ့်ကို ငြိုငြင်သွားမှာကို ကိုယ်ခွင့်ပြုမပေးနိုင်ဘူး။ အခုကစပြီး ကိုယ်မနက်စာကို တာဝန်ယူမယ်။ ပြီးတော့ နောက်လကျရင် လက်ထပ်ကြရအောင်နော်.. ဟုတ်ပြီလား?”

စူးထောင် - “...”

သူမ မှတ်မိတာသာ မှန်မယ်ဆိုရင် အခုက လတောင်ကုန်တော့မယ်လေ။

သူတို့တွေ နောက်လမင်္ဂလာပွဲအတွက် ဟိုတယ်ကို ဘိုကင်တောင် ယူနိုင်လိမ့်မည် မဟုတ်ချေ။

သူဘာလို့ မင်္ဂလာဆောင်ကို တအားလောနေရတာလဲ?

ထင်ထားသည့်အတိုင်းပင် ပြဿနာဆိုးတစ်ခုကို အဲ့ထက်ပိုဆိုးတဲ့ ပြဿနာတစ်ခုနဲ့ ဖြေရှင်းနိုင်တာပဲလေ။

စူးထောင်သည် လက်ထပ်ဖို့အကြောင်းအရာကို လစ်လျူရှုလိုက်ပြီး သူ့အရင် အကြံပြုချက်ကို သဘောတူလိုက်သည်။

“အိုခေ.. နင်မနက်စာသွားလုပ်လိုက်။ ငါနည်းနည်းလောက် ဆက်အိပ်လိုက်မယ်”

မနက်စာစားပြီးတော့ စူးထောင်ဆီ တုံမင်ရွှမ်းထံမှ ဖုန်းဝင်လာခဲ့သည်။

သူတစ်ညလုံး မအိပ်ဘဲ သူ့ကောင်မလေး ချင်ချင်နဲ့ ဆွေးနွေးခဲ့သည်က သူတို့တွေ ဆက်ဆံရေးကို ဖွင့်ချပြမည်ဟူ၍ပင်။

စူးထောင်သည် ဖုန်းကတစ်ဆင့်ပဲ သူ့ထောက်ခံအားပေးမှုကို ဖော်ပြလိုက်ပြီး၊ သူမအရာအားလုံးကို သေချာ မကိုင်တွယ်ရသေးခင်အထိတော့ Weibo ပေါ်တွင် မတင်သေးဖို့ ပြောလိုက်သည်။

စူးထောင်သည် ရိုက်ကူးရေးနေရာသို့ မောင်းသွားလိုက်ပြီး တုံမင်ရွှမ်း ဒရမ်မာ၏ ထုတ်လုပ်သူ ကျန်းပိုင်ကို သွားရှာလိုက်သည်။ သူမသည် ကျန်းရှု၏ တစ်ဦးတည်းသော အမျိုးသမီး ထုတ်လုပ်သူဖြစ်ပြီး အတော်ကို လုပ်နိုင်စွမ်းရှိလေသည်။

သူမသည် ကျန်းပိုင်နှင့် ကိုယ်ရေးကိုယ်တာအရ သိပ်မရင်းနှီးသော်လည်း သူမက လူကောင်းတစ်ယောက်ဆိုတာကိုတော့ သိပေသည်။ စူးထောင်သည် သူမ၏ Weibo ကိုမွှေနောက်ကြည့်ရသလောက် သူမသည် နှုတ်ခမ်းနီ စုဆောင်းရတာကို အတော်လေး ကြိုက်နှစ်သက်ပေသည်။

သူမ၏ social meida များကို ရှာဖွေကြည့်ပြီးသည့်နောက် သူမကြိုက်နှစ်သက်သည်များကို ရှာတွေ့ခဲ့တော့သည်။ ထို့အပြင် စူးထောင်မှာလည်း သူမအကြိုက်ဆုံးဘရန်းမှ အသစ်ထွက်သည့် အကန့်အသတ်နှင့်ရောင်းသောထုတ်ကုန်ကို ဝယ်ပေးနိုင်မည့် သူငယ်ချင်းတစ်ယောက် ရှိနေပေသည်။

သေချာတာပေါ့.. ကျန်းပိုင်တစ်ယောက်လည်း ထိုအထူးတလည် လက်ဆောင်ဗူးကို မြင်သည်နှင့် အတော်ကို ဝမ်းသာပီတိဖြာသွားပြီး လက်ကနေကို မချနိုင်တော့ချေ။

ဒီထိပ်တန်းအေးဂျင့်နှင့် ပတ်သတ်ပြီး သူမ သတင်းများကြားဖူးထားသော်လည်း တစ်ခါမှ မဆုံခဲ့ဖူးချေ။ အခုတော့ သူမသည် စူးထောင်အား အကြည့်အသစ်များဖြင့် ကြည့်လိုက်သည်။

“ဒီနယ်ပယ်ထဲက လူတွေအားလုံး ပြောကြတာက စူးထောင် အနိုင်မယူနိုင်တဲ့ သူငယ်ချင်းမျိုး မရှိဘူးတဲ့။ အခုတော့ သူတို့ဘာကိုဆိုလိုတယ်ဆိုတာကို ကျွန်မနားလည်သွားပြီ။ မနေ့ညတုံးက ကျွန်မသူငယ်ချင်းရဲ့ သူငယ်ချင်းကို ဒီအကန့်အသတ်ထုတ်ကုန်အကြောင်း မေးနေတာလေ.. ဒီနေ့ကျ ရှင်က ကျွန်မဆီ ယူလာခဲ့တာပဲ။

စူးထောင်သည် ညင်သာစွာ ပြုံးလိုက်ပြီး “ရှင် ကြိုက်တယ်ဆိုလို့ ကျွန်မဝမ်းသာပါတယ်”

ကျန်းပိုင်သည် ရိုက်ကူးရေးတွင် ရေရှည်အလုပ်လုပ်လာသည့်အတွက် တဲ့တိုးဆန်သည့် စရိုက်ရှိပေသည်။ ဒီလိုနှင့် သူမသည် လိုရင်းကိုသာ ပြောလိုက်တော့သည်။

“ရှင် တုံမင်ရွှမ်းအကြောင်း ပြောဖို့လာတယ်ဆိုတာ ကျွန်မသိပါတယ်။ သူဓာတ်ပုံရိုက်ခံထားရတာတွေကို ကျွန်မတွေ့တယ်။ သူ့လက်ရှိရည်းစားကို ချပြမယ်ဆိုတဲ့ သတင်းလည်း ကြားထားသေးတယ်။ ရှင်တကယ်ပဲ သဘောတူလိုက်တာလား? သူ့စာချုပ်ကို တကယ်ပဲ ရပ်ဆိုင်းချင်တာလား?”

စူးထောင်သည် သိပ်မလောဘဲ သူမ၏ခေါင်းကို ခါရမ်းလိုက်ပြီး “သူ့ဇာတ်ကောင်ရဲ့ ပြကွက်တွေကို လျော့ချပစ်ပြီး၊ သူနဲ့ အမျိုးသမီးဇာတ်ကောင်ကြားက CP ကို hype မလုပ်ဖို့ နည်းလမ်းများ ရှိသေးလား? သူ့ကို ရိုးရိုးဒုတိယမင်းသားလိုပဲ လုပ်ပြီးတော့လေ?”

ကျန်းပိုင်တစ်ယောက် တစ်ခဏလောက် ဆွံ့အသွားတော့သည်။ ဒါက စူးထောင်ရဲ့ ရည်ရွယ်ချက်ဖြစ်နေမယ်ဆိုတာကို သူမမမျှော်လင့်ထားခဲ့ချေ။

သူမ တွေးတောလိုက်ကာ မျက်လုံးကို လှည့်လိုက်ပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။ ဒီအကြံက အတော်လေးကို လက်တွေ့ကျတယ်လို့ သူမ ထင်မိပေသည်။

“အစကတည်းက ဒီဒရမ်မာရဲ့ ဒုတိယဇာတ်လိုက်က အဲ့လောက်ဇာတ်ဝင်ခန်း အများကြီးမရှိဘူး။ တုံမင်ရွှမ်းအတွက် အပိုဇာတ်ဝင်ခန်းတွေ ထပ်ထည့်ပေးဖို့ ပြောတာက ဥက္ကဌဝမ်ပဲ။ အဲ့တော့ ကျွန်မတို့ ရိုက်ကူးရေးလည်း စပြီးပြီဆိုတော့ ဇာတ်ညွှန်းရဲ့ မူလပုံစံကို ပြန်သုံးလို့ရတယ်။ အရင်ရိုက်ကူးပြီးသားတွေကလည်း အသုံးမဝင်မှာ မဟုတ်ပါဘူး”

ဒါက စူးထောင်စိတ်ထဲမှာ ရှိနေတာ အတိအကျပါပဲ။ ကျန်းပိုင်ကလည်း ဥက္ကဌဝမ် ဖိအားပေးလို့သာ ဇာတ်ညွှန်းကို ပြောင်းခဲ့ရပေမယ့်၊ နဂိုဇာတ်ညွှန်းကို ပိုကြိုက်တယ်ဆိုတာ သူမသိတယ်လေ။

ထို့အပြင် တုံမင်ရွှမ်းအတွက် အပိုဇာတ်ဝင်ခန်းတွေ ထပ်ထည့်တာကလည်း လူအများကို သိပ်သဘောမခွေ့စေဘူးလေ။ ထို့အပြင် အဲ့လိုလုပ်ချလိုက်မည် ဆိုပါကလည်း လူအများပြောစရာတွေ ဖြစ်လာလိမ့်မည်ပင်။

ဒါကြောင့်လည်း စူးထောင်က ထုတ်လုပ်သူ၏ဒေါသကို ဖြေလျော့ဖို့အတွက်နှင့် ဒီကိစ္စကို ကောင်းကောင်းဆွေးနွေးနိုင်ဖို့အတွက် လက်ဆောင်ကို အသုံးပြုခဲ့ခြင်းပင်။

ကြည့်ရတာတော့ ကျန်းပိုင်ရဲ့အကြိုက်တွေကို လိုက်လေ့လာလိုက်တာက အကျိုးတော့မယုတ်ဘူးပဲ။ ကိစ္စတွေက သူမ ထင်ထားတာထက်ကိုပိုပြီး အဆင်ပြေချောမွေ့နေခဲ့လေသည်။

“အိုး ဟုတ်သားပဲ စူးထောင်”

ကျန်းပိုင်သည် နောက်ဇာတ်ညွှန်းတစ်ခုကို ထုတ်လိုက်ပြီး စူးထောင်ထံ ကမ်းပေးလိုက်သည်။

“ဒါက ကျွန်မ ပြင်ဆင်နေတဲ့ နောက်ပရောဂျက်ပဲ။ ဒုတိယနှစ်ဝက်အတွက်တော့ ဒါကျွန်မရဲ့ အကြီးမားဆုံး ဦးစားပေးမှုပဲ။ ကျွန်မ ကျန်းချီနဲ့ပတ်သတ်ပြီး အနည်းငယ် အကောင်းမြင်နေတယ်။ ကျွန်မရဲ့ အမျိုးသားဇာတ်လိုက်အတွက် သူက အပြီးပြည့်စုံဆုံး ဖြစ်လိမ့်မယ်ထင်တယ်။ တစ်ချက်လောက်ကြည့်ပြီး ရှင်ဘယ်လိုထင်လဲဆိုတာကို ကျွန်မကို ပြန်ပြောပေးပါ”

မမျှော်လင့်ထားစွာပဲ ဒီလို ပျော်စရာ အံ့အားသင့်စရာက ရှိနေခဲ့ပေသည်။

စူးထောင်သည် ဇာတ်ညွှန်းကို လှန်ဖတ်လိုက်ပြီး၊ စာမျက်နှာ အနည်းငယ်လောက်ကို အာရုံစူးစိုက်ကာ ဖတ်ကြည့်လိုက်သည်။ ထို့အပြင် ဇာတ်ကြောင်းကိုကြည့်ရတာ အတော်လေးကို ရင်းနှီးနေပေသည်။ သူမသည် ကျန်းပိုင်ကို ကြည့်လိုက်ပြီး

“ဒါ အွန်လိုင်းဝတ္ထုကနေ ပြန်ယူထားတာလား?”

ကျန်းပိုင်သည် ပြုံးကာ ပြောလိုက်သည်။

“ဟုတ်တယ်။ ကျွန်မ အခုပဲ ဒီ IP ကိုရလာခဲ့တာ။ ရှင်လည်း ဖတ်ပြီးသွားပြီလား?”

စူးထောင်သည် ခေါင်းငြိမ့်ပြလိုက်သည်။ ကျယ်ရှားလွီ၏ လွှမ်းမိုးမှုကြောင့် သူမဒီဝတ္ထုကို တက္ကသိုလ်တက်နေစဉ်တုံးက ဖတ်ခဲ့ဖူးလေသည်။ ထိုအချိန်တုံးကဆို သူတို့အဆောင်က ကောင်မလေး ၆ယောက်လုံးက ဒီဝတ္ထုကို စွဲလမ်းနေခဲ့ကြသည်ပင်။

အထူးသဖြင့် သူမတူအောင် ဆွဲဆောင်မှုရှိလှသည့် အမျိုးသားဇာတ်လိုက်ကို ဖြစ်ပေသည်။ ဇာတ်ညွှန်းကလည်း ရိုမန့်တစ်ဆန်ပြီး ရယ်စရာကောင်းတာမို့ အတော်လေး ကောင်းမွန်ပေသည်။

ဒီအမျိုးသားဇာတ်ကောင်၏ ဆယ်ပုံတစ်ပုံလောက်ကိုပဲ သရုပ်ဆောင်ပြမည်ဆိုရင်တောင် မြောက်များစွာသော မိန်းကလေးငယ်လေးများ၏ အသည်းနှလုံးကို သေချာပေါက် ဖမ်းစားနိုင်လိမ့်မည်ဟု ထိုအချိန်တုံးက သူမတွေးခဲ့မိသေးသည်။

ကျန်းချီ... တကယ်ကို ပြီးပြည့်စုံချက်ပဲ။

ထို့အပြင် စူးထောင်၏ သုံးသပ်ချက်အရ ဒီဒရမ်မာသည် သူတို့မူရင်းဝတ္ထုကို အရမ်းကြီး မပြုပြင်မပြောင်းလဲဘဲ ရိုက်ကူးမည်ဆိုလျှင် သေချာပေါက်ကို ဝက်ဝက်ကွဲ အောင်မြင်လိမ့်မှာပင်။

ကျန်းပိုင်မှ ဆက်ပြောလိုက်သည်။

“ဒီဒရမ်မာကို နောက်ထပ် တာဝန်ယူပေးမယ့်သူ ရှိသေးတယ်။ မနှစ်တုံးက ရေပန်းစားသွားတဲ့ ဒရမ်မာရဲ့ ဒါရိုက်တာ ချန်တုံတုံကို ကျွန်မဖိတ်ခေါ်ထားတယ်။ ကျွန်မထပ်ပြောစရာ မလိုလောက်အောင် သူ့ထုတ်လုပ်ရေးတွေရဲ့ အရည်အသွေးကို ရှင်သိမှာပါ”

ချန်တုံတုံ၏ ညွှန်ကြားချက်နဲ့သာဆိုရင် ဒါက တကယ်ကို အာမခံထားလို့ရတဲ့ ဂန္တဝင်လက်ရာတစ်ခု ဖြစ်လာမှာပဲ။

စူးထောင်ကတော့ အခု မစိုးရိမ်တော့ရုံတင်မကဘဲ ပြင်းပြသောဆန္ဒတစ်ချို့ပါ ရှိလာလေတော့သည်။

“ရင်းနှီးမြှုပ်နှံမှုအကြောင်း စပြောနေပြီလား?”

ဒီအကြောင်းကို အစဖော်လိုက်သည်နှင့် ကျန်းပိုင်တစ်ယောက် သက်ပြင်းချလိုက်လေတော့သည်။

“အခုထိ ပြောနေတုံးပါပဲ။ ကျွန်မတို့ရဲ့ အမှုဆောင်ထုတ်လုပ်သူရှုက ဒဲ့တိုးသမားဖြစ်ပြီးတော့ အခုချိန်ထိ မူရင်းဟာကို မဖတ်ရသေးဘူးလေ။ ကျွန်မရဲ့ ပရောဂျက်ကို တစ်ခြားသာမာန်ဟာတွေလိုပဲ ဆက်ဆံနေတာ။ စောင့်နေတုံးပါပဲ။ သူသာ ကျွန်မကို ရင်းနှီးမြှုပ်နှံမှုအကြောင်း စမပြောဘူးဆိုရင်၊ ကျွန်မ ဒီဒရမ်မာကို ဝက်ဝက်ကွဲဖြစ်အောင် လုပ်ပြီးရင် သူအဲ့တုံးက မျက်လုံးကန်းခဲ့တာပါဆိုတာကို ကျွန်မကို ဝန်ခံရလိမ့်မယ်”

စူးထောင်သည် သူမရင်ထဲက ဂနာမငြိမ်ဖြစ်နေသော ခံစားချက်များကို ဖိနှိပ်ထားလိုက်ကာ သူမ၏ မျက်ဝန်းဝိုင်းဝိုင်းလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ရင်း မေးလိုက်သည်။

“ရှင့်ရဲ့ ဘက်ဂျက်က ဘာလဲ?”

ကျန်းပိုင် - “ကျွန်မဌားထားတဲ့ အသင်းက အကောင်းတကာ့ အကောင်းဆုံးတွေချည်းပဲ။ ဇာတ်ဝင်ပစ္စည်းအသုံးအဆောင်တွေရော၊ ရိုက်ကူးရေး နေရာတွေရော၊ ဝတ်စုံတွေရောပေါ့။ သရုပ်ဆောင်ကြေးတွေ အပါအဝင်ဆိုရင် ကျွန်မ ခန့်မှန်းထားရသလောက်တော့ အပိုင်းတစ်ပိုင်းကို ယွမ်၇သိန်းခွဲ လိုအပ်လိမ့်မယ်”

သူမပြောနေတာတွေသည် ယွမ်သောင်းချီရာချီကို ပြောနေတာပင်။

All Chapters