← Chapters

(extra 2)

Vol. 7 Ch. 74

(extra 2)

Vol. 7 Ch. 74

ရုပ်ရှင်ဇာတ်လမ်းတွဲများသည် အပိုင်း၄၀လောက် ဖြစ်သောကြောင့် မူပိုင်ခွင့်အတွက်က ယွမ်သန်း၃၀လောက် ဖြစ်ပေကာ၊ သရုပ်ဆောင်ကြေးတွေက နောက်ထပ်ယွမ်သန်းအနည်းငယ် ဖြစ်ပေလိမ့်မည်။

သူမသာ ကျန်းချီလိုမျိုး အလားအလာရှိတဲ့လူကိုသာ သုံးလိုက်မည်ဆိုလျှင် ကုန်ကျစရိတ်လည်း အရမ်းမြင့်သွားမှာ မဟုတ်သည့်အပြင် အမြတ်ငွေက ၃ဆလောက် ပြန်ရမှာပင်။

စူးထောင်ကလည်း ပုံမှန်အတိုင်း စကားဆက်ပြောလိုက်ပြီး မေးလိုက်သည်။

“လွီလွီက ဒီလိုပရောဂျက်မျိုးအတွက် အရမ်းသင့်တော်မှာပဲ ဟုတ်တယ်မလား? ရှင့်ကြီးကြပ်သူရှုကသာ မစီမံမခန့်ခွဲတာပါ။ ကိုယ့်ဟာကိုယ် ပြောကြည့်ဖို့ကိုရော မစဉ်းစားရသေးဘူးလား?”

ကျန်းပိုင်ကတော့ သက်ပြင်းချလိုက်လေသည်။

“ကျွန်မ ပြောခဲ့ပြီးပါပြီ။ လွီလွီရဲ့ ဥက္ကဌဝူက သူတို့ဒုတိယနှစ်ဝက်အတွက် ပရောဂျက်ပလန်က သတ်မှတ်ပြီးသား ဖြစ်နေပြီတဲ့။ အဲ့တော့ လွယ်လွယ်လေး ပြောင်းလို့ရတော့မှာ မဟုတ်ဘူး။ ကျွန်မ ခန့်မှန်းတာတော့ သူတို့က ကုမ္ပဏီကြီးဖြစ်တာမို့ လုပ်ရိုးလုပ်စဉ်တွေ၊ သတ်မှတ်ထားပြီးသားတွေက ပြန်ပြောင်းဖို့ အတော်လေး အခက်အခဲရှိနေတာပဲ”

သူမအကြပ်ရိုက်နေတာကို ကြည့်ပြီး စူးထောင်သည် သူမရင်ထဲက အပျော်တွေကို ချုပ်ထိန်းလိုက်ရင်း မှတ်စုစာအုပ်ကို ထုတ်ကာ စာရွက်အလွတ်တစ်ခုကို ဖြဲလိုက်သည်။ ထို့နောက် ဖုန်းနံပါတ်တစ်ခုကို ချရေးလိုက်ပြီး သူမထံ ကမ်းပေးလိုက်လေသည်။

“ဒါရှဲ့ကျင်ရဲ့ ဖုန်းနံပါတ်ပါ။ ရှင် သူနဲ့တိုက်ရိုက်စကားပြောလို့ ရတယ်”

စူးထောင်လည်း ရှဲ့ကျင်က ချိန်းဆိုမှုပြုလုပ်ရန် မလွယ်ကူဘူးဆိုတာကို သိလေသည်။ ထို့ကြောင့် ကျန်းပိုင်အား သူ့ဖုန်းနံပါတ်ကိုသာ တိုက်ရိုက်ပေးလိုက်ခြင်းပင်။ ဒီဒရမ်မာက ပိုက်ဆံအများကြီးရှာနိုင်မယ်ဆိုတာ စူးထောင်ယုံကြည်လေသည်။ အပြင်လူတွေ အခွင့်အရေး ဝင်မယူခင် သူမကြားထဲကနေ တံတားဖြတ်ထိုးထားရမည်လေ။

စာရွက်ပေါ်က နံပါတ်ကိုကြည့်ရင်း ကျန်းပိုင်တစ်ယောက် စက္ကန့်အနည်းငယ်လောက် တွေဝေသွားခဲ့သည်။ သူမ အသိစိတ်ပြန်ဝင်လာချိန်မှာတော့ စိတ်လှုပ်ရှားလွန်းနေ၍ ဘာပြောရမှန်းမသိ ဖြစ်နေပေတော့သည်။ သူမသည် အသက် ၃၀ ထဲမှာဆိုသော်လည်း ခုန်ပေါက်နေရင်း ပြောလိုက်လေသည်။

“ကြည့်စမ်းပါဦး.. ကျွန်မ ရှင်နဲ့ဒီလောက် စကားအကြာကြီးပြောနေတာတောင် အဲ့ဒါကို မတွေးမိလိုက်ဘူး။ ရှင်က ထျန်းကျင်ကတော်ပဲကို”

ထျန်းကျင်ကတော် ဆိုသည့်စကားများ ထွက်လာသည်နှင့် စူးထောင်ကတော့ ချက်ချင်းပဲ မျက်နှာတွေ နီရဲသွားပေတော့သည်။ စကားအနည်းငယ်လောက် ဆက်ပြောပြီးနောက်မှာတော့ သူမအလျင်အမြန်ပဲ ပြန်လာခဲ့လိုက်သည်။

ထို့နောက် တုံမင်ရွှမ်းကို ရှာရန် ဟိုတယ်သို့ သွားလေသည်။

ဒီအသက်မွေးဝမ်းကြောင်းကြီးတစ်ခုလုံး ရေနစ်သွားမလား ဆက်ပြီးရပ်တည်နိုင်ဦးမှာလား မသေချာနေသော တုံမင်ရွှမ်းတစ်ယောက်ကတော့ ဒီဒရမ်မာတွင် သူဆက်ပြီး သရုပ်ဆောင်နိုင်သေးသည်ဆိုသောကြောင့် ဝမ်းသာမျက်ရည်ပါ ကျလာလေတော့သည်။

ဒီလို ခက်ခဲသည့်လမ်းကြောင်းကို သူရွေးချယ်ပြီးမှတော့ သေချာပေါက်ကို သူလုပ်နိုင်တာမှန်သမျှ အကုန်လုပ်ပြီး နောက်ထပ် အထွတ်အထိပ်တစ်ခုကို ထပ်ရောက်အောင် ကြိုးစားမည်ဟု သူစူးထောင်ကို ကတိပေးလိုက်သည်။

ထို့နောက် စူးထောင်၏ ညွှန်ပြမှုအတိုင်း တုံမင်ရွှမ်းသည် သူ့အချစ်ရေးသတင်းကို ကြေငြာခဲ့လေတော့သည်။

PR နှင့် နည်းပညာပိုင်းဌာနများက အဆင်သင့်လုပ်ထားတာကြောင့် စူးထောင်သည် သူနှင့်ချင်ချင်တို့ ဘာမကောင်းသတင်းမှ မရစေရန် မှတ်ချက်များကို ထိန်းချုပ်ခဲ့လေသည်။

နောက်ဆုံးတော့ ပြဿနာလည်း အခြေကျသွားပြီး ဆုံးခန်းတိုင်သွားတော့သည်။ ဒီလိုနှင့် စူးထောင်တစ်ယောက် ငါးဝယ်လိုက်ကာ စိတ်လက်ပေါ့ပါးစွာဖြင့် အိမ်ပြန်လာခဲ့ပေသည်။

နေ့တိုင်း ငါးစားနေရတာမို့ သူငြီးငွေ့နေလောက်မလားဆိုတာကိုတော့ သူမတွေးမိလေသည်။

ရှဲ့ကျင်လည်း အိမ်ပြန်ရောက်သည်နှင့် ငါးဟင်းနံ့စပ်စပ်လေးကို အနံ့ရလိုက်သောကြောင့် မီးဖိုချောင်ထဲသို့ ခပ်မြန်မြန်ဝင်သွားလိုက်သည်။ နူးညံ့သော သူ့မက်မွန်သီးလေးကို အနောက်ကနေ သိုင်းဖက်လိုက်ပြီး သူမ၏ပါးလေးကို နှစ်ခါနမ်းလိုက်သည်။ သူ့ခေါင်းအား သူမလည်တိုင်ကြားတွင် နှစ်မြှုပ်ထားပြီး မလွှတ်ပေးချင် ဖြစ်နေပေတော့သည်။

စူးထောင်က မီးဖိုနားက ထွက်သွားဖို့ ပြင်လိုက်သော်လည်း သူက သူမကို အတော်လေးမှီခိုထားသည်ဖြစ်၍ သူမအလုပ်မလုပ်နိုင်တော့ပေ။ ဒီလိုနှင့် သူ့ကို ညင်ညင်သာသာလေး တွန်းလိုက်ကာ “အရင်ဆုံး လက်သွားဆေးလိုက်”

ရှဲ့ကျင်လည်း ရွေးချယ်စရာ မရှိဘဲ သူမကို လွှတ်ပေးလိုက်ရကာ စကားနားထောင်စွာဖြင့် လက်သွားဆေးလိုက်လေသည်။ ထို့နောက် ထမင်းခူးဖို့ ပြင်လိုက်ကာ သူမငါးဟင်းပန်းကန် ယူလာနေတာကို စူးစူးစိုက်စိုက် ကြည့်နေတော့သည်။

“ငါးဟင်း နေ့တိုင်းစားနေရတာ နင်မငြီးငွေ့ဘူးလား?”

သူပျော်ပျော်ရွှင်ရွှင်ပဲ စားနေတာကိုကြည့်ပြီး စူးထောင်လည်း မနေနိုင်တော့ဘဲ မေးလိုက်တော့သည်။

အစားကိုသာ အာရုံရောက်နေသော ရှဲ့ကျင်ကတော့ သူမကို မော့ကြည့်ပြီး မေးလိုက်လေသည်။

“ငြီးငွေ့တယ်? ဘယ်သူက ငြီးငွေ့လို့လဲ?”

ရှဲ့ကျင်လည်း အခုချိန်တွင် ‘ငြီးငွေ့သည်’ ဟူသည့်စကား ကြားရသည်ကို သည်းမခံနိုင်ချေ။ တစ်နေ့နေ့ သူ့မက်မွန်သီးလေးက သူ့ကိုငြီးငွေ့လာပြီး သူ့ကြောင့်စိတ်ပင်ပန်းတယ်လို့ တွေးမိလာမှာကို သူနေ့တိုင်း ကြောက်ရွှံ့နေသည်မို့ပင်။

“ငါပြောချင်တာက.. နောက်နေ့တွေကျရင် ငါတို့အသစ်တစ်မျိုး စားလို့ရတယ်လို့”

စူးထောင်ကလည်း ပြန်ရှင်းပြပေးလိုက်သည်။

ရှဲ့ကျင်ကလည်း အနိုင်မခံသည့်သဘောဖြင့် “ကောင်းပြီလေ.. ကိုယ်မင်းအတွက် စတိတ်အိုးကပ်ကြော်ပေးနိုင်တာပဲ”

စူးထောင် - “... ဒါဖြင့် ငါးဟင်းပဲ ဆက်စားကြရအောင်ပါ”

ခဏနေတော့ ထမင်းတစ်ပန်းကန် ကုန်သွားသဖြင့် နောက်တစ်ပန်းကန် ထပ်ထည့်ဖို့ သူထသွားလေသည်။ စူးထောင်လည်း လက်ကိုဆန့်ထုတ်လိုက်ပြီး သူ့ပါးလေးကို ညှစ်လိုက်သည်။ သူ့ကြည့်ရတာ ပိန်ပိန်ပါးပါးရှိပုံပေါ်သော်လည်း အနည်းငယ် အရိုးခြောက်ကပ်ဖြစ်နေသည်ဟု ခံစားရပေသည်။ ထို့နောက် သူမ၏ ဟင်းချက်စွမ်းရည်ပေါ်တွင် ဘယ်ကနေဘယ်လို ရလာမှန်းမသိတဲ့ ယုံကြည်မှုတွေ တိုးလာခဲ့သည်လေ။

ရှဲ့ကျင်ကတော့ စူးထောင် တွေးနေတာကို ထိုးဖောက်မြင်နိုင်နေပုံရသည်။ တမင်သက်သက်ကို စပ်ဖြဲဖြဲအပြုံးဖြင့် ဟိုလိုလိုဒီလိုလို ပြောလိုက်သေးသည်။

“ကိုယ်ညတိုင်း လေ့ကျင့်ခန်းတအားလုပ်တယ်။ ကိုယ်ဝလာမှာ မဟုတ်ဘူး”

စူးထောင် - “...”

အစားကိုသာ စားစမ်းပါ။

စူးထောင်ကို စပြီးသည့်နောက် ရှဲ့ကျင်သည် ခပ်ဖွဖွလေး ၂ကြိမ်ရယ်လိုက်လေသည်။ သူမ၏ ပါးနီနီလေးများကို ကြည့်ရင်း သူ့စိတ်ခံစားချက်မှာ အတော်လေးကို ကောင်းမွန်နေပေသည်။

ထိုစဉ်တွင် စားပွဲပေါ်က သူ့ဖုန်းသံ မြည်လာတော့သည်။

သူနံပါတ်စိမ်းများကို ပြန်ဖြေလေ့ မရှိသော်လည်း အခုက ခံစားချက်ကောင်းနေတာဖြစ်လို့ သူဖုန်းကိုယူလိုက်လေသည်။

တိတ်ဆိတ်နေသော အခန်းထဲတွင် ကြည်လင်ပြတ်သားသော အမျိုးသမီးအသံတစ်ခုကို ဖုန်းထဲကတစ်ဆင့်ပင် ပြတ်ပြတ်သားသား ကြားနေရပေသည်။

ရှဲ့ကျင်သည် ချက်ချင်းပဲ စူးထောင်ကို ကြည့်လိုက်ကာ ရုတ်တရက် ခြောက်ခြားသွားပြီး ဖုန်းကိုချလိုက်လေတော့သည်။ ထို့နောက် သူ့အပြုအမူက အပြစ်လုပ်ထားပုံပေါက်သွားလို့ ဘာလုပ်ရမလဲကို သူ မသိတော့ချေ။

စိတ်ရင်းအမှန်ဖြင့်သာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် သူရှင်းပြနိုင်တော့သည်။

“အမျိုးသမီးတစ်ယောက်က ကိုယ့်ဖုန်းနံပါတ်ကို ဘယ်လိုရသွားတာလဲ မသိဘူး။ ကိုယ် ကျိန်ရဲတယ်... ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ဖုန်းနံပါတ်ကို မိန်းမတစ်ယောက်ဆီ တစ်ခါမှ မပေးခဲ့ဖူးဘူး။ စီးပွားရေးဖုန်းတွေက အကုန်လုံး ကိုယ့်လက်ထောက်ကပဲ စီစဉ်ပေးထားတာ။ လူအနည်းစုပဲ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာနံပါတ်ကို သိတာ...”

သူရှင်းပြလေလေ တစ်ခုခုမှားလေလေဆိုတာကို သူခံစားလာရသည်။

လူအနည်းစုသာ သူ့နံပါတ်ကို သိတယ်ဆိုရင် ဘာလို့ မိန်းမတစ်ယောက်ဆီက ဖုန်းက ရုတ်တရက်ကြီး ဝင်လာရတာလဲ?

အဲ့လိုကမှ သူအဲ့မိန်းမနဲ့ တစ်ခုခုရှိနေတယ်ဆိုတာကို ပိုပြီးသက်သေပြသလို ဖြစ်မသွားဘူးလား?

ပျာယာခတ်နေတုံးမှာပဲ ရှဲ့ကျင်သည် သူ့မူလပုံစံကိုပြန်ရအောင် ကြိုးစားလိုက်ပြီး၊ ထိုအမျိုးသမီးကို ဖုန်းပြန်ခေါ်မည့်ပုံစံ ဟန်ဆောင်လိုက်လေသည်။

“အခု ကိုယ်နည်းနည်း ပေါက်ကွဲလွယ်သွားတယ်။ ကိုယ်သူ့ကို ပြန်ခေါ်ပြီး ရှင်းရှင်းလင်းလင်း မေးကြည့်လိုက်မယ်။ ဖြစ်နိုင်တာကတော့ တစ်ယောက်ယောက်က ကိုယ့်နံပါတ်ကို သတင်းပေါက်ကြားလိုက်တာပဲ”

သူ၏ ပျာယာခတ်နေပုံလေးကိုပဲ ကျန်းယွီကတော့ ထိုင်ကြည့်နေပေသည်။ ဖုန်းထဲကအသံက ကျန်းပိုင်ဆိုတာကိုသာ သူမ မမှတ်မိဘူးဆိုလျှင် သူမကို သူတကယ်ကြီး တစ်ခုခုဖုံးကွယ်ထားတာလို့တောင် သူမယုံမိလုနီးပါး ဖြစ်သွားပေလိမ့်မည်။

စူးထောင် - “အမ်း.. ပြန်ခေါ်ဖို့မလိုပါဘူး။ နင့်နံပါတ်ကို ပေးလိုက်တာ ငါလေ”

ရှဲ့ကျင် - “?”

စူးထောင်သည် စိတ်ရှည်လက်ရှည် ရှင်းပြလိုက်ပြီး တောင်းပန်လိုက်သည်။

“ကောင်းနံပါတ်ရဲ့ ကျန်းပိုင်မှာ အတော်လေးကောင်းတဲ့ ပရောဂျက်တစ်ခုရှိတယ်။ ဖြစ်ချင်တော့ ရင်းနှီးမြှုပ်နှံသူကို ရှာလို့မတွေ့သေးဘူးလေ။ အဲ့ဒါကြောင့် ငါ နင့်ဖုန်းနံပါတ်ကို တိုက်ရိုက်ပေးလိုက်တာ။ နင့်ကိုယ်ရေးကိုယ်တာ ဖုန်းနံပါတ် ပေါက်ကြားသွားတာကို မလိုချင်လောက်ဘူးဆိုတာကို ငါ မတွေးခဲ့မိဘူး။ ဒါငါ့ဘက်က သေချာမစဉ်းစားမိသွားတာပါ။ ငါ သူ့ကိုဖုန်းခေါ်ပြီး အဲ့လိုမလုပ်တော့ဖို့ ပြောလိုက်ပါမယ်။ နင် ဒီပရောဂျက်အကြောင်းကို ငါ့ဖုန်းကနေပဲ သူနဲ့ပြောပေါ့”

ရှဲ့ကျင် - “…”

ရှဲ့ကျင်တစ်ယောက် အသက်ကို အရှည်ကြီး ရှုထုတ်လိုက်ကာ၊ သူ့နဖူးပေါ်က ချွေးစေးများကို သုတ်လိုက်လေသည်။ သူ့နှလုံးခုန်သံများလည်း နောက်ဆုံးတော့ ပုံမှန်ပြန်ဖြစ်သွားခဲ့လေပြီ။

“အဲ့တော့ ကိုယ့်ဖုန်းနံပါတ်ကို ပေးလိုက်တာမင်းပေါ့။ မင်းပေးလိုက်တယ်ဆိုမှတော့ အဆင်ပြေပါတယ်။ ကိုယ့်နံပါတ်ကို မင်းပေးချင်တဲ့ ဘယ်သူ့ကိုမဆို ပေးနိုင်ပါတယ်”

“နောက်တစ်ခါကျရင်တော့ ငါ နင့်ဆီက ခွင့်ပြုချက်ကို အရင်တောင်းပါမယ်”

စူးထောင်ကတော့ စိတ်ထဲ အပြစ်ရှိသလို ခံစားနေရဆဲပင်။ သူမ ကိစ္စတွေကို ပိုပြီးအကျိုးအကြောင်းသင့်သင့် စဉ်းစားသင့်ပြီလေ။

ရှဲ့ကျင်ကတော့ သူတော်ကောင်းတစ်ယောက်လို ပြောလိုက်ပြီး၊ သူမ၏ တွေးပုံတွေးနည်းကို ပြင်ပေးလိုက်လေသည်။

“မက်မွန်သီးလေး.. အခုကစပြီး မင်းအသိတရားကို ပိုတိုးမြင့်မှရတော့မယ်။ ကိုယ့်ရဲ့အရာအားလုံးကို မင်းဆန္ဒရှိသလို ပြုလုပ်နိုင်တယ်။ မင်းပေးချင်တာမှန်သမျှကိုလည်း ပေးနိုင်တယ်… ကိုယ်ကလွဲပြီးတော့ပေါ့”

စူးထောင်သည် ရှဲ့ကျင်တစ်ယောက် ထိုစကားများကို မျက်နှာထားတည်တည်ကြီးနှင့် ပြောနေတာကို ကြည့်နေရင်း အကျယ်ကြီး ထမရယ်ဘဲ မနေနိုင်တော့ချေ။ သူမသည် လက်ကိုဆန့်ထုတ်လိုက်ကာ သူ့ပါးလေးတွေကို ညှစ်ရင်း လှုပ်ခါလိုက်ပြီး

“ဘာလို့အဲ့လောက်တောင် ချစ်ဖို့ကောင်းနေရတာလဲ?”

ရှဲ့ကျင်၏ ပါးနုနုလေးတွေကတော့ အညှစ်ခံလိုက်ရဦ အနည်းငယ် အနီရောင်သမ်းနေပေတော့သည်။ သို့သော်လည်း သူကတော့ သတိမထားမိပေ။ ထိုမျက်နှာထားတည်တည်ကြီးနှင့်သာ ဆက်ပြောလိုက်သည်။

“အလေးအနက်ထား.. ကိုယ် စိတ်ရင်းနဲ့ ပြောနေတာ”

စူးထောင်က ပိုပြီးတောင် ပျော်ရွှင်မြူးထူးစွာ ရယ်မောလိုက်တော့သည်။

“အိုခေ.. ပြောစကားနားထောင်ပါ့မယ်နော်”

ရှဲ့ကျင်သည် သူ့နှုတ်ခမ်းလေးကို မဲ့ပြုံးလေး ပြုံးလိုက်ရင်း သူမ၏ လက်နုနုလေးများကို သူ့မျက်နှာပေါ် တင်လိုက်ပြီး ကိုင်ထားလေသည်။

“ဒါဖြင့် သူ့ကိုဖုန်းခေါ်လိုက်လေ။ မင်းအကြံပြုတဲ့သူ ဆိုမှတော့ ကိုယ်သူနဲ့ သေချာလေး ဆွေးနွေးပေးပါမယ်”

စူးထောင်လည်း ကျန်းပိုင်ကို ဖုန်းပြန်ခေါ်လိုက်သည်။ သူမဖုန်းကိုင်သည်နှင့် စူးထောင်သည် တမင်သက်သက် စပီကာကို ဖွင့်လိုက်လေသည်။

အခြေအနေကို ရှင်းပြပြီးသည့်နောက် ကျန်းပိုင်သည် ပရောဂျက်၏ အသေးစိတ်အကြောင်းကို ရှဲ့ကျင်အား ပို့လိုက်မည်ဟု ပြောပေသည်။

စူးထောင်ကတော့ ချက်ချင်းပဲ ဧည့်ခန်းထဲကိုသွား၍ သူမ လပ်တော့ကို သွားယူလိုက်ပြီး၊ email ထဲကိုဝင်ကာ သူမ၏ email ကိုသာ ပို့ပေးရန် ကျန်းပိုင်ကို ပြောလိုက်သည်။

ထို့နောက် ဧည့်ခန်းဆိုဖာပေါ်အထိ လိုက်လာသော ရှဲ့ကျင်အား အသာလေးကြည့်လိုက်ပြီး သူနှင့်အတူတူ ထိုင်လိုက်တော့သည်။

မက်မွန်သီးလေးတစ်ယောက် ဒီလောက်တက်ကြွနေတာကို မြင်နေရတာမို့ သူလည်း ဒီပရောဂျက်၏ အသေးစိတ်ကို သေချာလေး ကြည့်လိုက်လေသည်။

အသေးစိတ် ခွဲခြမ်းစိတ်ဖြာမှုထဲတွင်တော့ အွန်လိုင်းပုံမှန်လစဉ်ကြေးဒေတာ၊ ထုတ်ဝေမည့်စာအုပ်အတွက် အရောင်းဒေတာ၊ များစွာသောစျေးကွက်များကို ရှာဖွေထားသောရလဒ်များ ပါဝင်ပေသည်။

ရှဲ့ကျင်လို စီးပွါးရေးသမားတစ်ယောက် အမြင်အရတော့ ဒီလိုဒေတာခွဲခြမ်းစိပ်ဖြာမှုမျိုးက လျှမ်းလျှမ်းတောက်မည့် ပရောဂျက်မျိုးအတွက် လိုအပ်သည့် အခြေခံအခြေအနေတွေပင်။

“ငါတို့ဆွေးနွေးလို့ ရပါတယ်။ ငါ့လက်ထောက် ကျင်းချွေ့ဝမ်ကို တိုက်ရိုက်ဆက်သွယ်ပြီးတော့ အသေးစိတ်ဆွေးနွေးဖို့ အချိန်စီစဉ်လိုက်ပါ”

ကျန်းပိုင်၏ စိတ်လှုပ်ရှားနေသော အသံလေး ပေါ်ထွက်လာခဲ့ပေသည်။

“ကောင်းလိုက်တာ..။ ကျေးဇူးအများကြီးတင်ပါတယ် ဘော့စ်ရှဲ့.. ကျေးဇူးအများကြီးတင်ပါတယ်နော် စူးထောင်”

ဖုန်းချပြီးသည့်နောက် ရှဲ့ကျင်သည် စူးထောင်၏ ခေါင်းလေးကို ပွတ်သပ်လိုက်ရင်း ခိုးခိုးခစ်ခစ် အသံလေးဖြင့် စနောက်လိုက်သည်။

“ကိုယ့်မက်မွန်သီးလေးတောင် အရွယ်ရောက်လာပြီပဲ။ သူ့ကိုယ်ပိုင်ကုမ္ပဏီအတွက် ဘယ်လိုပိုက်ဆံရှာရမလဲ ဆိုတာကိုတောင် သိနေပြီ”

စူးထောင်၏ မျက်နှာထားကတော့ ခဏလောက် မလှုပ်မယှက်ဖြစ်သွားပေသည်။ ကျန်းပိုင်ပြောလိုက်သည့် ‘ထျန်းကျင်ကတော်’ ဆိုတာက စိတ်ထဲရောက်လာသဖြင့် အာရုံကြောကို ထိသွားသည့်အတိုင်း သူမမျက်နှာတောင် နီရဲလာတော့သည်။ သူမ ဘာမှမစဉ်းစားမိလိုက်ခင်မှာပဲ နှုတ်ကနေ လွှတ်ခနဲထွက်ချသွားလေသည်။

“ထျန်းကျင်ကတော်ဖြစ်ဖို့ ငါဘယ်တုံးကမှ မတွေးခဲ့ဖူးပါဘူး”

ရှဲ့ကျင်၏ အပြုံးများကတော့ ရပ်တန့်သွားကာ၊ သူ့နှုတ်ခမ်းထောင့်လေးများက ဖြည်းဖြည်းချင်း အောက်ကျလာတော့သည်။ သူ့မျက်လုံးနက်နက်လေးများထဲတွင်လည်း ညှိုးငယ်မှုများ ပေါ်ထွက်လာသလို မျက်ခုံးလေးများကလည်း ကျုံ့သွားတော့သည်။

“မင်းက ထျန်းကျင်ကတော် မဖြစ်ချင်ဘူးဆိုတော့ ကိုယ်နဲ့လက်မထပ်ချင်ဘူးလို့ ဆိုလိုချင်တာလား?”

စူးထောင် လွှတ်ခနဲ ပြောလိုက်မိတာက အဲ့လိုအတိအကျကြီး ပြောချင်တာမဟုတ်ပေ။

သူမ ပြောချင်ခဲ့ရုံက သူမသည် ထျန်းကျင်ကို သူမပိုင်ပစ္စည်းတစ်ခုလို ဘယ်တုံးကမှ မတွေးခဲ့ဖူးတာကိုပင်။ သူများမိသားစုပိုင် အမွေတွေကို ဘယ်တုံးကမှ မမက်မောခဲ့ရုံပေါ့။

သူမငယ်ငယ်လေးထဲက သူမနှင့် ထိုက်တန်တာကိုသာ သူမ လိုချင်ခဲ့ပေသည်။ နည်းနည်းလေးတောင်မှ ပိုပြီးလောဘစိတ် မတက်ခဲ့ပေ။

သို့သော်လည်း ထိုအစွဲကတော့ လွန်ခဲ့တဲ့ ၅နှစ်ကတည်းက ပျောက်ဆုံးသွားခဲ့ရပြီလေ။ သူမ၏အဖေက သူမနှင့် သူမအမေကို မချစ်ခဲ့ပေ။ ထို့ကြောင့် သူမတွင် မိသားပိုင်အမွေအတွက် ဘာအခွင့်မှ ရှိမနေဘူးလေ။ သူမမှာ မျှော်လင့်ချက်တွေ အလွန်အကျွံ ရှိမနေသင့်ဘူး။

ဒီခံစားချက်က သူမရင်ထဲမှာ စွဲမြဲနေအောင် အမြစ်တွယ်နေပြီး၊ သူမဟာသူမ တိုးတက်လာဖို့အတွက် အထောက်အပံ့ပေးခဲ့တာလေ။

ထို့ကြောင့် ‘သူ့ကုမ္ပဏီအတွက် ပိုက်ဆံရှာတယ်’ နှင့် ‘ထျန်းကျင်ကတော်’ ဆိုသည့် စာကြောင်း၂ခုက သူမစိတ်ထဲတွင် အချက်ပေးခေါင်းလောင်းများကို ချက်ချင်းပဲ မြည်လာစေတော့သည်။

သူတစ်ပါးရဲ့ပစ္စည်းဥစ္စာတွေက သူမနှင့် မသက်ဆိုင်ကြောင်း၊ သူတစ်ပါးက ခက်ခက်ခဲခဲ ရုန်းကန်လာခဲ့ရတာကို ပိုင်ဆိုင်ဖို့ သူမမှာ အခွင့်မရှိကြောင်း သူမကို သတိပေးနေခဲ့သည်ပင်။

အရင်းနှီး၊ အနီးကပ်ဆုံး ဆွေမျိုးများနှင့် ချစ်သူတွေနဲ့တောင်မှ အဲ့လိုမတွေးသင့်ဘူးပေါ့။

“ငါ နင့်ကို လက်မထပ်ချင်ဘူးလို့ ပြောတာမဟုတ်ပါဘူး”

ရှဲ့ကျင်တစ်ယောက် အထင်လွဲသွားတာကိုကြည့်ပြီး စူးထောင်တစ်ယောက် အလျင်အမြန် ရှင်းပြလိုက်သည်။

“ငါပြောချင်တာက ငါ နင်နဲ့အတူတူ စရှိကတည်းက ငါနင့်ပိုင်ဆိုင်မှုတွေအကြောင်း မတွေးဖူးဘူးလို့။ အနာဂတ်မှာ ငါတို့လက်ထပ်ကြရင်လည်း ငါတို့တွေ အိမ်ထောင်စုသဘောတူညီချက် အရင်လုပ်လို့ရတယ်လေ။ ငါတို့နှစ်ဖက်စလုံးအတွက် မျှတသွားအောင်ပေါ့”

သူမ ရှင်းပြနေပေမယ့်လည်း ရှဲ့ကျင်၏ မျက်နှာထားကတော့ တင်းမာသထက် တင်းမာလာခဲ့သည်။

All Chapters