(extra 3)
Vol. 7 Ch. 75
သူ့မျက်ဝန်းနက် တောက်တောက်လေးများထဲတွင် အမှုန်အမွှားလေးတစ်ခုတောင် ရှိမနေတော့ဘဲ၊ အက်ကွဲနေသောအသံလေးဖြင့် သူမေးလိုက်သည်။
“အိမ်ထောင်စု သဘောတူညီချက်လား? မင်းက ကိုယ်နဲ့ သီးသန့်ကြီး ခွဲထွက်နေချင်တာလား? အိမ်ထောင်စုသဘောတူညီချက်ဆိုတာ အနာဂတ်မှာ ကွာရှင်းဖို့အတွက် မဟုတ်ဘူးလား? အဲ့ဒါမှ ကိုယ့်ပိုင်ဆိုင်မှုတွေကို လာမထိခိုက်အောင်လို့လေ။ မက်မွန်သီးလေးက တကယ်ကို ကိုယ့်အတွက် တွေးပေးထားတာပဲ။ ကွာရှင်းပြီးရင် ဘာလုပ်ရမယ်ဆိုတာကိုပါ ကြိုစဉ်းစားထားပြီးပြီ”
အက်ကွဲနေသော အသံတိုးတိုးလေးလည်း ရှိုက်တက်လာရင်း၊ ‘ကွာရှင်းတယ်’ ဆိုတဲ့ စကားကို သူဖိပြောလိုက်လေသည်။
“ငါ နင်နဲ့ကွာရှင်းချင်တယ်လို့ ပြောနေတာ မဟုတ်ဘူး”
စူးထောင်လည်း ရင်တုန်ပန်းတုန်ဖြင့် ပြန်ပြောလိုက်လေသည်။ လက်တောင်မထပ်ရသေးတာကို ကွာရှင်းဖို့ ပြောနေကြပြီတဲ့လား။
“ငွေရေးကြေးရေး အရှုပ်အရှင်းတွေကို ဓမ္မဓိဌာန်ကျကျ ခံစားချက်တွေမရောထွေးဘဲ တွေးရုံပါပဲ”
“မက်မွန်သီးလေး… ကိုယ်ပိုင်သမျှအားလုံး.. ကိုယ်ကတောင်မှ.. မင်းပိုင်ဆိုင်ပါတယ်။ ဘယ်လိုလုပ်ပြီး ခံစားချက်တွေ မပါဘဲ အိမ်ထောင်စု သဘောတူညီချက်ကိုလုပ်ဖို့ ကိုယ့်ကိုပြောနိုင်ရတာလဲ? ကိုယ်လက်မခံနိုင်ဘူး”
ပထမဆုံးအကြိမ်အနေဖြင့် ရှဲ့ကျင်တစ်ယောက် စူးထောင်ကိုမစောင့်ဘဲ အပေါ်ထပ်သို့ တက်သွားခဲ့သည်။ မာနအခဲသားဖြင့်သာ ဝမ်းနည်းကြေကွဲနေသော နောက်ကျောကိုပေး၍ ထွက်သွားခဲ့ခြင်းပင်။
စူးထောင် - “…”
ဒီလိုနှင့် သူ့နောက်ကို သူမ ပြေးလိုက်သွားခဲ့တော့သည်။ ရှဲ့ကျင်ကတော့ အိပ်ခန်းအကြီးထဲက တစ်ယောက်ထိုင်ဆိုဖာပေါ်တွင် မှန်နံရံကို မျက်နှာပြုလျှက် ထိုင်နေပေသည်။ အပြင်ဘက်က မီးအလင်းရောင်လေးများကိုကြည့်ရင်း သူ့ပုံပန်းသွင်ပြင်လေးကို ညအမှောင်နှင့် ပေါင်းစပ်နေပေတော့သည်။
စူးထောင်သည် သူမမျက်နှာလေးကို သူ့ကျောပြင်ထက်တွင် ဖိကပ်လိုက်ပြီး သူ့အား နောက်ကနေ ဖွဖွလေး သိုင်းဖက်လိုက်သည်။
“ငါပိုင်ဆိုင်မှုတွေကို ခွဲထားချင်တယ်လို့ရော၊ ကွာရှင်းချင်တယ်လို့ရော ပြောချင်တာမဟုတ်ပါဘူး။ ငါနင့်ကို ငွေရေးကြေးရေးနဲ့ ပတ်သတ်ပြီး မရှုပ်စေချင်လို့ပါ။ ငါဝန်ထုပ်ဝန်ပိုးဖြစ်မိလို့”
“ဒါဆို နောက်လကျရင် လက်ထပ်ကြရအောင်”
ရှဲ့ကျင်သည် သူ့မျက်နှာလေးကို ဘေးတစ်ဖက်စောင်း၍ ပြောလိုက်သည်။ သူမကို လှည့်ကြည့်လိုက်သည်နှင့် သူ့နှုတ်ခမ်းလေးများက သူမ၏ ပါးလေးများကို သွားထိနေလေသည်။
စူးထောင်ကတော့ ကိုယ်ကိုနည်းနည်းမတ်လိုက်ပြီး၊ သိမ်မွေ့စွာပဲ ဆက်ပြောလိုက်သည်။
“ပြဿနာမရှာချင်စမ်းပါနဲ့။ နောက်လကျရင် အချိန်မရှိဘူးလေ။ နောက်နှစ်မှပဲ ပြောကြတာပေါ့”
ရှဲ့ကျင်၏ အကြည့်များမှာ ထပ်မံ၍ မည်းမှောင်သွားတော့သည်။ သူမ လက်ကို တွန်းဖယ်လိုက်ရင်း၊ သူထရပ်လိုက်ကာ ဝမ်းနည်းညိုးငယ်မှုကို သူ့စိတ်ပျက်လက်ပျက် လေသံလေးဖြင့် ဖော်ကြူးပြလိုက်သည်။
“မက်မွန်သီးလေး.. မင်း ကိုယ့်ကို လက်ထပ်ချင်စိတ်ရော ရှိရဲ့လား?”
“အဲ့လိုမဟုတ်ဘူးလေ။ နောက်လက တအားလောလွန်းတယ်။ ပြီးတော့ ဘာလို့အဲ့လောက် အလောတကြီး လက်ထပ်မှာလဲ? အဲ့ဒါက မှတ်ပုံတင်လေးတစ်ခုပဲလေ။ အဲ့ဒါရှိရှိမရှိရှိ ငါတို့ရဲ့ ခံစားချက်တွေကို ထိခိုက်လာစေမှာမှ မဟုတ်တာ”
“ထိခိုက်မှာ”
ရှဲ့ကျင်ကတော့ ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ပြောလိုက်သည်။ သူ့မျက်ဝန်းများကတော့ နီရဲနေတာပင်။
“မင်းနောက်တစ်ကြိမ် ထပ်ပျောက်သွားမှာကို ကိုယ်ကြောက်တယ်။ ကိုယ် မင်းကို ထပ်ပြီး ရှာမတွေ့တော့မှာကို ကိုယ်ကြောက်တယ်…”
သူမ သူ့အား ရင်နာနာဖြင့် ကြည့်နေရင်းမှာပဲ စူးထောင်၏ စကားလုံးများသည် သူမ၏ လည်ပင်းထဲတွင် တစ်ဆို့သွားခဲ့ရသည်။
သူမ ထွက်သွားခဲ့တဲ့နှစ်က သူ့ကိုအတော်ကြီးကြီးမားမား နာကျင်စေခဲ့တာပဲ။ ပြန်ကုစားနိုင်ဖို့အတွက် ခက်ခဲတဲ့ အရိပ်ကြီးတစ်ခုကို သူနဲ့ချန်ထားခဲ့မိတာကိုး..။
သူမ သူ့ကို စိတ်လုံခြုံမှုတော့ ပေးရပေမည်။
သူကရှဲ့ကျင်ပဲလေ.. သူမကို နှလုံးသားတစ်ခုလုံး ပုံအပ်ပြီးချစ်တဲ့ အမျိုးသားကိုး..။ သူမ ငယ်ငယ်က မိသားစုရဲ့ အမျိုးတွေမှ မဟုတ်ဘဲ။
သူမကိုချစ်တဲ့လူတွေကို နာကျင်အောင်လုပ်ဖို့ သူမရဲ့ ငယ်ဘဝကို အသုံးမချသင့်ဘူး။
“ကောင်းပြီ။ အိမ်ထောင်စုသဘောတူညီချက် မလုပ်ကြဘူး။ စိတ်မဆိုးပါနဲ့နော်”
စူးထောင်လည်း သူ့နားကိုလျှောက်သွားလိုက်ပြီး၊ သူ့ကိုအနောက်ကနေ ဖက်လိုက်သည်။ သူမ၏ခေါင်းကို သူ့ကျောလေးပေါ်တွင် မှီထားတာ ဖွဖွလေးဖုံးကွယ်ထားပေသည်။
ရှဲ့ကျင် - “ဒါဆိုရင် နောက်လ လက်ထပ်ကြရအောင်”
စူးထောင် - “…”
သူ ဒါကိုပဲ ထပ်ခါတလဲလဲ ပြောနေတော့မှာလား?
စူးထောင် - “နောက်လကတော့ တကယ်ကို အလောတကြီး ဖြစ်လွန်းတယ်။ ငါအဆင်သင့်မဖြစ်သေးဘူး”
ရှဲ့ကျင်သည် မျက်လုံးများကို မှိတ်ကာ သူမ လက်များကို ထပ်တွန်းဖယ်လိုက်လေသည်။ သူ့မျက်နှာအမူအရာကတော့ ဝမ်းနည်းဆွေးမြေ့ဖွယ် ကောင်းလှပြီး၊ ညိုးငယ်နေသော သူ့မျက်ဝန်းများထဲတွင် မျက်ရည်စလေးများ ရှိနေပေသည်။
“မင်းကိုယ့်ကို လက်ကိုမထပ်ချင်တာပါ ဟုတ်တယ်မလား?”
ပြောရင်းဆိုရင်းပင် သူ့ကိုယ်သူ ရေချိုးခန်းထဲ လော့ချပစ်လိုက်တော့သည်။ သူ့ဟာသူ ဇာတ်လမ်းတွေ ခင်းရင်း ရေသံများလည်း ထွက်ပေါ်လာခဲ့လေသည်။
စူးထောင် - “…”
ဝမ်းနည်းကြေကွဲနေတဲ့ အမျိုးသမီးဇာတ်လိုက်နေရာက ဇာတ်ညွှန်းကိုပဲ သူလုပ်ပြနေတာလား?
သူ့စျာပနဆီကို သူမ ပြေးလာဖို့အတွက် စောင့်နေတာမျိုးလား?
လှိုင်းတစ်ခု မစဲသွားခင်မှာပဲ နောက်လှိုင်းတစ်ခုက တက်လာပြန်ပေသည်။ လွန်ခဲ့တဲ့ရက်အနည်းငယ်တုံးက DG ပရိုမိုးရှင်းပွဲမတိုင်ခင် ရိုက်ကူးခဲ့တဲ့ ကျန်းချီရဲ့ တစ်ကိုယ်တော်သီချင်း အစမ်းလေ့ကျင့်နေသည့် ဗီဒီယို ပေါက်ကြားသွားခဲ့ခြင်းပင်။
ထိုဗီဒီိယိုမှတစ်ဆင့် သူတစ်ချိန်လုံး ဘယ်လောက်တောင် စိတ်ဓာတ်ကျနေလဲဆိုတာကို မြင်တွေ့နိုင်ပေသည်။ chorus ပိုင်းကိုရောက်တော့ သူ့မျက်ဝန်းထဲတွင် မျက်ရည်စများရှိနေခဲ့ပြီး၊ ဒုတိယတစ်ဝက်ကို ငိုသံဖြင့် ဆိုခဲ့လေသည်။
အရင်တုံးက စူးထောင်နှင့် သူ၏ ကောလဟာလကြောင့် လူတိုင်းလည်း အချိန်အတိုင်းအတာကို ချိန်ကိုက်မိခဲ့လေသည်။ သူအစမ်းလေ့ကျင့်နေသော အချိန်သည် စူးထောင်တစ်ယောက် Weibo ပေါ်တွင် ရှဲ့ကျင်နှင့် ချစ်ကြည်နူးနေသောပုံများ တင်ခဲ့သည့်အချိန်နှင့် ကိုက်နေတော့သည်။
ဖန်များကတော့ ကျန်းချီမှာ ဖျော်ဖြေရေးစွမ်းရည် အကောင်းစားရှိခြင်းဟု ကာကွယ်ပေးကြသည်ပင်။ ထို့ကြောင့် သီချင်းကို ဖျော်ဖြေနေရင်း စိတ်အနှစ်လွန်သွားပြီး ခံစားချက်ပါသွားသောကြောင့် မျက်ရည်ကျခဲ့ခြင်း ဖြစ်သည်ဟု ပြောပေးကြသည်။
ထို့အပြင် သီချင်း၏ ဆိုလိုရင်းမှာ တစ်ဖက်သက်အချစ်ပင်…
သူတို့တွေ ကာကွယ်ပေးတယ်ဆိုပေမယ့်လည်း ဖန်များလည်း ဒီထက်ပိုပြီး ကာမပြောပေးနိုင်တော့ချေ။
သီချင်းရဲ့ အဓိပ္ပာယ်ရော၊ ဓာတ်ပုံတင်ခဲ့တဲ့အချိန်တွေရော၊ အားလုံးက အတော်ကို သိသာနေခဲ့သည်ပင်။
ရေချိုးခန်းထဲမှာလည်း ရေသံတွေ စီးဆင်းနေတာကို ကြားနေရသေးသည်။ ဗီဒီယိုထဲတွင်လည်း ဝမ်းနည်းကြေကွဲစရာသီချင်းကို ညည်းသံသဲ့သဲ့လေးများ ပါဝင်နေပေသည်။
စူးထောင်တစ်ယောက် ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဘဲ သူမ၏ မျက်ခုံးကို ညှစ်လိုက်မိသည်။ ဒီိနှစ်ယောက်က ဘာဖြစ်ချင်နေကြတာလဲ?
သူမကို လူဖျင်းတစ်ယောက်ဖြစ်အောင် လုပ်နေကြတာပဲ။
DG ပရိုမိုးရှင်းပွဲပြီးကတည်းက ကျန်းချီတစ်ယောက်လည်း စိတ်ဓာတ်ကျနေခဲ့သည်ပင်။ ညတိုင်းလည်း လီရွှမ်နှင့်အတူတူ အရက်သောက်နေခဲ့ပြီး၊ နောက်ဆုံးတွင်တော့ အအေးမိလေတော့သည်။
စူးထောင်သည် လီရွှမ်အား စုံစမ်းမေးမြန်းလိုသည့်အတွက် ဖုန်းခေါ်လိုက်သည်။ ထို့နောက် လေသာဆောင်တွင် မတ်တပ်ရပ်နေသော ကျန်းချီအား ချောင်းကြည့်လိုက်သည်။ သူကတော့ ခေါင်းနောက်ပစ်ရင်း ဘီယာတစ်ဘူးကို ကိုင်သောက်နေသည်ပင်။ သူမလည်း နောက်ကျောကိုလှည့်လိုက်ပြီး သူမ၏နှာခေါင်းအောက်တွင် အသံတိုးတိုးလေးဖြင့် ရေရွတ်ပြောလိုက်ကာ၊ အပြစ်အားလုံးကို သူမခေါင်းပေါ်သာ ကျခံလိုက်တော့သည်။
“ဟုတ်ပါတယ် ဘော့စ်.. ကျွန်မ အမှားပါ။ ကျွန်မ ပေါ့ဆမိသွားတာပါ။ ရပါတယ်.. ကျွန်မကို ကြိုက်သလို အပြစ်ပေးပါ။ ဘာလို့ ကျွန်မရဲ့ ဘောနပ်စ်ကို မလျော့တာလဲ?”
စူးထောင် ဖုန်းကို ချလိုက်ပြီးသည့်နောက် လီရွှမ်သည် အနည်းငယ်ပိတ်နေသော သူမနှာခေါင်းလေးကို ညှစ်လိုက်သည်။ စိတ်သက်သာရာရသည့် သက်ပြင်းလေး ချလိုက်ပြီးသည့်နောက် အရက်မမူးတမူးလေးဖြစ်နေသည့် ကျန်းချီ၏ အသံမှာ သူမနောက်ကနေ ပေါ်ထွက်လာခဲ့သည်။
“သူခေါ်တာလား?”
လီရွှမ်လည်း အတော်လန့်သွား၍ အလန့်တကြား ပြန်လှည့်ကြည့်လိုက်သည်။ အဖျားရှိနေချိန်တွင် သူမ ခေါင်းကို အမြန်လှည့်လိုက်တာဖြစ်လို့ မူးတောင်မူးသွားလေသည်။
သူမ မူးဝေနေတာ ပျောက်မသွားခင်အထိ သူမပခုံးကို ကြပ်ကြပ်ကိုင်ကာ ထိန်းပေးခံထားရပေသည်။ သူမအမြင်တွေ ပြန်ကြည်လာတော့မှ သူမမူးလဲသွားမှာစိုး၍ ကျန်းချီက ကိုင်ပေးထားတာဖြစ်ကြောင်း တွေ့လိုက်ရပေသည်။
ကျန်းချီ၏ မျက်ဝန်းများကတော့ မူးနေ၍ အနည်းငယ် ရီဝေဝေလေး ဖြစ်နေလေသည်။ သူသည် လီရွှမ့်ကို ကြည့်လိုက်ရင်း မေးလိုက်သည်။
“အသိသာကြီးကို ကျွန်တော့်အမှားလေ.. မင်းပြောတာ နားမထောင်တာရော၊ မင်းဖျားနေတာကို ကျွန်တော်နဲ့သောက်ဖို့ ပြောတာရော။ ဘာလို့ ကျွန်တော့်ကိုပဲ လွှဲမချလိုက်ဘဲ အပြစ်တွေ ခေါင်းခံလိုက်တာလဲ?”
လီရွှမ်သည် တက်တက်ကြွကြွဖြင့် ပြုံးဖြဲဖြဲလုပ်လိုက်ပြီး ပူပင်ကြောင့်ကြမဲ့စွာ ပြန်ပြောလိုက်သည်။
“ငါတို့က ဘော်ဒါကောင်းတွေပဲလေ။ နင့်အစား အပွါးခံပေးတာ ကိစ္စမရှိပါဘူး။ ပြောရရင် ငါ့ဘော့စ်ကလည်း ငါ့ကိုတကယ် အပြစ်ပေးမှာမှ မဟုတ်တာ”
လေသာဆောင်က တံခါးကတော့ ပိတ်မထားပါ။ လီရွှမ်လည်း နှစ်ခါဆက်တိုက်ကို လေးလေးပင်ပင် နှာချေမိလိုက်သည်။ သူမ၏ မျက်ဝန်းများမှာလည်း ရုတ်တရက်ကို မျက်ရည်စများဖြင့် ပြည့်နှက်သွားလေရာ မျက်ဝန်းများက စိုစွတ်နေတော့သည်။
ကျန်းချီလည်း ခိုးခိုးခစ်ခစ် ရယ်လိုက်ပြီး လေတိုက်ခံနေရသော သူမ၏ ဆံပင်အတိုလေးကို ပွတ်သပ်ပေးလိုက်သည်။
“မင်းဖျားနေတာက နည်းနည်းလေးတော့ မိန်းကလေးဆန်သားပဲ။ ဒါပေမယ့် မင်းဆံပင်ကတော့ ကြက်သိုက်လို ရှုပ်ပွနေတာပဲနော်”
ကျန်းချီသည် သူမအတွက် ရေနွေးနွေးလေး ယူပေးဖို့ လှည့်သွားလိုက်သည်။ သူလှည့်သွားသည့်အခါမှာတော့ လီရွှမ်၏ ပူပင်ကြောင့်ကြမဲ့သောအပြုံးမှာ ပျောက်သွားပေတော့သည်။ ထို့နောက် တိတ်တဆိတ်ပဲ သူမ၏ ဆံပင်ကို ချည်နှောင်လိုက်သည်။
ထျန်းကျင် ဌာနချုပ်၏ ထိပ်ဆုံးအလွှာတွင်လည်း ပြင်းထန်သော လေအေးများ ထပ်မံကျူးကျော်နေပေတော့သည်။
နှစ်သစ်ကို ဆင်နွှဲနေသည့်အလား ပျော်ရွှင်မြူးတူးသည့် ခံစားချက်များ စိမ့်ဝင်နေခဲ့သည့် ရုံးခန်းထဲမှာတော့ အခုဆိုရင် ဆောင်းရာသီ နောက်ဆုံးလ၏ အေးစက်ကာ အထီးကျန်ဆန်သော နေ့ရက်များအဖြစ် ပြောင်းလဲသွားတော့သည်။
ညီလာခံခန်းထဲတွင်တော့ အေးစက်လွန်းလှသည့် အကြည့်တစ်ခုက သူ့ဖုန်းကို ၅မိနစ်တစ်ခါ စိုက်ကြည့်နေပေသည်။ သူကြည့်လိုက်တိုင်းမှာလည်း မိနစ်တိုင်းတွင် သူ့မျက်နှာက ပိုမိုအေးစက်လာခဲ့ပေသည်။ နောက်ဆုံးမှာတော့ သူ့ဖုန်းအား ‘ဒက်’ဆိုသော အသံမြည်သည်အထိ စားပွဲပေါ်သို့ ရိုက်ချလိုက်သဖြင့် ထိုအချိန်တွင် အလုပ်အကြောင်း အစီရင်ခံနေသည့်လူကို လန့်သွားစေတော့သည်။ ထိုလူကလည်း သူဘော့စ်ကို စိတ်ဆိုးသွားအောင် တစ်ခုခုမှားပြောလိုက်မိပြီလားဟု တွေးမိနေလေသည်။
ကံကောင်းထောက်မစွာဖြင့် ထိုအရာသည် နောက်ဆုံးဌာန၏ အစီရင်ခံစာ ဖြစ်နေလေပြီ။ ပြိုလဲခါနီးဆဲဆဲဖြစ်နေသော ဘော့စ်အား ကြည့်လိုက်ပြီး ကျင်းချွေ့ဝမ်တစ်ယောက် သတိနှင့် မေးလိုက်သည်။
“ဘော့စ်.. ဌာနတိုင်းက အစီရင်ခံပြီးပါပြီ။ ကျွန်တော်တို့ မီတင်ကို ရွေ့လိုက်ကြမလား?”
ရှဲ့ကျင်သည် စားပွဲပေါ်သို့ ရိုက်ချလိုက်သော ဖုန်းအား ညိုးငယ်နေသောမျက်ဝန်းများ၊ မှောင်မည်းနေသော ရှုပ်ထွေးမှုများဖြင့် စိုက်ကြည့်နေပေသည်။ ထို့နောက် သေးသွယ်သော သူ့လက်ချောင်းများကို အသာလေး ဝေ့ပြလိုက်သဖြင့် ကျင်းချွေ့ဝမ်လည်း မီတင်ကို ရွေ့ဆိုင်းလိုက်ပေသည်။
လူတိုင်းထွက်သွားကြပြီးသည့်နောက်မှာတော့ ရှဲ့ကျင်သည် ကျင်းချွေ့ဝမ်အား သူ့အနားခေါ်လိုက်ပြီး သူ့ကိုယ်သူပြောနေသလို ပုံစံမျိုးဖြင့် စကားပြောလိုက်လေသည်။
“သူ ငါ့ကို တစ်နေကုန် ဖုန်းမခေါ်ရသေးဘူး”
ကျန်းချွေ့ဝမ်ကတော့ သူ့နာရီကို ကြည့်နေသည်။
အခုမှ ၁၀နာရီပဲ ရှိသေးတာလေ။ သူကုမ္ပဏီကိုလာတာ ၉နာရီမှကို။ အဲ့တော့ သူမဖုန်းခေါ်ပြီးကတည်းကဆိုရင် တစ်နာရီပဲ ရှိသေးတာလေ!
“သူ စိတ်ဆိုးနေတာလား မသိဘူး။ ငါကအကျိုးအကြောင်း မသင့်ဘူးလို့ သူတွေးနေလောက်တယ်။ မနေ့တုံးက သူ ငါ့ကို ဖြေရှင်းနည်းပေးတုံးက ငါအရှုံးပေးခဲ့သင့်တာ”
သူမ သူ့ကိုချော့နေမှာကို အချိန်တစ်ခုကြာအောင် စောင့်နေမယ့်အစားပေါ့။
ရှဲ့ကျင်မှာ စိတ်ညစ်ညစ်ဖြင့် သူ့မျက်နှာကို သူ့လက်များထံ နှစ်မြှုပ်ထားလိုက်ကာ၊ သူအမှားအကြီးကြီး လုပ်လိုက်မိပြီဟု တွေးမိနေလေသည်။
ကျင်းချွေ့ဝမ် - “…”
သူ့ဘော့စ် ဒီလိုမျိုး ကိုးရိုးကားရားဖြစ်နေပုံကို သူကတော့ မြင်နေကျဖြစ်နေပြီမို့၊ သူ့ကို ဟန်ဆောင်ပြီး ပြောပေးရန်စကားပါ ချက်ချင်းရှာမတွေ့ ဖြစ်နေတော့သည်။
သို့သော်လည်း သူ့မိန်းမနှင့် ပြန်အဆင်ပြေသွားတဲ့ သူ့ဘော့စ်က တစ်ဖြည်းဖြည်းနဲ့တော့ ပိုပိုပြီး လူသားဆန်လာခဲ့ပေသည်။ အခုတော့ ဘော့စ်ကို သူလုံးဝမကြောက်တော့ပါ။ အဲ့အစား အချိန်ကြာလာတာနဲ့အမျှ သူ့ကို သနားတောင် သနားမိလာတော့သည်။
ပြောရမယ်ဆိုရင် သူကိုယ်တိုင်လည်း ငဖျင်းတစ်ကောင်ဖြစ်တာမို့၊ မိန်းမဆီက နိုင်စားခံရတဲ့ ယောင်္ကျားတစ်ယောက်က သနားစရာကောင်းတယ်လို့ သူခံစားမိနေခြင်းပင်။
ထို့ကြောင့် အခု ပြောင်းပြန်အနေဖြင့် ဘော့စ်မိန်းမကို သူကြောက်လေသည်။
ဘော့စ်မိန်းမသာ ဘော့စ်ကို ထပ်ပြီး စွန့်ပစ်ခဲ့မယ်ဆိုရင် ထျန်းကျင်ကတော့ လုံးဝကို ငရဲအိုးထဲ ဇောက်ထိုးဆင်းရပေမှာပဲ။
အခုတော့ အဲ့အကျိုးကျေးဇူးကြောင့် သူ မနက် အိပ်ရာထတိုင်း ဆုတောင်းနေရပြီလေ။
ဘော့စ်နဲ့ သူ့မိန်းမ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေသွားကြဖို့ကို သူဆုတောင်းပေးနေရတာပေါ့။
ကျင်းချွေ့ဝမ်တစ်ယောက် ဆုတောင်းရင်း ဟန်ဆောင်နေစဉ်မှာပဲ စားပွဲပေါ်က ဖုန်းစခရင်လေး ရုတ်တရက်ကြီး လင်းလာပေတော့သည်။ ‘ဘီ’ ဆိုသောအသံလေးဖြင့် စာတစ်စောင် ဝင်လာခဲ့တာပင်။
စူးထောင် - “ဒီည ညစာကိုရော ငါတို့ ငါးပဲစားကြမှာလား?”
စောနက စွန့်ပစ်ခံလိုက်ရသော ဖုန်းလေးမှာ ချက်ချင်းဆိုသလိုပင် လက်ထဲတွင် တယုတယ ကိုင်တွယ်ထားရသော ရတနာတစ်ပါး ဖြစ်လာခဲ့ပေသည်။
ရှဲ့ကျင်၏ နှုတ်ခမ်းထောင့်လေးများလည်း အနည်းငယ် ကော့တက်သွားတော့သည်။ သူပြုံးလိုက်ချင်ပေမယ့် အောင့်ထားပြီး၊ သူ့အသံနက်နက်နှင့် ဖုန်းပြန်ခေါ်လိုက်ကာ၊ သူ့ပုံစံနှင့် မကိုက်ညီတဲ့ ချွဲပျစ်ပျစ်စကားများကို ဆိုလိုက်တော့သည်။
“နောက်ဆုံးတော့ မင်းကိုယ့်ကို ချော့ပြီပေါ့”
သူမက ဘယ်လိုလုပ်ပြီး ဘော့စ်ကို ချော့လိုက်တာတဲ့လဲ? အသိသာကြီးကို သူမက ညစာအကြောင်း မေးနေတာလေ..။
ကျင်းချွေ့ဝမ်တစ်ယောက်ကတော့ တကယ်ကို ဆက်မကြည့်နိုင်တော့ပေ။