(extra 4)
Vol. 7 Ch. 76
သူဆိုလိုချင်တာကို နားမလည်ခင်မှာပဲ စူးထောင်တစ်ယောက် စက္ကန့်အနည်းငယ် ဆွံ့အသွားရတော့သည်။ ထို့နောက် သူမ မယုံသင်္ကာဖြင့် မေးလိုက်သည်။
“နင် စိတ်ဆိုးနေတုံးလား?”
“ဆိုးနေတာ.. ဒါပေမယ့် အခုတော့ မဆိုးတော့ပါဘူး”
သူစောနကဖြစ်နေသလို မှုန်ကုပ်ကုပ်ပုံစံနှင့် ဆန့်ကျင်ဘက်ဖြစ်သော ညင်သာသည့်ပုံစံလေးဖြင့် ရှဲကျင်တစ်ယောက် စကားကို ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ကိုယ်လည်း မင်းအတွေးတွေကို အလေးမထားမိဘူး။ နောက်လ လက်ထပ်ဖို့ကိုပဲ အရမ်းတွန်းအားပေးနေမိတာ။ ကိုယ်လည်း မှားသွားပါတယ်”
ဘေးနားက ကျင်းချွေ့ဝမ်ကတော့ ပခုံးကျုံ့လိုက်ရင်း သူ့တစ်ကိုယ်လုံး ကြက်သီးထလာတော့ပေသည်။ အချစ်တွေ ပြည့်နှက်နေတဲ့ ဒီနေရာကနေ ထွက်သွားရဖို့ကိုသာ စိတ်လောနေခဲ့သည်။ သို့သော်လည်း နောက်ဆုံးတော့ ကုမ္ပဏီတွင် လေအေးများ ထွက်သွားကာ၊ နွေဦးလေပြေလေး ပြန်ရောက်လာပြီမို့လို့ သူစိတ်သက်သာရာ ရနေတော့သည်။
ပေချန်တီဗီက ချူးမန်၏ ရသစုံလင်ရှိုးတွင် ပါဝင်ခဲ့ပြီးသည့်နောက် ရွှယ်ရှင်းဇီတစ်ယောက် ညတွင်းချင်း နာမည်ကြီးလာတော့သည်။ သူမ သီဆိုဖျော်ဖြေခဲ့သော မူရင်းခေတ်ဟောင်းသီချင်း ကျေးဇူးကြောင့်ပေါ့။
ရှိုးက ဆယ်လီနည်းပြများက ‘အငြိမ်သက်ဆုံးအသံ’ ဆိုပြီး ကင်းပွန်းတပ်ပေးခဲ့ကြသလို၊ ရုတ်ချည်းပင် အရည်အချင်းရှိ မင်းသမီးများအတွက် ပိုစတာ ကလေးတစ်ယောက် ဖြစ်လာပေလေသည်။
တတိယသာ ရခဲ့ပေမယ့် ရှိုးပြီးသွားတော့လည်း ရွှယ်ရှင်းဇီမှာ ထိပ်တန်းပြိုင်ပွဲဝင် ၃ ယောက်ထဲတွင် နာမည်အကြီးဆုံးဖြစ်လာခဲ့သည်။ အင်တာဗျူးများကလည်း တန်းစီလို့ပေါ့။
ကင်မရာရှေ့မှာရော ကွယ်ရာမှာရော ရွှယ်ရှင်းဇီကတော့ ငြိမ်သက်လေသည်။ ဒီလို မသိမသာ ဆွဲဆောင်မှုရှိနေခြင်းက သူမ ဖန်တွေကို ချစ်ခင်စေတာပင်။ သူမက လူအများနှင့် ဆက်ဆံရေးတွင် သိပ်မတော်သည့်အပြင်၊ အင်တာဗျူးများတွင်လည်း တိုတိုတုတ်တုတ်သာ ပြန်ဖြေလေသည်။ တစ်ဖက်လူ ကျေနပ်လောက်အောင် စကားလုံးကိုလည်း ဘယ်တော့မှ ၂လုံးမသုံးပေ။
သို့သော်လည်း ဒီနေ့မှာတော့ သူမ ဖြတ်သန်းလာရတဲ့တစ်လျှောက် ဘယ်သူ့ကို ကျေးဇူးအတင်ဆုံးလဲလို့ သတင်းထောက်က မေးခဲ့လေသည်။ ပုံမှန်ဆို စကားနည်းသည့် ရွှယ်ရှင်းဇီတစ်ယောက်က အခုကျတော့ ကင်မရာကို ပထမဆုံးအကြိမ် တည့်တည့်ကြည့်ကာ ရင်ဖွင့်လေတော့သည်။
“ကျွန်မရဲ့ အေးဂျင့် ယန်ချင်းနဲ့ စူးထောင်ကို ကျေးဇူးတင်ချင်ပါတယ်။ ကိုယ့်အလုပ်ပဲ လုပ်ပေးတာမဟုတ်ဘဲ ကျွန်မရဲ့ နေ့စဉ်ဘဝကိုပါ ဂရုစိုက်ပေးလို့ ယန်ချင်းကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ စူးထောင်ရဲ့ ထောက်ခံအားပေးမှုအားလုံးနဲ့ လွတ်လပ်ခွင့်ပေးတာတွေကို တကယ်ပဲ ကျေးဇူးတင်မိပါတယ်။ ကျွန်မရဲ့ လုပ်နိုင်စွမ်းကို ယုံပေးတာကိုလည်း ကျေးဇူးအထူးတင်တာပါ။ ကျွန်မ ပိုက်ဆံအများကြီး မရှာပေးနိုင်သေးဘူးဆိုတာကို သိပါတယ်။ ဒါပေမယ့် ကျွန်မကို ဘယ်တော့မှ ဖိအားမပေးတဲ့အပြင်၊ အပိုစီးပွါးရေးအလုပ်တွေကို ဘယ်တော့မှ မလုပ်ခိုင်းခဲ့ဘူး။ အဲ့အပြင် ကျွန်မ စိတ်ဓာတ်တွေ ဟိုးအောက်ဆုံးအထိ ကျနေခဲ့တုံးက ကျွန်မကို တကယ် နှစ်သိမ့်ပြီး တွန်းအားတွေ ပေးခဲ့တာ။ အဲ့ဒါကြောင့်လည်း ကျွန်မ အလုပ်ကို ကောင်းကောင်းလုပ်နိုင်ခဲ့တာပေါ့”
ပထမဆုံးအကြိမ်အနေနဲ့ ရွှယ်ရှင်းဇီတစ်ယောက် သီချင်းဆိုတာနှင့် ပတ်သတ်တာမျိုးမဟုတ်ဘဲ ကင်မရာရှေ့မှာ ငိုကြွေးခဲ့ခြင်းပင်။
#ရွှယ်ရှင်းဇီငိုတယ် ဆိုသော hashtag မှာ နာမည်ကြီးရှာဖွေမှုများတွင် ချက်ချင်းကြီး ထိုးတက်သွားလေတော့သည်။ ဖန်များရော တစ်ခြားလူတွေပါ ပုံမှန်ဆိုရင် ငြိမ်တတ်သော ကောင်မလေး၏ စိတ်ရင်းခံစားချက်များကြောင့် ရင်ထဲထိနေကြတော့သည်။
တစ်ဖက်မှာလည်း ရွှယ်ရှင်းဇီ အောင်မြင်မှုနောက်က စူးထောင်ကိုလည်း ချီးကျူးနေကြပေသည်။ ဒီလို ပိုက်ဆံကိုပိုချစ်တဲ့ နယ်ပယ်ကြီးထဲမှာ သူမလို အမျှော်အမြင်ရှိပြီး၊ အနုပညာရှင်ရဲ့ ဖန်တွေဆီကနေ အပြောမခံရတဲ့ အေးဂျင့်မျိုးက တကယ်ရှားတယ်လေ။ သူမက တကယ်ကို စီးပွါးရေးအသိစိတ်ကို ရှိတာပါပဲ။
ကုယိယန်က ပို့စ်ကိုတောင်မှ ဦးဆောင်တင်ပေးလိုက်သေးသည်။
“ငါ့ညီမက တကယ်ကို ပညာရှိပြီး ကိုယ်ချင်းစာတရားရှိတဲ့ ဘော့စ်တစ်ယောက်ပဲ။ မင်းရှိနေတာ တကယ်ကို ကျေးဇူးတင်စရာကောင်းတယ် @စူးထောင်”
မနှစ်တုံးက ရိုက်ကူးထားသော ကုယိယန်၏ ဒရမ်မာလည်း နောက်ဆုံးတော့ ထုတ်လွင့်ခဲ့လေသည်။ အတော်ကို နာမည်ကြီး၊ လူပြောများစရာ ဖြစ်ခဲ့ပြီး အောင်မြင်မှုက ထိပ်တန်းရောက်ခဲ့တာပင်။
သူ Weibo မှာ ပို့စ်တင်ပြီးတော့ စူးထောင်၏ နာမည်ကြီးရှာဖွေမှုမှာ ပိုပြီးတောင် ထိပ်တန်းရောက်သွားခဲ့လေသည်။
တက်သစ်စ တုံမင်ရွှမ်းအပါအဝင် သူမ၏ တစ်ခြားအနုပညာရှင်များနှင့်၊ အိမ်ကအမေဖြစ်သူ ကျူဟန်ကပါ ကုယိယန်၏ ပို့စ်ကို ပြန်ရှဲခဲ့ကြသည်။ အကုန်လုံး ရေးနေကြတာကတော့ -
“မင်းရှိနေတာ တကယ်ကို ကျေးဇူးတင်စရာကောင်းတယ် @စူးထောင်”
အတော့်ကို နာမည်ကြီးစတားဖြစ်သည့် ကျန်းဝမ်ကပါ ပေါ်ပေါ်တင်တင်ကို ပြန်ပို့စ်တင်ခဲ့သည်။
“ငါလည်း နင့်ကို ငါနဲ့ရှိစေချင်လိုက်တာ @စူးထောင်”
ကြည့်ရတာ သူမ၏ အရင်စာချူပ်ကို ရပ်ဆိုင်းဖို့ ဆွေးနွေးပြီးဖြစ်ပြီး၊ စူးထောင်နှင့် စာချုပ်ချုပ်လောက်ပေသည်။
ထို့အပြင် ဒီနှစ်၏ နာမည်ကျော် အသစ်လေး ကျန်းချီကလည်း ဖန်များ အဆမတန် တိုးပွါးလာလေသည်။ ထို့အပြင် လူတိုင်းလိုမျိုး ဆင်တူသည့်ဟာမျိုး ပြန်တင်ပေးသည့်အပြင်၊ အပိုစာသားတစ်ချို့ကိုပါ ထပ်ထည့်ကြပေသည်။
ကျန်းချီ - ငါလည်း နင့်ကို ငါနဲ့ရှိစေချင်လိုက်တာ @စူးထောင်၊ ငါ့ရဲ့ ထာဝရအေးဂျင့်လေး
ဒါကသူ ဘယ်တော့မှ အေးဂျင့်မပြောင်းဘူးဆိုပြီး သွယ်ဝိုက်ထုတ်ပြန်တာမျိုးလား?
ကျန်းချီ၏ နာမည်ကြီးမှု အရှိန်က ကြောက်ဖို့ပင် ကောင်းပေသည်။ သူ့အလားအလာကိုမြင်ကြသော ဒီနယ်ပယ်ထဲက အများအပြားက သူ့ကို လိုချင်ကြပေသည်။
စူးထောင်၏ ဆွဲဆောင်မှုကတော့ အတော်လေး ပြင်းထန်လွန်းလှသည်။
ထို့အပြင် အကြောင်းအရာ #စူးထောင်အနုပညာရှင်များ၏ ပျော်ရွှင်နှုန်း ဆိုသော hashtag မှာလည်း ထိုးတက်သွားခဲ့သည်။
စူးထောင်လည်း ရွှယ်ရှင်းဇီနှင့် သူမအနုပညာရှင်များ၏ ကျေးဇူးသိတတ်မှုနှင့် ဂါရဝပြုမှုတို့ကြောင့် မျက်ရည်ဝဲတက်လာသည်အထိ ရင်ထဲခံစားသွားရသည်။
သို့သော်လည်း ဆက်တိုက် နာမည်ကြီးနေတာကို သူမ မထိန်းချုပ်နိုင်ဖြစ်နေပြီး၊ လူအများအာရုံစိုက်ခံနေရတာကို မတတ်သာဘဲ ဘာမှမလုပ်နိုင်ဖြစ်နေပေသည်။ အရင်ကတည်းက လူတွေဆီက အာရုံစိုက်ခံရတာကို မကြိုက်တဲ့လူဆိုတော့လေ။ ဒီတစ်ခေါက်မှာလည်း အကြီးအကျယ် ပေါက်သွားတာမို့ သူမကို သီးသန့်အင်တာဗျူးတွေ လုပ်ဖို့တောင် လာပြောနေကြတာကိုး။
အေးဂျင့်တစ်ယောက်အနေနဲ့ သူမရဲ့ အောင်မြင်မှုတွေက အတော်လေးကို မြင့်မားလှတယ်လေ။
ကျန်းချီကွမ်းတစ်ယောက် အတော်လေး နားချလိုက်လို့သာ သူမအနုပညာရှင်တွေကို ပရိုမိုးရှင်းဆင်းပေးတဲ့အနေနဲ့ အင်တာဗျူးလုပ်ဖို့ လက်ခံလိုက်ပေသည်။
အင်တာဗျူးသူကလည်း လေ့လာမှု အများအပြားကို ပြုလုပ်လာပြီး သူမ အသက်မွေးဝမ်းကြောင်းနှင့် ပတ်သတ်ပြီး မေးခွန်းတွေ အများကြီး မေးခဲ့သည်။ နောက်ဆုံးကျတော့မှ စကားဝိုင်းကို သူမနှင့် ရှဲ့ကျင်တို့၏ ဆက်ဆံရေးအကြောင်း စကားလှည့်လိုက်တော့သည်။
အင်တာဗျူးသူ - “ရှင်နဲ့ မစ္စတာရှဲ့နဲ့မှာ မင်္ဂလာဆောင်ဖို့ အစီအစဉ်တွေရော ရှိပြီးကြပြီလား? တစ်နိုင်ငံလုံးက ရှင်တို့လက်ထပ်မှာကို စောင့်မျှော်နေကြတာပါ”
စူးထောင်ကတော့ မသိမသာပဲ မျက်နှာထားတစ်ခုလုံး တည်တံ့သွားလေသည်။ နောက်ဆုံးတော့ ရှဲ့ကျင်တစ်ယောက် ဒီအကြောင်းမေးတာ ရပ်သွားတာကို အခုလည်းကျ အင်တာဗျူးမှာပါ မလွတ်ဘဲ အမေးခံနေရလေရဲ့။ သူမ မျက်နှာထားကို ထိန်းချုပ်ထားရင်း စူးထောင်သည် ပြုံးကာ ပြန်ဖြေလိုက်သည်။
“စဉ်းစားနေကြဆဲပါ”
အင်တာဗျူးသူကလည်း ရုတ်ချည်းဆိုသလို လမ်းကြောင်းလွှဲလိုက်ကာ၊ စခရင်ကလည်း ဂုဏ်ပြုနေကြသော စူးထောင်၏ လုပ်ဖော်ကိုင်ဖက်များ၊ အနုပညာရှင်များကို ပြလိုက်တော့သည်။
သတိကပ်နေရင်းနဲ့ပဲ စူးထောင်တစ်ယောက် သူတို့ ကျန်းချီနဲ့ ပတ်သတ်တဲ့ နောက်ရှာဖွေမှုတစ်ခုကို မဖန်တီးဖို့ကိုသာ ပူပန်နေပေတော့သည်။ သူမတကယ်ကို ဒါနဲ့ပတ်သတ်ပြီး ပင်ပန်းနေပြီလေ။
ကျန်းချီကွမ်း၊ လျန်ခဲ့၊ လီရွှမ်၊ ယန်ချင်းနှင့် တစ်ခြားသော လုပ်ဖော်ကိုင်ဖက်များဆီကနေ မင်္ဂလာပွဲအတွက် ဂုဏ်ပြုခြင်းများ တရဟောထွက်လာကြလေသည်။ ထို့နောက် အဒေါ်များ၊ ညီအစ်မများ၏ ဆူဆူပူပူ တောင်းဆိုသံများ ထပ်မံပေါ်ထွက်လာခဲ့သည်။
နောက်ဆုံး ကျန်းချီ၏ အလှည့်ရောက်တော့ စူးထောင်၏ နှလုံးမှာ သူမလည်ချောင်းနားပင် တက်လာသလို ဖြစ်သွားတော့သည်။
ခေါင်းကိုငုံ့ထားကာ၊ ကျန်းချီ သူ့မျက်လုံးကို ဖြည်းဖြည်းချင်း ပင့်တင်လိုက်ပြီး၊ ကင်မရာကို အားပါတရကြည့်လိုက်သည်။ ထို့နောက် သူ၏ ကြည်လင်ကာ၊ အေးဆေးညှင်သာသော အသံလေးဖြင့် ပြောလိုက်သည်။
“ပျော်ရွှင်စေဖို့ ကျွန်တော် ဆုတောင်းပေးပါတယ်”
ထို့နောက် သူ အေးချမ်းစွာ ပြုံးပြလိုက်သည်။
စူးထောင်လည်း စက္ကန့်အနည်းငယ်လောက် မလှုပ်မယှက်ဖြစ်သွားပြီး၊ ခဏနေတော့မှ စိတ်သက်သာရာရသော သက်ပြင်းတစ်ချက်ကို ဖြည်းဖြည်းချင်း ချလိုက်တော့သည်။ ထိုသက်ပြင်းနှင့်တကွ သူမခန္ဓာကိုယ်ထဲက တင်းအားများ အားလုံးပါ လျော့ကျသွားပေသည်။
အင်တာဗျူးပြီးသွားသည်နှင့် စူးထောင်လည်း စတူဒီယိုကနေ ထွက်လာခဲ့သည်။ သူမအပြင်ကို ခြေလှမ်းလိုက်သည်နှင့် မြင်ဖူးနေကျ Maybach တစ်စီးကို တွေ့လိုက်သဖြင့်၊ ကားတံခါးနားကို လျှောက်သွားကာ တံခါးခေါက်လိုက်သည်။ မှန်ချလိုက်သည်နှင့် ရှဲ့ကျင်၏ ရင်သပ်ရှုမောဖွယ်ရာ မျက်နှာလေးပေါ်လာသဖြင့်၊ အင်တာဗျူးတုံးက စိတ်ညစ်ညူးနေတာအားလုံး ပျောက်ကုန်တော့သည်။ ကားထဲရောက်သည်နှင့် ခုံနောက်ကို မှီချလိုက်ပြီး ငြိမ့်ငြိမ့်လေး သွားနေသော ကားထက်တွင် သာသာယာယာလေး အနားယူကာ လိုက်လာခဲ့သည်။ အိပ်ငိုက်နေပြီဖြစ်သောကြောင့် သူမ၏ မျက်ခွံများ လေးလံနေပြီး၊ ငိုက်မျဉ်းနေပေတော့သည်။
သူမ အိပ်မပျော်တပျော်ဖြစ်နေချိန်တွင် ကားက သိသိသာသာ နှေးသွားတာကို သတိပြုမိလိုက်သည်။ သူမြန်မြန်မောင်းလိုက်ရင် သူမကို နှိုးမိသွားမှာကို ကြောက်သောကြောင့်ပင်။ စူးထောင်လည်း ကိုယ့်ကိုယ်ကိုယ်မသိလိုက်ခင်မှာပဲ ပြုံးလိုက်မိသည်။ သူ၏ အရေးတယူရှိတတ်သော ဂရုစိုက်တတ်ပုံကြောင့် သူမအတော်လေးကို စိတ်ကျေနပ်မိသွားသည်။
သို့သော်လည်း သူမဖုန်းထဲက WeChat မက်ဆေ့ချ်ကြောင့် သူမအိပ်ပျော်တော့မည့်ဆဲဆဲကနေ နှောင့်ယှက်ခံလိုက်ရတော့သည်။ သူမ စိတ်ထဲမပါသော်လည်း လွတ်သွားလို့မရသည့် အရေးကြီးကိစ္စဖြစ်နေမှာစိုး၍ သူမတစ်ချက် စစ်ကြည့်လိုက်သည်။
[လီယာကျဲ - ချင်ရွှယ်ရှီးက မတော်မတရားအလုပ်ခံရပြီး၊ ကျန်းနန်က ငွေကြေးအရှုပ်အရှင်းတွေကြောင့် သူမကို ထောင်ထဲပို့ပလိုက်တာ]
စူးထောင်တစ်ယောက် စခရင်ကို စိုက်ကြည့်လိုက်တော့ လုံးဝကို နိုးကြားသွားတော့သည်။
[စူးထောင် - အသိပေးလို့ ကျေးဇူးပါ ညီအမ]
လီယာကျဲလည်း သူတို့ကျဉ်းထဲကြပ်ထဲရောက်နေတာကို သိသဖြင့်၊ ချင်ရွှယ်ရှီး၏ စိတ်ပျက်လက်ပျက်အခြေအနေကို သေချာလေး သတိပေးလိုက်သည်။
ကြည့်ရတာ ရှဲ့ကျင်က သူမကို လုံးဝကူညီခဲ့တာမဟုတ်ဘူးပဲ။
စူးထောင်ကတော့ စိတ်ထဲဘာမှ ရှိမနေတော့ချေ။ ချင်ရွှယ်ရှီးကိစ္စနှင့် ပတ်သတ်ပြီး သူမလုံးဝကို စိတ်ထဲက ထုတ်ထားပြီးသားလေ။
ရှဲ့ကျင်ကတော့ ကားကိုဖြည်းဖြည်းလေး မောင်းနေရင်း မေးကြည့်လိုက်သည်။
“အိပ်လို့မရတော့ဘူးလား? အလုပ်တွေလား?”
စူးထောင်လည်း သူမဖုန်းကိုချလိုက်ပြီး ဖျော့ဖျော့လေး ပြုံးလိုက်သည်။
“ဒီနေ့တော့ အလုပ်ထပ်မရှိတော့ဘူး”
ရှဲ့ကျင်၏ နှုတ်ခမ်းထောင့်လေးများ ကွေးတက်သွားပြီး၊ သူ့အသံမှာလည်း ကြည်နူးဟန်လေး ပါနေတော့သည်။
“ဒါဆိုရင် ကိုယ့်ကိုသေချာလေး အဖော်ပြုပေးနိုင်မှာပေါ့? ဒီည ညစာထွက်စားကြရအောင်လေ.. မင်းစားချင်တာ ဘာဖြစ်ဖြစ်ရတယ်။ လမ်းဘေးဆိုင်တွေပဲ ထွက်စားချင်လား.. ဒါမှမဟုတ် ရုပ်ရှင်ကြည့်ပြီး ရှော့ပင်ထွက်ချင်လား.. မင်းလုပ်ချင်တာ ဘာမဆိုရတယ်.. တကယ်ပြောတာ။ ကိုယ်တို့အတူရှိနေဖို့ပဲ လိုတာ”
သူမနဲ့သာ အတူရှိနေရမယ်ဆိုရင် သူဘာမဆိုလုပ်ဖို့ ဆန္ဒရှိတယ်လေ။
“အဆင်ပြေသားပဲ”
စူးထောင်လည်း ချက်ချင်း သဘောတူလိုက်သည်။ သို့သော်လည်း နောက်၅မိနစ်လောက်နေတော့ စူးထောင်၏ ဖုန်း alarm က ထမြည်လာခဲ့သည်။ ဒီနေ့က တနင်္လာနေ့ဖြစ်ပြီး၊ ဒီညသူမ ဗီဒီယိုကောလ်နှင့် အစည်းအဝေး တက်စရာရှိတယ်ဆိုတာကို သတိပေးခြင်းပင်။
စူးထောင်လည်း ရှဲ့ကျင်ကို တွန့်ဆုတ်စွာဖြင့် ကြည့်လိုက်ပြီး၊ သူ စိတ်ခံစားချက်ကောင်းနေတာကို မဖျက်ဆီးရက်ဖြစ်နေပေသည်။ စကားကို ဖြည်းဖြည်းချင်း မပြောခင် ခဏလောက် တိတ်ဆိတ်နေခဲ့ပြီး “မနက်ဖြန်ဆိုရင်ရော ဘယ်လိုလဲ? ဒီည ငါ့မှာ ဗီဒီယိုကောလ်နဲ့ အစည်းအဝေးတက်စရာရှိနေလို့”
ခန့်မှန်းထားသည့်အတိုင်းပင် ရှဲ့ကျင်၏ မျက်နှာအမူအရာမှာ ချက်ချင်းပြောင်းလဲသွားခဲ့ပြီး၊ စိတ်ပျက်လက်ပျက်ဖြစ်နေပုံကို မျက်နှာထက်တွင် အတိုင်းသားမြင်နေရပေသည်။
“ဒါပေမယ့် မင်းသဘောတူပြီးသွားပြီလေ”
စူးထောင်သည် လက်ကိုဆန့်ထုတ်လိုက်ပြီး သူ့ပါးလေးတွေကို ညှစ်လိုက်ကာ၊ ချိုသာသော အသံလေးဖြင့် နူးနူးညံ့ညံ့ပြောလိုက်သည်။
“မနက်ဖြန်ကျရင် အစားပြန်ပေးပါမယ်.. ဟုတ်ပြီလား?”
ထို ‘ဟုတ်ပြီလား’ ဆိုတာလေးကြောင့် ရှဲ့ကျင်တစ်ယောက် ပြန်ခုခံနိုင်စွမ်း မရှိတော့ချေ။ သူဘယ်လောက်ပဲ မပျော်ဘူးပြောပါစေ.. လိမ်လိမ်မာမာနဲ့သာ ခေါင်းငြိမ့်ပြီး စကားနားထောင်တာပဲ သူလုပ်နိုင်တယ်လေ။
အနီးဆုံး စူပါမားကတ်ကို သူမောင်းသွားလိုက်ပြီး၊ အမွှေးအကြိုင် ခတ်ပြီးသား လတ်လတ်ဆတ်ဆတ် အမဲသားကို ဝယ်လိုက်သည်။ စူးထောင်၏ မျက်လုံးထောင့်များလည်း ဂနာမငြိမ် ဖြစ်သွားတော့သည်။ အမဲသားအိုးကပ်ကြော်ကို သူဘာလို့အဲ့လောက် စိတ်ထဲထားနေလဲဆိုတာ သူမ မသိတော့ပေ။ ဒီလိုနှင့် ညင်ညင်သာသာလေးသာ အကြံပြုလိုက်သည်။
“အနောက်တိုင်း စားသောက်ဆိုင် တစ်ခုခုကနေပဲ ဝယ်စားလိုက်ရအောင်လား?”
ဝယ်စားတာက သူကိုယ်တိုင် ချက်ပေးတာထက် ကောင်းနေတာလား..။
“ကိုယ် သွားဝယ်ပေးရမှာလား? ကိုယ် ကိုယ်တိုင် ချက်ပေးတာတွေကို စားရတာ မကြိုက်ဘူးလား?”
ရှဲ့ကျင်သည် သူ့ခေါင်းကို လှည့်လိုက်ပြီး သူမကို ဘေးတစ်စောင်း ကြည့်လိုက်သည်။
သူ့ကြည့်ရတာ သူမကို သတိပေးနေသည့်အတိုင်းပင် - ကိုယ်စိတ်ကောက်နေတုံးပဲ သိရဲ့လား.. ကိုယ့်ကို ပိုပြီးစိတ်ကောက်အောင်လုပ်ရင် မင်း ကိုယ့်ကို ချော့ရတော့မှာနော်!
ရုတ်တရက်ဆိုသလို သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားတော့ စူးထောင်သည် သူမလက်ကို ဝေ့ရမ်းလိုက်ကာ ပြသနာမဖြစ်ချင်ပါဘူးဆိုသော မျက်နှာထား လုပ်ပြလိုက်သည်။ သူ့ကို လက်မထောင်ပြလိုက်ရင်း “နင်ကြော်တဲ့ စတိတ်က အရသာအရှိဆုံးပဲ။ နင်ကိုယ်တိုင် ချက်တာမို့လို့ကို ငါကြိုက်တာ”