← Chapters

(extra 5)

Vol. 7 Ch. 77

(extra 5)

Vol. 7 Ch. 77

ရှဲ့ကျင်တစ်ယောက် နောက်ဆုံးတော့ အပြုံးလေး ပြန်ပေါ်လာခဲ့ပြီး သူ့ကိုယ်သူ ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်သည်။

“အခု စတိတ်ကို အိုးကပ် ဘယ်လိုကြော်ရမယ်ဆိုတာ ကိုယ်သင်ပြီးသွားပြီ။ မီးနွေးနွေးလေးနဲ့ အိုးပေါ်မှာ ဖြည်းဖြည်းချင်း ကြော်ရတာလေ။ ကိုယ်သဘောပေါက်သွားပြီ”

ပြောပြီးသည်နှင့် ကိုယ်ကိုကိုင်းလိုက်ကာ သူမပါးလေးကို နမ်းလိုက်ပြီး၊ လက်ထဲက ရှော့ပင်ထွက်ထားသော အိတ်များကို တစ်ဖက်တည်း အကုန် စုကိုင်လိုက်ကာ နောက်လက်တစ်ဖက်ကို သူမလက်ကိုကိုင်ဖို့ လုပ်လိုက်သည်။

နေဝင်ချိန် ဆည်းဆာလေးတွင် တစ်ခုက အရပ်ရှည်ရှည်၊ နောက်တစ်ခုက ပိန်ပိန်သွယ်သွယ်ဖြစ်နေသော အရိပ်လေးနှစ်ခုက ကားပါကင်ဘက်ကို လမ်းလျှောက်လာခဲ့သည်။ နေဝင်ချိန်မှာ တိမ်တောက်တဲ့ဘက်ကို မျက်နှာမူထားရင်းနဲ့ပေါ့။

ရှဲ့ကျင်က တကယ်ကို စတိတ်အိုးကပ်ကြော်ပုံကို လေ့လာထားခဲ့တာပင်။ အနည်းငယ် တူးနေသေးသည် ဆိုသော်လည်း အနည်းဆုံးတော့ သေချာချက်ထားတာပင်။ စူးထောင်ကတော့ အတော်ကို ကျေနပ်နေတာပေါ့။

ရွှယ်ရှင်းဇီ ပွဲတက်တာကို အဖော်လိုက်လုပ်ပေးနေရလို့ သူတို့တွေ ယန်ချင်းကို စောင့်ရမည်ပင်။ ထို့ကြောင့် စူးထောင်လည်း မီတင်ကို နောက်တစ်နာရီလောက် တမင်နောက်ဆုတ်လိုက်သည်။

ရှဲ့ကျင်ကတော့ ဧည့်ခန်းထဲမှာ နိုင်ငံခြားဂန္တဝင်ရုပ်ရှင်များကို ကြည့်နေပေသည်။ စူးထောင်ကလည်း တစ်ယောက်နဲ့တစ်ယောက် မနှောင့်ယှက်ကြေးဆိုသည့် စည်းမျဉ်းကြီးကို လက်ကိုင်ထားတာကြောင့် စာကြည့်ခန်းထဲကို ဝင်သွားလိုက်သည်။

ယန်ချင်းကတော့ လေယာဉ်ပေါ်က ဆင်းကာ၊ ကားပေါ်ရောက်သည်နှင့် ဗီဒီယိုကောလ် မီတင်ကို စတင်လိုက်သည်။

စူးထောင်လည်း အလုပ်စီစဉ်တာတွေ ပြီးသွားသည်နှင့် မီတင်အဆုံးတွင် ယန်ချင်းကို အထူးတလည် ချီးကျူးလိုက်သည်။ လတ်တလောမှာ အတော်လေး ရင့်ကျက်လာတဲ့အပြင် အလုပ်စွမ်းဆောင်ရည်တွေကလည်း သိသိသာသာကို တိုးတက်လာတာလေ။

“ချင်ချင်.. ရှင်းဇီရဲ့ နေ့စဉ်ဘဝကို ကိုင်တွယ်ဖို့ လက်ထောက်တစ်ယောက်တည်းက မလုပ်လောက်ဘူးဆိုရင် သူမ နောက်တစ်ယောက် ထပ်ရဖို့ နင်စီစဉ်နိုင်တယ်။ သူ့လူမှုရေးဘဝကို နင်အရမ်းအာရုံမထားထားနဲ့တော့။ တုံမင်ရွှမ်းကိုပါ နင်ကိုင်တွယ်ပေးဖို့ ငါစီစဉ်နေတာ”

ယန်ချင်းလည်း အံ့အားတကြီးနှင့် မတုန်မလှုပ်နိုင်ဖြစ်သွားရင်း မေးလိုက်သည်။

“ကျွန်မက အနုပညာရှင်၂ယောက်ကို စီမံရမှာတဲ့လား? ကျွန်မ လုပ်နိုင်ရဲ့လား ဘော့စ်?”

တကယ့် ဝါရင့်အေးဂျင့်များသာ အနုပညာရှင်၂ယောက်ကို ကိုင်တွယ်နိုင်တာလေ။ သူမက ဒီနယ်ပယ်ထဲမှာ ရှိနေတာ တစ်နှစ်ပဲ ရှိသေးတာကို!

စူးထောင်မှ ပြောလိုက်သည်။

“နင်ဘာလို့ မလုပ်နိုင်ရမှာလဲ? ငါလည်း အလုပ်လုပ်ပြီး တစ်နှစ်ကြာတော့ ဒီနေရာကို ရခဲ့တာပဲ။ နင့်ကိုယ်နင်ရော ငါ့အကဲဖြတ်မှုကိုရော မယုံဘူးလား?”

“ဘော့စ်က မတူဘူးလေ.. ကျွန်မက ဘယ်လိုလုပ် ဘော့စ်နဲ့ ယှဉ်လို့ရမှာတဲ့လဲ?”

ယန်ချင်းသည် အနည်းငယ် ရှက်သွေးဖြာရင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း လျော့နည်းနေလေသည်။

စူးထောင်တစ်ယောက် သူမကို နည်းနည်းလောက် ထပ်ပြီး အားပေးဖို့ လုပ်လိုက်သော်လည်း.. ရုတ်တရက်ဆိုသလို ဗီဒီယိုစခရင်ပေါ်က လူတိုင်း၏ မျက်နှာထားကို သတိထားမိလိုက်သည်။

သူမ၏ ကိုယ်ပိုင်ဗီဒီယိုစခရင်ကို ကြည့်လိုက်တော့ ရေချိုးခန်းက တံခါးဘောင်တွင် မှီပြီး သူမကို အနောက်ကနေ လေးတိလေးလံ ကြည့်နေတာကို တွေ့လိုက်ရပေသည်။

ရှဲ့ကျင်၏ ဆံပင်တွေကတော့ ရေစက်စက်ကျနေဆဲပင်။ အခုမှ ရေချိုးပြီး ထွက်လာတယ်ဆိုတာ သိသာပေသည်။ သူမ သူ့ကိုသတိထားမိလိုက်တယ်ဆိုတာကို မြင်လိုက်သည်နှင့် သူမနားကို လျှောက်လာခဲ့လေသည်။

စာကြည့်ခန်းထဲက ကုလားထိုင်ကတော့ လက်မှီဆိုဖာအကျယ်ကြီးပင် ဖြစ်ပေသည်။ ရှဲ့ကျင်သည် နှာတစ်ချက်မှုတ်လိုက်ပြီး လက်တင်သည့်နေရာပေါ်တွင် ထိုင်လိုက်သည်။ ထို့နောက် သူ့လက်မောင်းများကို သူမပခုံးထက် ကျစေလိုက်ပြီး သူမကို ဆွဲယူလိုက်ကာ၊ ဗီဒီယိုထဲက စူးထောင်၏ လုပ်ဖော်ကိုင်ဖက်များကို နှုတ်ဆက်သည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

ဗီဒီယိုထဲမှာကတော့ အားလုံးနီးပါးက အမျိုးသမီး လုပ်ဖော်ကိုင်ဖက်တွေချည်းပင်။ အော်သံများ ပေါ်ထွက်လာသောကြောင့် စူးထောင်ပါ လန့်ပြီး သူမနားကြပ်များကို ချွတ်ချလိုက်တော့သည်။ ထို့နောက် ရှဲ့ကျင်ကိုကြည့်ရန် သူမခေါင်းကိုလှည့်လိုက်ပြီး မေးလိုက်သည်။

“ဘာတွေလုပ်နေတာလဲ? ငါ မီတင်လုပ်နေတယ်လေ”

အလောမကြီးတဲ့ ရှဲ့ကျင်ကတော့ သူမဆံပင်များကိုတောင် နားနောက် သပ်ပေးလိုက်ပြီး သူမမျက်နှာလေးကို ရှုမျှော်လိုက်သေးသည်။ နက်နဲပြီး ညှို့ဓာတ်အပြည့်ပါသော သူ့အသံလေးမှာ သိမ်မွေ့ညင်သာလှပေသည်။

“မင်း မီတင်ဆက်လုပ်လေ။ ကိုယ် ဒီမှာပဲ ထိုင်နေမှာပါ.. မင်းကို မနှောင့်ယှက်ပါဘူး”

စူးထောင် - “…”

သူက ဘယ်လိုလုပ်ပြီး မနှောင့်ယှက်ဘဲ နေမှာတဲ့လဲ?

ဗီဒီယိုထဲက ကောင်မလေးတိုင်းက သူ့ကိုပဲ ကြည့်နေကြတာလေ။ ဘယ်သူကများ သူမ ပြောတာကို နားထောင်တော့မှာတဲ့လဲ?

စူးထောင်လည်း သူမ ပခုံးပေါ်တင်ထားသော သူ့လက်ကို ဆွဲယူလိုက်ပြီး အဝေးကို ပုတ်ထုတ်လိုက်ကာ နူးနူးညံ့ညံ့လေး ပြောလိုက်သည်။

“ဘေးအခန်းထဲမှာ ငါ့ကိုသွားစောင့်နေ။ ခဏနေရင် ငါမီတင်ပြီးတော့မှာ။ လိမ္မာနော်~”

အရင်တုံးက သူမကို ‘လိမ္မာနော်’ လို့ပြောတုံးက သူမဘာလို့ ပြန်မချေပခဲ့လဲဆိုတာ ရှဲ့ကျင်လည်း နောက်ဆုံးတော့ နားလည်သွားတော့သည်။

ကြည့်ရတာ တစ်စုံတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်း ချစ်မိသွားပြီး၊ သူ့ကို ဆုံးရှုံးရမှာ တအားကြောက်နေတယ်ဆိုရင်.. သူတို့ပြောသမျှ စကားလုံးတိုင်းကို ပြန်ခုခံဖို့ တကယ်ကို ခွန်အားမရှိဘူးပဲကိုး..။

သူမ စကားကိုသာ နာနာခံခံနဲ့ နားထောင်ပြီး၊ သူမ ကိုယ့်ကိုပုံသွင်းတာကို လိုလိုလားလားနဲ့ လက်ခံနေတာမျိုးလေ။

သူမ သူနဲ့ ချင်ရွှယ်ရှီးကို အထင်လွဲခဲ့တုံးက သူပြောသမျှကို သူမ နားထောင်တာရပ်ခဲ့တာကိုလည်း သူပြန်စဉ်းစားမိလိုက်သည်။

အဲ့အချိန်တုံးက သူမ သူ့ဆီကနေ ထွက်သွားဖို့ စဉ်းစားပြီးလောက်ပေပြီ။ သို့သော်လည်း သူမက ဒီအတိုင်း ပုန်ကန်နေတာလို့သာ သူရူးရူးမိုက်မိုက်နဲ့ ထင်ခဲ့မိတာလေ။

ရှဲ့ကျင်သည် တံခါးအပြင်ဘက်တွင် မတ်တပ်ရပ်နေပြီး၊ အတိတ်က သူတို့အဖြစ်အပျက်များကို ပြန်လည်တွေးတောနေမိနေသည်။ နောင်တရစရာတစ်ခုကို တွေးလိုက်၊ ခံစားရတာတစ်ခုကို တွေးလိုက်နဲ့၊ ရယ်လိုက်ငိုလိုက် ဖြစ်ချင်နေတော့သည်။

စူးထောင် မီတင်ကို မြန်မြန်အပြီးသတ်ပြီး ထွက်လာသည့်အချိန်မှာတော့ ရှဲ့ကျင်တစ်ယောက် နံရံကို ကျောမှီထားရင်း၊ ခေါင်းကိုငုံ့ကာ ရယ်နေတာကို တွေ့လိုက်ရသည်။ ဘာတွေရယ်နေတာလဲလို့ သူမ မေးတော့မည့်ဆဲဆဲမှာပဲ မျက်ရည်တစ်ပေါက် ကြမ်းပြင်ပေါ် ကျသွားတာကိုပါ သူမတွေ့လိုက်ရပေသည်။

စူးထောင်လည်း သူ့နားကို ချက်ချင်းပြေးသွားလိုက်ပြီး၊ သူ့မျက်နှာအောက်လေးကို သူမလက်နှစ်ဖက်စလုံးဖြင့် မကာမော့လိုက်ပြီး၊ နက်မှောင်ကာ စိုစွတ်နေသော သူ့မျက်ဝန်းများကို စိုက်ကြည့်၍ သိမ်မွေ့စွာ မေးလိုက်သည်။

“ဘာလို့ငိုနေတာလဲ? ငါ နင့်ကို စောင့်ရအောင် လုပ်မိလို့ ဝမ်းနည်းနေတာလား?”

ရှဲ့ကျင်သည် သူ့ခေါင်းကို ခါရမ်းလိုက်ပြီး၊ မီးအိမ်ထက်ပင် တောက်ပလင်းလက်နေသော သူမ၏ မျက်ဝန်းများကို သေချာငေးကြည့်ရင်း ပြန်ပြောလိုက်သည်။

“ကိုယ်သာမင်းကို ထပ်ပြီး ဘယ်တော့မှ ရှာမတွေ့တော့ရင် ကိုယ်ဘယ်လိုတွေ ဖြစ်နေမလဲဆိုတာကို တွေးနေမိတာပါ”

“ဘာဖြစ်နေမှာမို့လဲ?”

“ကိုယ်သာ မင်းကို ဘယ်တော့မှ ရှာမတွေ့တော့ဘူးဆိုရင်… ကိုယ်တို့ ပထမဆုံးတွေ့ခဲ့တဲ့ နေရာကို ပြန်သွားပြီး အဲ့နေ့က ကိုယ်လုပ်ချင်ခဲ့တာတွေကို လုပ်ဖြစ်မှာ”

စူးထောင်၏ မျက်ခုံးများလည်း ခပ်တင်းတင်း ကျုံ့သွားပြီး၊ သူမ၏နှလုံးသားလည်း ဆွဲဆုပ်ထားသလို နာကျင်လာတော့သည်။ ထိုနာကျင်မှုက သူမ၏ နှလုံးတစ်ခုလုံးကို ပျံ့နှံ့နေတာပင်။

အဲ့တော့ သူမ ထွက်သွားလို့ ဖြစ်စေခဲ့တဲ့ နာကျင်မှုက သူမ ထင်ထားတာထက်ကို အများကြီး ပိုများနေခဲ့တာပေါ့။ သူထုတ်ပြတာကလည်း အပုံတစ်ထောင်ကိုမှ တစ်ပုံလောက်သာလေ။

စူးထောင်သည် ခြေဖျားထောက်လိုက်ပြီး သူ့မျက်နှာလေးကို အသာအယာဆွဲယူလိုက်သည်။ သူ့နှုတ်ခမ်းလေးများကို သူမ၏ ပွင့်ဖတ်လို နှုတ်ခမ်းဖူးလေးများဖြင့် အသာအယာထိလိုက်ပြီး၊ သူနှစ်မျောနေသော ဝမ်းနည်းမှုများကို သက်သာရာရစေဖို့ ကြိုးစားလိုက်သည်။

သူမ၏ သေးသွယ်သော ခါးလေးများမှာတော့ နွေးထွေးသော လက်အကြီးကြီးများ၏ ခြံရံခြင်းကို ခံထားရပြီး၊ အားနှင့် အပေါ်သို့ ပင့်တင်ခံလိုက်ရသည်။ သူ့ခါးကို ကားယားခွသည့် အနေအထားဖြင့် ခွစီးထားပြီး သူမ၏ နှုတ်ခမ်းကတော့ သူ့နှုတ်ခမ်းနှင့် တင်းတင်းကြပ်ကြပ်ကို ချိတ်ပိတ်ထားလေသည်။ ချိုမြသော မက်မွန်သီးအရသာလေးမှာ သူတို့၏ နူးညံ့သော နှုတ်ခမ်းများနှင့် သွားများကြားတွင် ပျံ့နှံ့နေလေသည်။

ဒီရင်းနှီးနေတဲ့ သကြားအရသာက သူမကို သူ အရင်တုံးက ချော့ရင်သုံးနေကျဟာလေးလေ..အခု ဘယ်လိုလုပ်ပြီး သူကပါ စားနေရတာလဲ?

သူ့ကိုယ်သူ နှစ်သိမ့်ဖို့ သကြားလုံးသယ်တဲ့ အကျင့်က အခုထိ ရှိနေတုံးပဲလား?

ရုတ်တရက်ဆိုသလို သူမ၏ အောက်နှုတ်ခမ်းလေးမှာ ကိုက်ခံလိုက်ရသည်။ ထို့နောက် ရမ္မက်ပြင်းသော အနမ်းမှာ ဖြည်းဖြည်းချင်း တိုးလာခဲ့တော့သည်။ အာရုံစိုက်မနေသည့်အတွက် သူမကို အပြစ်ပေးလိုက်သည့် အလားပင်။

သူမကို အိပ်ခန်းထဲသို့ သယ်သွားသည့်အချိန်တွင် စူးထောင်တစ်ယောက် သူမ၏ ခန္ဓာကိုယ်အပူချိန်မှာ တဖြည်းဖြည်း တက်လာသလို ခံစားနေရသည်။

သူကတော့ အိပ်ရာအစွန်းမှာ ထိုင်လိုက်ရင်း၊ သူမ၏ လည်တိုင်လေးကို လက်ယှက်ထားပေသည်။ သူမ၏ နားသီးလေးများကို ဖွဖွလေး ညှစ်လိုက်ရင်း၊ သူ့လျှာကတော့ အသာအယာ လိုက်ပုတ်နေပေသည်။ ဒီလိုနှင့် သူမ၏ အထိမခံသော အာရုံကြောနေရာများကို လိုက်လံရန်စနေပေတော့သည်။

သူမ၏ နုနုနယ်နယ် လက်သေးသေးလေးများကလည်း သူ့လည်ပင်းကို သိုင်းဖက်ထားကာ အသက်ရှူသံများကလည်း မူမှန်မနေတော့ပေ။ ထို့နောက် သူမခန္ဓာကိုယ်ကနေ သူမအဝတ်များ ဖြည်းဖြည်းချင်း ပြေကျနေတာကို ခံစားနေမိတော့သည်။ အရှေ့နားက အေးမြမှုလေးကိုလည်း သူ့အပူဖြင့် ဖြည့်လိုက်ပြီး၊ သူတို့အတူတူ ပူနွေးလာကြတော့သည်။

“မက်..မွန်သီးလေး…”

သူကတော့ သူမနားကနေ တစ်လက်မလေးတောင် မခွါနိုင်တော့ဘဲ၊ မပီမသဖြင့်သာ စကားကို တန့်တန့်ပြီး ပြောလိုက်သည်။

“ကိုယ့်ကို.. လက်ထပ်ပါ.. ဟုတ်ပြီလား? ဘယ်တော့မှ.. ကိုယ့်ကို.. ထားမသွားပါနဲ့…”

သူမ၏ တုံ့ပြန်မှုကလည်း မချုပ်တည်းထားနိုင်တော့သော ချစ်စိတ်ပြင်းပြမှုများဖြင့် ရောနှောနေပေသည်။

“အင်း”

မှိန်ပြပြအခန်းလေးမှာ တောက်ပသော လရောင်၏ လွှမ်းမိုးမှုကို ခံနေရပေသည်။ မီးမြိုက်နေသော အပူချိန်ကလည်း ဆက်လက်၍ တက်နေပေကာ၊ မြင်ကွင်းမှာလည်း ရိသဲ့သဲ့လေးများ တိုးတိုးလာနေလေသည်။

.......

နိုင်ငံခြားသားများ စည်ကားရာ ပေချန်မြို့က နာမည်အကြီးဆုံး Nordic (ဥရောပမြောက်ပိုင်းရှိ ဂျာမန်မျိုးနွယ်စပ်သော) စတိုင်လမ်းမထက်တွင် ဖြစ်ပေသည်။ စူးထောင်သည် လူရှင်းသော ကဖေးတစ်ခုတွင် လျောင်းဒန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေလေသည်။

ပြတင်းပေါက်များမှာလည်း နေရောင်လေး ဖြာကျနေကာ စူးထောင်ကတော့ သက်ပြင်းတစ်ချက် ချနေတော့၏။ ထို့နောက် တောင်းပန်စွာဖြင့် လျောင်းဒန်အား သူမလှမ်းပြောလိုက်သည်။

“တစ်ချက်လောက် weibo ကို မြန်မြန်လေး စစ်ကြည့်ခွင့်ပေးပါလား”

လျောင်းဒန်က ပေချန်ကို အလုပ်ကိစ္စနဲ့ ရောက်နေတာဖြစ်ပြီး၊ ပေချန်မှာရောက်နေတဲ့ စူးထောင်နဲ့ တွေ့ဖြစ်တာဖြစ်သည်။ ရှဲ့ကျင်တစ်ယောက် ဖုန်း၃ခါခေါ်၊ ဗီဒီယိုပို့ပြီး၊ Wechat မက်ဆေ့ချ်တွေ အစောင်တစ်ရာလောက်မပို့ခင်အထိ သူတို့တွေ နာရီဝက်လောက်တောင် မထိုင်ရသေးပေ။

မနေ့ညတုံးက သူလက်ထပ်ခွင့်တောင်းတာကို သဘောတူလိုက်ပြီးပြီဆိုတော့ သူမတွေးမိတာက သူ့ရဲ့စိတ်မလုံမခြုံဖြစ်မှုတွေ အကုန်လုံးကို သက်သာစေမယ်ပေါ့လေ..။

တစ်ခဏလေးတောင် အေးဆေးမနေရလောက်တဲ့အထိ သူအများကြီး ပိုတွယ်ကပ်တတ်လာမယ်လို့ သူမတကယ်ကို မမျှော်လင့်ထားပေ။

သူမ စာရိုက်ဖို့ လက်ချောင်းလေးများကို စခရင်ထက်တွင် အလျင်အမြန် ရွေ့လျားလိုက်သည်။

စူးထောင် - ငါအခု လျောင်းဒန်နဲ့ ကော်ဖီသောက်နေတာ။ လိမ်လိမ်မာမာလေးနေပြီး ငါ့ကိုမက်ဆေ့ချ်တွေ တရစပ် ပို့မနေနဲ့တော့နော်

ရှဲ့ကျင် - …အိုခေ

လတ်တလောတွင် ချွဲရတာမှာ သူအတော်လေး တိုးတက်လာပြီလေ။ သူ့ဝမ်းနည်းမှုကို ဖော်ပြဖို့ စကားလုံးတွေကိုတောင်မှ သုံးတတ်နေလေပြီ။

ရှဲ့ကျင် - အရင် ကိုယ်တို့ တွဲတုံးကလည်း ကိုယ်ဒီလိုမျိုးပါပဲ။ အဲ့တုံးက မင်း ကိုယ့်ကို စိတ်မရှုပ်ခဲ့ပါဘူး

စူးထောင် - ....

သူအရင်က ဒီ့ထက်အများကြီး ပိုဆိုးခဲ့တယ်ဆိုတာကို သူမ မေ့လုနီးပါး ဖြစ်နေတာပင်။ သူမကို မတွေ့တိုင်း ၅မိနစ်တစ်ခါလောက် သူမဖုန်းကို ပေါက်ထွက်မတတ်ဖြစ်တဲ့အထိ လုပ်ခဲ့ဖူးတာလေ။

စူးထောင် - နင်သာဒီလိုဆက်လုပ်နေဦးမယ်ဆိုရင် ငါတို့မတွဲခင်တုံးက ရှိခဲ့တဲ့ ငါ့လွတ်လပ်ခွင့်ကို ငါ စလွမ်းလာမိတော့မှာပဲ

ပို့ပြီးသည်နှင့် စူးထောင်လည်း စိတ်ထဲ ကသိကအောက်ဖြစ်သွားကာ ချက်ချင်းပဲ မက်ဆေ့ချ်ကို ပြန်ပြင်လိုက်သည်။

ရှဲ့ကျင်ရဲ့ လက်ရှိ ဆတ်ဆတ်ထိမခံ စိတ်အခြေအနေအရဆိုရင် သူမ သူ့ကို ဒီလိုမျိုး သွားမပုတ်ခတ်သင့်ဘူးလေ။

ရှဲ့ကျင် - ကိုယ် မြင်လိုက်ပါတယ်…

ရှဲ့ကျင် - ဒါက ခြိမ်းခြောက်တာလား? ကိုယ့်ကို ခြောက်နေတာလား?

စူးထောင်လည်း ရှင်းပြချက်ကို အမြန်စာရိုက်လိုက်သော်လည်း သူ့နောက်စာကို မြင်သည့်အခါ သူမ၏ မျက်ဝန်းထောင့်လေးများ ဆတ်ခနဲဖြစ်သွားပြီး၊ ထိုရှင်းပြထားတာများကို ပြန်ဖျက်လိုက်လေသည်။

ရှဲ့ကျင် - ဒါဆိုရင် မင်းနိုင်ပါတယ်

ရှဲ့ကျင် - ကိုယ် မင်းကို ဘယ်အချိန် ဖုန်းပြန်ခေါ်လို့ ရမလဲ?

ရှဲ့ကျင် - ကိုယ် မင်းကို လွမ်းလို့

နောက်ဆုံးမက်ဆေ့ချ်ကိုမြင်တော့ စူးထောင်တစ်ယောက် သူမနှုတ်ခမ်းများကို ဖိလိုက်မိပြီး အပြုံးလေးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထို့နောက် အစတုံးက ရိုက်ထားသော ၅နာရီဆိုတာကို ၂နာရီဆိုပြီး ပြန်ပြောင်းလိုက်တော့သည်။

သူမ ဖုန်းကို ချလိုက်သည့်နောက်မှာတော့ ဘာလားဆိုသော အမူအရာနှင့် မျက်ခုံးပင့်ကာ ကြည့်နေသော လျောင်းဒန်ကို တစ်ချက်ငေးကြည့်လိုက်သည်။

လျောင်းဒန်ကတော့ ဒရာမာခင်းသလို ပုံစံနှင့် စစနောက်နောက်ပြောလိုက်သည်။

“အာ့.. နင့်အပြုံးက မအီမသာဖြစ်ချင်စရာကောင်းလောက်အောင် ချိုမြနေတော့တာပဲ။ ငါ့ကော်ဖီထဲကို သကြားတောင် ထပ်ထည့်ဖို့ မလိုတော့ဘူး။ အခုတလော လူလွတ်လေးတွေကို ကော်ဖီတိုက်ဖို့ မြှားခေါ်ပြီး ခွေးစာကျွေးတာက ခေတ်စားနေတာလား?”

သူမအပြုံးလေးကို ချလိုက်သည်နှင့် စူးထောင်၏ ပါးလေးများမှာ အနည်းငယ် ရှက်သွေးဖြာလာတော့သည်။

ထိုတုံ့ပြန်ပုံကို ကြည့်ရတာ လျောင်းဒန်ကို ပိုပိုပြီး သွေးတိုးစမ်းစေချင်လာတော့သည်။

“ထောင်ဇီ.. နင်ကပုံမှန်ဆိုရင် အတော်လေးကို တည်ငြိမ်တာပါ။ နင်ဒီလိုမျိုး ရှက်တာကို ငါတော့ အခုမှ ပထမဆုံး မြင်ဖူးတာပဲ”

“…တကယ်လား?”

စူးထောင်သည် သူမမျက်နှာထားကို ဖုံးကွယ်ရန် ကော်ဖီကို တစ်ငုံမော့သောက်လိုက်ရင်း ပြောလိုက်သည်။

All Chapters