(extra 6)
Vol. 7 Ch. 78
လျောင်းဒန်ကလည်း သူမခေါင်းကို ခါရမ်းလိုက်ကာ ခိုးခိုးခစ်ခစ်လေး ရယ်ရင်း “ပြောရမယ်ဆိုရင် ဥက္ကဌရှဲ့ကလည်း တကယ်ကို အတော်လေး လူကပ်တာပဲနော်။ သူစိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိဘူးလား?”
စူးထောင်သည် သူမ၏ ကြည်လင်သောမျက်ဝန်းများဖြင့် မော့ကြည့်လိုက်ရင်း မေးလိုက်သည်။
“နင် ပြောနိုင်တာလား?”
လျောင်းဒန်မှ ပြန်ပြောလိုက်သည်။
“ဘယ်သူက မပြောနိုင်ဘဲ နေမှာလဲ? နေ့တိုင်း Weibo ပေါ်မှာ နင်နဲ့ အတွဲပုံတွေကို တင်နေတဲ့ဥစ္စာ.. လူတွေက နင်တို့သမီးရည်းစားအကြောင်း မသိမှာ ကြောက်နေတာလေ။ သူပိုင်ကြောင်းဆိုင်ကြောင်းကို အတင်းတွေ ထုတ်ပြနေသလိုပဲ”
စူးထောင်လည်း မတတ်သာဘဲ ပြောလိုက်သည်။
“သူစိတ်လုံခြုံမှုရှိလာအောင် ငါလည်း ဘယ်လိုလုပ်ပေးရမယ်မှန်း မသိတော့ပါဘူး”
လျောင်းဒန်မှ ပြောလိုက်သည်။
“လွယ်ပါတယ်။ သူ လုပ်သလိုမျိုး နင်လည်း အများရှေ့ သူ့ကိုချစ်ပြလိုက်လေ”
သူမကို လူရှေ့မှာ ချစ်ပြခိုင်းနေတာလား?
သူမ ရင်ကို ဓားနဲ့သာ စိုက်လိုက်ချင်ပါတယ်။
ကြည်လင်သော သူမမျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး အတွေးကမ္ဘာထဲ သူမမျောပါသွားတော့သည်။
စူးယန်ရှင်းကလည်း အချိန်ဇယားပြီးသွားတော့ အမြန်ပြေးလာပြီး၊ တွေ့ဖို့အတွက် စူးထောင်ကို လှမ်းဆက်သွယ်လိုက်သည်။
စူးထောင်လည်း အမြန်ပြန်မသွားခင် တွေ့ဖို့သဘောတူလိုက်သည်။ ထို့နောက် ကျန်းပိုင်နှင့် သူမ၏ နောက်ဒရမ်မာအကြောင်း ဆွေးနွေးဖို့ နေ့လယ်တွင် ရုပ်ရှင်နှင့် တီဗီစတူဒီယိုကို သူမသွားခဲ့သည်။
စူးယန်ရှင်းသည် သူပွဲဦးထွက်ကတည်းက အတော်လေးကို အလုပ်ကြိုးစားခဲ့တာပင်။ အတိတ်တုံးကလို လူရှုပ်လူပွေပုံစံကိုပါ ပြောင်းလဲပစ်ခဲ့ပြီး၊ ရည်းစားမထား၊ အလောင်းအစားမလုပ်ဘဲ၊ အဆိုအက လေ့ကျင့်တာကိုသာ အာရုံစိုက်ခဲ့သည်။
သူမ သူ့ကိုပြန်တွေ့တော့ Produce Camp 2020 တုံးကထက်စာရင် အတော်ကို ပိန်ပါးသွားတာကို တွေ့လိုက်ရသည်။
“အစ်မ!”
လမ်းတစ်ဖက်ခြမ်းက ဗန်ကားထဲကနေ စူးယန်ရှင်းတစ်ယောက် စူးထောင်ကို အားပါးတရ လက်လှမ်းပြနေလေသည်။
စူးထောင်လည်း သူ့ဗန်ကားနားကို လျှောက်သွားပြီး ဖွဖွလေးပြုံးကာ ပြောလိုက်သည်။
“အခုတလော ပင်ပန်းနေလား?”
စူးယန်ရှင်းလည်း ချက်ချင်းဆိုသလို နှုတ်ခမ်းထော်လိုက်ပြီး ခေါင်းကို အားရပါးရ ငြိမ့်ပြလိုက်သည်။
“ပင်ပန်းတာပေါ့..။ ဒီ၄ရက်လုံး အချိန်ဇယားက ၃ခုကိုမှ ၂ခုက ကြော်ငြာတွေလေ။ ပင်ပန်းလို့ သေတော့မယ်”
စူးထောင်သည် သူမမျက်ခုံးကို ဖွဖွလေး ပင့်လိုက်ပြီး၊ စူးဟောင်ယန်း တစ်ယောက် သူ့ညီအရင်းကိုတောင် ဒီလိုမျိုး ခိုင်းစားနေတာကို အတော်လေး အံ့ဩသွားခဲ့သည်။
အရင်ဆုံးက သူမ စိုးရိမ်ခဲ့တာတွေက တကယ်ကို အမှန်ပဲ။ စူးဟောင်ယန်းရဲ့ စီမံခန့်ခွဲမှုစတိုင်အရဆိုရင် အလားအလာအရှိဆုံး အသစ်လေးတောင်မှ သူ့လက်အောက်မှာ နာမည်ကြီးလာမှာ မဟုတ်ချေ။
“သွားရအောင် အစ်မ။ ကျွန်တော် သီးသန့်ခန်းတစ်ခုလည်း ကြိုဘိုကင်တင်ထားပြီးပြီ”
စူးယန်ရှင်းကတော့ ကားထဲကထွက်ပြီး စူးထောင်နှင့် စားသောက်ဆိုင်ကိုသွားဖို့ ဦးထုပ်နှင့် မျက်နှာဖုံးကိုတောင် ဝတ်ပြီးလေပြီ။
“ခဏလေး စောင့်ဦး”
စူးထောင်သည် သူမဖုန်းကို ထပ်စစ်ကြည့်လိုက်ပြီး ဘေးဘီကို ကြည့်လိုက်သည်။
“ရှဲ့ကျင်ပြောတာ ခဏနေရင် သူရောက်မယ်တဲ့”
“ဟင်? ယောက်ဖကိုပါ ခေါ်ထားတာလား?”
စူးယန်ရှင်းသည် အံ့ဩမှုကြောင့်ရော စိုးရိမ်မှုကြောင့်ရော မျက်လုံးပြူးသွားတော့သည်။
စူးထောင်လည်း ဘာမှမသိသလို မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး အနည်းငယ် ခေါင်းရှုပ်သွားတော့သည်။
“နင်ပဲ ဒီနေ့ယောက်ဖရော အားလားဆိုပြီး တကူးတကကို မေးထားတာ မဟုတ်ဘူးလား? သူက တကူးတကကြီးကို အချိန်ပေးပြီး လာတာလေ”
စူးယန်ရှင်းက မဟုတ်ဘူးဆိုသော အမူအရာဖြင့် သူ့ခေါင်းကို အတော်ခါရမ်းပြလိုက်သည်။
“ကျွန်တော်မေးတာက သူအားလားလို့.. ဘာလို့လဲဆိုတော့ သူအလုပ်ရှုပ်နေတဲ့အချိန်မှာ ကျွန်တော် အစ်မနဲ့ နှစ်ယောက်တည်း တွေ့ချင်လို့လေ”
စူးထောင် - “ကဲ အခုတော့ အရမ်းနောက်ကျသွားပြီ.. ဘာလို့ အစထဲက ရှင်းရှင်းလင်းလင်း မပြောတာလဲ.. အခု သူကဖြင့် လမ်းမှာရောက်နေပြီ”
ထိုစဉ်တွင် ရှဲ့ကျင်၏ တောက်ပနေသော Maybach ကားလေးက ဝင့်ကြွားစွာဖြင့် ရောက်လာခဲ့သည်။ ကားထဲမှ ထွက်ပေါ်လာသည့် ရှည်လျားသော ခြေတံများနှင့် အရည်အသွေးမြင့် ဝတ်စုံပြည့်ဝတ်ထားသော ချောမောခံ့ညားသည့် မျက်နှာလေးက ဖြတ်သွားဖြတ်လာများရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။
နာမည်ကြီးတစ်ယောက်ဖြစ်သည့် စူးယန်ရှင်းတစ်ယောက် ကားထဲမှ ထွက်လာတုန်းကတောင် ဒီလောက်ထိ အာရုံစိုက်မခံရခဲ့ပေ။
စူးယန်ရှင်းမှာ စိတ်ထဲချဥ်တူးသွားရပြီး တစ်ချိန်တည်းမှာပဲ စိုးရိမ်ပူပန်လာခဲ့သည်။
ကိစ္စကြီးတစ်ခု ဖြစ်လာတော့မှာလား။
ရှဲ့ကျင်မှာ လက်ထဲတွင် လက်ဆောင်သေတ္တာဗူး သေးသေးလေးကို ကိုင်လျက် အလျင်မလိုသော ခြေလှမ်းများဖြင့် ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။
စူးထောင်ရှေ့တွင် ရပ်လိုက်ကာ စူးယန်ရှင်းဆီသို့ အေးစက်သည့်အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။
“ ယောက်ဖ ”
စူးယန်ရှင်းမှာ ထိတ်လန့်တုန်လှုပ်နေသော ခံစားချက်ကို မျိုသိပ်လျက် တလေးတစားဖြင့် နှုတ်ဆက်လိုက်သည်။
ရှဲ့ကျင်မှာ သူ့ရဲ့အမူအယာကြောင့် စိတ်ကျေနပ်သွားရပြီး လက်ဆောင်ဗူးလေးကို ကမ်းပေးလိုက်သည်။
“ မင်းအတွက် ”
စူးယန်ရှင်းမှာ မဝံ့မရဲဖြင့် လက်ခံလိုက်ပြီး အိတ်ပေါ်ရှိ အမှတ်တံဆိပ်ကို ကြည့်ကာ သူ့ရဲ့မျက်လုံးများ လက်ခနဲ ဖြစ်သွားတော့သည်။
အိတ်ထဲမှ လက်ဆောင်ဗူးကို ခပ်မြန််မြန် ထုတ်ကာ ဖွင့်ကြည့်လိုက်တော့ သူ့ရဲ့ပုံရိပ်နဲ့ကိုက်ညီသော လက်ရာမြောက်လှတဲ့ လက်ပတ်နာရီတစ်လုံးကို တွေ့လိုက်ရလေသည်။
ဂဏန်းရှစ်လုံးလောက် တန်ဖိုးရှိတဲ့ နာရီတစ်လုံး!
သူ့အဖေတောင်မှ ဝယ်ပေးမှာ မဟုတ်ဘူး။
စူးယန်ရှင်းတစ်ယောက် သူ့အဖေကိုမြင်နေရသည့်အလား ရှဲ့ကျင်ကို ဘလင်းဘလင်းဖြစ်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
သူကျိန်ဆိုတယ်၊ ဒီည ဘာတွေပဲဖြစ်လာဖြစ်လာ သူ့အဖေဘက်က…မှားလို့… ယောက်ဖဘက်က ရပ်တည်မယ်!
စူးယန်ရှင်းမှာ ပျော်ရွှင်စွာဖြင့် စူးထောင်နှင့်ရှဲ့ကျင်ကို သီးသန့်ခန်းထဲသို့ ဦးဆောင်ခေါ်သွားသည်။
တံခါးကို တွန်းဖွင့်လိုက်သောအခါ အထဲတွင်ရှိနေပြီးသား လူသုံးယောက်သည် စူးထောင်နှင့် ရှဲ့ကျင် အတူရပ်နေတာကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
စူးရှန်၊ လီပေး နှင့် စူးဟောင်ရန်တို့မှာ စားပွဲခုံအနီးတွင် ရပ်နေကြခြင်းဖြစ်သည်။
တိတ်ဆိတ်နေသော လေထုကို စူးဟောင်ရန်က စတင်ဖြိုခွဲလိုက်သည်။ မျက်မှောင်ကြုံ့လျက် စူးထောင်နှင့်ရှဲ့ကျင်တို့ဆီသို့ လျှောက်လာခဲ့သည်။
“ စီအီးအိုရှဲ့နဲ့ ထောင်ဇီတို့ ဒီမှာ အတူရှိနေကြတာပဲ၊ ဘယ်လောက်တောင် အံ့သြဖို့ကောင်းလိုက်လဲ၊ ဒီနေ့ကတော့ မိသားစုတွေ ပြန်လည်ပေါင်းစည်းမယ့် နေ့ပဲ၊ လာထိုင်ကြပါ “
စူးထောင်ရဲ့ အမူအယာက အေးခဲသွားရသည်။ စူးဟောင်ရန်ကို လစ်လျူရှုကာ အပြစ်ရှိစိတ်ကြောင့် ခေါင်းငုံ့နေသော စူးယန်ရှင်းဆီသို့ ဖြည်းဖြည်းချင်း ကြည့်လိုက်သည်။
သူမ ထွက်သွားဖို့အလုပ်
“ ထောင်ဇီ…”
စူးရှန်ရဲ့ အက်ကွဲနေသော အသံက စူးထောင်ရဲ့ ခြေလှမ်းတွေကို ရပ်တန့်သွားစေခဲ့သည်။
သူမရဲ့ အမူအယာက ပိုလို့တောင် အေးစက်လာရပြီး ခန္ဓာကိုယ်တစ်ခုလုံးက ငြင်းဆန်လိုသည့် ရောင်ဝါကို ထုတ်လွှတ်နေသည်။
စူးရှန်က လျှောက်လာနေပြီဖြစ်သည်။ သူ့ရဲ့အသံမှာ ယခင်ကလို ပြတ်သားမှုတို့ မရှိတော့ဘဲ စူးထောင် အမြဲစိတ်ကူးယဥ်ခဲ့ရသည့် အဖေတစ်ယောက်ရဲ့ နူးညံ့တဲ့ လေသံမျိုးဖြင့် ပြောလာခဲ့သည်။
“ ထောင်ဇီ၊ ဖေဖေမှားတာပါ “
လီပေးကလည်း လျှောက်လာပြီး ညင်သာစွာ ပြောလာသည်။
“ ထောင်ဇီ၊ သမီးရဲ့ အဖေက သမီးကို အရမ်းလွမ်းနေခဲ့တာ၊ ခုနောက်ပိုင်း သမီးငယ်ငယ်တုန်းက ပုံတွေကို အမြဲထုတ်ကြည့်ပြီး သူ့ရဲ့အပြုအမူတွေကို နောင်တရနေခဲ့တာပါ၊ သမီးရဲ့ အဖေကို သူ့အမှားတွေ ပြန်လည်ပြင်ဆင်ဖို့ အခွင့်အရေးတစ်ခုလောက် ပေးနိုင်မလား “
“ ဟုတ်တယ်၊ ညီမလေး “
စူးဟောင်ရန်ကလည်း သူမကို နားချလာသည်။
“ ခုတလော ဖေဖေ့ရဲ့ စိတ်အခြေအနေက တော်တော်ဆိုးနေခဲ့တာ၊ ညီမလေးနဲ့ အန်တီယွမ်ကို ညတိုင်းအိပ်မက်မက်နေပြီး အစားလည်း ကောင်းကောင်း မစားဘူး “
စူးထောင်မှာ ဒီမိသားစုရဲ့ ကြည်နူးဆွတ်ပျံ့ဖွယ်ရာ နွေးထွေးနေတဲ့ အပြုအမူတွေကို ကြည့်ပြီး ရုတ်တရက် ရယ်ချင်လာခဲ့သည်။ သူမ ဒီနေရာကနေတောင် မထွက်သွားချင်တော့ဘူး။
ဘာလို့ သူတို့ကိုရှောင်နေရမှာလဲ၊ သူမဘက်က အမှားလုပ်ခဲ့တာမှ မဟုတ်တာ။
သူတို့က ပြင်ဆင်ချင်တယ်ဆိုမှတော့ သူမဘက်က အခွင့်အရေး ပေးရမှာပေါ့။ သူတို့ ဘယ်လောက်ထိ ကောက်ကျစ်ပြီး အရှက်မရှိ မျက်နှာပြောင်တိုက်နိုင်လဲဆိုတာကို သူမ စောင့်ကြည့်ရမယ်လေ။
စူးထောင်တစ်ယောက် ရှဲ့ကျင်ရဲ့လက်ကို လှမ်းကိုင်လိုက်ပြီး ' စိတ်မပူနဲ့ ’ ဟူသော အပြုံးမျိုး ပြုံးပြကာ သီးသန့်ခန်းထဲကို ဝင်သွားသည်။
စူးဟောင်ရန် ကြိုတင်မှာထားသော အစားအသောက်များ စားပွဲပေါ်တွင် ခင်းကျင်းထားသည်။
လီပေးက ဒီတစ်ကြိမ်မှာတော့ စိတ်လိုလက်ရ ပြုံးလာခဲ့သည်။
“ ထောင်ဇီ၊ ဒါတွေအားလုံးက သမီးရဲ့ အဖေရွေးထားတာတွေလေ၊ သမီးငယ်ငယ်တုန်းက ကြိုက်တဲ့ဟင်းလျာတွေချည်းပဲ၊ စားကြည့်ပါဦး “
စူးထောင် စားပွဲပေါ်ရှိ ဟင်းလျာများကို ကြည့်လိုက်သည်။
တကယ်ကို သူမကလေးဘဝတုန်းက ကြိုက်ခဲ့တဲ့ ဟင်းလျာ အနည်းငယ်ရှိနေပြီး ပင်လယ်စာဟင်းပွဲမျိုး တစ်ခုမှမရှိပေ။
အဲ့တော့ သူတို့က အရင်ကတည်းက သိနေကြတာပဲ။ သူမရဲ့ ခံစားချက်ကို ဂရုမစိုက်ရုံမျှသာ ဖြစ်သည်။
စူးထောင် စားသောက်ရန် သူမရဲ့တူကို မကိုင်ခဲ့ပေ။ လူတိုင်းရဲ့မျက်နှာများကိုသာ ခြုံကြည့်လိုက်သည်။
လီပေးရဲ့ မျက်နှာချိုသွေးနေတဲ့ အမူအယာ၊ စူးဟောင်ရန်ရဲ့ စိတ်ဒုက္ခရောက်ပုံနှင့် စူးရှန်းရဲ့ နောင်တရနေတဲ့ အသွင်အပြင်။
လွန်ခဲ့တဲ့ တစ်နှစ်ကျော်တုန်းက သူမရဲ့မွေးနေ့ပါတီနှင့် ယှဥ်လို့တောင်မရပေ။
“ ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်း ပြောပါ “
စူးထောင် ဒီထမင်းတစ်နပ်ကို သူတို့နှင့်အတူ မစားချင်ပါပေ။ အဲဒါကြောင့် သူတို့ရဲ့ရည်ရွယ်ချက်ကို ဖော်ထုတ်ပြီး ဒီမနှစ်မျို့ဖွယ်ကောင်းတဲ့ ညစာစားပွဲကို မြန်မြန်အဆုံးသတ်ချင်နေလေပြီ။
စူးဟောင်ရန်မှာ လီပေးနှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး ကြိုတင်ပြင်ဆင်ထားသော စာရွက်စာတမ်းဖိုင်တစ်ခုကို ထုတ်လာသည်။
ထိုဖိုင်ကို စူးထောင်ဆီသို့ ကမ်းပေးကာ ပြောလာခဲ့သည်။
“ ထောင်ဇီ၊ ဒါက ကုမ္ပဏီရဲ့ ရှယ်ယာလွှဲပြောင်းတဲ့ စာချုပ်ပါ၊ ညီမလည်း ဒီကုမ္ပဏီမှာ ရှယ်ယာပိုင်တယ်လေ။ ကိုယ်တို့တွေ အတူတူဦးဆောင်ပြီး အရင်ကလို အခြေအနေရောက်အောင် ပြန်ပြင်ဆင်ကြတာပေါ့၊ ဟုတ်ပြီလား “
သူတို့ရဲ့ ရည်ရွယ်ချက်ကို နားလည်သွားပြီးနောက် စူးထောင် မျက်မှောင်ကြုံ့သွားရသည်။
စူးဟောင်ရန်ရဲ့ ဦးဆောင်မှုအောက်တွင် ကုမ္ပဏီရဲ့ အခြေအနေက ဆိုးသထက်ဆိုးလာခဲ့ခြင်းဖြစ်သည်။
ဒါ့အပြင် အွန်လိုင်းပေါ်မှာ ရေပန်းစားမှုများကြောင့် စူးထောင်ရဲ့ အလုပ်လုပ်နိုင်စွမ်းကို သူတို့ သိလာခဲ့သည်။
အဲ့ဒါကြောင့်လည်း ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့ ကုမ္ပဏီကို သူမကယ်တင်ပေးဖို့ မျှော်လင့်နေကြခြင်းဖြစ်ပေသည်။
လီပေး - “ ထောင်ဇီ၊ သမီးက သမီးအမေလိုပဲ အရမ်း အရည်အချင်းရှိတယ်၊ ဘာလို့ သူများတွေအတွက် ပိုက်ဆံရှာပေးနေမှာလဲ၊ ကိုယ့်ရဲ့ မိသားစုစီးပွားရေးကိုပဲ ဆက်ခံလိုက်တာ ပိုမကောင်းဘူးလား၊ ဒီကုမ္ပဏီက လင်းယွမ်ရဲ့နှလုံးသားနဲ့ ဝိညာဥ်…. “
“ ကျွန်မ အမေရဲ့ နှလုံးသားနဲ့ဝိညာဥ်က ရှန်းယွမ် အင်တာတိန်းမန့်၊ ရှင်းယန်အင်တာတိန်းမန့်မဟုတ်ဘူး “
စူးထောင် အေးစက်စွာဖြင့် လီပေးရဲ့စကားကို ဖြတ်ပြောလိုက်သည်။
“ ရှင့်ရဲ့မိသားစုနဲ့ ရှင်းယန်အင်တာတိန်းမန့်က ကျွန်မနဲ့ဘာမှမသက်ဆိုင်တော့တာ ကြာပေါ့၊ ရှင့်ရဲ့ဘဏ္ဍာရေးတင်ပြချက်တွေက အနီရောင်ပြနေတာ နှစ်ချီနေပြီနော်၊ အခုမှ ကျွန်မကို တန်ဖိုးမရှိတဲ့ရှယ်ယာအချို့ ထိုးပေးပြီး အကြွေးတွေဆပ်ခိုင်းမလို့လား ”
စူးထောင် ဒီလောက်ထိ ရှင်းရှင်းလင်းလင်း သိနေမယ်လို့ သူတို့မထင်ထားခဲ့ပေ။
သူတို့အားလုံးမှာ စကားဖြင့်မပြောနိုင်လောက်အောင် ရှက်ရွံ့သွားရတော့သည်။
“ ဟန်ဆောင် တောင်းပန်စကားတွေကို အရမ်းထိရှသွားပြီး ကျွန်မ ကူကယ်ရာမဲ့နေချိန်မှာ ခေါ်ယူပေးခဲ့တဲ့ ကျန်းပိုင်ကို ချက်ချင်းစွန့်လွှတ်၊ ရှင်တို့ရဲ့ အကြွေးတွေကိုဆပ်ဖို့ ဝမ်းသာအားရ အလုပ်လာလုပ်ပေးရမှာလား၊ ရှင်တို့မှာ ဒီထက်ပိုပြီး ရွံစရာကောင်းတဲ့ အကြံရှိသေးလား “
စူးထောင် ရိုင်းရိုင်းစိုင်းစိုင်း ပြောခဲသော်လည်း ဒီတစ်ခေါက်တော့ သူမလှုံ့ဆော်ခံလိုက်ရလေသည်။ သူမရဲ့လက်ချောင်းများက တုန်ယင်နေပြီး အလေ့အကျင့်အရ လက်သည်းများကို တောက်မိသဖြင့် ကြွပ်ဆတ်သောလက်သည်းတစ်ချောင်းမှာ ကျိုးပဲ့သွားရတော့သည်။
သူမရဲ့အေးစက်နေသော လက်များက နွေးထွေးသော လက်တစ်စုံဖြင့် အုပ်ကိုင်ခံလိုက်ရသည်။
နွေးထွေးပြီး အားအင်ပြည့်ဝသော လက်ချောင်းများက သူမလက်မကို ညင်သာစွာ ပွတ်သပ်ပေးခြင်းဖြင့် သူမရဲ့လက်သည်းတောက်တဲ့အပြုအမူကို ရပ်တန့်စေသည်။
သူ စကားအများကြီးမပြောခဲ့ပေ။ ဒီလိုကိစ္စမျိုးကို သူမကိုယ်တိုင် ဖြေရှင်းနိုင်တာကို သိသည်။ သူ့ဘက်က သူမကို တိတ်တိတ်လေး အားပေးဖို့သာလိုပေသည်။
စူးထောင် ခေါင်းမော့ကာ ရှဲ့ကျင်ရဲ့နက်ရှိုင်းသော မျက်လုံးများကို ကြည့်လိုက်ပြီး သူမရဲ့စိတ်အခြေအနေက ချက်ချင်းတည်ငြိမ်သွားရသည်။
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် စူးရှန်မှာ ရုတ်တရက်ဆိုသလို စူးဟောင်ရန်ကို ဆူလိုက်သည်။
“ မင်းကို ငါမပြောခဲ့ဘူးလား၊ မင်းရဲ့ညီမက မတုံးအဘူးလို့၊ မင်းကသာ ငတုံး၊ လူတိုင်းကို မင်းလိုပဲ ထင်မနေနဲ့ ငတုံးကောင် “
စူးထောင်မှာ ထိုလူ သရုပ်ဆောင်နေတာလား၊ စိတ်ရင်းမှန်လားဆိုတာကို မသိသောကြောင့် ဘာမှဝင်မပြောဘဲ ပြဇာတ်ကြည့်သလို ထိုင်ကြည့်နေလိုက်သည်။
“ အစကတည်းက ငါ မင်းတို့ကို မလာစေချင်ခဲ့ဘူး၊ မင်းတို့က ငါ့ကို မကူညီနိုင်တဲ့အပြင် နှောင့်ယှက်နေကြတာပဲ၊ အဟွတ်…အဟွတ်…အဟွတ် “
စူးရှန်ရဲ့ ခန္ဓာကိုယ်က သိသိသာသာကို အခြေအနေ မကောင်းပါပေ။
သူပိုပြီး စကားပြောလေ ချောင်းဆိုးတာ ပြင်းထန်လာလေပင်။ သူ့ရဲ့အဆုတ်မှာ ပြသာနာတစ်ခုခုရှိနေပုံပဲ။
ဒါပေမယ့် စူးထောင်မှာ သူ့ကိုဂရုစိုက်ပေးဖို့ ရည်ရွယ်ချက်မရှိချေ။ သူမ အမေ နေမကောင်းတုန်းက ထိုသူကြည့်ခဲ့တဲ့ မနှစ်မျို့စရာအကြည့်မျိုး ပြန်မကြည့်ပေးတာနဲ့တင် ကြင်နာနေပြီ မဟုတ်ဘူးလား။