ပြိုင်ပွဲကြေညာချက်
Vol. 12 Ch. 166
"ယင်ထန်မသေမျိုးဟာ ကောင်းကင်ဆန္ဒနဲ့မွေးလာလို့ "ယင်ထန်"လို့ နာမည်တွင်တာလို့ ကျုပ်ကြားဖူးတယ်။ အဲဒါအမှန်ပဲလား"
ထာဝရနတ်မယ် စိတ်ပျက်လက်ပျက် လက်ဝှေ့ယမ်းပြသည်။
"အား...ဒါက တမင်ကြွားလုံးထုတ်တာပါ။ ယင်ထန်မသေမျိုးက အဆင့်နိမ့်မျိုးနွယ်တစ်ခုက မွေးလာတာ။ ရှေးခေတ်တုန်းက လူတစ်ယောက်ရဲ့နောက်ခံကို သိပ်အလေးထားကြတယ်။ ယန်ထန်မသေမျိုးဟာ ငယ်ငယ်ကတည်းက ပါရမီထူးကြောင်း ပြနိုင်ခဲ့ပေမယ့် သူ့နောက်ခံနဲ့ပတ်သက်လို့ တီးတိုးဝေဖန်ကြတာတွေရှိတယ်။ လုံလောက်တဲ့ ကံကြမ္မာကောင်းမျိုးမရှိလို့ သူ့ဂုဏ်သရေဟာ ယာယီပဲခံပြီး မကြာခင်ကျဆုံးရမယ်လို့ ပြောကြတယ်။
နောက်တော့ ယင်ထန်မသေမျိုးက သူ့ကိုယ်သူ ကောင်းကင်ဆန္ဒနဲ့မွေးလာတာပါဆိုပြီး လိမ်ဆင်ဇာတ်လမ်းတစ်ခု ဖန်တီးတယ်။ အတော်လည်း ယုတ္တိရှိတယ်လေ။
အဲဒီဇာတ်လမ်းကို သူပြောနေတာကြားတော့ချီလင်မသေမျိုးက သည်းမခံနိုင်ဘူး။ ချီလင်ဆိုတာက မိုးမြေကောင်းချီးခံ သတ္တဝါလေ။ ကောင်းကင်သားတော်လို့လည်း သတ်မှတ်ထားတာ။ ဒီတော့ ယင်ထန်မသေမျိုးနဲ့ ပြဿနာဖြစ်ကြတာပေါ့။
ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့နှစ်ယောက် တိုက်ခိုက်ကြတဲ့အဆင့်ထိတောင်ရောက်တယ်။ ချီလင်က ယင်ထန်ကို ချောချောမွေ့မွေ့မဟုတ်ဘဲ ဗိုက်ခွဲမွေးရတဲ့ကောင်၊ ကောင်းကင်ကတောင် မွေးမလာစေချင်တဲ့ကောင်လို့ ပြောတယ်။ ယင်ထန်ကလည်း ချီလင်ကို မိမဆုံးမဖမဆုံးမ ကြီးပြင်းလာတဲ့ကောင်လို့ ပြန်ပက်တယ်။ ဟုတ်တော့လည်းဟုတ်တယ်။ သူပြောတာလည်း မမှားပါဘူး"
လုယန် အတော်တွေးရခက်နေသည်။ မသေမျိုးများသည် မြင့်မြတ်သည့်ပုဂ္ဂိုလ်များဖြစ်သင့်သည်။ ယခု သူတို့ရန်ဖြစ်ကြပုံက လမ်းသရဲဆန်နေသလားဟုထင်မိသည်။
"သူတို့နှစ်ယောက် ရန်ဖြစ်ကြတယ်။ ကျုပ်ကပဲ ဝင်ဖြန်ဖြေရတယ်။ ပျော်ပွဲရွှင်ပွဲ ကျင်းပရတဲ့အချိန်မှာ ဘာလို့တိုက်ခိုက်နေမှာလဲပေါ့။ ကျုပ်အိမ်ကိုသွားပြီး စားသောက်ကြမယ်လို့ပြောလိုက်တယ်။ ကျုပ်က သူတို့အပေါ် ဩဇာနည်းနည်းညောင်းတော့ ကျုပ်စကားကြားတာနဲ့ သူတို့တိုက်ခိုက်နေတာ ရပ်သွားတာပဲ။
တိုက်ခိုက်ရင်း မိတ်ဆွေဖြစ်လာတယ်ဆိုတာ သူတို့နှစ်ယောက်ပဲ။ တိုက်ခိုက်ပြီးတဲ့အချိန် သူတို့တွေးကြတယ်။ တစ်မအေတည်း(ကောင်းကင်)က မွေးတဲ့လူချင်းဆိုတော့ သွေးသောက်ညီအကိုဖွဲ့ကြရင် မကောင်းဘူးလားပေါ့"
ထာဝရနတ်မယ် သူ့အကြောင်းသူ ကြွားလုံးထုတ်နေသည့်အပိုင်းကို ချိုးကျင်အန်း မသိကျိုးကျွံပြုထားသည်။ ပေါက်တတ်ကရပြောသည်ဟုသာ ယူဆသည်။ လိုရင်းကို သူထပ်မေးသည်။
"အဲဒီ့နောက် သူတို့တွေ သွေးသောက်ညီအကိုဖြစ်လာကြတယ်ပေါ့"
"မဖြစ်ပါဘူး။ ဘယ်သူအကိုကြီးဖြစ်သင့်လဲဆိုတာ ငြင်းခုန်ရင်း နောက်တစ်ကြိမ် ပြန်တိုက်ခိုက်ကြတာပဲ"
ချိုးကျင်အန်း - "..."
ရှေးဟောင်းခေတ်က ယင်ထန်မသေမျိုးနှင့် ချီလင်မသေမျိုး မျက်နှာကြောမတည့်ကြောင်း၊ အပြင်းအထန်တိုက်ခိုက်ကြကြောင်း သူအရင်ကတည်းက ကြားဖူးသည်။ မတည့်ရသည့်အကြောင်းရင်းနှင့်ပတ်သက်၍ အမျိုးမျိုးမှတ်တမ်းရှိသည်။ အများလက်ခံထားသည့်အယူအဆက တာအိုနှင့်မသေမျိုးလမ်းစဉ်၏ တိမ်သယောင်နှင့်နက်သည့် သဘောတရားများအပေါ် အကြီးအကျယ်သဘောထားကွဲလွဲ၍ ညှိနှိုင်းပေါင်းစည်း၍မရအောင် ပဋိပက္ခဖြစ်ကြသည်ဟူ၏။
သူတို့နှစ်ယောက် စကြာဝဠာထဲတွင် အပြင်းအထန် တိုက်ခိုက်ကြသည်။ ဘေးပတ်လည်နေရာတစ်ခုလုံး ပျက်စီးသည်။ ကြယ်ကမ္ဘာများ ဝိညာဉ်စွမ်းအင်များ ပျက်စီးပျောက်ကွယ်သွားသည်ဟူ၍လည်း ရှေးမှတ်တမ်းများတွင် ဖော်ပြထားသည်။
ယခု သူတို့တိုက်ခိုက်ရသည့်အကြောင်းရင်းက...။
ချိုးကျင်အန်း စိတ်ကူးယဉ်ထားသလို ခမ်းနားကြီးကျယ်သည့် ရှေးခေတ်ဂုဏ်သရေမျိုးနှင့် လားလားမှမဆိုင်။။
ဂိုဏ်းချုပ်နှစ်ယောက် စင်မြင့်ထက်တွင် ရှေးဟောင်းခေတ်အကြောင်း ဆွေးနွေးနေချိန်တွင် သိုင်းပြိုင်ကွင်းထဲ၌ နှစ်ဘက်ဂိုဏ်းတပည့်များ၏ပြိုင်ပွဲ စတင်သည်။
....
ပထမဆုံးပြိုင်ပွဲက တာအိုလမ်းစဉ်ဂိုဏ်းတပည့် မုန်ကျင်းကျိုးနှင့် ဓာတ်ငါးမျိုးဂိုဏ်းတပည့် တုရွှဲ့ယီ ဖြစ်သည်။
တုရွှဲ့ယီသည် သာမန်မဟုတ်။ ဓာတ်ငါးမျိုးဂိုဏ်းမှ အတွင်းသတင်းအရ သူသည် ရွှေဝိညာဉ်မြစ်ပိုင်ရှင်ဖြစ်သည်။ ခန္ဓာကိုယ်ကို အကြိမ်တစ်ထောင် သန့်စင်၍ နည်းလမ်းစုံလေ့ကျင့်ထားသည်။ သံမဏိလို မာကျောသည်။ မိုးကြိုးလက်သီးပညာကို ကျွမ်းကျင်သည်။ သူ့သံလက်သီးများက တားဆီးမရ။ လေပြင်းလို ဝှေ့ယမ်း၍ မိုးရွာသလိုကျလာတတ်သည်။
မုန်ကျင်းကျိုးက သူ့ထက်ပိုထူးခြားသည်။ ခပ်လျှိုလျှိုနေတတ်သည့် ဂိုဏ်းချုပ်လုယန်၏ စကားအရ သူသည် နှစ်တစ်ရာတွင် တစ်ခါသာပေါ်တတ်သည့် တစ်ကိုယ်တော်ဝိညာဉ်မြစ် ပိုင်ဆိုင်ထားသည်။ ဆောင်ကြာမြိုင်များသို့ မကြာခဏသွားတတ်သော်လည်း အစွန်းအထင်းမရှိခဲ့။ ခိုင်မာသည့်သူ့စိတ်ဓာတ်ကို အားလုံးက လေးစားရသည်။
မုန်ကျင်းကျိုးလည်း ခန္ဓာကိုယ်ကျင့်ကြံသူဖြစ်သည်။ ကျင့်ကြံသူလောကတွင် နာမည်ကြီးသည့် တတိယအကြီးအကဲ၏ တပည့်ဖြစ်သည်။ ထိုပြိုင်ပွဲဝင်နှစ်ယောက် ဘယ်လိုအံ့ဖွယ်အစွမ်းမျိုး ထုတ်ပြကြမည်မသိ။ စောင့်ကြည့်ရမည်။
ပြိုင်ပွဲစင်မြင့်ထက်တွင် သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်ရပ်နေသည်။ တစ်ယောက်က မောက်မာသည့်အကြည့်။ တစ်ယောက်က ကောက်ကျစ်သည့်အကြည့်။ ပြိုင်ဘက်၏ ကောက်ကျစ်သည့်အကြည့်ကြောင့် တုရွှဲ့ယီ နည်းနည်းစိတ်မသက်မသာဖြစ်နေပုံရသည်။ ပွဲမစခင် တစ်ပန်းရှုံးနေသည်။
ပွဲမစမီပင် မုန်ကျင်းကျိုးက အရှက်မရှိသည့်အရှိန်အဝါဖြင့် အသာစီးရနေသည်။
ပွဲစမည့်အချိန် မုန်ကျင်းကျိုး ဒိုင်လူကြီးဆီ လျှောက်သွားသည်။ ဘာလုပ်ချင်သည်မသိ။
ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တစ်လုံး ဆွဲထုတ်လိုက်သည်။ နေ့ခင်းကြောင်တောင် ဒိုင်လူကြီးကို လာဘ်ထိုးရန် ကြိုးစားနေခြင်းဖြစ်သည်။
ဒိုင်လူကြီးက လက်မခံဘဲ အဝါကတ်ပြ၍ သတိပေးသည်။
မုန်ကျင်းကျိုးက ထိုအပြုအမူကို နားလည်မှုလွဲသွားဟန်ရှိသည်။ အဝါကတ်နှင့် ဝိညာဉ်ကျောက်ကို လဲလှယ်လိုသည်ဟု ယူဆသည်။
ဒိုင်လူကြီး အရေးယူသည်။ မုန်ကျင်းကျိုးလုပ်ရပ်ကို လုံးဝလက်မခံကြောင်းပြသည်။
ပြိုင်ပွဲဝင်တစ်ယောက်ကို မတိုက်ခိုက်သင့်ဟုလည်း သူသိနေပုံရသည်။ ထို့ကြောင့် သူ့ကိုယ်သူ အနီကတ်ပြ၍ ကွင်းထဲမှထွက်သွားသည်။
ဤပွဲက တကယ်အလှည့်အပြောင်းများလှသည်။ ပွဲမစမီပင် ဒိုင်လူကြီးအသစ် အစားထိုးရသည်။
မအောင်မြင်သော်လည်း မုန်ကျင်းကျိုးက ဇွဲမလျှော့သေး။ တုရွှဲ့ယီကို လာဘ်ထိုးရန်ကြိုးစားပြန်သည်။
ထိုအဖြစ်မျိုး မကြုံဖူးသဖြင့် တုရွှဲ့ယီ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ ကံကောင်းထောက်မစွာဖြင့် ဂိုဏ်းခချုပ်ချိုးကျင်အန်း၏အကြည့်ကြောင့် သူအသိပြန်ဝင်လာသည်။ မသင့်တော်သည့် မုန်ကျင်းကျိုး၏ တောင်းဆိုချက်ကို အခိုင်အမာ ငြင်းပယ်လိုက်သည်။
ဒိုင်လူကြီးအသစ်က ပိုအတွေ့အကြုံများပုံရသည်။ နောက်ထပ်အဝါကတ်တစ်ခုထုတ်ပြ၍ မုန်ကျင်းကျိုးကို သတိပေးသည်။
နောက်ဆုံးတွင် မုန်ကျင်းကျိုး စိတ်ပါလက်ပါ ပြိုင်ပွဲကိုစတင်သည်။
ပွဲစသည်နှင့် တုရွှဲ့ယီက အဆက်မပြတ်ဖိ၍တိုက်ခိုက်သည်။ လက်သီးများက လျှပ်စီးမိုးကြိုးလိုကျလာသည်။ မုန်ကျင်းကျိုး နောက်သို့ဆက်တိုက်ဆုတ်၍ အသည်းအသန်ကာကွယ်နေရသည်။
'မုန်ကျင်းကျိုး၊ ပြိုင်ပွဲဝင်လာလို့ မင်းဒီလိုကြုံရတာပဲ...စိတ်မကောင်းပါဘူးကွာ။ ပွဲကြေညာသူက ပုဂ္ဂိုလ်ရေးနည်းနည်းဆန်တယ်ကွ။ ငါ့ကိုခွင့်လွှတ်ပါ'
မုန်ကျင်းကျိုး အရေးနိမ့်နေသယောင်ထင်ရသည်။ သို့သော် ထိခိုက်ဒဏ်ရာသိပ်မရ။ မိုးကြိုးလက်သီးဆက်တိုက်ထုတ်သုံးခဲ့သည့် တုရွှဲယီသာ ဟောဟဲဆိုက်လာသည်။
တုရွှဲ့ယီမောပန်းနေချိန်ကို အခွင့်ကောင်းယူ၍ မုန်ကျင်းကျိုး အပြင်းအထန် တန်ပြန်တိုက်စစ်ဆင်လိုက်သည်။ တတိယအကြီးအကဲ၏မူပိုင် ကောင်းကင်တုန်ခြောက်ကွက်ဖြင့် ဖိတိုက်ခိုက်သည်။
တုရွှဲ့ယီ အငိုက်မိသွားသည်။ အသာစီးမရတော့ဘဲ ခံစစ်အသွင်ပြောင်းသွားသည်။
တောင်ပေါ်မှဆင်းလာသည့်ကျားတစ်ကောင် အော်ဟစ်ဟိန်းဟောက်၍ တောအုပ်ကိုဖြတ်လာသကဲ့သို့ မုန်ကျင်းကျိုး၏ ပြင်းထန်သည့် လက်သီးလက်ဝါးချက်များကြောင့် တုရွှဲ့ယီ သွေးချင်းချင်းနီရဲသွားသည်။
ဒဏ်ရာရနေသော်လည်း မုန်ကျင်းကျိုး၏ လက်သီးတစ်ချက်ကိုခံယူ၍ အားအရှိန်ဖြင့် တုရွှဲ့ယီ နောက်ဆုတ်သွားပြီး ဒဏ်ရာကုသည်။
မုန်ကျင်းကျိုးက ဆက်တိုက်ခိုက်ရန် ပြေးလိုက်သွားသည်။ မုန်ကျင်းကျိုး၏ တိုက်ခိုက်ပုံကို တုရွှဲ့ယီ တဖြေးဖြေးသဘောပေါက်လာဟန်ရှိသည်။ သူတို့နှစ်ယောက်၏ လက်သီးချက် ခြေကန်ချက်များက ကျယ်လောင်စွာမြည်ဟိန်းနေသည်။
နှစ်ယောက်လုံး ကြမ်းတမ်းစွာတိုက်ခိုက်သည်။ လက်ရည်ညီနေသည်။ ဘယ်သူမှ အသာစီးမရ။
ထိုအခြေအနေကို မုန်ကျင်းကျိုးက ပထမဆုံး ဖြိုဖျက်သည်။ ရှေ့သို့တိုးသွားပြီး တုရွှဲ့ယီ၏ဦးခေါင်းကို သူ့ဦးခေါင်းဖြင့်တိုက်လိုက်သည်။
ထင်မှတ်မထားသည့် တိုက်ကွက်ဖြစ်သည်။ မုန်ကျင်းကျိုးသည် သံမဏိဦးခေါင်းကျင့်စဉ်ကို လေ့ကျင့်ထားပုံရသည်။။
မဟုတ်သေး။
တုရွှဲ့ယီဦးခေါင်းနှင့်တိုက်သည်အရာက မုန်ကျင်းကျိုး၏ ဦးခေါင်းမဟုတ်။ ဆံပင်ထုသာဖြစ်သည်။
ခန္ဓာကိုယ်ကျင့်ကြံသူဖြစ်၍ ဆံပင်ကို ခန္ဓာကိုယ်လိုမာကြောအောင် မုန်ကျင်းကျိုး လေ့ကျင့်ထားသည်။ ထို့အပြင် ဆံပင်သည် ခန္ဓာကိုယ်လို နာကျင်မှုဝေဒနာ မခံစားရ။
ဗျူဟာက ပြောင်မြောက်သည်။ တကယ်အံ့ဩစရာကောင်းသည်။
ခေါင်းချင်းဆိုင်တိုက်ရာမှ တုရွှဲ့ယီ မူးဝေ၍ နောက်သို့ယိုင်ထွက်သွားသည်။ မုန်ကျင်းကျိုးလိုချင်သည်က ထိုအနေအထားဖြစ်သည်။
အခြေအနေကို လက်လွတ်မခံဘဲ တုရွှဲ့ယီ၏ဝတ်ရုံကို ချုပ်ကိုင်၍ ကွင်းအပြင်ဘက်သို့ လွှင့်ပစ်လိုက်သည်။
မုန်ကျင်းကျိုး အနိုင်ရသွားသည်။
အသံချဲ့မှော်စက်ဝန်းမှ ထာဝရနတ်မယ် ကြေငြာလိုက်သည်။
"အခြေတည်အဆင့် ပထမပွဲစဉ်။ မုန်ကျင်းကျိုး အနိုင်ရပါတယ်"
ထို့နောက် သိစိတ်နယ်မြေမှ လုယန်ကို သူမေးသည်။
"နင်ခုနက ဘာတွေတတွတ်တွတ်ပြောနေတာလဲ"
****************************************