စာပေသမားနှင့်စာပေသမား
Vol. 12 Ch. 167
"တုရွှဲယီက တိုက်ပွဲအတွေ့အကြုံနည်းသေးတယ်။ ရှုံးသွားတော့ သူ့အတွက် သင်ခန်းစာရတာပေါ့"
ချိုးကျင်အန်း ခေါင်းခါနေသည်။ ပထမပွဲ အေရးမလှသော်လည်း သိပ်စိုးရိမ်ပုံမရ။
လုယန်စိတ်ထဲတွင်တွေးနေသည်။
'ဂိုဏ်းချုပ်ချိုး၊ လက်ဖက်ရည်ခွက်ကိုတောင် ပေါက်ခွဲလိုက်ပြီးမှ သင်ခန်းစာတွေဘာတွေ လာပြောနေတယ်ပေါ့။ အဲလောက်ဟန်ဆောင်နေစရာမလိုပါဘူး"
မုန်ကျင်းကို ပွဲဦးထွက် ဝင်ပြိုင်ခိုင်းသည်က လုယန်၏စိတ်ကူးဖြစ်သည်။ ဓာတ်ငါးမျိုးဂိုဏ်း၏စိတ်ဓာတ်ကို ရိုက်ချိုးလိုသောကြောင့်ဖြစ်သည်။
ထာဝရနတ်မယ်က တွေးတွေးဆဆလေသံဖြင့်ပြောသည်။
"ဂိုဏ်းချုပ်ချိုး၊ မုန်ကျင်းကျိုးက သန့်စင်ထားတဲ့သူ့ဆံပင်နဲ့ ပြိုင်ဘက်ခေါင်းကို တိုက်ခိုက်တာက တိုက်ပွဲအတွေ့အကြုံနည်းတယ်လို့ ပြောလို့မရဘူးထင်ပါတယ်"
အနည်းဆုံးတော့ ရှေးဟောင်းခေတ်က ထိုမျှတရားလွန်ခန္ဓာသန့်စင်မှုမျိုး သူတစ်ခါမှမမြင်ဘူး။
ယခုခေတ်သည် ခန္ဓာကျင့်ကြံသူတို့ခေတ်လားတော့မသိ။
ထာဝရနတ်မယ်၏ တုံးတိတိမှတ်ချက်ကြောင့် ချိုးကျင်အန်း ခဏဆွံ့အသွားသည်။ ဘာမှပြန်မပြောနိုင်။
သူ့ဘေးတွင် တစ်ခြားတစ်ယောက်ယောက် ခေါ်ထိုင်ခိုင်းရမလိုဖြစ်နေသည်။
ချိုးကျင်အန်း ခပ်တည်တည်မျက်နှာဖြင့် ပြန်ပြောသည်။
"တုရွှဲ့ယီကို ပွဲစထုတ်တာက ပွဲစည်သွားအောင်လို့ပါ။ နောက်တက်လာမယ့်လူက သူ့လောက် ရင်ဆိုင်ရမလွယ်ဘူး"
ပြိုင်ပွဲစင်ပေါ် ကွန်ဖြူးရှပ်ကျင့်ကြံသူတစ်ယောက် တက်လာသည်။ စာပေသမားဦးထုပ်ဆောင်းထားသည်။ စက္ကူယပ်တောင်ကိုင်ထားသည်။ အပြာနုရောင်ဝတ်စုံဝတ်ထားသည်။ အေးဆေးတည်ငြိမ်သည့်အသွင်ရှိသည်။
"ဒါကျုပ်တို့ဂိုဏ်းက အထူးချွန်ဆုံး စာပေကျင့်ကြံသူ အခြေတည်အဆင့်ဖန်ဟောင်ပါ"
ချိုးကျင်အန် ညင်ညင်သာသာမှတ်ချက်ပေးသည်။ သို့သော် ဖန်ဟောင်သည် တုရွှဲ့ယီနှင့် အဆင့်တူဖြစ်ကြောင်း ဓာတ်ငါးမျိုးဂိုဏ်းမှလူအားလုံး သိကြသည်။
"တိုက်တိုက်ဆိုင်ဆိုင်ပါလား။ ကျုပ်တို့မှာလည်း စာပေကျင့်ကြံသူတစ်ယောက်ရှိတယ်"
ပြိုင်ပွဲစင်တစ်ဘက်မှ တူကြီးတစ်လက်ကိုင်၍ အရိုးရိုင်းတက်လာသည်။ အမှန်တော့ မုန်ကျင်းကျိုးကို လက်နက်အဖြစ်ယူလာဖို့ ကြိုးစားခဲ့သည်။ သို့သော် ဒိုင်လူကြီးကလက်မခံ။ ထို့ကြောင့် စိတ်မပါ့တပါဖြင့် အသစ်ဝယ်ထားသည့် သဲနက်သံတူကို ယူလာရသည်။
တူလက်ကိုင်တွင် သူတော်စင်အဆိုအမိန့်အားလုံး ရွတ်ဆိုပေးနိုင်သည့် မှော်အဆောင်တစ်ခုကပ်ထားသည်။
"သူတော်စင်ကပြောတယ်။ တစ်ခါတစ်ရံ သင်ယူရင်းနဲ့ သင်ထားတာကို အသုံးချရတာ ပျော်စရာပဲမဟုတ်လား...."
အရိုးရိုင်း ဖန်ဟောင်ရှေ့သို့ လျှောက်လာသည်။ မျက်နှာကကြမ်းတမ်းသည်။ သူတော်စင်ကျမ်းရွတ်သံက ပြိုင်ပွဲကွင်းတစ်ခုလုံး ပျံ့နှံ့နေသည်။ တစ်မိသားစုလုံးသတ်ဖြတ်ပြီး သေဆုံးသူများအတွက် ကျမ်းစာရွတ်ပေးသည့် လူဆိုးတစ်ယောက်လိုဖြစ်နေသည်။ လုံးဝမလိုက်ဖက်။
ပွဲစသည်နှင့် အရိုးရိုင်းက သံတူဖြင့် ဖန်ဟောင်ကို လှမ်းထုသည်။ ဖန်ဟောင် လှလှပပ ဘေးသို့ရှောင်ထွက်သည်။
အရိုးရိုင်း လက်ကောက်ဝတ်အားကိုသုံး၍ တူကို ဦးတည်ရာလမ်းကြောင်းပြောင်းပြီး ဖန်ဟောင်ကို ဖြတ်ရိုက်သည်။
အရိုးရိုင်း ထိုမျှကြမ်းတမ်းမည်ဟု ဖန်ဟောင်ထင်မထား။ တူချက်ကို မရှောင်နိုင်တော့သဖြင့် စက္ကူယပ်တောင်ဖြစ် ကာလိုက်သည်။ ယပ်တောင်ကြေမွသွားသည်။ လူက ဘေးသို့လွင့်ထွက်သွားသည်။
စက္ကူယပ်တောင်သည် အသေတိုက်ကွက်ကို တစ်ကြိမ်ကာကွယ်ပေးနိုင်သည့် မှော်ရတနာဖြစ်သည်။ ထို့ကြောင့် ဖန်ဟောင် ဒဏ်ရာမရ။
သူမပြုံးနိုင်တော့။ ခက်ခဲသည့်ပြိုင်ဘက်နှင့် ရင်ဆိုင်နေရမှန်း နားလည်လာသည်။
ဖန်ဟောင်ဘေးပတ်လည်တွင် လေဆင်နှာမောင်းအသေးစားလေးပေါ်လာသည်။ ထိုလေလှိုင်းပျောက်ကွယ်သွားချိန်တွင် မမြင်နိုင်သည့်စွမ်းအားတစ်ခု သူ့ကိုလွှမ်းခြုံသွားသည်။
"တော်ဝင်ချီလား"
ထာဝရနတ်မယ် အံ့အားသင့်သွားသည်။ သူပြန်ရှင်သန်ပြီးကတည်းက တော်ဝင်ချီကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။
"ရှေးခေတ်မှာတုန်းက စာပေကျင့်ကြံသူတွ တော်ဝင်ချီတွေရှိလား"
လုယန် မေးလိုက်သည်။
"ရှိတာပေါ့။ "သူတော်စင်အဆိုအမိန့်"စာအုပ်ကို ရေးတဲ့သူ ပေါ်ထွက်တဲ့အချိန်က နင်ထင်တာထက် အများကြီးပိုစောတယ်"
"ကွန်ဖြူးရှပ်က မသေမျိုးဖြစ်လာလား"
"ငါမသိဘူး"
"မသိဘူး..ဟုတ်လား"
"'သူတော်စင်'ဆိုတာက ကျင့်စဉ်အဆင့်သတ်မှတ်ချက်မဟုတ်ဘူး။ အတ္တကင်းတဲ့စိတ်ဓာတ်ကိုပြောတာ။ အတ္တကင်းတဲ့ဘဝမျိုးမှာ နေထိုင်တာဟာ သူတောင်စင်အဆင့်ပဲ။
အတ္တကင်းတယ်ဆိုတဲ့စကားအဓိပ္ပါယ်က ကျယ်ပြန့်တယ်။ သုံးရက်သုံးညပြောလည်း ကုန်အောင်မရှင်းပြနိုင်ဘူး။ ငါ့အဆင့်နဲ့လည်း အဲလောက်မရှင်းပြတတ်ဘူး"
ထာဝရနတ်မယ်သည် ကိုယ့်အသိဗဟုသုတကို လက်တွေ့ကျကျသုံးသပ်တတ်ပုံရသည်။
မင်ရောင်တော်ဝင်ချီများကြားတွင် ဖန်ဟောင်က ဝံပုလွေမွှေးစုတ်တံဖြင့် လေထဲတွင်စာရေးသည်။
"စာပေလူရည်မွန်၊ ရှေ့ဆက်မတိုးနဲ့။ သင်ရှေ့ဆက်မတိုးတို့ တားဖြစ်ထားတယ်"
ရှေ့သို့တက်လာသည့်အရိုးရိုင်း ထိုစာလုံးများကိုမြင်သည်နှင့် အလိုလိုခြေလှမ်းရပ်သွားသည်။ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်တော့ပုံမပေါ်။
အသိပညာနှင့်လှုပ်ရှားနည်းလမ်း ပေါင်းစပ်နိုင်သည် စာပေကျင့်ကြံသူတို့၏ ရှားပါသည့်ပညာစွမ်းဖြစ်သည်။ ရေးထားသည့်စာအတိုင်း တစ်ဘက်လူလုပ်ဆောင်လာအောင် ဖိအားပေးနိုင်သည့် မှော်စွမ်းအားဖြစ်သည်။
သို့သော် ထိုမှော်ပညာမျိုးကလည်း အကန့်အသတ်တော့ရှိသည်။ ဖန်ဟောင်လိုပါရမီရှင်အတွက် သူ့နှင့်အဆင့်တူလူများအပေါ် အသုံးပြုနိုင်သည်။ သူ့ထက်အဆင့်မြင့်သူများအပေါ် လုံးဝသက်ရောက်မှုမရှိ။
အရိုင်းရိုင်းကို ရင်ဆိုင်ဖို့အသုံးချသည်မှာ မှန်သည်။
ဖန်ဟောင် နောက်ထပ်စာရေးသည်။
"သင့်ကိုယ်သင်မလိုချင်တဲ့အရာမျိုး တစ်ခြားလူတွေအပေါ် မလုပ်နဲ့"
ထိုစားသားအဓိပ္ပါယ်က အရိုးရိုင်း ဖန်ဟောင်ကို တိုက်ခိုက်လိုလျှင် သူ့ကိုယ်သူအရင်တိုက်ခိုက်ရမည့် သဘောမျိုးဖြစ်သည်။
မမျှော်လင့်ပဲ တားဆီးသည့်အမိန့်စာ ပျောက်ကွယ်သွားချိန်တွင် အရိုးရိုင်းက သံတူကိုလွှဲယမ်းလိုက်သည်။ ဖန်ဟောင် အံ့အားသင့်သွားသည်။
"မင်းငါ့ထိန်းချုပ်မှုကို ဘယ်လိုချိုးဖျက်လိုက်တာလဲ"
"ထိန်းချုပ်မှုလား"
အရိုးရိုင်း နားမလည်နိုင်အောင်ဖြစ်သွားသည်။
"ဒီစာကြောင်းက ငါမလိုချင်တဲ့အရာကို မင်းကိုမပေးရဘူးဆိုတဲ့ သဘောမဟုတ်ဘူးလား။ ငါ့ကိုထိန်းချုပ်တာနဲ့ မဆိုင်ဘူးလေ"
ဖန်ဟောင် သွေးအန်မတတ် စိတ်ပျက်သွားသည်။ စာပေမှော်ပညာအနှစ်သာရက စာကြောင်းကို နားလည်မှုအပေါ်တွင်မူတည်သည်။ ယခု သူ့ပြိုင်ဘက်က အရိုင်းစစ်ဖြစ်နေသည်။
အရိုးရိုင်း၏တူချက် ပွတ်ထိသွားသဖြင့် ဖန်ဟောင် သွေးအများးအပြားထွက်လာသည်။ နောက်သို့အမြန်ဆုတ်သွားသည်။ အရိုးရိုင်း၏တူချက်ကိုရှောင်ရှင်း စာထပ်ရေးသည်။
"ငါ့ကိုတိုက်ခိုက်ချင်ရင် မင်းကိုယ်မင်း အရင်တိုက်ခိုက်ရမယ်"
ခေတ်သစ်ဘာသာစကားသည် ဂန္တဝင်ဘာသာစကားလောက် အကျိုးသက်ရောက်မှုမရှိသော်လည်း ယခုချိန်တွင် ထိုစကားမျိုးသာ သုံးရမည်။
အရိုးရိုင်းက လုံးဝရပ်မသွား။ တူကိုလွှဲယမ်း၍ ဆက်တိုက်ခိုက်သည်။
ဖုန်ဟောင် မယုံနိုင်အောင်ဖြစ်သွားသည်။ ဤအရိုင်းမျိုးနွယ်သည် စာပင်ကောင်းကောင်းမဖတ်တတ်လေသလားမသိ။
အရိုးရိုင်း လေထဲခုန်တက်ပြီး ဖန်ဟောင်ဦးခေါင်းကို တူဖြင့်ထုချသည်။ ထိုအချိန်တွင် အရိုးရိုင်းမျက်လုံးများ မှိတ်ထားသည်ကို ဖန်ဟောင်မြင်ရသည်။
လုယန်နှင့်မုန်ကျင်းကျိုးတို့ထံ တစ်လခန့် ဆည်းပူးလေ့လာပြီးနောက် အရိုးရိုင်း အတော်ဉာဏ်ထက်လာသည်။ နှစ်ကြိမ်ရင်ဆိုင်ပြီးနောက် သူနားလည်သွားသည်။ ဖန်ဟောင်ရေးသည့်စာလုံးများကို သူမကြည့်လျှင် မှော်စွမ်းအားသက်ရောက်ခံရမည်မဟုတ်။
ထို့ကြောင့် သူမျက်လုံးမှိတ်ထားလိုက်သည်။
သူ့တူချက်ကျလာချိန်တွင် ဒိုင်လူကြီးက ဝင်ခုခံသည်။
ထိုတူချက်သာထိလျှင် ဖန်ဟောင် နောက်ထပ်စုတ်တံကိုင်နိုင်တော့မည်မဟုတ်။
"ဒုတိယပွဲစဉ်၊ အရိုးရိုင်းနိုင်ပါတယ်"
ချိုးကျင်အန်း မျက်နှာနည်းနည်းပျက်လာသည်။ သူငယ်ငယ်ကတည်း တာအိုလမ်းစဉ်ဂိုဏ်းမောင်နှမကိုးယောက်၏ အနိုင်ကျင့်မှုကို ခံခဲ့ရသည်။ မျက်နာပျက်ရသည်က သူ့အတွက် အဆန်းမဟုတ်တော့။ အသားကျနေသည်။
ထာဝရနတ်မယ်က မှတ်ချက်ပေးသည်။
"ရှေးဟောင်းအရိုင်းမျိုးနွယ် ပီသပါပေတယ်။ တကယ့်စစ်သည်ဗီဇပါတာပဲ။ မျက်လုံးမှိတ်ပြီးတောင် တိုက်ခိုက်နိုင်တယ်"
"ရှေးဟောင်းအရိုင်းမျိုးနွယ်တွေကြောင်း ခင်ဗျားအတော်သိထားလား"
လုယန်မေးသည်။
ထာဝရနတ်မယ်က ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေသည်။
"သိတာပေါ့။ ငါက အရိုင်းမျိုးနွယ်ရဲ့ဆရာလို့ ပြောရင်တောင်ရတယ်။ ဒီအရိုင်းမျိုးနွယ်တွေက ဉာဏ်သိပ်မကောင်းကြဘူး။ ကံကောင်းချင်တော့ မသေမျိုးတွေကြားမှာတောင် နာမည်ကျော်ကြားတဲ့ ငါ့ဉာဏ်ရည်အကြောင်း သူတို့သတင်းကြားသွားတယ်လေ။ ဒါကြောင့် သူတို့မျိုးနွယ်မှာ လာသင်ကြားပေးဖို့ ငါ့ကိုဖိတ်ခေါ်တယ်။ အရိုင်းမျိုးနွယ်ကို သင်ပေးရတာ ခက်ခဲတယ်။ တစ်နေ့သင်တာတောင် တစ်နေ့မမှတ်မိကြဘူး။ ဒါပေမယ့် ငါကဇွဲကောင်းပြီး စိတ်ရှည်သည်းခံတတ်တယ်။ နောက်ဆုံးကျတော့ လက်လျှော့ခြင်းဆိုတဲ့အဓိပ္ပါယ်ကို အရိုင်းမျိုးနွယ်တွေနားလည်အောင် သင်ပေးနိုင်ခဲ့တယ်။
ပြီးတော့ ငါနည်းလမ်းပြောင်းတယ်။ ငါ့ဉာဏ်ရည်ကို သူတို့စိတ်ဝိညာဉ်နဲ့သွေးဆက်ထဲ တိုက်ရိုက်ထည့်ပေးလိုက်တယ်။ အဲတော့ ငါသင်စရာမလိုဘဲနဲ့တောင် သူတို့ဉာဏ်ရည်က ငါပြီးရင် အမြင့်ဆုံးဖြစ်သွားမယ်လေ"
လုယန် မင်သက်မိသွားသည်။
'ပဲဝါနတ်မယ်၊ ခင်ဗျားက သူတို့ကို နှစ်သန်းချီကြာအောင် အဆိပ်ခတ်ခဲ့တာပဲ'
ကိစ္စတစ်ခုကို လုယန် ရုတ်တရက် တွေးမိလာသည်။ ထာဝရနတ်မယ် ထိုမျှကြိုးစားစွမ်းဆောင်ခဲ့သော်လည်း အရိုင်းမျိုးနွယ်ဖြစ်သည့် အရိုးရိုင်းက နတ်မယ်အကြောင်း လုံးဝမကြားဖူးသည်မှာ ထူးဆန်းနေသည်။
"ရှေးဟောင်းအရိုင်းမျိုးနွယ်မှာ မျိုးဆက်အမွေ လစ်ဟာသွားတာမျိုး ရှိခဲ့လို့လား။ ဒါမှမဟုတ် ထာဝရနတ်မယ်နဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တွေကို တစ်ယောက်ယောက်က တမင်တကာဖျောက်ဖျက်ပစ်ခဲ့တာများလား"
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သိကြသည့် မသေမျိုးတစ်ယောက်ကို မေ့ပျောက်သွားအောင် ဘယ်လိုကြိုးစားအားထုတ်မှုမျိုး လိုအပ်သနည်း။
**************************************