ဓာတ်ငါးမျိုးပညာချင်းယှဉ်ရာဝယ်
Vol. 12 Ch. 169
"တာအိုလမ်းစဉ်ဂိုဏ်းက လုယန်ပါ"
"ဓာတ်ငါးမျိုးဂိုဏ်းက ပိုင်မင်"
စင်မြင့်ပေါ်မှသူ့ဆရာ၏ အမူအရာကို ပိုင်မင် သတိထားမိသည်။ အင်အားကြီးရန်သူကို ရင်ဆိုင်ရသလို ဖြစ်နေသည်။ သို့သော် သူ့ဆရာက ပြိုင်ပွဲရပ်ဖို့မတား။
သို့ဆိုလျှင် သူ့ရှေ့မှလုယန်သည် သာမန်အသိဖြင့်ဆန့်ကျင်နေသော်လည်း ပြိုင်ပွဲစည်းမျဉ်းချိုးဖောက်ခြင်း သို့မဟုတ် လှည့်စားခြင်းမရှိသည့်သဘောဖြစ်သည်။
ထိုအဖြစ်က တကယ်ကြောက်စရာကောင်းသည်။
"ဝှီး"
လှံရှည် လေကိုခွဲသံပေါ်လာသည်။ တိုက်ပွဲစသည်။
ပိုင်မင်ကိုင်ထားသည့် ငွေလှံက နေရောင်အောက်တွင် တောက်ပနေသည်။
သူစတင်တိုက်ခိုက်သည်။ လုယန်က တည်ငြိမ်စွာ ညာဘက်သို့ ခြေလှမ်းရွှေ့လိုက်သည်။ ချင်ဖုန်းဓားက လှံရိုးတစ်လျှောက် ပွတ်တိုက်သွားပြီး မီးပွားများ လွင့်စင်ထွက်လာသည်။
ချင်ဖုန်းဓား၏အရှိန်က လျော့မသွားဘဲ ပိုင်မင်၏လက်ဆီသို့ ဆက်တိုးသွားသည်။ ပိုင်မင် လက်ကောက်ဝတ်ကိုခါလိုက်သည်။ ငွေလှံတုန်ခါသွားသည်။ ချင်ဖုန်းဓား၏လမ်းကြောင်း လွဲချော်သွားသည်။
ဓားအလင်းက မိုးရွာသလိုကျလာသည်။ မြစ်တစ်စင်းအသွင်ပြောင်း၍ အဆက်မပြတ်လိမ့်ဆင်းလာသည်။ လှံရှည်ကကြမ်းတမ်းသည်။ ပြင်းထန်သည့်အရှိန်ဖြင့်လှုပ်ရှားသည်။ လုယန်၏ဓားသွားကို လုံးဝမကြောက်ဘဲ ထိပ်တိုက်ရင်ဆိုင်သည်။
ဓားနှင့်လှံ ရင်ဆိုင်တွေ့သည်နှင့် အနိုင်အရှုံးကို ချက်ချင်းဆုံးဖြတ်ပြီးဖြစ်သည်။ ကြည့်ရှုသူအားလုံး မင်သက်မိနေသည်။ ဓာတ်ငါးမျိုးဂိုဏ်းတပည့်များ ထိတ်လန့်တုန်လှုပ်သွားသည်။ အဆင့်တူချင်း လက်နက်တိုက်ပွဲတွင် ပိုင်မင်ကို လက်ရည်တူယှဉ်နိုင်သူ တစ်ယောက်မှ မတွေ့ဖူးကြ။
"လက်ရည်တူတဲ့လား"
တီးတိုးစကားသံကြားသဖြင့် မုန်ကျင်းကျိုး နှာခေါင်းရှုံ့သည်။ ပွဲစကတည်းက အခြေတည်အဆင့်ဓာတ်ငါးမျိုးဂိုဏ်းတပည့်များ ကောင်းကောင်းမြင်သာသည့် အခြေခံဓားကွက်များဖြင့်သာ လုယန် တိုက်ခိုက်ခဲ့သည်။
လုယန်ဓားစွမ်းကို မုန်ကျင်းကျိုးအသိဆုံးဖြစ်သည်။ ယခုထိလုယန်က ကိုယ်ပိုင်ဓားပညာပင် ထုတ်မသုံးသေး။
လုယန်သည် သူ့ဓားကိုဆွဲထုတ်ခဲသည်။ သို့သော် ဓားစွမ်းမထက်ဟု မဆိုလို။ ဓားဝိညာဉ်မြစ်ပိုင်ရှင်သည် ဓားရေးမကောင်းဘဲနေမည်လော။
ထောင်ယော်ယဲ့က လုယန်တိုက်ခိုက်သည်ကို သေချာစိုက်ကြည့်နေသည်။ မူမမှန်သည့်အချက်တစ်ခုကို တွေးမိသည်။
လုယန် သစ်ပင်စိုက်ပညာသင်ချိန်က သူရှိနေသည်။ လုယန်နှင့်သစ်ပင်ကိုယ်ပွားသည် မီတာနှစ်ဆယ်အတွင်းသာ ဆက်သွယ်နိုင်သည်ကို သူကောင်းကောင်းမှတ်မိသည်။
ယခု စင်မြင့်ပေါ်မှလုယန်နှင့် ပြိုင်ပွဲကွင်းမှလုယန်ကြား အကွာအဝေးက မီတာနှစ်ဆယ်ထက် များစွာပိုနေသည်။
ကျားနတ်ဆိုးကိုနှိမ်နှင်းပြီးနောက် သရဲကျွန်များထိန်းချုပ်သည့် ကျင့်စဉ်ပညာတစ်ခုရခဲ့သည်ကို ထောင်ယော်ယဲ့မသိ။ ထိုပညာကို လုယန်လေ့လာပြီးနောက် ဝိညာဉ်ခွဲထုတ်ပညာဖြစ်လာသည်။
ဗောဓိကိုယ်ပွားသုံးချိန်တွင် သူ့သိစိတ်ဝိညာဉ်ကို ကိုယ်ပွားထဲသို့ ခွဲထုတ်ထားသည်။ ထို့ကြောင့် ထိန်းချုပ်နိုင်သည့်အကွာအဝေးကို စိတ်ပူစရာမလိုတော့။
တစ်နည်းဆိုရသော် လုယန်၏ဝိညာဉ်သည် ယခု ပြိုင်ပွဲကွင်းထဲတွင်ရှိနေသည်။ စင်မြင့်ပေါ်တွင်ရှိနေသည့်လုယန်ကို ထာဝရနတ်မယ်က ထိန်းချုပ်ထားသည်။
ပြိုင်ပွဲစင်ပေါ်တွင် လုယန် အခွင့်ကောင်းကို အမိအရဖမ်းဆုတ်၍ လေထဲတွင် ကိုယ်တစ်ပတ်လှည့်လိုက်သည်။ ညာခြေတွင် အားအပြည့်ထည့်ပြီး ငွေလှံထိပ် နင်းချသည်။ လှံကိုပြန်ဆွဲထုတ်ရန် ပိုင်မင်ကြိုးစားသည်။ သို့သော် လုယန်၏ခန္ဓာကိုယ်က တောင်တန်းတစ်ခုလို အခိုင်အမာဖိနင်းထားသည်။
ချင်းဖုန်းဓားကို လေထဲတွင် ဝိုက်ဆွဲလိုက်သည်။ လေထိုးခွဲသံပေါ်လာသည်။ ပိုင်မင်ဆီ တည့်တည့်ဦးတည်သွားသည်။
ပရိတ်သတ်များ မင်သက်မိနေသည်။ သို့သော် မကြာမီ ဓာတ်ငါးမျိုးဂိုဏ်းတပည့်များ အသိပြန်ဝင်လာသည်။
"မစိုးရိမ်ကြပါနဲ့။ အကိုပိုင်မင်ရဲ့အဓိကစွမ်းအားက ဓာတ်ငါးမျိုးပညာပဲလေ။ လှံရှည်ပညာက အာရုံလွှဲရုံသက်သက်ပါ"
ပိုင်မင် လှံကိုလွှတ်ပြီး ချက်ချင်းနောက်ဆုတ်သွားသည်။ လက်တစ်ဘက်ဖြင့် မှော်တံဆိပ်တစ်ခုဖန်တီးလိုက်သည်။ ကြီးမားသည့်မြေသားမြွေတစ်ကောင် မြေကြီးထဲမှထိုးထွက်လာသည်။
သိုင်းပြိုင်ကွင်းသည် ကျောက်တုံးများခင်းမထား။ ထူးဆန်းသည့်အဝါရောင်မြေသားဖြစ်သည်။ မှော်စက်ဝန်းများဖြင့် ထိန်းချုပ်ထားသည်။
"ဓာတ်ငါးမျိးပညာထဲက မြေနဂါးစွမ်းအားပဲ"
လုန်ရှန်း တအံ့တ၏ရေရွတ်လိုက်သည်။
ကျင့်ကြံမှုလောကတွင် နဂါးသည် အတော်အရေးပါသည်။ ဤကျင့်စဉ်အဆင့်တွင် ပိုင်မင်သည် မြေကြီးကို နဂါးအသွင်မပြောင်းနိုင်သေး။ မြွေတစ်ကောင်အဖြစ်သာ အသုံးပြုနိုင်သည်။ သို့သော် မြေသားမြွေကို အလွယ်တကူဆင့်ခေါ်နိုင်သည့်စွမ်းအားမျိုး သာမန်အခြေတည်အဆင့်များ ရနိုင်သည်မဟုတ်။
လုယန်က စိတ်လှုပ်ရှားခြင်းမရှိ။ စကားတစ်ခွန်းရွတ်လျက် မြေနဂါးကိုဖြတ်သွားသည်။
"မြေချုံ့စွမ်းအား"
ပိုင်မင် မျက်လုံးပြူးသွားသည်။ ဘာမှော်ပညာလဲ သူနားမလည်။ ဓာတ်ငါးမျိုးပညာထဲက တစ်ခုဖြစ်မည်ဟု ယူဆသည်။
လုယန်လည်း ဓာတ်ငါးမျိုးမှော်ပညာကို သုံးနိုင်မည်ဟု သူထင်မထား။ ထို့ပြင် သင်ယူဖို့ အလွန်တရာခက်ခဲသည် မြေထွက်ပြေးပညာမျိုးကို သုံးသွားသည်။
သူသည်ပင် ထိုပညာကို အပေါ်ယံလောက်သာ တီးမိခေါက်မိရှိသည်။ တကယ်မကျွမ်းကျင်သေး။
ပြိုင်ဘက်၏ မှော်ပညာပါရမီက သူ့ထက်သာနေခြင်းလော။
ဖြစ်နိုင်စရာမရှိ။ သူသည် ဓာတ်ငါးမျိုးဂိုဏ်း၏ ဂိုဏ်းတည်ဘိုးဘေးကဲ့သို့ ဓာတ်ငါးမျိုးမသေမျိုးခန္ဓာနှင့် မွေးလာသူဖြစ်သည်။ ဓာတ်ငါးမျိုးသဘောတရားများကို ထိုးထွင်းသိနိုင်သည့် ပင်ကိုယ်ဗီဇမျိုးရှိသည်။
ထိုမြင်ကွင်းကိုကြည့်နေသည့် ချိုးကျင်အန်းလည်း အံ့ဩနေသည်။
"မဟုတ်ဘူး။ ဒါက မြေထွက်ပြေးပညာမဟုတ်ဘူး"
ဓာတ်ငါးမျိုးကျင့်စဉ်ပညာများအကြောင်း သူ့ထက်ပိုသိသူမရှိ။ လုယန်သုံးသွားသည့် မှော်ပညာက သူသိထားသည်နှင့်မတူ။
နောက်ထပ် မှော်ပညာအသစ်တစ်ခုဖြစ်လေသလော။
"ဒီပညာကို ဘယ်သူတီထွင်ခဲ့တာလဲ"
ချိုးကျင်အန်း ထာဝရနတ်မယ်ကို လှည့်မေးသည်။
ထာဝရနတ်မယ်က ခပ်အေးအေးပြန်ဖြေသည်။
"တစ်လက်မမြေချုံ့ပညာကိုလေ့လာရင်းနဲ့ တတ်သွားတာပါ"
"ဘာ"
ချိုးကျင်အန်းစိတ်ထဲ ဘယ်လိုမှ ဆက်စပ်မရ။ ထိုပညာနှစ်ခု တကယ်ဆက်စပ်နေသလားမသိ။
(**တစ်လက်မမြေချုံ့ပညာက လေဟာနယ်မှော်ပညာဖြစ်သည်။ မြေအောင်းပညာက ဓာတ်ငါးမျိုးပညာဖြစ်သည်)
ထိုစဉ် ပြိုင်ပွဲကွင်းထဲမှအခြေအနေ ပြောင်းလဲသွားသည်။ ပိုင်မင်က ခံစစ်မှ တိုက်စစ်အနေအထားသို့ပြောင်းသည်။ လက်နှစ်ဘက်ဖြင့် မှော်တံဆိပ်တစ်ခု ဖန်တီးသည်။ ပြိုင်ပွဲကွင်းတွင် သတ္တုနှင့်မြေဓာတ်စွမ်းအင်ရောင်များ ပေါ်လာသည်။
ဓားငယ်ပေါင်းဒါဇင်ချီ၍ သူ့ရင်ဘတ်ထဲမှ ပျံထွက်လာသည်။ ဓားပျံများက သူ့အမိန့်အတိုင်း လှုပ်ရှားနေသည်။
"ဒါက သတ္တုထိန်းချုပ်ပညာပဲ"
ဓာတ်ငါးမျိုးဂိုဏ်းတပည့်ဖန်ဟောင်က ကျင့်စဉ်နာမည်ကိုပြောသည်။
သတ္တုထိန်းချုပ်ပညာသည် သတ္တုပစ္စည်းအားလုံးကို လိုသလိုအသုံးချနိုင်သည်။ အဆင့်မြင့်မြင့် ကျင့်ကြံထားလျှင် ပြိုင်ဘက်၏ မှော်လက်နက်များကိုပါ ထိန်းချုပ်နိုင်သည်။ အတော်ကြောက်စရာကောင်းသည်။
ယခု ပိုင်မင်က သူ့ကိုယ်ပိုင်မှော်ရတနာများကိုသာ ထိန်းချုပ်နိုင်သည်။ အရာဝတ္ထုထိန်းချုပ်ပညာနှင့် ဆင်တူသည်။ သို့သော် တိုက်စစ်ကို အဓိကထားသည်။
သေမင်းတမန်ဓားပျံများက လုယန်၏ သေကွင်းသေကွက်များဆီ နေရာစုံမှပြေးဝင်လာသည်။
ရှောင်မရသည့် တိုက်ခိုက်မှုမျိုးဖြစ်၍ လုယန် ရွှေအလင်းမှော်အဆောင်ကိုဆွဲထုတ်၍ သူ့ကိုယ်ပေါ်တွင်ကပ်လိုက်သည်။ ပြင်းထန်သည့်အလင်းရိပ်များထွက်လာပြီး အလင်းကာတစ်ခု ဖြစ်လာသည်။
ယန်ကျန်းမှပြန်လာချိန် တိုင်ပုဖန်ဆုချခဲ့သည် ကျိုးဆောင်မှတ်သုံးထောင်ဖြင့် ထိုပစ္စည်းကို ဝယ်ထားခြင်းဖြစ်သည်။
ဓားပျံများက သူ့ခန္ဓာကိုယ်ကိုထိသည်နှင့် ချက်ချင်းလည်ထွက်သွားသည်။
ပိုင်မင် လှောင်ပြုံးပြုံးသည်။
"ဟား..မှော်အဆောင်လေးလား။ သုံးတဲ့အကြိမ်ရေနဲ့ကြာချိန် အကန့်အသတ်ရှိတယ်။ အသေးစားလှည့်ကွက်လေးပါ။ မင်းဘယ်နှစ်ကြိမ် ကာကွယ်နိုင်မှာလဲ"
သူ့စကားကြားပြီးနောက် လုယန် ရွှေအလင်းမှော်အဆောင်ကို ကိုယ်ပေါ်မှ ဖယ်ရှားလိုက်သည်။
ပိုင်မင်က ဆက်၍လှောင်သည်။
"ခုခံဖို့ မကြိုး..."
လုယန် မှော်အဆောင်ကို ပြန်ကပ်သည်။ ရွှေအလင်းများထွက်လာသည်။ ပြန်ခွာသည်။ ပြန်ကပ်သည်။ ထပ်ကာထပ်ကာလုပ်သည်။ စူးရှသည့်အလင်းရောင်များက တဖျတ်ဖျတ်တောက်ပနေသည်။ ပိုင်မင် မျက်စိကန်းလုနီးပါးဖြစ်လာသည်။
ရွှေအလင်းမှော်အဆောင်ကို ထိုသို့သုံးနိုင်သည်ဟု သူလုံးဝမထင်ခဲ့။
ထိုအခြေအနေမျိုး တစ်ခါမှမကြုံဖူး။ သူ့မျက်ခွံများ အလိုလိုပိတ်ချင်လာသည်။ သို့သော် ယခုချိန် မျက်လုံးမှိတ်လိုက်လျှင် လုယန်က တိုက်ခိုက်လာမည်။ ထို့ကြောင့် ခန္ဓာကိုယ်၏တုံ့ပြန်မှုကို တင်းခံ၍ မျက်လုံးမှေးထားလိုက်သည်။
သူအခက်တွေ့နေချိန်တွင် လုယန်က မြေအောင်းပညာကိုအသုံးချသည်။ ပိုင်မင်၏ ခြေထောက်အောက်မှ ရုတ်တရက် ပေါ်ထွက်လာပြီး ပြင်းထန်သည့်လက်သီးချက်ဖြင့် မေးစေ့ကိုပင့်ထိုးလိုက်သည်။ သွားတစ်ချောင်း ကျွတ်ထွက်သွားသည်။
"ရွှေကျီးကန်းမီးတောက်"
အမြင့်ဆုံးတိုက်ခိုက်စွမ်းအားကို ပိုင်မင်ထုတ်သုံးသည်။ တစ်ချက်တည်းဖြင့် အနိုင်ပိုင်းရန်ကြိုးစားသည်။
ပြင်းထန်သည့်ရွှေမီးတောက်များ ပေါ်လာသည်။ မီးတောက်ထဲမှ ရွှေကျီးကန်းအော်သံများ သဲ့သဲ့ကြားရသည်။ အပူချိန်က ပြင်းထန်သည်။ သိုင်းပြိုင်ကွင်းအပူချိန် နှစ်ဆယ်ဒီကရီကျော်သွားသည်။ ကြည့်နေသည့်ပရိတ်သတ်များလည်း မီးတောက်စွမ်းအားကို ခံစားကြရသည်။
ပရိတ်သတ်ထဲတွင် ရွှေကျီးကန်းမီးတောက်စွမ်းအားကို အကြောက်ဆုံးမှာ ရေဝိညာဉ်မြစ်ကျင့်ကြံသူ လုန်ရှန်းဖြစ်သည်။ ရေနှင့်မီးသည် ဘယ်တုန်းကမှ ပေါင်းစည်းမရခဲ့။ ရွှေကျီးကန်းမီးတောက်ပေါ်လာသည်နှင့် ဖိအားတစ်ခုကို သူခံစားရသည်။ သူ့ကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်လည်ပတ်မှုပင် နှေးကွေးသွားသည်။
"အကိုပိုင်ရဲ့ ရွှေကျီးကန်းမီးတောက်ဆိုတာ ဒါလား။ အခြေတည်အဆင့်ရဲ့နံပတ်တစ်ပီသပါတယ်။ တကယ်စွမ်းအားကြီးတာပဲ"
"အကိုပိုင်ရဲ့ ရွှေကျီးကန်းမီးတောက်က ဒီထက်မြင့်တဲ့ နေမီးတောက်အဆင့်ကို အသွင်ပြောင်းနေပြီလို့ ဂိုဏ်းချုပ်ပြောတာ ကြားဖူးတယ်။ အကိုပိုင်ရွှေသန္ဓေတည်ဆောက်တာနဲ့ ရွှေကျီးကန်းမီးတောက်က နေမီးတောက်အဖြစ် ချောချောမွေ့မွေ့ပြောင်းသွားတော့မှာ။ ရွှေသန္ဓေအခြေခံအဆင့်မှာ မီးတောက်စစ်တစ်ခုရတာ တကယ်အံ့၏စရာပဲ"
လုန်ရှန်း လှည့်ကြည့်သည်။ လီဟော်ရန်ကိုမြင်ရသဖြင့် အံ့အားသင့်သွားသည်။ လုယန်အတွက် လုံးဝစိုးရိမ်ပုံမရ။ မီးတောက်အစွမ်းကိုသာ တအံ့တဩပြောနေသည်။
"လုယန်အတွက် မင်းမစိုးရိမ်ဘူးလား"
လီဟော်ရန်က ပြုံးသည်။ တိုက်ရိုက်မဖြေ။
"အကိုလုက ငါ့ဆီကို ရထားပျံပုံသွန်းဖို့ တစ်ခါလာဖူးတယ်။ သုံးရက်လုံးလုံး ငါတို့နှစ်ယောက် အတူတူအလုပ်လုပ်လုပ်ခဲ့တာ။ နောက်ဆုံးတော့ ပြီးသွားတယ်။ အဲဒါလုပ်တုန်းက မီးတောက်ပေးဖို့ကိစ္စ အကိုလုတာဝန်ယူတယ်။ အဲဒါဘယ်လိုမီးတောက်လဲ မင်းသိလား"
"ဘာမီးတောက်လဲ'
"သမာဓိမီးတောက်စစ်လေ"
ပြိုင်ပွဲစင်မြင့်ပေါ်မှပိုင်မင် အနိုင်ရတော့မည်ဟု အပြည့်အဝယုံကြည်ထားသည်။ သို့သော် စိတ်ထဲတွင် စနိုးစနောင့်ခံစားလိုက်ရသည်။ ရွှေကျီးကန်းမီးတောက်များက သူ့မြင်ကွင်းကို ပိတ်ဆို့နေသဖြင့် လုယန်၏လှုပ်ရှားမှုများကို မမြင်ရ။
ရုတ်တရက် သူ့အမူအရာပြောင်းသွားသည်။
လုယန်ရှိသည့်နေရာဆီမှ ပိုပြင်းထန်သည့် ပိုကြမ်းတမ်းသည့် မီးတောက်တစ်ခု ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသည်။
ထိုခံစားမှုမျိုးကို...သူသိနေသည်။
မီးတောက်စစ်။
***********************************