ထာဝရအရှင်ကောင်းချည်းပေး
Vol. 12 Ch. 171
တာအိုလမ်းစဉ်ဂိုဏ်းဂိတ်တံခါး၏ အပြင်ဘက်တွင် ရိုးရှင်းစွာဝတ်စားထားသည့် လူရှစ်ယောက်အတူစု၍ ဆွေးနွေးတိုင်ပင်နေကြသည်။
"ဓာတ်ငါးမျိုးဂိုဏ်း။ ချမ်းသာနေတဲ့ဒီခွေးတွေက ဝိညာဉ်ကျောက်ပင်လယ်ထဲ လက်ပစ်ကူးနေကြတာပဲ။ ဒီလောက်ကြီးတဲ့ လှေပျံကိုတည်ဆောက်ထားတယ်။ ပြီးတော့ လှေတစ်ခုလုံးလည်း အသုံးမဝင်တဲ့ အဆင်တန်ဆာတွေခြယ်ထားသေးတယ်။ ငါတို့မှာသာ ဒီလောက်များတဲ့ဝိညာဉ်ကျောက်တွေရှိရင် ငါတို့အစီအစဉ်တွေ အကောင်အထည်ပေါ်ပြီးလောက်ပြီ"
ထာဝရဂိုဏ်းအကြီးအကဲတစ်ယောက် ဂိတ်တံခါးအပြင်ဘက်တွင်ရပ်ထားသည့် လှေပျံကြီးကိုကြည့်၍ ခိုးယူချင်စိတ်ပေါက်နေသည်။
"စိတ်အေးအေးထားစမ်းပါ။ မင်းကိုယ်မင်းပြန်ကြည့်ဦး။ ငွေမမြင်ဖူးတဲ့ကောင်လိုပဲ။ ငါတို့မစ်ရှင်သာ ချောမွေ့သွားရင် တာအိုလမ်းစဉ်ဂိုဏ်းကို အိပ်ပျော်အောင်လုပ်ပြီး ငါတို့စိတ်ကြိုက် လုယက်လို့ရတယ်။ ဒီလိုလှေပျံတစ်စီးလောက်ဝယ်ဖို့ စိုးရိမ်စရာမလိုပါဘူးကွ"
ဒုဂိုဏ်းချုပ်လျိုက အမြော်အမြင်နည်းသည့် အကြီးအကဲကို ငေါက်ငမ်းသည်။
နောက်အကြီးအကဲတစ်ယောက်က ပြောသည်။
"ဒါပေမယ့် ကျုပ်တို့အစီစဉ်က တကယ်အောင်မြင်နိုင်ပါ့မလား။ အရင်က တာအိုလမ်းစဉ်ဂိုဏ်းထဲကို တစ်ခါမှလည်းဝင်ဖူးတာမဟုတ်ဘူး"
သူတို့အတွက် တာအိုလမ်းစဉ်ဂိုဏ်းသည် နဂါးဂူနှင့်တူသည်။
"စိတ်ချပါ လူကြီးမင်းတို့။ ကျုပ်တို့ရဲ့သူလျိုက ကျုပ်တို့ဘေးကင်းဖို့အတွက် တိကျတဲ့လှုပ်ရှားမှုအစီအစဉ်နဲ့ တိုက်ခိုက်ရမယ့်နေရာအတွက် မြေပုံပေးထားပါတယ်"
တန်ယွမ်ရှန်း ဝင်ပြောသည်။ ဂိုဏ်းအုပ်တစ်ယောက်အနေဖြင့် ဤလူစုထဲတွင် သူသည်ရာထူးနှင့်ကျင့်စဉ်စွမ်းအား အနိမ့်ဆုံးဖြစ်သည်။ တစ်ခြားနေရာတွင် ဂိုဏ်းခွဲသခင်များပင် သူ့ကိုလေးစားရသည်။ သို့သော် ဤနေရာတွင် သူသည်အနိမ့်ဆုံးဂိုဏ်းဝင်ဖြစ်သည်။
"ဟုတ်တယ်၊ ရှောင်တန်ပြောတာမှန်တယ်"
နောက်ထပ် ဒုဂိုဏ်းချုပ်တစ်ယောက်က ပြောသည်။ သူ့နာမည် ကောင်းကျန့်လိုင်ဖြစ်သည်။ အခြေတည်အစောပိုင်းအဆင့် ကျင့်ကြံသူဖြစ်သည်။
"ပြီးတော့ ငါတို့အားလုံးက ဉာဏ်ပညာ၊ စွမ်းအားနဲ့ ကံကြမ္မာရဲ့ပြယုဂ် ထာဝရအရှင်ကို ယုံကြည်သူတွေပါ။ ထာဝရအရှင်ရဲ့ကောင်းချီးနဲ့ ငါတို့မစ်ရှင် သေချာပေါက်အောင်မြင်မှာပါ"
"ထာဝရအရှင် ကောင်းချီးပေးပါစေ"
"ထာဝရအရှင် ကောင်းချီးပေးပါစေ"
တစ်ခြားလူကြားမည်စိုး၍ လူရှစ်ယောက် တီးတိုးဆုတောင်းကြသည်။
"ခင်ဗျားတို့စောင့်နေရတာ ကြာသွားပြီလား"
လုယန် သူ့လက်အောက်ခံများကို လာနှုတ်ဆက်သည်။ သူသည်အများအမြင်တွင် တာအိုလမ်းစဉ်ဂိုဏ်း၏ ယာယီဂိုဏ်းချုပ်ဖြစ်သည်။ သို့သော် နောက်ကွယ်တွင် ထာဝရဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည်။ နှစ်ဘက်လုံး ကစားနေသည်။
(**ထာဝရနတ်မယ်က သူ့ကို ထာဝရဂိုဏ်း၏ဂိုဏ်းချုပ်အဖြစ် အသိအမှတ်ပြုထားသည်)
"ကျုပ်မိတ်ဆက်ပေးပါရစေ။ ဒါက ကျုပ်တို့ရဲ့သစ္စာခံနောက်လိုက် တာအိုလမ်းစဉ်ဂိုဏ်းရဲ့သူလျို လုယန်ပါ"
တန်ယွမ်ရှန်းက မိတ်ဆက်ပေးသည်။ ထို့နောက် တီးတိုးကပ်မေးသည်။
"တစ်ခြားနှစ်ယောက်ကရော ဘယ်မှာလဲ"
"မုန်ကျင်းကျိုးနဲ့အရိုးရိုင်းက အသားကင်ရင်းအလုပ်များနေလို့ ထွက်မလာနိုင်ပါဘူး"
ထို့နောက် တန်ယွမ်ရှန်းက ထာဝရဂိုဏ်း၏ အဆင့်မြင့်ဂိုဏ်းဝင်ခုနစ်ယောက်ကို မိတ်ဆက်ပေးသည်။
တန်ယွမ်ရှန်းက ကြားခံဆက်သွယ်ရေးသာ တာဝန်ယူထားရသည်။ တာအိုလမ်းစဉ်ဂိုဏ်းထဲဝင်ရာတွင် နတ်ဝိညာဉ်အဆင့်သာရှိသည့်သူ့ကို မလိုအပ်။ ဘာမှလည်း အသုံးဝင်မည်မဟုတ်။
လုယန်က 'လက်အောက်ခံ'ခုနစ်ယောက်ကို သတိပေးသည်။
"တာအိုလမ်းစဉ်ဂိုဏ်းဟာ ကျုပ်တို့ထာဝရဂိုဏ်းသားတွေအတွက် အလွန်အန္တရာယ်များပါတယ်။ နဂါးဂူထဲ ဝင်ရသလိုပါပဲ။ ကျုပ်ညွှန်ကြားချက်အတိုင်း သေချာလိုက်နာပေးပါ။ တစ်ခုခုမှားသွားရင် ကျုပ်တို့အလောင်းတွေ မြှုပ်စရာနေရာရှိမှာမဟုတ်ဘူး"
လူခုနစ်ယောက် မျက်မှောင်ကျုံ့သွားသည်။ အခြေတည်အဆင့်တစ်ယောက်က ဩဇာပေးနေသည်ကို သူတို့ဗီဇစိတ်က သဘောမကျ။ သို့သော် စိတ်ကျန်းမာရေးဆေးရုံသို့ လာလည်သူအတွက် လူနာများတိုက်ခိုက်မှုမခံရစေရန် လမ်းညွှန်မည့်လူလိုသည်။ ထို့ကြောင့် သူတို့သည်းခံလိုက်သည်။
"လမ်းပြပါ"
ဂိတ်စောင့်တပည့်များက သူတို့၏ယာယီဂိုဏ်းချုပ် ဝင်လာသည်ကိုမြင်သည်။ မတားဆီးကြ။ တိုက်ရိုက်ဖြတ်သွားခွင့်ပြုသည်။
ဒုဂိုဏ်းချုပ်လု အံ့အားသင့်သွားသည်။ တာအိုလမ်းစဉ်ဂိုဏ်းထဲ ဝင်ရသည်က အတော်လွယ်နေသည်။
လုယန်က ပြုံး၍ရှင်းပြသည်။
"တာအိုလမ်းစဉ်ဂိုဏ်းတပည့်တွေက ကျုပ်တို့ဆိုင်ကို မကြာခဏလာပြီး အကင်စားကြတယ်။ ကြာလာတော့ မျက်မှန်းတမ်းမိနေပြီလေ။ ဒီတော့ ကျုပ်အခက်တွေ့အောင် မလုပ်ကြပါဘူး"
ဒုဂိုဏ်းချုပ်လျိုက လုယန်ပုခုံးကိုပုတ်သည်။
"တာအိုလမ်းစဉ်ဂိုဏ်းကလူတွေနဲ့ ဒီလောက်ထိရောဝင်နိုင်မယ်လို့ ထင်မထားဘူးကွာ။ ဒါမျိုးက ကျင့်ကြံသူအတော်များများ ရူးလောက်အောင်ကြိုးစားရင်တောင် မရနိုင်ဘူး။ တော်တယ်ကွာ။ မင်းအခု ကျင့်စဉ်အဆင့်နိမ့်နေသေးတာ ဆိုးတာပဲ။ မဟုတ်ရင် ဘယ်လိုဖြစ်ဖြစ် မင်းကိုရာထူးတိုးပေးလိုက်မှာ"
ယခုလက်ရှိရာထူးထက် ထပ်တိုးနိုင်သေးသလားဟု လုယန်စိတ်ထဲတွေးနေသည်။ ဂိုဏ်းချုပ်ထက်ရာထူးကြီးသူမှာ ဂိုဏ်းဘိုးဘေးသာရှိတော့သည်။
'အင်း..ဟုတ်တယ်။ ဂိုဏ်းဘိုးဘေးဆိုတာဘာလဲ။ ဂိုဏ်းတည်ထောင်သူပဲမဟုတ်လား။ ငါက..ထာဝရနတ်မယ်ကို ပြန်အသက်သွင်းပြီး ထာဝရဂိုဏ်းယုံကြည်တဲ့ အရှင်သခင်ကို ထုတ်ပေးခဲ့တာပဲ။ ပြောရရင် ဘိုးဘေးတစ်ယောက်လုပ်တဲ့အလုပ်ကို ငါလုပ်ခဲ့တာပဲ"
သူဂိုဏ်းဘိုးဘေးဖြစ်မှသာ ယုတ္တိကျပြီးမှန်ကန်မည်ဟု ခံစားမိသည်။ ထာဝရဂိုဏ်း၏ ဂိုဏ်းချုပ်အတုရာထူးအတွက် ယှဉ်ပြိုင်နေစရာမလိုတော့။
ယခု ထာဝရဂိုဏ်း၏ အုပ်ချုပ်ရေးယန္တရားပုံစံက သိသာထင်ရှားလာသည်။ ထာဝရနတ်မယ်သည် အမြင့်ဆုံးအဆင့်ဖြစ်သည်။ ပြီးလျှင် ဘိုးဘေးလုယန်ရှိသည်။ ပြီးလျှင် ဂိုဏ်းချုပ်၊ ဒုဂိုဏ်းချုပ်နှင့် အောက်လက်ငယ်သားများရှိသည်။
ယခု ထာဝရနတ်မယ်သည် တာအိုလမ်းစဉ်ဂိုဏ်း၏ ဧည့်သည်အကြီးအကဲဖြစ်သည်။ သုံးရက်တာ ယာယီဂိုဏ်းချုပ်တာဝန် ထမ်းဆောင်နေသည်။ သို့ဆိုလျှင် ထာဝရဂိုဏ်းသည် တာအိုလမ်းစဉ်ဂိုဏ်း၏ ဂိုဏ်းခွဲတစ်ခုဟု သတ်မှတ်နိုင်သည်။
တာအိုလမ်းစဉ်ဂိုဏ်းထဲရောက်ချိန်တွင် ဂိုဏ်းချုပ်လျိုတို့ခုနစ်ယောက် စူးစမ်းလိုကြသည်။ သို့သော် ဝိညာဉ်အာရုံမဖြန့်ရဲသဖြင့် မျက်လုံးဖြင့်သာ လေ့လာကြရသည်။
တာအိုလမ်စဉ်ဂိုဏ်းက ရိပ်မိမည်စိုး၍ တစ်လမ်းလုံး ရင်တထိတ်ထိတ်ဖြစ်နေသည်။ အန္တရာယ်များဆုံးအခြေအနေသို့ ရောက်နေပြီးဖြစ်၍ စိုးရိမ်နေလည်း ဘာမှမထူးတော့။
သိုင်းပြိုင်ကွင်းတွင် ရွှေသန္ဓေအဆင့် ပထမပြိုင်ပွဲစသည်။ ထာဝရနတ်မယ်စိန်ခေါ်ခဲ့သည့် တာအိုလမ်းစဉ်ဂိုဏ်းသား အကိုလော်ဟိုင် ယှဉ်ပြိုင်နေသည်။
လော်ဟိုင်သည် ရေဓာတ်ကျင့်စဉ်ပညာများ ကျွမ်းကျင်သည်။ သူ့ပြိုင်ဘက်လည်း ထိုသို့ပင်ဖြစ်သည်။ ရေလှိုင်းများဖြင့် တိုက်ခိုက်ကြသည်။ အရှိန်အဟုန်က သာမန်ရွှေသန္ဓေအဆင့်တိုက်ပွဲမျိုးနှင့်မတူ။
"ရောက်ပါပြီ။ ဒါကျုပ်တို့ရဲ့ စခန်းပဲ"
လုယန် 'နောက်တစ်ခေါက်"အသားကင်ဆိုင်သို့ ရောက်လာသည်။
တိုင်ပုဖန်ကြိုတင်စီစဉ်ပေးထားသည့်ဆိုင်ဖြစ်သည်။ အရင်က တစ်ခြားလူများရောင်းသည်။ နှီးနှောဖလှယ်ပွဲအတွင်း လုယန်တို့လက်ထဲသို့ ယာယီလွှဲထားသည်။
အရိုးရိုင်းက ကျွမ်းကျင်စွာ အသားကင်နေသည်။ ကျယ်ဝန်းသည့်ဆိုင်ထဲတွင် လူနည်းနည်းသာရှိသည်။
တစ်ခြားဆိုင်များက ယခုမှ စဖွင့်ကြသည်။
တာအိုလမ်းစဉ်ဂိုဏ်းနှင့် ဓာတ်ငါးမျိုးဂိုဏ်းယှဉ်ပြိုင်ပွဲတွင် ပြိုင်ပွဲအုပ်စုလေးခုပါသည်။ အခြေတည်အဆင့်ပြိုင်ပွဲသာပြီးသေးသည်။ တစ်ခြားအဆင့်တိုက်ပွဲသုံးခုက တိုက်ပွဲချိန်ကြာမြင့်ပြီး နည်းဗျူဟာများ ကျင့်စဉ်စွမ်းအားများ စုံလင်သဖြင့် ပရိတ်သတ်များ ပိုစိတ်ဝင်စားသည်။ နှီးနှောဖလှယ်ပွဲ၏ အဓိကပွဲစဉ်များဖြစ်သည်။
ထို့ကြောင့် ဈေးဆိုင်များက ယခုလိုအချိန် စီးပွားရေးစလုပ်ကြသည်။
"ဒုဂိုဏ်းချုပ်ကို ဂါရဝပြု..."
အရိုးရိုင်း သူ့အလုပ်ကို ခဏနား၍ အရိုအသေပေးရန်ပြင်သည်။ ဒုဂိုဏ်းချုပ်လျိုက တားလိုက်သည်။
"အန္တရာယ်များတဲ့အခြေအနေမှာ ပုံမှန်အတိုင်းပဲဆက်ဆံပါ"
"ဟုတ်ကဲ့၊ ထိုင်ပါခင်ဗျ"
"မုန်ကျင်းကျိုး ဘယ်မှာလဲ"
လုယန် မျက်လုံးဝေ့ကြည့်၍မေးသည်။
"ဪ အကိုမုန်က တစ်ခြားဆိုင်တွေ ဈေးဘယ်လိုရောင်းနေလဲဆိုတာ သွားကြည့်တယ်။ သူတို့ထက်သာအောင်ရောင်းဖို့ ဗျူဟာတစ်ခု စည်းစားကြည့်ဖို့လေ"
လုယန်မျက်မှောင်ကျုံ့သွားသည်။ အရေးကြီးကိစ္စများ အာရုံမစိုက်သည့်မုန်ကျင်းကျိုးကို ဒေါသထွက်သွားသည်။ ထာဝရဂိုဏ်း၏အောင်မြင်မှုကျရှုံးမှုက ဤမစ်ရှင်အပေါ် မူတည်နေသည်။ ဘာကြောင့် အသေးအဖွဲ့ကိစ္စများကို အာရုံရောက်နေသည်မသိ။
ဒုဂိုဏ်းချုပ်လျိုကတားသည်။
"အင်း..ဒေါသဖြစ်စရာမလိုပါဘူး။ သဏ္ဍာန်လုပ်သရုပ်တူရမယ်ဆိုတဲ့ စကားလည်းရှိတာပဲ။ ရှောင်မုန်လုပ်ရပ်က အသားကင်ဆိုင်အလုပ်သမားလုပ်ရပ်နဲ့လည်း ကိုက်ညီပါတယ်။ နားလည်ပေးလို့ရတယ်။ ဒါပေမယ့် လူတစ်ယောက်လျော့နေရင် အစီအစဉ်ချဖို့ ခက်ခဲတယ်။ အရိုးရိုင်း၊ မင်းသူ့ကိုသွားရှာပြီး ပြန်ခေါ်ခဲ့ပါ။ မင်းတို့သုံးယောက်က တာအိုလမ်းစဉ်ဂိုဏ်းနဲ့ အရင်းနှီးဆုံးပဲ။ ငါတို့ဆက်လှုပ်ရှားမဲ့အစီအစဉ်ကို ဆွေးနွေးရအောင်"
"ဟုတ်ကဲ့"
အရိုးရိုင်း အမြန်ထွက်သွားသည်။ ထွက်မသွားမီ လုယန်ကိုလှမ်းပြောသည်။
"အကိုလု၊ အော်ဒါကြိုမှာထားတဲ့ အသားကင်တွေရှိတယ်။ ကင်လို့ပြီးသလောက်ရှိနေပြီ။ သွားပို့ဖို့မမေ့နဲ့ဦးနော်"
"ကောင်းပြီလေ"
မပြီးသေးသည့် အရိုးရိုင်း၏တာဝန်ကို လုယန်လွှဲယူသည်။ အသားကင်ပြီးအောင်လုပ်သည်။ သူ့လှုပ်ရှားမှုများက ကျွမ်းကျင်သည်။ လုပ်သက်နှစ်သုံးဆယ် ဝါရင့်ဆရာလိုဖြစ်နေသည်။
ဒုဂိုဏ်းချုပ်လျို သဘောကျဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။ လုယန်၏လှုပ်ရှားမှုများက စနစ်ကျသည်။ သူလေ့လာထားသည်နှင့် သိပ်မကွာ။
အကင်ကင်ပြီးနောက် လုယန်ကပြောသည်။
"ခဏစောင့်ကြပါဦး ဧည့်သည်တော်တို့။ ကျုပ်အကင်သွားပို့ရမယ်"
"နေပါဦး။ ဘယ်ကိုလဲ။ မင်းကိုယ်စား ငါ့လူတစ်ယောက်ကို ပို့ခိုင်းလိုက်ပါ့မယ်"
ဂိုဏ်းချုပ်လျိုကတားသည်။ လုယန်ထွက်သွားလျှင် ဆိုင်ထဲတွင် သူတို့ခုနစ်ယောက်သာ ကျန်တော့မည်။
လုယန်က အဝေးမှစင်မြင့်ဆီ လက်ညှိုးထိုးပြသည်။
"ဟိုစင်ပေါ်က ဂိုဏ်းအထက်ပုဂ္ဂိုလ်တွေ မှာထားတာ"
ဒုဂိုဏ်းချုပ်လျို ဘာပြောရမှန်းမသိဖြစ်သွားသည်။ စင်မြင့်ပေါ်တွင် တာအိုလမ်းစဉ်ဂိုဏ်းနှင့်ဓာတ်ငါးမျိုးဂိုဏ်းမှ အဆင့်မြင့်ဂိုဏ်းဝင်များရှိသည်။ အားလုံးက စုစည်းခြင်းအဆင့်ဖြစ်သည်။ သူတို့ကိုယ်တိုင် အကင်သွားပို့လျှင် သူတို့နောက်ခံကို ထိုလူများအလွယ်တကူ ရိပ်မိသွားသည်။
"သွားပါလေ။ မြန်မြန်သွားပြီး မြန်မြန်ပြန်ခဲ့"
လုယန် အသားကင်ထုပ်ကိုင်၍ အမြန်ထွက်သွားသည်။
သူထွက်သွားပြီးမကြာမီ မိန်းမလှတစ်ယောက်က အသားကင်ဆိုင်ကို သတိပြုမိလာသည်။
"ဪ 'နောက်တစ်ခေါက်' အသားကင်ဆိုင်တဲ့။ နာမည်လေးက စိတ်ဝင်စားစရာပဲ။ ရှင်တို့ ဆိုင်စဖွင့်နေပြီလာား။ ကျွန်မကို သိုးသားကင်နှစ်ဆယ်ပေးပါ။ စားလို့ကောင်းရင် ထပ်မှာမယ်"
****************************************